Sunday, February 12, 2012

(၆၅)နှစ်မြောက် ပြည်ထောင်စုနေ့

 

(၆၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား နေပြည်တော်တွင် ကျင်းပ


နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သည့် 
သ၀ဏ်လွှာကို နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက
ဖတ်ကြားနေစဉ်
(၆၅)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအား နေပြည်တော်ရှိ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၇ နာရီတွင် စတင်ကျင်းပခဲ့ပါသည်။ အဆိုပါပြည်ထောင်စုနေ့သို့ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာကို ဖတ်ကြားခဲ့သည်။
အဆိုပါသ၀ဏ်လွှာ၌ ကိုလိုနီ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန်အတွက် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်စွာဖြင့် လွတ်လပ်ရေးကို အသက်သွေးချွေးများစွာဖြင့် ရင်း၍ ရယူခဲ့ရပါသည်။ ရရှိခဲ့ပြီးဖြစ်သော လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ရေး၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုပြိုကွဲလျှင် နိုင်ငံတော်လည်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမည်ဖြစ်ပါသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဖော်ဆောင်နေသော အစိုးရသစ်အနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာအောင် အထူးအလေးထားပြီး တည်ဆောက်လျက်ရှိပါသည်'' ဟု ထည့်သွင်းပြောကြားခဲ့သည်။
''ဒီမိုကရေစီသည် လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အရေးကြီးပုံကို အသိအမှတ်ပြုခြင်းဖြစ်၍ တိုင်းရင်းသားအချင်းချင်း တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် လေးစားတန်ဖိုးထားခြင်းသည်လည်း ဒီမိုကရေစီ၏ အနှစ်သာရကို ဖော်ဆောင်ခြင်းဖြစ်ပါသည်။ လူပုဂ္ဂိုလ် အသီးသီးသည် အသိဉာဏ်ပညာတွင် လည်းကောင်း၊ စိတ်နေစိတ်ထားတွင် လည်းကောင်း ကွဲပြားနိုင်သော်လည်း ထိုမတူညီသော အတွေးအခေါ်၊ အယူအဆအမျိုးမျိုးမှ နိုင်ငံတော်အတွက် အဖိုးတန်ရလဒ်ကောင်းများ ပေါ်ပေါက်လာရန် ဒီမိုကရေစီက ဖော်ဆောင်ပေးသည်။ ဒီမိုကရေစီ ရှင်သန်အောင်မြင်ရေးအတွက် တိုင်းရင်းသားပြည်သူအပေါင်းတို့သည် အတွေးအခေါ်၊ အသိဉာဏ်ပညာ တိုးတက်ရင့်သန်လာစေရန် ကြိုးပမ်းပြီး ဒီမိုကရေစီလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်ကြရပေမည်'' ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။ 
(၆၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော် ဒုတိယသမ္မတ၊ အစိုးရအဖွဲ့ ၀န်ကြီးများ၊ ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။
EMG

 

 

ပင်လုံစိတ်ဓာတ် ခိုင်မာဖို့ NLD တိုက်တွန်း

2012-02-12
စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ပေါ်ပေါက်ရေးအတွက် ပင်လုံစိတ်ဓာတ်ခိုင်မာဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဒီကနေ့ ကျရောက်တဲ့ (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကြေညာချက်မှာ တိုက်တွန်းလိုက်ပါတယ်။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပင်လုံစိတ်ဓါတ် ရှင်သန်ဖို့ အမှန်တကယ်လိုအပ်နေတယ်လို့လည်းထောက်ပြထားပါတယ်။
ရွှေဂုံတိုင်ပါတီရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေးအတွက် သဘောထားကြီးဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် စစ်မှန်တဲ့ပြည်ထောင်စုနိုင်ငံ ထူထောင်နိုင်ဖို့အတွက် တိုင်းရင်းသားအားလုံးနဲ့အတူ လက်တွဲလုပ်ဆောင် သွားမယ်လို့လည်း ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စုနေ့အခမ်းအနားကို ပါတီဝင်တွေနဲ့အတူ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ။

 

 

ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားဆဲလို့ သမ္မတဦးသိန်းစိန်ပြောကြား

2012-02-12
မြန်မာနိုင်ငံမှာ ထာဝရ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စေ့စပ်ညှိနှိုင်းရေး လုပ်ဆောင်နေသလို တိုင်းရင်းသားပြည်သူတရပ်လုံးကလည်း ပူးပေါင်းပါဝင်ဖို့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ ဖေါ်ပြထားပါတယ်။
ပြည်ထောင်စုအစိုးရ အဖွဲ့သစ်အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ထားဆဲဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။ ဒီမိုကရေစီစနစ်ဟာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ အကောင်အထည်ဖော်မှသာ အောင်မြင်နိုင်တာကြောင့် အစိုးရအနေနဲ့ အလေးထား အကောင်အထည် ဖော်နေကြောင်းလည်း ပြောထားပါတယ်။
တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရ ၀န်ထမ်းတွေနဲ့ ပြည်သူအားလုံးက တရားဥပဒေကို လေးစားလိုက်နာရမယ်လို့လည်း ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရရှိနေပေမယ့် ကချင်ပြည်နယ်မှာ စစ်ပွဲတွေဆက်လက် ဖြစ်ပွားနေပြီး ဒေသခံတွေ တရုတ်-မြန်မာ နယ်စပ်ကို ထွက်ပြေးခိုလှုံနေကြတဲ့အပြင် အဲဒီဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်လက် ဖြစ်နေကြောင်းလည်း လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြပါတယ်။
သမ္မတရဲ့ ပြည်ထောင်စုနေ့ သ၀ဏ်လွှာထဲမှာ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်လိုတဲ့အတွက်၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်နိုင်ရေးအတွက် အကျဉ်းထောင် အသီးသီးကနေ အကျဉ်းသားတွေကို လေးကြိမ်တိတိ လွှတ်ပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ။

No comments: