ကိုဇာဂနာနဲ့ မေးခွန်းများ - အမေရိကားကို ဘာတွေ သယ်လာသလဲ
မိုးမခ၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၂
စစ်အစိုးရအဆက်ဆက်ရဲ့
ဖိနှိပ် ဖမ်းဆီး ပိတ်ဆို့မှုတွေကြားက ပြည်သူတွေကို အနုပညာတင်ဆက်သူ၊
ဝေဖန်ထောက်ပြမှုတွေပြုလုပ်သူ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇာဂနာတယောက်
နောက်ဆုံးတခေါက်အဖြစ် အကျဉ်းထောင်က လွတ်မြောက်လာပြီးနောက်
ပြည်ပနိုင်ငံတွေအထိ ခြေဆန့်ပြီး ပြည်ပရောက် မြန်မာပြည်သူတွေနဲ့
တွေ့ဆုံဆွေးနွေးမှုတွေနဲ့ မကြာသေးမီကပြုလုပ်ခဲ့တဲ့
လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပြပွဲက မှတ်တမ်းဇာတ်ကားတိုများ ပြသခြင်းတွေ
ပြုလုပ်လျက်ရှိပါတယ်။
အမေရိကန်ကို
ဖေဖော်ဝါရီလထဲ ရောက်နေခိုက် ၀ါရှင်တန်ဒီစီ မေရီလန်း၊
နယူးယောက်မြို့တော်များမှာသာမက ဆန်ဖရန်စစ္စကိုမြို့တော်မှာလည်း
မြန်မာမိသားစုများနဲ့ ရုပ်ရှင်ပြပွဲနဲ့
တွေ့ဆုံဆွေးနွေးပွဲတော်ပြုလုပ်ရန် စီစဉ်ထားပါတယ်။ ယမန်နေ့က ကိုဇာဂနာရဲ့
ဇနီးနဲ့ သားသမီးများ ရှိရာ လော့စ်အိန်ဂျလိစ်မြို့တော်ကို
ရောက်ရှိလည်ပတ်ခိုက် မိုးမခက တယ်လီဖုံးဆက်သွယ်ပြီး မေးမြန်းမိသမျှကို
တင်ဆက်လိုက်ပါတယ်။
မေး - အယ်လ်အေမှာ ဘာတွေ အလုပ်များနေသလဲခင်ဗျာ။
ဖြေ
- ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ဟောလိဝုဒ် ရုပ်ရှင်လောကက
စိတ်ဝင်စားသူတွေနဲ့ တွေ့ဆုံတာတွေ၊ ဆွေးနွေးတာတွေ လုပ်နေပါတယ်။ သူတို့က
ကျနော်တို့ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး treatment ဆိုတာကို
တောင်းတယ်ဗျာ။ ကျနော်ကလည်း treatment ဆိုလား ဘာလား နားမှမလည်တာကိုး။ အဲဒါ
အမေရိကန်ကို ရောက်ကတည်းက မိတ်ဆွေတွေနဲ့ တိုင်ပင်ပြီး
ဝိုင်းပြင်ဆင်နေရသေးတယ်။ အလည်ရောက်နေတဲ့ (ဒေါ်) ဆွေဇင်ထိုက်ကလည်း
ဝိုင်းကူပေးပါတယ်။
မေး
- အယ်အေမှာလည်း မြန်မာမိသားစုတွေနဲ့ မိတ်ဆုံပွဲတွေ ရုပ်ရှင်ပွဲတော်တွေ
