Thursday, February 16, 2012

"ကိုပြေရယ် ဘဘရယ် ဒဿရယ်"


by Soe Min on Saturday, February 11, 2012 at 2:12am ·
          ငယ်ငယ်တုန်းက ကြာနီကန်တရားခွေတွေနဲ့ ကြီးပြင်းလာရတဲ့အခါ ဆရာတော် တရားပွဲများစလိုက်ရင် အနီးအနားဇာတ်ရုံထဲက ပရိသတ်တောင်မှ တဖွဲဖွဲနဲ့ တရားပွဲထဲရောက်လာကြတယ်လို့ ကြားခဲ့ဖူးပါတယ်။ ယုံချင်ယုံ မယုံချင်နေ၊ အဲသလိုတော့ ကြားဖူးခဲ့တာပဲ။ အခုတော့ လုံးဝယုံသွားပါပြီ။ မနေ့ညက ကိုဝေတို့ ကိုပြေတို့ သက်မွန်မြင့်ကလေးတို့၊ ရုပ်ရှင်တလောကသားလုံး လှပကြွရွနေအောင် ဖလန်းဖလန်းထကြတဲ့ အကယ်ဒမီပွဲကြီးကို ပစ်ပြီး ပရိသတ်တွေ တရုံးရုံး လိုင်းပြောင်းပြီး ကြည့်ယူရတဲ့ပွဲကြီးကတော့ ဘဘဦးရွှေမန်းရဲ့ တရားပွဲကြီးပါပဲ။ ဟောချက်ပြောချက်တွေ ပြောင်မြောက်လိုက်တာများ ရွှေမန်းတင်မောင် ၀င်ပူးထားသလား အောင့်မေ့ရတယ်။ ဟတ်ထိချက်ကတော့ ဘာပြောစရာလိုသလဲဗျာ။ လခတိုးပေးဖို့ ပြောတာပဲဥစ္စာ။ ဒီစကားမျိုး ဘယ်သူပြောပြော ထောက်ခံမှာပေါ့။ ဘယ်လောက်တိုးပေးပေး။ “နည်းနည်းဖြစ်ဖြစ် ချစ် ချစ် ချစ်ပါ အကို” လို့ ဒိုင်ဗင်ဝင်ပစ်မှာပဲ။ နေပြည်တော်တ၀ှမ်းလုံး “သဘူမတောတဲ့သူ ရှိပါသေးလားခင်ဗျာ” လို့ လိုက်မေးကြည့်ပါလား။ အောင်မယ်လေး အပြင်မှာများ အရှင်လတ်လတ်ကြီး တွေ့လိုက်လို့များကတော့နော်။ အံတီဝါ၀ါအောင်ကြီး လူတွေဝိုင်းဆွဲတာထက်ဆိုးပြီး ပါးတပြင်လုံး အပ်ချစရာမကျန်အောင် အာပွားတွေ ၀ိုင်းပေးကုန်ကြဦးမယ်။ ဒါတောင် လေလည်ပြရုံကလေးပဲ ရှိသေးတာ ပိတ်သတ်ကြီးရဲ့။ ခုလောက်ဆို “ဟေ .. ဟုတ်လား။ ဒါဆို ငါ့ ပိုက်ဆံထပ်ချေးပါဦး။ လခတိုးတော့ ပြန်ဆပ်ပါ့မယ်” လို့ အကြွေးယူတဲ့သူတွေကယူ။ လမ်းဘေးခင်းထားတဲ့ ဟင်းရွက်ကန်စွန်းလေးတွေ “၃.