by Aung Moe Win

အမှာ- မြောက်ပိုင်းဒေသ အရိုးတွန်သံများ ( ဆောင်းပါး-၇-) မှာ အစီရင်ခံစာတင်သူတဦးဖြစ်တဲ့ ရဲဘော်ကျော်ခိုင်ဝင်းက အဲ့ဒီကာလတုံးက ကိုရီးယား နိုင်ငံမှာပါ။ အခုတော့ သူက ကချင်ပြည်နယ် မိုးညှင်းကို ပြန်ရောက်နေပါပြီ တဲ့၊ မြောက်ပိုင်းဒေသရဲ့ အစုလိုက်အပြုံလိုက် လူသတ်ပွဲအကြောင်းကို သိချင်ရင် သူ့ကို ဆက်သွယ်မေးမြန်းနိုင်ပါသတဲ့။ သူ့ရဲ့ ဖုံးနံပါတ်၊
၀၉၄၉၃၀၁၈၀၁ ဖြင့်ဆက်သွယ်နိုင်ပါကြောင်း။ ဆောင်းပါး ( အပိုင်း-၉-) ကို ဆက်လက်တင်ပြလိုက်ပါတယ်။
လူသတ်သမားများရဲ့ စိတ္တဇ ရောဂါ
တရုတ်ပြည်ရဲ့ ဝရုန်းသုန်းကား ယဉ်ကျေးမှုတော်လှန်ရေးကို ဦးဆောင်ခဲ့သူ၊ လေးဦးဂိုဏ်းအဖွဲ့ခေါင်းဆောင်၊ (မော်စီတုံးရဲ့ မိန်းမ) Jiang Qing ကို ဖမ်းဆီးစစ်ဆေးတဲ့ တရားခွင်က စိတ်ပျက်စရာအလွန်ကောင်းပါတယ်။ သူမ ရဲ့ ခက်ထန်ခေါင်းမာမှုကို နောက်ဆုံးချိန်ထိ အထင်အရှားတွေ့ခဲ့ရပါတယ်။ တရားရုံးမှာ သူမကြောင့် သေကြေပျက်စီးခဲ့သူတွေရဲ့ဆွေမျိုးသားချင်းတွေ၊ ပါတီဝင်တွေက မျက်ရည်နဲ့ပြောပြီး ရင်ဖွင့်နေစဉ်မှာတောင် သူမဟာ မထေ့မဲ့မြင် ငေါက်ငမ်း သရော်တော်တော် တုံ့ပြန်ခဲ့တယ်။ သူမရဲ့ ရာဇဝတ်မှုတွေကို မှန်ကန်တဲ့လုပ်ရပ်လို့ သူမကိုယ်တိုင်က ယုံကြည်နေပုံရပါတယ်။ တကယ်တော့ သူမဟာ ရုပ်ရှင်မင်းသမီး၊ ပြဇာတ်မင်းသမီးအဖြစ် ရှင်သန်ရပ်တည်ခဲ့တဲ့ အမျိုးသမီးတယောက်ဖြစ်တယ်၊ မော်စီတုံး ကို ချည်းကပ်ပြီး နိုင်ငံရေးလောကမှာ ထင်ရှားလာတဲ့ ဇာတ်ကောင်တယောက်ဖြစ်လာခဲ့တယ်။ သူမရဲ့ ခက်ထန်မာကျောမှု့၊ ခေါင်းမာမှုတွေကို လူကြားထဲမှာ ဘယ်လိုပဲ ပြပြ၊ သူမတယောက်တည်း နေတဲ့အခါကျတော့ အထီးကျန်သိမ်ငယ်စိတ်တွေနဲ့ ခြောက်လှန့်နေတတ်ပါတယ်။ လူ့အဖွဲ့အစည်းက သူမကို လက်မခံတော့ဘူး ဆိုတာကို သူမကောင်းကောင်းသိပါတယ်။ ၁၉၉၁ မှာ ကျန်းမာရေးအခြေအနေကြောင့် အပြင်ဆေးရုံကို တက်သကုသခွင့်ရခဲ့ပါတယ်။ ထောင်တွင်းကို ပြန်မရောက်တော့ပါဘူး။ သူမကိုယ်တိုင် သတ်သေပစ်လိုက်ပါတော့တယ်။ တကယ်တော့ တရုပ်ပြည် ရဲ့ ယဉ်ကျေးမှုတော်လှန်ရေး အဖြစ်အပျက်ရယ်၊ ၁၉၉၄ ရဝမ်ဒါမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးစုသုတ်သင် ရှင်းလင်းရေးတွေကို ကြည့်လိုက်မယ်ဆိုရင် ဝရုန်းသုန်းကား လှုံ့ဆော်မှုတွေကြောင့် လူအုပ်ဟာ သွေးကြွလာပြီး အုပ်စုတစု ကို အုပ်စုတစုက စွပ်စွဲသတ်ဖြတ်ခဲ့ကြတာပါ။ ဒီလိုမျိုးအဖြစ်အပျက်တွေကို Mob Psychology လို့ခေါ်ပါတယ်။ ဒါပေမဲ့ မြောက်ပိုင်း ကိစ္စမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုကတော့ လူတွေကို သွေးအေးအေးနဲ့ လပေါင်းများစွာဖမ်းဆီးနှိပ်စက်၊ ခုတ်ထစ်သတ်ဖြတ် ခဲ့ခြင်းဖြစ်ပါတယ်။ မြောက်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်လူသတ်ပွဲအကြောင်း ပြောကြတဲ့အခါ၊ လူသတ်မှုကို ကျူးလွန်ခဲ့သူတွေက သူတို့ကပဲ မှန်သရောင်ရောင် ပြောဆိုနေမှုတွေကို ကြားရတိုင်း၊ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ အမှားတွေကို ဦးဆောင်ခဲ့သူ၊ Jiang Qing ရဲ့ ကိုယ့်ဘာသာ သတ်သေမှုတွေကို သတိယဖြစ်ပါတယ်။
ရုပ်ရှင်ကားနှစ်ကား၊ ရွေးချယ်မှုနှစ်ခု
အဖွဲ့အစည်းတွေဟာ ကိုယ့်သမိုင်းကို ဘယ်လိုအဆုံးသတ်မလဲ ဆိုတဲ့မေးခွန်းကို စဉ်းစားနိုင်ဖို့အတွက် ရုပ်ရှင်ကားနှစ်ကားကို မိတ်ဆက်ပြီး သတိပေးချင်ပါတယ်။ တကားကတော့ ဗမာပရိဿတ်တွေ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ “ ဝံပလွေများနှင့် ကခုန်ခြင်း” Dance with Wolves ဆိုတဲ့ရုပ်ရှင်ပါ။ လူဖြူတွေ အမေရိကားကို ကျူးကျော်သိမ်းပိုက်တဲ့ သမိုင်းနောက်ခံလေးတွေကို တင်ပြရင်း၊ ဒါရိုက်တာ “ကယ်ဗင်ကော်စနာ” က အဆိုးအကောင်း၊ ကျူးကျော်မှု နဲ့ တုန့်ပြန်မှု၊ အမှားနဲ့ အမှန်တွေကို ပွင့်ပွင့်လင်းလင်းချပြတယ်။ ဒေသခံ အမေရိကန်တွေရဲ့ ပျက်စီးသွားတဲ့ဘဝတွေကို စာနာနားလည်အောင် ရိုက်ပြခဲ့တယ်။ သူများတွေရဲ့ဘဝကို စာနာနားလည်ရင်း၊ သမိုင်းအမှားတွေကို ဝန်ခံခဲ့တဲ့ကားမို့လည်း Dance with Wolves ဟာ ဆုအများကြီးဆွတ်ခူးခဲ့ပါတယ်။
နောက်ရုပ်ရှင်ကားတကားကတော့ American History X “ အမေရိကန်သမိုင်း အိတ်(-က)(-စ) ဆိုတဲ့ ကားပါ။ Ku Klux Klan လို့ ခေါ်တဲ့ လူဖြူအစွန်းရောက် ကေသုံးလုံးတွေအကြောင်းကြားဖူးမိကြပါလိမ့်မယ်။ လူဖြူတွေသည်သာမြင့်မြတ်တယ် ဆိုတဲ့အယူအဆ နဲ့ အာဖရိကန်အမေရိကန်တွေကို နည်းပေါင်းစုံသတ်ဖြတ်နှိပ်စက်ခဲ့တဲ့ ကေသုံးလုံးလူငယ်တယောက် အကျဉ်းထောင်ထဲကို ရောက်သွားတဲ့အချိန်မှာတော့၊ သူလေးစားခဲ့တဲ့ ကေသုံးလုံးခေါင်းဆောင်တွေဟာ မူးယစ်ဆေးဝါး၊ မကောင်းမှုမျိုးစုံနဲ့ ပတ်သက်နေတယ် ဆိုတာကို ထင်ထင်ရှားရှားသဘောပေါက်လိုက်တယ်။ ကိုယ်ကျင့်သိက္ခာကို တန်ဘိုးထားတဲ့သူဟာ ကေသုံးလုံးခေါင်းဆောင်တွေကို ရှောင်ဖယ် အန်တုလာတဲ့အခါ၊ သူလေးစားခဲ့ဘူးတဲ့ ကေသုံးလုံးဂိုဏ်းတွေကပဲ သူ့ကို ဖိနှိပ်ရက်စက်တော့တယ်။ နောက်ဆုံး ယောင်္ကျားခြင်း အဓမ္မကျင့်ခံရသည်အထိ ခံခဲ့ရတယ်။ ထောင်ကလွတ်တော့ လူဖြူအစွန်းရောက်တွေ နဲ့ ပတ်သက်နေတဲ့ သူ့ညီကို၊ ထောင်အတွေ့အကြုံတွေပြောပြီး၊ ကေသုံးလုံးဂိုဏ်းတွေနဲ့ အဝေးဆုံးမှာ နေဖို့ သတိပေးခဲ့တယ်။ အားလုံးသိကြတဲ့အတိုင်းပါပဲ။ အမေရိကန်သမိုင်းကို သင်တဲ့အခါ၊ ကေသုံးလုံးတွေရဲ့ သမိုင်းကို အမွှန်းတင် ခြီးမြှောက် ပြောဆိုရဲတဲ့သူမရှိပါဘူး။
ဒါကြောင့် ငါ့အဖွဲ့အစည်းမှ ငါ့အဖွဲ့အစည်း ဆိုအော်ဟစ်၊ သူများတွေရဲ့ သမိုင်းကိုလည်း မလေးစား၊ မှားခဲ့တဲ့သူတွေဘက်က တိတ်တဆိတ်ရပ်တည်နေကြမယ် ဆိုရင်တော့ ကေသုံးလုံးတွေရဲ့ သမိုင်းဆိုးတွေလိုပဲ လူတွေရဲ့ နှုတ်ဖျားမှာ ကျန်ရစ်ခဲ့မှာ အမှန်ပါ။ ကျနော်ပြောခဲ့သလိုပဲ။ ကိုထွန်းအောင်ကျော်တို့ ကျဆုံးခြင်းအကြောင်းကို ဖေ့ဘွတ်မှာရေး၊ အနှစ် (၂၀) အခမ်းအနားတွေကျင်းပပြီး မေ့လျော့သွားမယ် လို့ တွက်ထားရင်တော့ မှားသွားပါလိမ့်မယ်။ မုန်တိုင်းက ဆက်လက်တိုက်ခပ်နေမှာပါ။ အစုလိုက်အပြုံလိုက် လူသတ်မှုကြီး အပေါ်မှာ တာဝန်မဲ့၊ သတ္တိမဲ့၊ အရည်အချင်းမဲ့တဲ့သူများရဲ့ အသည်းမာမှု၊ မသိကျိုးကျွံပြုမှုဆိုတာတွေ ဟာ တကယ်ဖြစ်နိုင်ပါ့မလား။ သူရဲဘောကြောင်စွာတိတ်ဆိတ်နေတာကော မဖြစ်နိုင်ဘူးလား။ အနာဂတ်ကို စိတ်ဝင်စားပါတယ်။
တရားခံများ၊ သက်သေများနှင့် ငရဲ၏ လားရာ
မြောက်ပိုင်း ကျောင်းသားတပ်မတော်အတွင်းက အစုလိုက်အပြုံလိုက်လူသတ်မှုမှာ တာဝန်ရှိသူ ခေါင်းဆောင် (၃) ဦးကတော့ ရော်နယ်အောင်နိုင်၊ သံချောင်း ( ထောင်တွင်း) နဲ့ မျိုးဝင်း ( သေဆုံး) တို့ဖြစ်ပြီး၊ စစ်ကြောရေးကို ဦးဆောင်ပြီး ခေါင်းဖြတ်မှုကို ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ လှဆိုင်း ( လက်ရှိ ABSDF မြောက်ပိုင်း) ၊ သန်းဇော် တို့ဖြစ်တယ် ဆိုတာ အားလုံးသိပြီးကြပြီးဖြစ်ပါတယ်။
ဆောင်းပါး (-၉-) မှာ ဆွေးနွေးတင်ပြချင်တဲ့အကြောင်းအရာကတော့ ၁၉၉၂ ခုနှစ် မတ်လ (၁) ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲ့ သတင်းထုတ်ပြန်မှုပဲဖြစ်ပါတယ်။ သတင်းထုတ်ပြန်မှုတွေက အင်္ဂလိပ်လိုတွေချည်းဖြစ်နေတော့ အောက်ခြေကျောင်းသားရဲဘော်တွေက ကောင်းကောင်းသိရှိခဲ့ဟန်မတူပါဘူး။ အင်္ဂလိပ်လို ထုတ်ပြန်ခဲ့တာလည်း အကြောင်းရှိပုံရပါတယ်။ မြောက်ပိုင်း ABSDF အစုလိုက်အပြုံလိုက် လူသတ်မှုဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်းမှာ နာမည်ပျက်လာတော့ ABSDF ခေါင်းဆောင်တွေဟာ သူတို့အဖွဲ့အစည်းကို အဖတ်ဆည်ဖို့ကြိုးစားခဲ့ပုံရပါတယ်။ ဒါပေမဲ့ အဖတ်ဆယ်ဖို့ကြိုးစားခါမှ သက်သေဖြစ်ခဲ့ရပြန်ပါတယ်။
ကိုအောင်ထူး ( ယ္ခု - ရှေ့နေများကောင်စီ၊ BLC) လက်မှတ်နဲ့ အင်္ဂလိပ်လိုထုတ်ပြန်ထားတဲ့ သတင်းထုတ်ပြန်မှုကို အတတ်နိုင်ဆုံး ဆီလျော်အောင် ဘာသာပြန်ပေးထားပါတယ်။
ABSDF ( ဘယ်ဘက်တွင် စည်းတဆိပ်နှင့် ခွပ်ဒေါင်း)
ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး
ဗဟိုကော်မတီ ( ဋ္ဌာနချုပ်)
ABSDF ( မြောက်ပိုင်းဒေသ) မှ ခိုင်လုံသော သက်သေများနှင့်တွဲထားသော အစီရင်ခံစာအရ၊ စစ်အစိုးရရဲ့ သူလျှို (၁၅) ယောက်ကို သတ်ဖြတ်ကွပ်မျက်ပစ်လိုက်ပါပြီ။
(၁) သတ်ဖြတ်ကွပ်မျက်ပစ်လိုက်တဲ့ ရန်သူ့သူလျှို (၁၅) ယောက်ဟာ အမျိုးသား ဒီမိုကရေစီကို ဆက်သွယ်ခဲ့တဲ့ စစ်အစိုးရရဲ့ ထောက်လှမ်းရေး တိုက်ပိတ် (ခ) သန်းထွန်းစိုး ရဲ့ အပေါင်းအပါများဖြစ်ပါတယ်။ သန်းထွန်းစိုး ဆိုသူဟာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ရင်းနှီးကျွမ်းဝင်အောင်လုပ်ပြီးနောက် ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ဆီသို့ ဝင်ရောက်လှုပ်ရှား ခဲ့ပါတယ်။ နောက် မကြာခင်မှာ၊ စစ်အစိုးရ ( SLOC) ထံသို့ လက်နက်ချသယောင်ယောင် ဟန်ဆောင်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်သည် ကျောင်းသားတပ်မတော်( မြောက်ပိုင်း) နှင့် အမြဲမပြတ်ဆက်သွယ်လှုပ်ရှားနေသည် ဟု ထွက်ဆိုခဲ့ပါသည်။ စစ်အစိုးရရဲ့ စစ်ထောက်လှမ်းရေးဗျူရို ( MIS) နဲ့ အမျိုးသားထောက်လှမ်းရေးဗျူရို ( NIB) တို့ရဲ့ ညွှန်ကြားချက်အောက်မှာ၊ တိုက်ပိတ်(ခ) သန်းထွန်းစိုး နဲ့ အပေါင်းအပါ သူလျှို (၁၅) ယောက် တို့ဟာ “ ဒေါ်အောင်ဆန်းစုကြည် သည် လက်နက်ကိုင်သူပုန်များ နှင့် ဆက်သွယ်ခဲ့သည်” ဆိုတဲ့ ဇာတ်လမ်းအတုတခုကို ဖမ်းဆင်းခဲ့ပါတယ်။ ဒီလိုဖန်တီးခြင်းအားဖြင့် သူမကို ရာဇဝတ်မှု ဥပဒေ နှင့် ဆက်နွယ်ဖမ်းဆီးနိုင်မှာဖြစ်ပါတယ်။