လုပ်ဖြစ်မယ် မျှော်လင့်ထားတာ အခုတော့ အလုပ်တွေပိနေတာပေါ့။
ဖြေ
- ဟုတ်ပါတယ်။ အစကတည်းကလည်း ပြောထားတယ်လေ။ အယ်လ်အေမှာ
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားကိစ္စ ဒီက ပုဂ္ဂိုလ်တွေနဲ့
ဆွေးနွေးတာတွေ၊ တင်ပြတာတွေ လုပ်မယ်ဆိုပြီးတော့ပေါ့။
မေး
- ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို နိုင်ငံတကာက ရုပ်ရှင်ပညာရှင်တွေ
အသိုင်းအ၀ိုင်းတွေနဲ့ တွဲပြီး လုပ်ဖို့ ပြင်ဆင်နေတာပေါ့ ဟုတ်လား။
ဖြေ
- ဟုတ်ပါတယ်။ ကွန်ပျူတာပိုင်းဆိုင်ရာ၊ ဒါရိုက်တာပိုင်းဆိုင်ရာ၊
ဇာတ်ညွှန်းပိုင်းဆိုင်ရာ ထောင့်ပေါင်းစုံက သဘောထားတွေ၊ အကြံတွေ ရယူတယ်၊
ဆွေးနွေးနေတယ်ပေါ့နော်။ ပရိုဒတ်ရှင်းလိုမျိုးတွေမှာ
အတွေ့အကြုံရှိတဲ့သူတွေနဲ့လည်း ချိန်းပြီး တွေ့တယ်။
မေး - အယ်လ်အေတင်ပဲလား၊ တခြား ရုပ်ရှင်တို့ မှတ်တမ်းပညာရှင်တွေနဲ့ကော တွေ့ဆုံဦးမှာလား။
ဖြေ - ဆန်ဖရန်မှာလည်း ဘာကလေမှာနေတဲ့ Stephen
Goldblatt ဆိုတဲ့ ပုဂ္ဂိုလ်နဲ့ cinematography အကြောင်း တိုင်ပင်ဖြစ်မယ်
ထင်တယ်။ ပြီးတော့ အခြားတွေ့စရာလူတွေလည်း ရှိတယ်ဗျာ။ မတွေ့တာကြာပြီဖြစ်တဲ့
မိတ်ဆွေတွေနဲ့လည်း တွေ့ကြမယ်၊ ဆုံကြမယ်လေ။
မေး - အခုလို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးအတွက် တိုင်ပင်တာတွေ ဆွေးနွေးတာတွေက ကိုဇာဂနာသဘောတခုတည်းလား။
ဖြေ
- မဟုတ်ပါဘူး။ ရန်ကုန်မှာရှိတဲ့
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့နဲ့ အားလုံး
ပြန်လည်ဆွေးနွေးရဦးမယ်။ ဒီမှာ ပြောဆို ဆွေးနွေးမိကြတာတွေကိုပေါ့။
ပြီးရင် ကျနော် အင်္ဂလန်ကို သွားဖို့ ရှိတယ်။ အဲသည်က ဒါရိုက်တာတွေ
ရုပ်ရှင်နယ်က သူတွေနဲ့ တွေ့ဆုံတာတွေ ဘာတွေ လုပ်ကြမယ်။ အချက်အလက်တွေ
စုဆောင်းကြမယ်။ သဘောကတော့ ဒီရုပ်ရှင်ကို မြန်မာတွေတင်မဟုတ်ဘူးပေါ့၊
နိုင်ငံတကာက ပညာသည်တွေနဲ့ လက်တွဲပြီး အားလုံးဝိုင်းပြီး ဆောင်ရွက်တာ