၆ နဲ့မြှောက်ရင် ဘယ်ဈေးတက်ယူရပါ့မလဲ” နဲ့ တွက်တဲ့သူတွေ တွက်ကုန်ကြလောက်ပြီ။ တောရောက်နေလို့ ဘာဂျာနယ်မှ မဖတ်ရလို့နော်။ မဟုတ်ကာမှလွဲရော၊ အဲဒီသတင်းကြီးက မျက်နှာဖုံးပေါ်မှာ စာလုံးအမည်းကြီးနဲ့ ဖော်ပြရတဲ့ သတင်းပူကြီး ဖြစ်ကိုဖြစ်နေမှာ။ ဟီး ဟီး။ ကျုပ်တို့တတွေ အဲဒါကိုက ခက်တာနော်။ သူပြောသွားသမျှ စကားကလေးထဲမှာ ကိုယ်လိုချင်တာကလေး၊ ဖြစ်ချင်တာကလေးကိုပဲ အနုလုံ ပဋိလုံ ခြုံငုံလို့ အထပ်တစ်ရာ ပလာတာ အခါခါ ကြားယောင်လို့ ဖရဏာပီတိ ဂွမ်းဆီထိနေကြတာ။ ပြောသွားတဲ့စကားထဲမှာ လခတိုးပေးမယ်ဆိုတာထက် အရေးကြီးတာ ဘယ်သူမှ သတိမထားပဲ နားလျှံသွားကြတယ်။ “၀န်ထမ်းတွေ အဂတိလိုက်စားမှု ကင်းရမယ်” ဆိုတာလေး ပါသေးတယ်လေဗျာ။ ဒါကျတော့ အမှတ်တမဲ့ဖြစ်သွားတယ်လား။ အခုလည်း ကင်းတယ်လေ။ ယုံဘူးလား။ ဖျားစူး။ အိုင်ဆွဲ အိုင်ဆွဲ။ “I shall eat all of the fruit, the whole fruit, nothing but the fruit” “လခကိုပဲ စားပါမည်။ လခအလုံးစုံကိုသာ စားပါမည်။ လခမှလွဲ ဖွဲဆန်ကွဲ” လို့ ကျိန်ကြရအောင်။ သည်ကောင်ကလေးတော့ ၂၀၁၀ ခုနှစ်အတွက် သောက်မြင်ကပ်စရာအကောင်းဆုံးဆုကို ပြိုင်ဘက်မရှိ ဆွတ်ခူးရတော့မှာပဲ။ သတင်းထောက်တွေတောင် အုံလာပြီ။ ၀ိုင်းရိုက်ကြတော့မလို့တဲ့။ ဓါတ်ပုံ ဓါတ်ပုံ။
          အဂတိလိုက်စားမှုဆိုတဲ့နေရာမှာ အများအားဖြင့် အကြောင်းပြကြတာက ရတဲ့လစာနဲ့ မလောက်ငှလို့ လို့ ဆိုကြပါတယ်။ ဒီအခါမှာ ဘဘ ရွှေ့လိုက်တဲ့ အကွက်က လှတယ်လေ။ ‘ကိုင်း အခု လောက်အောင်ပေးမယ်လေ။ လာဘ်မစားကြနဲ့။ ဘယ်လိုလဲ။” တဲ့။ နှစ်ခြမ်းကွဲသွားတယ်ခင်ဗျ။ “အမယ်လေး။ အခုလည်း အရိုးအရင်းလောက် ကိုက်နေရတာ။ လောက်အောင်သာ ရပေ့စီ။ မောင်မဆော့ပေါင် စိပ်ပုတီးနဲ့ ဘုန်းတော်ကြီးလို နေပါ့မယ်” ဆိုတာက တစ်ဖွဲ့။ “ဟွန့် ဂလိုလား။ ရတယ်လေ။ ခေါင်ကသာ  မိုးလုံပစေ၊ တံစက်မြိတ်က ခွက်နဲ့ခံထားနှင့်မယ်။ ဒါမျိုးတွေ ရိုးနေပြီ။ လမ်းကြောင်းရှိလို့ လူမမြင်အောင် သျှိုထားရလှ ခနပါ။” ဆိုတာက တစ်ဖွဲ့။ မသေမချင်း လွဲလက်စနဲ့ ဆက်လွဲသွားမယ့် တစ်သက်စာအလွဲများကိုတော့ ပြန်တည့်လို့ မမီတော့ပါဘူး။ နောက်တက်လာမယ့်သူတွေ ထပ်မလွဲရအောင်တော့ နည်းနည်းကလေး အမုန်းခံလိုက်ပါဦးမယ်။ (ဘယ်တုန်းကများ ချစ်အောင် ရေးဖူးတာကျလို့) 