(၂) ၁၉၈၈ အရေးတော်ပုံ ကာလအတွင်း၊ စစ်အစိုးရရဲ့ ထောက်လှမ်းရေးတွေဟာ အပြစ်မဲ့ ပြည်သူတွေကို လုယက်ခြင်း၊ ရာဇဝတ်သားတွေကို ထောင်မှလွှတ်ပေးပြီး အစားအစာနဲ့သောက်ရေတွေထဲမှာ အဆိပ်ခပ်ခြင်း--- စတဲ့ အဖျက်အမှောင့် လုပ်ငန်းတွေ ကျူးလွန်အောင် လှုံဆော်ခဲ့ကြတယ်။ သူတို့ကို ဖမ်းဆီးမိပြီး ပြည်သူ့ခုံရုံးမှာတင်တဲ့အခါ ကြားသိခဲ့ရပါတယ်။ သာမန်ပြည်သူတွေလိုပဲဝတ်စားဆင်ယဉ်ထားတဲ့ စစ်ထောက်လှမ်းရေးတွေဟာ၊ ဒေါသထွက်နေတဲ့ ပြည်သူလူထုကြီးကို ခေါင်းဖြတ်သတ်တဲ့ဖြစ်ရပ်တွေ ကျူးလွန်အောင် သွေးထိုးလှုံ့ဆော်ကြပြီး ၊ စစ်တပ်မှ အာဏာသိမ်းခွင့်ရေစေတဲ့ နည်းလမ်းတခုကို ဖန်တီးခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ပြီး ဂုဏ်သိက္ခာပျက်ယွင်းအောင် ပြုလုပ်ခဲ့ကြပါတယ်။ ( အမျိုးသားခေါင်းဆောင်တယောက်ဖြစ်တဲ့ သူမအနေနဲ့ စစ်အာဏာမသိမ်းခင်နဲ့ စစ်အာဏာသိမ်းအပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများအတွက် ဘာတခုမှ လုပ်ပေးလို့ မရတော့ပါဘူး) ။ ABSDF ( မြောက်ပိုင်း) မှာ ကွပ်မျက်သတ်ဖြတ်ခဲ့တဲ့ ရန်သူ့သူလျှို (၁၅) ယောက်ဟာ အဲ့ဒီထောက်လှမ်းရေးတွေရဲ့ တစိတ်တပိုင်းဖြစ်ပြီး---- ( ကြိုးစားဖတ်ပေမဲ့ စာကြောင်းထဲမှာပါသော စာလုံးများမရှင်းပါ။ သို့သော် အရေးမကြီးပါ။ စွပ်စွဲချက်တွေကို ခန့်မှန်းလို့ရပါသည်)
(၃) မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲဖို့အတွက်၊ စစ်အစိုးရဟာ ရန်ကုန်ကျောင်းသား၊ မန္တလေးကျောင်းသား၊ -- စတဲ့ မတူကွဲပြားတဲ့ နယ်မြေအသီးသီးမှ ကျောင်းသားအုပ်စုတွေကို အုပ်စုခွဲစေလွှတ်ပြီး “ရေလှိုင်းစစ်ဆင်ရေး” ကို ဆင်နွဲခဲ့ပါတယ်။ မတူကွဲပြားတဲ့အတွေးအခေါ်တွေနဲ့ ABSDF ခေါင်းဆောင်တွေရဲ့ နေထိုင်မှုပုံစံတွေကို မေးခွန်းထုတ်ဝေဖန်လာခဲ့ပါတယ်။ စစ်အစိုးရပြုလုပ်တဲ့ အမျိုးသားညီလာခံ မစတင်ခင်မှာ၊ ABSDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ အထင်အမြင်လွဲမှားအောင်ဖန်တီးပြီး၊ ABSDF ရဲ့ ဂုဏ်သိက္ခာ နှိမ့်ဆင်းကာ လက်နက်ချအညံ့ခံစေခြင်းများဖြစ်ပေါ်အောင် ဖန်တီးခဲ့ကြပါတယ်။ စစ်အစိုးရရဲ့ စီမံကိန်းအရ၊ အမျိုးသားညီလာခံကျင်းပနေချိန်အတွင်းမှာ လက်နက်မချတဲ့ကျောင်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်။ ဒါဟာ ABSDF ကို ကွဲပြဲအောင်လုပ်မဲ့ စစ်အစိုးရရဲ့ နိုင်ငံရေး အစီအစဉ်တရပ်ပဲဖြစ်ပါတယ်။
(၄) တခြားတဘက်မှာတော့၊ “ရေလှိုင်းစစ်ဆင်ရေး”အရ၊ ရှစ်လေးလုံးအရေးတော်ပုံ သုံးနှစ်ပြည့်မှာ၊ ရန်သူ့သူလျှိုတွေဟာ ကျောင်းသားခေါင်းဆောင်နဲ့မဟာမိတ်တွေကို အဆိပ်ခပ်သတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ၊ ကွန်မန်ဒို လို့ ယူဆရတဲ့ သူတို့ထဲက တချို့ဟာ၊ ရေလှိုင်းစစ်ဆင်ရေးကို ဆင်နွဲဖို့အတွက် အသေးစားလက်နက် (၁၅) လက်နဲ့လက်နက်ခဲယမ်း မီးကျောက်တွေကို သယ်ဆောင်လာခဲ့ကြပါတယ်။ အဲ့ဒါတွေကိုလည်း သိမ်းဆည်းရခဲ့မိပါတယ်။
(၅) ဒါတွေဟာ စစ်ပွဲတခုအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေဆိုခဲ့ပေမဲ့ စွပ်စွဲခံရသူတွေဟာ ခုခံကာကွယ်ပိုင်ခွင့်ရှိခဲ့ပါတယ်။ ရန်သူ့သူလျှိုတွေရဲ့အမှုကို တရားရုံးမှာ ကြားနာခဲ့ပါတယ်။ စွပ်စွဲခံရသူတွေအနေနဲ့ သူတို့ဟာ ရန်သူ့သူလျှိုတွေဖြစ်ကြောင်း သူတို့ကို ကွပ်မျက် မသတ်ဖြတ်ခင်မှာ ရှင်းလင်းစွာဝန်ခံထွက်ဆို သက်သေခံခဲ့ပါတယ်။
( ကိုအောင်ထူး လက်မှတ်)
အောင်ထူး
အတွင်းရေးမှူး (၁)
ဗဟိုကော်မတီ
ကျောင်းသားတပ်မတော် ( ABSDF)
မတ်လ(၁) ရက်၊ ၁၉၉၂
ကျနော်ဗျာ- ၁၉၉၂ မတ်လ (၁) ရက်မှာ ထုတ်ဝေတဲ့ ကျောင်းသားတပ်မတော်ရဲ့ စတိတ်မန့်ကို ဖတ်ပြီး BLC က ကိုအောင်ထူး ကို အကြံပေးချင်ပါတယ်။ “ ခင်ဗျားဗျာ- တတ်နိုင်ရင် ရှေ့နေလုပ်မစားပါနဲ့။ ခင်ဗျား လိုက်တဲ့ အမှုက ရှုံးပြီး ခင်ဗျားလူ ထောင်ကျမှာစိုးလို့ပါ” လို့။ ဘာကြောင့်ကျနော် ဒီလိုအကြံပေးရပါသလဲ။ ခင်ဗျားတို့ပဲ ထုတ်ပြန်ကြေငြာချက်ကို သုံးသပ်ကြည့်ပေတော့။
ထုတ်ပြန်ချက်ထဲက နံပါတ်(၁) ကတော့ ထားလိုက်တော့။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စေတနာထားပြီး စိုးရိမ်ရှာလို့ဖြစ်တာ လို့ နားလည်ပေးလို့ရပါတယ်။