ရိုက်ကူးတာ လုပ်ချင်ပါတယ်။ အင်္ဂလန်ကို တန်းသွားဖို့ ရှိပေမယ့်
မသွားဖြစ်သေးပါဘူး။ တခေါက် မြန်မာပြည်ပြန်ဦးမယ်။ အဖွဲ့နဲ့
ဆွေးနွေးတိုင်ပင်မယ်။
မေး
- ကိုဇာဂနာက အခုဆိုရင် လွတ်လပ်တဲ့ အနုပညာလှုပ်ရှားမှုတွေ
လုပ်ကိုင်ပြင်ဆင်နေတာ အရမ်းကို ဈန်ဝင်နေတာပဲ။ ဒီတခါ
ပြန်လည်လွတ်မြောက်လာတဲ့ဆီမှာ ဖန်တီး တင်ဆက် ပြသချင်တဲ့ အနုပညာတွေ
အင်အားတွေ အပြည့်နဲ့ ဖြစ်နေပါလား။ သီးလေးသီးကို လွန်ခဲ့တဲ့ ၂၀၀၇
ရွှေဝါရောင်အရေးတော်ပုံနောက်ပိုင်း ပြည်တွင်းကနေ ပြည်ပအထိ ခြေဆန့်ပြီး
အနုပညာလှုပ်ရှားမှုတွေ လုပ်ခဲ့သလိုမျိုး ကိုဇာဂနာအနေနဲ့
အနုပညာလှုပ်ရှားမှုတွေ ပြင်ဆင်ထားသလား။
ဖြေ
- ဟုတ်တယ်။ ဒီတခါ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် အများကြီး
ပြင်ဆင်နေတာတွေ ရှိတယ်။ မတ်လ ၂၈ မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက်
ရန်ပုံငွေကပွဲ ရန်ကုန်မှာ တင်ဆက်မယ်။ ၂ ရက် ဖြစ်မယ် ထင်တယ်။ သီးလေးသီး
ဆေးရောင်စုံအငြိမ့်ပွဲတော်ရယ်။ ကျနော့်မိတ်ဆွေ ရုပ်ရှင်အနုပညာရှင်တွေနဲ့
ပဒေသာကပွဲလိုမျိုး ပွဲတော်ရယ် လုပ်ဖို့ စဉ်းစားထားတယ်။ ပြီးတော့
သီးလေးသီးနဲ့ အနုပညာခရီး ပြန်ထွက်လာမယ်။ မေလပိုင်းမှာ စင်္ကာပူ၊ မလေးရှား
ပြီးတော့ အမေရိကား ပြန်လာမယ်။
မေး
- သြ … သီးလေးသီး ပြန်လာပြီပေါ့။ ရွှေဝါရောင်နောက်ပိုင်းမှာ
ကိုဇာဂနာမပါဘဲ သူတို့ကို အနုပညာလှုပ်ရှားမှုခရီး
ခြေဆန့်ခိုင်းလိုက်တာမှာ ကျေနပ်အားရမှု ရှိသလား။ အခု
တကျော့ပြန်လှုပ်ရှားမှုလား။
ဖြေ
- ကျနော်မျှော်လင့်သလိုမျိုး အပြည့်အ၀ သူတို့မလုပ်နိုင်ခဲ့တာလည်း
ပါတယ်။ ကျနော်တို့ အတူပြန်ကခဲ့တဲ့ လွတ်လပ်ရေးနေ့မှာ ကခဲ့တဲ့
အငြိမ့်ပွဲတော်ကို ခင်ဗျား ကြည့်ဖြစ်သလား။ အဲဒီမှာ ကျနော်တို့ ကချင်၊
ပြချင်တာကို တွေ့ရမယ်။
မေး - ပြောပါဦးဗျာ။ ကိုဇာဂနာလုပ်ချင်တာတွေ ပြချင်တာတွေ ဘာတွေလဲ။
ဖြေ
- ဥပမာ ပြက်လုံးတွေမှာ ဆန်းသစ်တဲ့ ပုံသဏ္ဍန်ဖြစ်ချင်တယ်။ အသားလွတ်
ပြောနေတာမျိုးတွေ မလုပ်ချင်ဘူးဗျာ။ အာဝဇ္ဇန်းကောင်းတာနဲ့ ဒါကိုပဲ ထပ်တလဲလဲ
နေရာတိုင်းမှာ ပြက်နေတာမျိုးလည်း မလိုချင်ဘူး။ ပြဇာတ်လို ပလော့နဲ့၊
အကွက်နဲ့ ပြက်တာမျိုး ဖြစ်ချင်တယ်။ နောက်ပြီးတော့ တနေရာမှာ ပြက်ပြီး
ကပြီးရင် ဒီင်္ခေတ်ကြီးက အွန်လိုင်းခေတ်ဆိုတော့ မီဒီယာခေတ်ဆိုတော့
နေရာတိုင်းကို ပြန့်သွားပြီ။ ဒါပဲ ထပ်ကာ တလဲလဲ ကပြလို့ မရဘူး။ နေရာ
ဒေသအလိုက် ဆန်းသစ်တာမျိုး ပြချင်တယ်။ နောက်ပြီး အငြိမ့်ကိုလည်း
အသစ်ပုံစံဖြစ်ချင်တယ်။ တခါလာလည်း ရှေးတုန်းကလိုမျိုး ဒီပုံချည်းပဲ
ဆိုတာ မဖြစ်ချင်ဘူး။
မေး - ပုံသဏ္ဍန်ကို ပြင်ချင်တယ် ဆိုတာ ဘာလဲ။ ပြောပါဦး။
ဖြေ
- အငြိမ့်မှာ ကတဲ့အခါမှာ နရီ၊ ၀ါးလတ်၊ စုံ ဆိုတာ ရှိတယ်ဗျာ။
နောက်ပြီးတော့ အငြိမ့်က စလိုက်တာနဲ့ အထခွင်ဆိုတာ ရှိတယ်။ ဒီနည်းအတိုင်း
သွားတာချည်းပဲ။ ခေတ်က ပြောင်းနေတော့ အဲသလို အရင်တုန်းကလိုမျိုးထက်
ဆန်းသစ်ချင်တယ်။ ရွှင်လန်းတဲ့ ၀ါးလတ်နဲ့ ဖျော်ဖြေရေးကို လုပ်ပြချင်တယ်။
အဲဒါမျိုးတွေကို ကျနော်တို့ လွတ်လပ်ရေးနေ့ အငြိမ့်ပွဲမှာ မိတ်ဆက်ပြီး
ကခဲ့တယ်လေ။
မေး
- ခင်ဗျားက အနုပညာ ပုံပြောင်းချင်တယ်။ ပုံပြင်ချင်တယ်ပြောတယ်။ လက်ရှိ
မြန်မာပြည်နဲ့ မြန်မာမိသားစုတွေဆီမှာအတွက် ခေတ်ကို ပြင်ချင်တာ ခေတ်ကို
ပြောင်းချင်တာဆိုတဲ့ စေတနာကော ခင်ဗျားနဲ့ အတူ ပါမလားဘူးလား။
ဖြေ
- အဲလိုပြောချင်လည်း ပြောပေါ့ဗျာ။ ကျနော်က အနုပညာသည်တဦးအနေနဲ့ form တွေ
ပြင်ချင် ပြောင်းချင်တယ်။ သစ်ချင် ဆန်းချင်တယ်။ ဒါတွေနဲ့အတူ ခေတ်ကိုပါ
ပြင်ချင်တာ၊ ပြောင်းချင်တာတွေလည်း ပါနေမှာပေါ့လေ။ ဥပမာ ပြက်လုံးတွေမှာ
ခေတ်ကို ပြင်စေချင်လို့ ပြက်တာတွေ ရှိတယ်။ အဲသည်မှာ ပြင်လာအောင်၊
ပြင်နိုင်အောက် ကျနော်တို့က ဝေဖန်ထောက်ပြနိုင်ရမယ်လို့ ထင်ပါတယ်။
မေး
- အေးဗျာ။ အမေရိကားမှာ comedy central ဆိုတာရှိတယ်ဗျာ။ ကိုဇာဂနာနဲ့ Jon