အချက် (၂) ကိုကြည့်ဗျာ။ ၁၉၈၈ မှာ စစ်ထောက်လှမ်းရေးတွေဟာ ဒေါသထွက်နေတဲ့လူအုပ်ကြီးကို ခေါင်းဖြတ်သတ်ဖို့ လှုံ့ဆော်ခဲ့တယ် လို့ဆိုတယ်။ မြောက်ပိုင်းဒေသမှ အဲ့သလို၊ မိုက်မိုက်ရိုင်းရိုင်း ခေါင်းဖြတ်သတ်ခဲ့တာ ဘယ်သူတွေလဲ။ မျိုးဝင်း၊ သံချောင်း၊ လှဆိုင်၊ သန်းဇော် --- တို့တတွေလား၊ ကိုထွန်းအောင်ကျော်နဲ့ စွပ်စွဲခံရသူတွေလား။ ထုတ်ပြန်ချက်က ရှေ့နောက်မညီဘူးဖြစ်နေတယ်။ ထုတ်ပြန်ချက်ထဲက ဥပမာတွေကလည်း တက်တက်စင်အောင်လွဲနေတယ်။ ကိုထွန်းအောင်ကျော် ဆိုတာ ဗကသ ( အထက်ဗမာပြည်) ခေါင်းဆောင်တယောက်ဖြစ်တယ် ဆိုတဲ့ သမိုင်းကို မသိခဲ့ကြတာလား။ သိသိချည်းနဲ့ ခေါင်းဖြတ်သတ်ခဲ့ကြတာလား။ ခက်တော့နေပြီ။ သမိုင်းနားမလည်ပဲနဲ့ အဖွဲ့အစည်းခေါင်းဆောင်လုပ်တော့၊ ပေါက်လွှတ်ပဲစားပဲဖြစ်တော့မှာပေါ့။
အချက် (၃) ကို စမ်းစစ်ကြည့်ပါ။ မြောက်ပိုင်းကျောင်းသားတပ်မတော် ခေါင်းဆောင်တွေဟာ ရေဘင်မျက်မှန်တွေတပ်ပြီး မာဖီးယားခေါင်းဆောင်တွေလို နေခဲ့ကြတယ်လို့ဆိုတယ်။ ရဲဘော်တွေက ငပိ နဲ့ စားနေရချိန်မှာ ခေါင်းဆောင်တွေက လခယူ၊ ကိုယ်ဆုပ်လက်နှယ်ပြုစုပေးမဲ့တပည့်တပမ်းတွေထား ခိုင်းစားကြတာပါ။ ဒါကို မြင်နေတဲ့ ရဲဘော်တွေမှာ ဝေဖန်ပိုင်ခွင့်မရှိဘူးလား။ ဒေါ်ချိုချိုကျော်ငြိမ်းရဲ့ မွေးစားသား လို့ လူသိများတဲ့ မောင်မောင်ကြွယ် ဆို အဲ့သလို အခွင့်ထူးခံခေါင်းဆောင်တွေကို ဆန့်ကျင်လေ့ရှိလို့ သူ့ကို မျိုးဝင်းက ညှိုးခဲ့တာလို့သိရတယ်။ ကျနော်ကတော့ ခေါင်းဆောင်တွေ ခြစားအကျင့်ပျက်တာယုံတယ်။ ထိုင်းနယ်စပ်နဲ့ မဲဆောက်မှာလည်း ဒီအတိုင်းပဲလေ။ လူတွေကို အခွင့်အရေးပေး၊ ငွေပေးပြီး ပျက်စီးအောင်လုပ်၊ အပြစ်ကျူးလွန်သူခြင်း ကျောခြင်းကပ်ထားတဲ့ အစုတ်ပဲ့ဆုံးနိုင်ငံရေးကို ပြပါဆိုရင် မဲဆောက်၊ ချင်းမိုင် နိုင်ငံရေးပါပဲ။ သူတို့နဲ့ သန်းရွှေ ရဲ့ စစ်အစိုးရ အကျင့်စရိုက်တွေဟာ သူမသာ ၊ ကိုယ်အသုဘ ပါပဲ။
အချက် (၄) ကတော့ ကာယကံရှင်တွေကိုသာမေးကြည့်ပါတော့။ နှိပ်စက်စစ်မေးတုံးက မရခဲ့တဲ့ အဆိပ်တွေ၊ လက်နက်တွေကို ကိုယ့်ဘာသာ ဘယ်ကရှာပြီး သတင်းစာရှင်းလင်းပွဲလုပ်လဲ မသိပါဘူး တဲ့။
ကဲ-- ကိုအောင်ထူး နဲ့ ၁၉၉၂ ကျောင်းသားတပ်မတော် ( ဗဟိုဋ္ဌာနချုပ်) ခေါင်းဆောင်များကို အတိတ်ရဲ့ စဉ်းစားစရာများကို တွေးစေပြီး ဆောင်းပါး (-၉-) ကို နိဂုံးချုပ်ပါရစေ။
ကိုထွန်းအောင်ကျော် နှင့် ကျဆုံးခဲ့သော ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ရဲဘော်များ ကောင်းရာသုဂတိလားပါစေ။ မတရားသဖြင့် နှိပ်စက်စော်ကားသူများလည်း မသန့်ရှင်းသော ဝိညာဉ်တွေမှ ဆေးကြောသန့်စင် လွတ်မြောက်နိုင်ကြပါစေ။ အမှန်တရားပေါ်ထွန်းပါစေ။
အောင်မိုးဝင်း
မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၁၀-)
“ဗမာပြည်တော်လှန်ရေးသမိုင်းမှာ
အမျိုးသမီးတယောက်က သူပုန်လို ဟန်ဆောင်နေတဲ့ ယောင်္ကျားရင့်မာကြီးတွေကို
စိန်ခေါ်တာ ဒီတခါပဲ ရှိမယ်ထင်တယ်”
by Aung Moe Win on Saturday, 18 February 2012 at 22:32 ·
မြောက်ပိုင်းဒေသမှ
အရိုးတွန်သံများ ရဲ့ အဆင့် (၃) ကို ရောက်လာပြီ။ ဒီအဆင့်ဟာ
ကြိုတင်ပြောထား သလို ပဲ၊ မုန်တိုင်းပိုထန်လာမယ်။ မျက်နှာဖုံးတွေ
ပိုကွာကျလာမယ်။ စည်းဝိုင်းအတွင်းမှာ တရားဝင် ရင်ဆိုင်ဖို့ ကမ်း
လှမ်းကြတော့မယ်။ နန်းအောင်ထွေးကြည်ကတော့ လူသတ်သမားရော်နယ်အောင်နိုင်နဲ့
တာဝန်ရှိသူများကို ကဗျာတပုဒ်နဲ့ ရာဇသံပေးလိုက်တယ်။ ပြည်တွင်းမှာ ရှိတဲ့
ကျောင်းသားတွေကလည်း သူတို့သာ ထောက် လှမ်းရေးမှန်ရင် သက်သေပြပါ ဆိုတဲ့
စိန်ခေါ်မှုတရပ်ကို တရားဝင်ကြေငြာခဲ့တယ်။တကယ်တော့ အမှန်တ
ရားဖေါ်ထုတ်ရေးအဆင့်ကပြီးဆုံးသွားပြီ။
ဘယ်သူတွေကလက်နက်ကိုင်တော်လှန်ရေးကိုဖျက်ဆီးခဲ့သူတွေလဲ၊ဘယ်သူတွေကဒီမိုကရေစီရေးလှုပ် ရှားသူအစစ်လဲဆိုတာတွေကလည်းရှင်းရှင်းကြီးဖြစ်သွားပြီ။ မြောက်ပိုင်းဒေသအရိုးတွန်သံများ(အပိုင်း- ၁၀-) ကို ဆက်လက်တင်ပြလိုက်ပါတယ်။
ဘယ်သူတွေကလက်နက်ကိုင်တော်လှန်ရေးကိုဖျက်ဆီးခဲ့သူတွေလဲ၊ဘယ်သူတွေကဒီမိုကရေစီရေးလှုပ် ရှားသူအစစ်လဲဆိုတာတွေကလည်းရှင်းရှင်းကြီးဖြစ်သွားပြီ။ မြောက်ပိုင်းဒေသအရိုးတွန်သံများ(အပိုင်း- ၁၀-) ကို ဆက်လက်တင်ပြလိုက်ပါတယ်။
(၁)
“
ကိုထွန်းအောင်ကျော် ကို ပုဂ္ဂိုလ်ရေးအရတော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့
လက်နက်ကိုင်တော်လှန်ရေး မှာတော့ ကိုယ် တာဝန် ကိုယ်ကျေအောင်လုပ်ရတာပါပဲ” တဲ့
ရော်နယ်အောင်နိုင်ရဲ့ဧရာဝတီ မဂ္ဂဇင်းအင်တာဗျူးကို ဖတ်လိုက်မိတဲ့ မိတ်ဆွေတယောက်က