Stuwart တို့ Colbert Report တို့ အတူကြည့်ချင်မိပါရဲ့။ အဲသည် နှစ်ဦးက
အမေရိကန်က ထိပ်ဆုံးကနေ အောက်ခြေအထိ ခေတ်ကိုကော လူတွေကိုပါ သရော်တာဗျာ။
ခင်ဗျားရဲ့ သဘောကို မေးကြည့်ချင်မိပါရဲ့။
ဖြေ
- ကျနော်က ၁၈ ရက်နေ့ ဆန်ဖရန်ရောက်မယ်ဗျာ။ ၁၉ မှာ ရုပ်ရှင်ပွဲတော်နဲ့
ဟောပြောပွဲရှိတယ်။ ၂၀၊ ၂၁ နဲ့ ၂၂ မှာ ချိန်းထားတာတွေ
တွေ့စရာရှိတာတွေရှိတယ်။ မိတ်ဆွေတွေ တွေဆုံချင်တဲ့ ဧည့်သည်တွေနဲ့
တွေ့ဖြစ်မှာပါ။ ကန်ကြီးတွေ၊ တောင်ကြီးတွေ ဘာတွေ ညာတွေ
လိုက်ပို့ချင်တယ်လို့ ပြောကြတယ်ဗျ။ ကျနော်က environmental သမားလည်း
မဟုတ်ဘူးဗျာ။ ကျနော်ကတော့ လူတွေနဲ့ တွေ့ဆုံချင်ပါတယ်။
မေး
- သီးလေးသီးကို ခင်ဗျား ပြည်ပအနုပညာခရီးကို လွှတ်လိုက်တဲ့အချိန်မှာ
ခင်ဗျားက မြန်မာပြည်မှာ ကျန်ရစ်ခဲ့တယ်။ ပြီးတော့ ခင်ဗျားအကျဉ်းထောင်ထဲ
ရောက်သွားတယ်။ သူတို့တတွေရဲ့ အနုပညာခရီးစဉ်ဟာ ခင်ဗျားနဲ့အတူ
မျက်စိအောက်မှာ လွတ်လပ်ပွင့်လင်းစွာ လုပ်ခွင့်သာရမယ်ဆိုရင် ပိုပြီး
ထိရောက်မယ်၊ လူထုကြားထဲ ရောက်မယ် ထင်သလား။
ဖြေ
- ခေတ်ကို ပြင်ချင်တယ်ဆိုရင် ခေတ်ကို မြင်ဖို့ လိုတယ်။ အဲသည်မှာ
လေ့လာတဲ့ အားနည်းရင်တော့ ကိုယ်မျှော်မှန်းသလောက် ဖြစ်မလာတော့ဘူးပေါ့။
အဲသည်မှာ ကျနော်ထောက်ပြချင်တာကတော့ လေ့လာတဲ့အားကောင်းရင်
ပြောစရာတွေချည်းပဲဗျာ။ အခုဆိုကြည့် နေပြည်တော်မှာ လွှတ်တော်ကြီး ရှိနေသ၍
ကျနော်တို့မှာ ပြောစရာ မရှားဘူး။ ပြက်စရာမရှားဘူး လို့ ပြောချင်လည်း
ပြော။
မေး
- အေးဗျာ။ ကျနော်လည်း သီးလေးသီး ပြည်တော်ပြန်တဲ့ဆီပဲ အာရုံက
ပြန်ပြန်ရောက်သွားတယ်။ ၂၀၁၁မှာ ခင်ဗျားပြန်လွတ်လာတော့ ခင်ဗျားရဲ့
သီးလေးသီးဝိုင်းတော်သားတွေဟာ ဘယ်နေရာ ဘယ်ဘ၀ရောက်ရောက် ခင်ဗျားဆီ ချက်ခြင်း
အရောက်ပြန်လာကြတယ်။ မတူညီတာ ကွဲပြားတာတွေကို ခွာချပြီးတော့ ခင်ဗျားတို့
အနုပညာအင်အားစုတွေဟာ စုစည်း လက်တွဲလိုက်ကြတယ်။ တမိုးတည်း တလှေတည်း
ပြန်တွဲပြီး ပြည်သူလူထုကို ပြန်လည် ဖျော်ဖြေတယ်။ ဒါဟာ ကျနော့်အတွက်ကတော့
ခင်ဗျားတို့ ကိုဇာဂနာနဲ့ သီးလေးသီးဆေးရောင်စုံကို အဲသလို
တွေ့လိုက်ရတာ၊ ပြန်လည် စည်းလုံးညီညွတ် သင့်မြတ်သွားတာကိုယ်တိုင်က
အလွန်လှပတဲ့ မြန်မာပြည်မြင်ကွင်းလေးလို မြင်မိတယ်။ ဘယ်လိုမျိုး
ခင်ဗျားတို့ တည်ဆောက်သလဲ။ နားလည်သလဲ။ လှုပ်ရှားနေကြသလဲ။
ဖြေ
- ကျနော်က အကျဉ်းထောင်ထဲမှာ ကျနေတုန်းကလည်း သူတို့အတွက်
တစိတ်တည်းပဲရှိတယ်။ ဘယ်လို ကပြမလဲ။ ဘာတွေ ပေးမလဲ။ ကျနော်တို့က
အသင်းအဖွဲ့စိတ်ဓာတ်နဲ့ လက်တွဲကြတယ်။ အသည်းနှလုံးနဲ့ ထူထောင်လာတာလို့
ပြောချင်တယ်။ သူတို့မှမဟုတ်ပါဘူး အခြား အနုပညာသည်တွေ
ရောင်းရင်းတွေအားလုံးနဲ့ ကျနော်တို့တွေဟာ မိသားစုတွေလို
ယိုင်းပင်းကြတယ် ဒါကို သိစေချင်တယ်။ ကျနော်ကနေပြီး ဦးဆောင်နေတယ်၊
ဆရာကြီးလုပ်နေတယ်လို့ မဟုတ်ဘူးဗျာ။ တသွေးတသားတည်းပဲ။ ထောင်ထဲမှာ
ကျနော်ရောက်နေတုန်းကလည်း သူတို့တွေ ကျနော့်စကားကို နားထောင်ကြတာပဲ။
ကျနော်ကလည်း သီးလေးသီးကို လုပ်မစားဘူး။ အနုပညာဆိုတာကို
ငှက်သိုက်လိုမျူိုး ကျနော်က အန်ကြွေးတာမျိုးပါ။ ဒါလိုမျိုးပဲ ကျနော်
ခံစားမိပါတယ်။
မေး
- အဲသည်လိုမျိုးပေါ့လေ။ ကိုဇာဂနာရဲ့ အနုပညာမိတ်ဆွေတွေက
ရုပ်ရှင်ပွဲတော်မှာ ၀ိုင်းကူကြတယ်။ ကိုဇာဂနာခေါ်ဆောင်လာလို့
ဒေါ်အောင်ဆန်းစုကြည်ဆီကိုအရောက် သူတို့တွေ ရောက်ရှိလာကြတယ်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရုံးခန်းဖွင့်ပွဲတွေ စည်ကားသိုက်မြိုက်စွာ
လုပ်ဖြစ်လာတယ်။ အဲသလိုမျိုး ပြောလို့ ရမလား။ အခုကော အမေရိကားကို
ဘာတွေ သယ်ဆောင်လာသလဲ။
ဖြေ
- ကျနော်ကိုယ်တိုင် အားလုံးသော မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ရဲဘော်
ရဲဘက်တွေနဲ့ တွေ့တယ်၊ ဆုံတယ်၊ ထိတွေ့ပါတယ်။ အဲသည်က နားလည်မှုတွေ
စာနာမှုတွေနဲ့ အလုပ်တွေ လုပ်ဖြစ်တာပါ။ ရုပ်ရှင်ရုံးခန်းဖွင့်ကြတော့လည်း
နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုယ်တိုင် ၀ိုင်းလုပ်ပေးကြတာပါ။
တယောက်တလက် ၀ိုင်းကြ ၀န်းကြလို့ ဖြစ်ပေါ်လာတာပါ။ အခု
ကျနော်ရုပ်ရှင်ပွဲတော်မှာ အဲသည်ရဲ့ မိတ်ဆိတ်ခ်ျတွေ သယ်ဆောင်ပြီး ဟောဒီက
မြန်မာမိသားစုတွေဆီကို တင်ပြဖို့ လာတာပါ။ ကျနော်
လွတ်လပ်ခြင်းရုပ်ရှင်ပွဲတော်က ပြိုင်ပွဲဝင်တွေရဲ့ကားတွေ၊ ဆုရသူတွေ
ရိုက်တဲ့ ကားလေးတွေ ကျနော် အမေရိကားမှာ ပြန်ပြတယ်။ အဲသည်တော့ ကျနော့်ကို
ကာတွန်းမောင်မောင်အောင်က ပြောတဲ့စကားလေး အရမ်းထိတယ်။
“ခင်ဗျားက မြန်မာပြည်က မျက်ရည်တွေကို သယ်လာတာကိုး” တဲ့။
ဟုတ်တယ်။ ကျနော် အစက မစဉ်းစားမိဘူး။ ကျနော်က ရုပ်ရှင်ပွဲတော်ကနေ
ပရိသတ်ကို ပြောချင်တဲ့ စကားတွေသယ်လာတယ်။ ဆုရတဲ့ ကားလေးကားမှာ
အဲသည်မက်ဆိတ်ခ်ျ ပါလာတယ်။ ပြီးတော့ ဆုရတဲ့ကလေးတွေ ပြန်ရိုက်ပြတဲ့
မြန်မာပြည်ရဲ့ ဇာတ်ကားတိုတွေ မှာ မြန်မာပြည်က မက်ဆိတ်ခ်ျတွေ ပါလာတယ်။
ပြီးတော့ ကျနော့်မိတ်ဆွေတွေ ၈၈ မျိုးဆက်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊
ကိုဂျင်မီ၊ မနီလာသိန်းတို့ရဲ့ ပြည်ပကမြန်မာတွေအတွက် မက်ဆိတ်ခ်ျတွေ
ပါလာတယ်။ ဟုတ်တယ်။ အဲသည်က ပြောချင်တဲ့ မက်ဆိတ်ခ်ျတွေထဲမှာ အမြဲတမ်းတွဲပြီး
ပါလာတာက မြန်မာပြည်က မျက်ရည်တွေ ပါလာတယ်။ ဟုတ်တယ်ဗျာ။ သူပြောပြလိုက်တော့
ပိုပြီး ထင်ရှားသွားတယ်။
မေး - ခင်ဗျားက မြန်မာပြည်က မျက်ရည်တွေနဲ့အတူ ဘာတွေ သယ်လာသလဲ။ ထပ်ပြောပါဦး။
ဖြေ - အဲသည်ထဲမှာ ကျနော်ပြတဲ့ ဇာတ်ကားတခုပါတယ်။ နံမယ်က Reunion တဲ့။ ကျနော်တို့ရဲ့ မက်ဆိတ်ခ်ျကို ရုပ်ရှင်နဲ့ ရိုက်ပြလိုက်တယ်။
မေး
- ဟုတ်ကဲ့ပါ ကိုဇာဂနာရေ။ ကျေးဇူးအများကြီးတင်ပါတယ်။ ကွဲကွာနေတဲ့
မိသားစုနဲ့ ပြန်လည် ဆုံတွေ့မှုကနေ ထာဝရ ပေါင်းစည်းမှုတွေဖြစ်ပါစေလို့
ဆုတောင်းပါတယ်။ အားလုံးအတွက်လည်း ဆုတောင်းပါတယ်။
No comments:
Post a Comment