“
အောင်မလေး အင်တာဗျူးတွေက သောက်ကျိုးနည်းလောက်အောင် ကြီးကျယ်လှချည်လားကွာ။
လက်နက် ကိုင်တော် လှန်ရေး ဆိုပါလားဟေ့။ မန္တလေးဆန္ဒပြပွဲမှာတောင်
သွေးမရှိခဲ့တဲ့ကောင်က ဘယ်နေရာမှာ သွားပြီး လက်နက်ကိုင်ပြီး တိုက်ပွဲ ဝင်သလဲ
မသိဘူး” လို့ ပြောဆိုပြီး ခုံကို ပုတ်လိုက်တယ်။ ကျနော်ကတော့ စိတ်မပါတပါ
ပြုံးနေမိတယ်။
“ မန္တလေးသားတွေနဲ့ ဗကသ များအဖွဲ့ချုပ်ဟာ “ ထွန်းအောင်ကျော် ကို ချစ်သလား၊ ရော်နယ်အောင်နိုင် ကို မုန်းသလား” ဆိုတာ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ကျင်းပတဲ့ပွဲက တဆင့်၊ ဖေ့ဘွတ် စာမျက်နှာတွေကတဆင့်၊ ရှင်းလင်းတဲ့အဖြေတခုပေးပြီးပြီလို့ ထင်ပါတယ်။ ၁၉၉၂ မှာ ကျောင်းသား (၁၅) ယောက်ကို ခေါင်းဖြတ်သတ် အပြီးမှာတော့ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ရဲ့ အပုတ်နံ့တွေက နိုင်ငံတကာမှာ တထောင်း ထောင်းထနေပြီ။ ထိုင်းနိုင်ငံသတင်းထောက်၊ ရင်ဒီက၊ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ခေါင်းဆောင်တွေနဲ့တွေ့ပြီး အင်တာဗျူးတဲ့အခါ၊ သူတို့က အတည်ပေါက်ပဲ၊ ရဲရဲကြီး ဂတိပေးခဲ့တယ်။
“
အသတ်ခံရသူတွေထဲမှာ ကျောင်းသားစစ်တယောက်မှားပါခဲ့မယ် ဆိုရင်
ကိုယ့်စိတ်နဲ့ကိုယ် ကြိုးစင် တက် သွားမယ်” ဆိုပဲ။ အင်း- ကိုယ့်ဘာသာ
စိန်ခေါ်မှုအရဆိုရင်တော့၊ ကြိုးမိန့်ကျမှာက တကြိုးတောင် မကဘူး၊ အပြင် (၃၇)
မင်း၊ အတွင်း (၃၇) မင်းပါ ပင့်ပြီး (၃၈) ကြိုးတောင်း၊ အခမ်းအနားလုပ်၊
ကွပ်မျက်ရမလို ဖြစ်နေပြီ။
(၂)
နန်အောင်ထွေးကြည်ရဲ့
ရာဇသံ ကဗျာ ကို ဖတ်အပြီးမှာတော့
“ဗမာပြည်တော်လှန်ရေးသမိုင်းမှာ အမျိုးသမီးတယောက်က သူပုန် လို
ဟန်ဆောင်နေတဲ့ ယောင်္ကျားရင့် မာကြီးတွေကို စိန်ခေါ်တာ ဒီတခါပဲ ရှိမယ်ထင်တယ်”
လို့ တွေးလိုက်မိတယ်။ “ကျနော်တို့မှာ ခိုင်မာတဲ့ သက်သေတွေရှိပါတယ်”
ဆိုတဲ့သူတွေရဲ့ ငြိမ်သက်မှုကလည်း သူရဲဘောကြောင်တာထက် ဆိုးဝါး လွန်းလှ တယ်။
ဘာပဲဖြစ်ဖြစ် သုတေသနစာတမ်းအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးက “
ရေလှိုင်းစစ် ဆင်ရေး” ဆိုတဲ့ ဝေါဟာရ ပဲ ဖြစ်တယ်။ ဒီ
ဝေါဟာရဘယ်လိုပေါ်ပေါက်ခဲ့သလဲ၊ ဘယ်လို ဇာတ်လမ်း မျိုးဖြစ်မလဲ ဆိုတာကို
ကာယကံရှင်တွေရဲ့ ရှင်းလင်းချက်စာတမ်းတွေကို စောင့်မျှော်နေခဲ့တယ်။
ဒီတပတ်မှာ ကိုအောင်ထူး ရဲ့လက်မှတ်နဲ့ထုတ်ဝေခဲ့တဲ့ ABSDF စတိတ်မန့် ( ၁၉၉၂ မတ်လ ၁ ရက်) နဲ့ ဒေါက် တာနိုင်အောင်ရဲ့ သတင်းစာရှင်းလင်းပွဲ ( ၁၉၉၂ မေလ ၃၁) ကို နှိုင်းယှဉ် သုံးသပ်ကြဖို့ တင်ပြ လိုက် ပါတယ်။
မြောက်ပိုင်း
ကျောင်းသားတပ်မတော်တွင် ဖမ်းဆီးခံထားရသည့် ရန်သူ့သူလျှိုများနှင့်
ပတ်သက်ပြီး ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ၏
သတင်းထုတ်ပြန်ချက်
ကချင်ဒေသကိုတစ်လကြာ
အလည်သွားပြီးတဲ့နောက်မှာ ကျနော်အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့စစ်အစိုးရ အပေါ်
ယခင်ကထက်ကိုပိုပြီး ခါးသီးစွာခံစားခဲ့ရပါတယ်၊
အဖမ်းဆီးခံနေရသူများရဲ့ပြောကြားထွက်ဆိုချက်အားလုံးကို ရိုးရိုးသားသား
ဖတ်ရှု့နားထောင် ခဲ့ပါ တယ်။ ငြိမ်ဝပ်ပိပြားရေး
အဖွဲ့(SLORC)ရဲ့ဖိနှိပ်ရေးယန္တယားတစ်ခုဖြစ်နေသော
မြန်မာနိုင်ငံအမျိုး
သားထောက်လှမ်းရေးအဖွဲ့(NIB)ဟာ ရှစ်လေးလုံးပြည်သူအုံကြွမှုကြီးကို
ဝရုန်းသုန်း ကားဖြစ်အောင်၊ မင်းမဲ့စရိုက်ဖြစ်လာအောင်ဖန်တီးခဲ့မှုတွေမှာ
အဓိက တာဝန်ရှိခဲ့ပါ တယ်၊သူတို့ ဟာစနစ် ကျခိုင်မာတဲ့စီမံချက်နဲ့အတူ
မိမိတို့ အတိုက်အခံအင်အားစုတွေအတွင်းကို ထိုးဖေါက်ဝင်ရောက်ပြီး
ရှုပ်ထွေးမှု၊ ညီညွတ်ရေးဖြိုခွဲမှုတို့ကို ဖန်တီးကာ၊ အပေါ်စီးက ရအောင်
ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ လူတွေကိုသ
တင်းပေးသမား၊ထောက်လှမ်းသမားများအဖြစ်အသုံးချပြီး နည်းမျိုးစုံနဲ့ထိုးဖေါက်
ဝင်ရောက် လာကြ တာဖြစ် တယ်၊ သူတို့ရဲ့အဓိကပြစ်မှတ်ကတော့ ထင်ရှားတဲ့ခေါင်း
ဆောင်များနဲ့အတိုက်အခံ အင်အားစုတွေပဲဖြစ်တယ်၊ သူတို့ရဲ့ မဟာဗျူဟာ
တစိတ်တပိုင်းအရ၊ ABSDF ဟာ ပစ်မှတ်တခုဖြစ်ခဲ့ပြီး၊ သူတို့ရဲ့
သူလျှိုတွေကို “ရေလှိုင်းစစ်ဆင်ရေး” ခေါင်းစဉ်အောက်မှ
ထိုးဖေါက်ဝင်ရောက်နိုင်ရေးပင်ဖြစ်တယ်၊
သူတို့အဓိကလုပ်ဆောင်ရမဲ့အရာတွေကတော့
၁၊ အဖွဲ့အစည်းများအတွင်းမတည်မငြိမ်ဖြစ်အောင်ဖန်တီးလုပ်ဆောင်ရေး
၂၊ အဆင့်မြင့်ရာထူးနေရာတွေကိုရယူထားရှိရေး
၃၊ မဟာမိတ်အဖွဲ့များနဲ့ထောက်ခံအားပေးသောအဖွဲ့အစည်းများနှင့်နားလည်မှုလွှဲမှားရေး
၎၊ ခိုင်မာတဲ့အတိုက်အခံခေါင်းဆောင်တွေကိုလုပ်ကြံသတ်ဖြတ်ရေးတို့ပင်ဖြစ်သည်၊
နောက်ဆုံးအပြီးသတ်ဆောင်ရွက်ရမဲ့အချိန်ကတော့
အမျိုးသားညီလာခံကျင်းပမည့်အချိန်ဖြစ်သည့် ၁၉၉၂နှစ်ကုန်ပိုင်း တွင်
ဖြစ်ပါသည်၊
တစ်ချို့အုပ်စုတွေကတော့အမျိုးသားညီလာခံမကျင်းပခင်အလင်းဝင်ကြရန်ဖြစ်တယ်။
ကျန်နေမဲ့အုပ်စုတွေကိုတော့
ဖိအားတွေကိုအပြင်းအထန်ပေးပြီးအမျိုးသားညီလာခံအပြီးတွင်ဖြစ်လာမည့်
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အချိန်တွင်အလင်းဝင်ကြရန်ပင်ဖြစ်သည်၊
(ဒီစပိုင်အဖွဲ့ရဲ့ခေါင်းဆောင်တွေကတော့
အမျိုးသားညီလာခံကို ၁၉၉၂ ကုန်ပိုင်းမှာ ကျင်းပလိမ့်မယ် ဆိုတဲ့အချက်ကို
သိရှိပြီးသားဖြစ်တယ်) လွတ်ငြိမ်းချမ်းသာခွင့်ပေးအပြီး၊
နောက်ဆုံးကျန်ရှိနေဦးမည်ဖြစ်သည့်အုပ်စုတွေကတော့
ပြင်းထန်တဲ့စစ်ဆင်ရေးနဲ့အတူချေမှုန်းခံရလိမ့်မည်ဖြစ်သည်၊
ကျနော်အနေနဲ့
ရန်သူ့သူလျှို (၁၅) ယောက်ကို ကွပ်မျက်သတ်ဖြတ်ပစ်လိုက်ခြင်းဟာ မှန်ကန်တဲ့
ဆုံးဖြတ်ချက်ဖြစ်တယ် လို့ ယုံကြည်တာကြောင့် ထပ်မံအငြင်းပွားစရာ
မရှိတော့ပါ။ ဗဟိုကော်မီတီဟာ ယခုဆုံးဖြတ်ချက် လုပ်ငန်းစဉ်တလျှောက်လုံးမှာ
လုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိသော်လည်း ဗဟိုကော်မတီ ကိုယ်စား
ကျနော့်အနေနဲံ့ တာဝန်ရှိခဲ့တယ်ဆိုတာလက်ခံပါတယ်၊
ဖမ်းဆီးထားတဲ့
ကျန်ရှိနေသေးသော ရန်သူ့သူလျှိုတွေကို
အပြုသဘောဆန်စွာဖြေရှင်းသွားမယ်ဆိုတဲ့ အကြောင်းကို နိုင်ငံတကာ
အသိုင်းအဝိုင်း ထံ ရှင်းပြချင်ပါတယ်။
မကြာသေးခင်ကပဲ
ကျနော်၊ ABSDF မြောက်ပိုင်းကော်မတီ နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့
ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး
အောက်ပါဆုံးဖြတ်ချက်တွေချမှတ်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်၊
၁၊ ABSDF အနေဖြင့် နောက်ထပ်ကျန်ရှိနေသေးတဲ့စပိုင်တွေကို သေဒဏ်မပေးရေး
၂၊ မိမိတို့တော်လှန်ရေးလှုပ်ရှားမှုအပေါ် ရပ်တည်ချက်မှန်မှန်ပြောင်းလဲလာသူတွေအားလုံးကို သာမန်အဖွဲ့ဝင်တွေအဖြစ်ပြန်လည်လက်ခံသွားရန်၊
၃၊
ကျနော်တို့ အနေဖြင့်လုံးဝလက်မခံနိုင်သောရန်သူ့ သူလျှိုများကိုမူ
၎င်းတို့၏အနာဂတ်လုံခြုံရေး အတွက် နိုင်ငံတကာအဖွဲ့အစည်းများသို့
လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်
ဒီမိုကရက်တစ် အစိုးရများ အနေဖြင့်လည်း သူလျှိုများအား
မြန်မာပြည်ဒီမိုကရေစီရေးပြောင်းလဲမှုရရှိသည်အထိလက်ခံသွားပါရန် ABSDF
အနေဖြင့် မေတ္တာရပ်ခံသွားမည်ဖြစ်သည်၊
၎၊
အကယ်၍သူတို့ကိုပြည်ပနိုင်ငံတွေမှာလက်ခံထားရှိပေးနိုင်ခဲ့ခြင်းမရှိခဲ့လျှင်၊
သူတို့ကိုထောင်ဒဏ်တစ်နှစ်စီချမှတ်ပြီး
မိဘဆွေမျိုးတို့၏ခံဝန်ချက်ဖြင့်ပြန်လွှတ်ပေးသွားမှာဖြစ်သည်၊သူတို့တစ်တွေဟာ
ကျနော်တို့ရဲ့ရန်သူတွေဖြစ်ခဲ့သော်လည်းပဲ သူတို့ဟာ ယုတ်မာရက်စက်တဲ့
အာဏာရှစ်စနစ်ရဲ့သားကောင်တွေအဖြစ်လက်ခံထားပါတယ်၊ ဒါဟာကျနော်တို့ရဲ့ အနာဂတ်
အကျိုးစီးပွါး နဲ့လူအခွင့်အရေးကိုစာနာထောက်ထားလို့ပဲဖြစ်ပါတယ်၊
ပြီးရင်ကျနော်တို့အနေဖြင့် သူတို့နဲ့ပတ်သက်တဲ့ ရန်သူ့သူလျှို မှတ်တမ်း
အထောက်အထားအသေးစိတ်တွေကိုလူသိရှင်ကြားဖေါ်ပြပေးသွားမှာဖြစ်တယ်။
ထို့အတွက်ကြောင့်
ကျနော်တို့အနေဖြင့်နိုင်ငံတကာအဖွဲ့အစည်းတွေကိုပန်ကြားလိုသည်မှာ
ရန်သူ့သူလျှိုတွေ ရဲ့ အနာဂတ်အတွက်ကျနော်တို့ကို
နားလည်စွာဖြင့်ပူးပေါင်းဆောင် ရွက်မှုပေးသွားကြပါရန်မေတ္တာရပ်ခံအပ် ပါသည်၊
ဆန္ဒမွန်များဖြင့်
( လက်မှတ်)
မေလ(၃၁)ရက်နေ့၊ ၁၉၉၂ခုနှစ်
ဒေါက်တာနိုင်အောင်
ဥက္ကဌ
ဗဟိုကော်မီတီ
ABSDF
(၃)
တကယ်တော့
တတိယအဆင့်မှာ မုန်တိုင်းရဲ့ ဗဟိုချက်မဟာ ဘယ်ကိုဦးတည်တော့မယ်ဆိုတာ
လူတိုင်း နီးပါးသိနေပြီ။ ဒါပေမဲ့ မိုးပြိုနေတာကို မသိတဲ့
ပရွက်ဆိတ်တကောင်ကတော့၊ နိုင်ငံရေးလူပျက် တယောက်လို လုပ်နေတဲ့အခါ ကျနော့မှာ
သူ့ကို ကြည့်စေချင်တဲ့ ရုပ်ရှင်ကားလေးတကား နဲ့ နှုတ်ဆက်ကြည့် ဖို့
ဆုံးဖြတ်လိုက်တယ်။
In
The Bedroom ဆိုတဲ့ ရုပ်ရှင်လေးအကြောင်းကို ပြောပြချင်ပါတယ်။ ၂၀၀၁
ခုနှစ်က အကယ်ဒမီ (၅) ဆုရတဲ့ ကားလေးပါ။ အမေရိကန်ပြည်ထောင်စု၊
မိန်းပြည်နယ်ရဲ့ ဆိတ်ကမ်းမြို့လေးတမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ရာဇဝတ်
မှုလေးတခုအကြောင်းကို ရိုက်ကူးထားတဲ့ ကားလေးပါ။ ဇာတ်လမ်းအတိုချုပ်ကို
ပြောရရင်၊ ဒေါက်တာ “မက်” နဲ့ “ရုဒ်” လို့ခေါ်တဲ့ လင်မယားနှစ်ယောက်မှာ
ဖရန့် လို့ ခေါ်တဲ့သားလေးတယောက်ပဲရှိတယ်။
သူ့တို့ရဲ့သားလေး
ဖရန့်က “နက်တလီ” လို့ခေါ်တဲ့ အသက်ကြီးကြီး
မိန်းမတယောက်နဲ့ချစ်ရည်မျှနေခဲ့တယ်။ “နက်တလီ” ရဲ့ ယောင်္ကျားဟောင်း
“ရစ်ချတ်”က အင်မတန်ဆိုးသွမ်းတယ်။ မိန်းမဟောင်း နက်တလီ ဆီကို လာလာပြီး
နှိပ်စက်ရိုက်နှက်လေ့ရှိတယ်။ တရက်မှာတော့ နက်တလီကို
လာနှိပ်စက်လေ့ရှိတဲ့“ရစ်ချတ်” နဲ့ “ဖရန့်” ထိပ်တိုက်တွေ့ကြ၊
ထိုးကြကြိတ်ကြပြီး၊ ရစ်ချတ် ဆိုတဲ့လူဆိုးက “ဖရန့်”ကို ပစ်သတ်ပစ်လိုက်တယ်။
ဒီအမှုဟာ တရားရုံးကိုရောက်ရှိခဲ့ပေမဲ့၊ လူသတ်မှုကို မျက်မြင်သက်သေအဖြစ်ထွက်ဆိုမဲ့သူမရှိဘူး။
“နက်တလီ”
ဆိုတဲ့ အမျိုးသမီးကလည်း သူမရှေ့မှာ ဖြစ်ပျက်ခဲ့တာကို
ကိုယ်တိုင်မြင်ခဲ့ပေမဲ့ ရစ်ချတ် ရဲ့ အန္တရာယ်ကို ကြောက်နေတာကြောင့်၊
အဖြစ်မှန်ကို မထွက်ဆိုရဲဘူး၊ တရားသူကြီးကလည်း လုံလောက်တဲ့
မျက်မြင်သက်သေမရှိခဲ့တဲ့အတွက် ရစ်ချတ်ကို လူသတ်မှုနဲ့ အပြစ်ပေးလို့မရဘူး၊
ဒီလိုနဲ့ လူသတ်သမား ရစ်ချတ်တယောက် ရာဇဝတ်မှုကနေ
ကွင်းလုံးကျွတ်လွတ်သွားခဲ့တယ်။ ဒေါက်တာ “မက်” နဲ့ “ရုဒ်” အတွက်တော့၊
သူတို့သားကို သတ်သွားတဲ့ လူသတ်သမား ရစ်ချတ် ကို မြို့ကလေး မှာ
တွေ့တွေ့နေရခြင်း ဟာ ခြောက်လှန့်နေတဲ့အိပ်မက်ဆိုးတခုကို
မက်နေရသလိုမျိုးပါပဲ။ သူတို့နှစ်ယောက် ညရောက်ရင် အိပ် ယာပေါ်မှာ အဲ့ဒီ
စိတ်မသက်မသာဖြစ်စေတဲ့ ခံစားမှုတွေကို ပြောကြတယ်။ အိပ်မပျော်ကြဘူး။
အသတ်ခံရတဲ့ ဖရန့် ရဲ့ အမေဖြစ်သူ “ရုဒ်” ဟာ ခံစားရတာတွေများလာတော့ အိမ်မှာ
ယောင်္ကျားဖြစ်သူ ဒေါက်တာ မက် ကို အော်ဟစ် တောင်းဆိုတယ်။ “ ရှင်တခုခု
လုပ်စမ်းပါရှင်၊ ကျမ ဒါတွေကို ဆက်မခံစားနိုင်တော့ဘူး” တဲ့။
ဒေါက်တာရစ်ချတ်
တယောက် ဆေးခန်းပိတ်ပြန်တဲ့အခါ အိမ်ကို မပြန်သေးပဲ ဘား တခုကိုသွားတယ်။
မိတ်ဟောင်းဆွေဟောင်းတချို့နဲ့ တိုင်ပင်တယ်။ နောက်မကြာဘူး။ သူတို့ရဲ့
အစီအစဉ်ကို စတင်တော့တယ်။ တညမှာ “ရစ်ချတ်” နေတဲ့အိမ် ကို သွားပြီး
စောင့်တယ်။ အပြင်ကပြန်လာတဲ့ “ရစ်ချတ်” ကို သေနတ်နဲ့ချိန်ပြီး၊ သူ့ရဲ့
အဝတ်အစားတွေကို အိပ်ထဲထည့်ခိုင်းတယ်။ စားပွဲပေါ်မှာ ခရီးသွားသလိုလို
သက်ရောက်စေ မဲ့ လေ ယာဉ်လက်မှတ် ဖြတ်ပိုင်းလေးကို တင်ထားခဲ့တယ်။ “ရစ်ချတ်”
ကတော့ သူသတ်ခဲ့တဲ့ ဖရန့် ရဲ့ အဖေ ဒေါက် တာ“မက်” က သူ့ကို ဒီမြို့ကလေးမှာ
မမြင်စေချင်တော့လို့၊ မြို့ကနေ ထွက်သွားခိုင်းတာ လို့ ထင်နေတယ်။ တကယ်တော့
မဟုတ်ဘူး။ ဒေါက်တာ “မက်” က ရစ်ချတ် ဆိုတဲ့ကောင်ကို တောအုပ်တခုထဲမှာ
ခေါ်သွားပြီး ပစ်သတ်ပစ်လိုက်တယ်။ မနက်လင်းတော့ အိမ်ပြန်လာတဲ့ ဒေါက်တာ
ရစ်ချတ်ကို သူ့အမျိုးသမီး ရုဒ် က တချက်ကြည့်ပြီး ဘာမှမမေးတော့ဘူး။
ဇာတ်လမ်းလေးက အဲ့သလို အဆုံးသတ်ထားတယ်။
အပေါ်ယံဇာတ်လမ်းကို
ကြည့်လိုက်မယ် ဆိုရင်တော့ In the Bedroom ရုပ်ရှင်ကားဟာ
လက်စားချေမှုတခုကို ရိုက်ပြတာလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့
နိုင်ငံတကာရုပ်ရှင်အသိုင်းအဝိုင်း၊ အနုပညာအသိုင်း အဝိုင်းတခု လုံး က
ဒီဇာတ်ကားကို တခုတ်တရ အမွှန်းတင်ပြောဆိုကြသလို၊ နယူးယောက်တိုင်းမ်
သတင်းစာကြီးက ဆို ရင် “ဆယ်စုနှစ်တွေအတွင်းမှာ အရေးကြီးဆုံးရုပ်ရှင်ကား
တကား နဲ့ ဒီကိစ္စဟာ ဘာကြောင့်အရေးကြီး သလဲ” ဆိုတဲ့
ဆွေးနွေးထောက်ခံဝေဖန်မှုတွေကို ဝေဝေဆာဆာရေးသားခဲ့တယ်။
ဒီကားကို
ဘာကြောင့် အကယ်ဒမီ ဆု (၅) ဆုပေးခဲ့တာလဲ။ ရာဇဝတ်မှု ဇာတ်လမ်းနဲ့
နောက်ခံထားတဲ့ ရုပ်ရှင် ကားတကားကို နိုင်ငံတကာပြည်သူတွေ
ဘာကြောင့်ကြိုက်ခဲ့ကြသလဲ။ အဓိကအချက်တွေကတော့ လင်မ ယားနှစ်ယောက် ညတိုင်ရင်
အိပ်ယာပေါ်မှာ ရင်ဖွင့်ပြောဆိုကြတဲ့ အပြန်အလှန်စကားပြောခန်းတွေ၊ စိတ်ခံ
စားမှုတွေပဲဖြစ်တယ်။ သူတို့နှစ်ယောက်ပြောဆိုနေကြတဲ့ ခံစားမှုတွေ၊ ဒဿန တွေကို
လူတွေက ခံစားနား လည်နိုင်ခဲ့ကြတယ်။
ဒါကြောင့်လည်း
အဆင့်အတန်းရှိတဲ့ နိုင်ငံတကာအနုပညာအသိုင်းအဝိုင်းဟာ၊
စာနာနားလည်ခံစားနိုင်မှု ကို အရေးပါတဲ့ ကျင့်ဝတ်အဖြစ်ထည့်သွင်းပြီး
အမှတ်ပေးခဲ့ကြတာဖြစ်တယ်။
(၄)
စာနာနားလည်မှုမရှိတဲ့
အနုပညာသမားတွေရဲ့ အောက်ခြေလွတ်မှု၊ အတ္တကြီးမားမှုတွေကိုလည်း ကျနော်
တို့လောကထဲမှာ တခါတလေတွေ့ရတတ်ပါတယ်။ အပြင်လောကမှာ
ဘာတွေဖြစ်နေမှန်းမသိပဲနဲ့ အငြိမ့်စင် က မီးစလိုက်ကို စိတ်ဆွဲနေသလိုမျိုး
ဟိုဟာပြောရင် ဒီကိစ္စက မှိန်သွားမယ် ပြောလို့ပြော၊ ပုရွက်ဆိတ်နဲ့
ပုရုတ်ဆီကို ဥပမာပေးလို့ပေး ခက်တော့တာပဲ။ ယုတ်မာရက်စက်သူနဲ့
ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းဆိုတာ ဘယ်တုံးကမှ အချင်းချင်းမဖြစ်ခဲ့သလို၊ ရန်သူ
လို့ သတ်မှတ်ထားသူတွေဆီကနေ “ အဘ ကျနော်နိုင်ငံခြား သွားမလို့
မုန့်ဘိုးပေးပါအုံး” ဆိုတဲ့ မျက်နှာပြောင်ပြောင် အလုပ်တွေလည်း
ကျနော်တို့မလုပ်ခဲ့ပါဘူး။ မိသားစုတခုလုံးလည်း နိုင်ငံခြားကို
ပို့မထားခဲ့ပါဘူး။ “ခွင့်လွှတ်ခြင်းတရားတွေ တသွင်သွင်ပြောပြီး ကိုယ်က
ဘယ်လိုသဘောထားကြီးကြောင်း ပြောဆိုနေမှုတွေဟာ မရိုးသားတဲ့ လေလံတင်မှု၊
လက်ခုပ်သံမျှော် မှု တခု ဖြစ်တယ်” တဲ့။ ကိုယ့်ဘာသာ သတိထားရမှာက
အဇာတသတ်နောက်လိုက်မဖြစ်မိဖို့ရယ်၊ လူရည်လည် သူတွေချင်းဆက်သွယ်ပြီး NGOs
တွေနဲ့ပေါင်းစီးပွားရေးလုပ်ဖို့ကြိုးစားနေကြတဲ့ နိုင်ငံရေးစားကျက်ထဲမှာ
မမျောပါမိဖို့ရယ် ဆိုတဲ့အချက်ပါပဲ။
(၅)
“ရန်သူစစ်တပ်က
ထောင်ချီသတ်တာကျတော့ ဘာမှမပြောဘူး။ လူ (၁၅) ယောက် (၃၀) လောက် သတ်ခံ
ရတာကို ပြောနေတယ်၊ ငါတို့ရဲဘော်တွေ ဘယ်လိုပေးဆပ်ခဲ့ရတယ်” ဆိုတဲ့စကားကို
ကြားမိတော့ ကျနော်တို့ အညာဘက်မှာ နောက်ပြောင် ပြောဆိုနေတဲ့ “တံတားကြိုး
သခင်များ”ဆိုတဲ့ဝေါဟာရကိုသွားသတိယမိတယ်။
ဒုတိယကမ္ဘာစစ်အပြီး
ဖက်ဆစ်ဂျပန်တွေ စစ်ရှုံးဆုတ်ခွာသွားတော့၊ တော်လှန်ရေးမှာလေးလေးနက်နက်
မပါဝင်ခဲ့ဘူးသူတွေကလက်ပတ်တွေစည်း၊လက်နက်တွေကိုင်ပြီး
တော်လှန်ရေးခေါင်းဆောင်ယောင်ယောင် ထွက် လာကြတော့တယ်။ ရွာထိပ်က တံတားကြီးကို
ချိုးကြပစ်လိုက်ပြီး၊ သူတို့တိုက်ထုတ်လိုက်လို့ ဖက်ဆစ်
ဂျပန်တွေပဲထွက်ပြေးသွားသလိုလို၊ လုပ်ကြတော့တယ်။ မကြာပါဘူး။ သခင်
ဆိုတဲ့နာမည်တွေ ကို ရှေ့မှာ တပ်ပြီး၊ တည်ငြိမ်မှုမရှိသေးတဲ့ ရွာမှာ
ရွာသားတွေကို အနိုင်ကျင့်တော့တယ်။ အကြောင်းသိသူတွေကတော့ သူတို့ကို
တံတားကျိုးသခင် များလို့ ခေါ်ဝေါ်ကြတာပေါ့။ ဒါပေမဲ့ သူတို့က အုပ်စုဖွဲ့ပြီး “
ငါတို့က ဘယ်လိုအနစ် နာခံခဲ့တယ်” ဆိုတာတွေပြော၊ ထန်းတောထဲမှာလည်း
ညနေတိုင်ရင်မူးရူး၊ သောက်ထားတဲ့အရက်ဖိုး၊ ထမင်း ဖိုးကိုလည်းမပေး၊ တွေ့ကရာ
စော်ကားတော့တာပဲ။ အခုကျနော်တို့တတွေ ကြုံတွေ့နေရတဲ့ ပြည်ပနိုင်ငံရေး
မှာလည်း အဲ့သလို “တံတားကျိုးသခင်များ” က နေရာအနှံ့တွေ့နေရတယ်။ တကယ်
လက်နက်ကိုင်တိုက် လာတဲ့ ရဲဘော်တွေက အမှန်တရား နဲ့ ရိုးသားမှု ကို ဘာနဲ့မှ
မလဲဘူး။ သူတို့ပေးဆပ်ခဲ့ရတာတွေကိုလည်း စာဖွဲ့ပြောမနေဘူး။
“ကိုယ့်အဖွဲ့အစည်းကို ဘယ်လိုချစ်ကြောင်း၊ လက်နက်ကိုင်တော်လှန်ရေး ကို
ဆက်ဆင်နွှဲ ရမယ်၊ ဘုံရန်သူကို မျက်ခြေမပြတ်နဲ့” လို့ ဟစ်ကြွေးနေသူတွေကို
ကြည့်လိုက်တော့၊ တော်တော် များများ က နိုင်ငံတကာ ဒိုနာတွေဆီက
ငွေလိမ်တောင်းနေသူတွေ၊ တတိယနိုင်ငံတွေမှာ သောက်စားမူးယစ်နေ သူတွေ၊
အစိုးရဆီက လူမှုဖူလုံရေးလိမ်တောင်းစားနေသူတွေကိုသာ တွေ့ရတယ်။
လူမှုတော်လှန်ရေးတရပ်လုပ်တယ်ဆိုတာ
ဖက်ဆစ် အစိုးရကျူးလွန်နေတဲ့စရိုက်တွေကို အတုယူဖို့မဟုတ် ဘူး။
တော်လှန်ရေးလုပ်ခဲ့တာကို အကြောင်းပြပြီး အခွင့်အရေး ယူဖို့မဟုတ်ဘူး။
အစိုးရဘက်ကသတ်တာတွေ ကိုပြောပြီး၊ ငါတို့ဘက်က ယုတ်မာတာတွေကို
ပါးစပ်ပိတ်ထားလို့ အဆိုပြုတဲ့ သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
ခေါင်းဆောင်တဲ့ ကြံ့ဖွံ့အဖွဲ့ဝင်တွေနဲ့ အတူတူပဲဖြစ်သွားမှာပေါ့။
လူနေမှုအဆင့်မြင့်တဲ့နိုင်ငံတွေမှာ နေပြီး ကြံ့ဖွံ့လို စိတ်ဓါတ်တွေ
မွေးနေကြ၊ ခြစားအကျင့်ပျက်သူတွေနဲ့
သူတော်ချင်းချင်းသတင်းလွေ့လွေ့လုပ်နေကြတာတော့ စိတ်မကောင်းစရာပဲ။
ပြောသာပြောရတာပါ။
ဘာမှမဟုတ်ပဲ စစ်သွေးကြွပုံစံတွေနဲ့ ကိုယ့်ဘာသာ ကိုယ်ရှိန်ကိုယ်ဝါတောက်
ပပြနေ တဲ့ လူတွေက လက်ချိုးရေ လို့ရပါတယ်။ သူတို့က ကျောင်းသားတပ်မတော်ကို
ချစ်ဟန်ဆောင်ပြီး၊ အကျင့် ပျက် လူတယောက်နှစ်ယောက်ကို အကာအကွယ်ပေးနေတာ
လူတိုင်းက သိနေပေမဲ့ သူတို့လို လိုက်အဆင့် မနိမ့်ချင်လို့ ယှဉ်ပြီး
မပြောပဲနေကြတာ။ တကယ်တိုက်လာခဲ့တဲ့ ဒီမိုကရေစီရေးလိုလားသူတွေ နဲ့ ကျောင်း
သားတပ်မတော်က ရဲဘော်တွေ က အမှန်တရားနဲ့ ရိုးသားမှုကို ချစ်တယ်။
မြောက်ပိုင်းလူသတ်မှုကို အကြီး အကျယ်ရှုတ်ချပြီး စာနာနားလည်စွာပါဝင်နေကြတယ်။
ပြည်တွင်းကို သဝဏ်လွှာတွေပို့ကြတယ်။
အဲ့သလို
ခိုင်မာတည်ကြည်တဲ့ ABSDF ရဲဘော်တွေရှိနေမှတော့ ကျန်တဲ့ ပြည်ပရောက်
ကြံ့ဖွံ့တွေဆိုတာ၊ ဓါတ်တိုင်အောက်မှာ ပျံဝဲနေတဲ့ တရာသီစာ ပရစ်အော်သံတွေ
အဖြစ်သာ ဆူညံကျန်ရစ်ခဲ့တာပါ။
တရားမျှတမှုအတွက် တောင်းဆိုတိုက်ပွဲဝင်သံတွေ မကြာခင်ကြားကြရပါလိမ့်မယ်။
အောင်မိုးဝင်း


No comments:
Post a Comment