          အဂတိတရားဆိုတာ လေးပါးရှိပါသတဲ့။ ဆန္ဒာဂတိ၊ ဘယာဂတိ၊ ဒေါသာဂတိ နဲ့ မောဟာဂတိတဲ့။ ဆန္ဒာဂတိဆိုတာက မိမိရဲ့ စိတ်ဆန္ဒအလိုကြောင့် အလိုရှိမှု တစုံတရာကြောင့် မမှန်ကန်သော အမှုကို ပြုလိုက်တာပါ။ ကိုယ်လုပ်ဆောင်ရမယ့်တာဝန်ကို တံစိုးလက်ဆောင်ရမှ ဆောင်ရွက်ပေးတာမျိုး၊ ငွေများရင် တရားနိုင်တယ်လို့ ဆုံးဖြတ်ပေးတာမျိုး ဆိုပါတော့။ နိုင်ငံတော်က အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တစ်ခုခုကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချတာမျိုးလည်း ပါတာပေါ့နော်။ တံခါးမှူးဒတ္ထလို အပေါက်စောင့်လောက်က ငါးဖိုးတစ်ဝက်ပေးရမယ် ဆိုတာကမှ ဒီပုဒ်မနဲ့ငြိတာမဟုတ်ပါဘူး။ မောင်လေးကို ၀န်မင်းခန့်ဖို့ နန်းတော်အောက်ခွေးကြည့်ခိုင်းတဲ့ မိဖုရားကြီးလည်း ဒါမျိုးမကင်းဘူးလို့ မှတ်ရမယ်။ ဆေးကုမ္ပဏီတွေဆီက စပွန်ဆာယူတာလည်း ဥပုသ်ကျိုးတယ်လို့ ဆိုရမှာပေါ့နော်။ လျှာမြက်ပေါက်ချင် ပေါက်ပစေကွယ်။ ဒါမျိုးတော့ မလုပ်နိုင်ပါဘူးဆိုတဲ့သူ အများကြီး ရှိကောင်း ရှိပါလိမ့်မယ်။ အူမတောင့်မှ သီလစောင့်နိုင်လိမ့်မယ်ဆိုတဲ့ သူတွေအတွက်တော့ လခလောက်ငှအောင်ပေးထားရင် ဒါတွေ ကင်းသွားလိမ့်မယ် လို့ ယူဆရမလိုဖြစ်နေပြီ။
          သို့သော်လည်း ဘယာဂတိကျတော့ သူတို့ဘက်က လွန်ဆန်လို့ ရနိုင်ပါဦးမလား။ သီပေါမင်းကိုနန်းတင်ဖို့ မူးကြီးမတ်ရာတွေ နန်းတွင်းခစားဝင်ခိုင်းတဲ့အခါ ဆင်ဖြူမရှင်တို့၊ ရနောင်မောင်မောင်တုတ်တို့က “သဘောမတူရင် ခေါင်းသည်မှာထားခဲ့ ကိုယ်ချည့်ပြန်ကြ” လို့ဆိုတာနဲ့ အားလုံးသဘောတူလိုက်ကြရတာမျိုးကတော့ ဘယာဂတိလို့ခေါ်ပါတယ်။ အရေးအခင်းတုန်းက သေနတ်ဒဏ်ရာနဲ့ကျောင်းသားတွေ ဆေးရုံရောက်လာတဲ့အခါ ကျည်ဆန်ရိပ်ထင်နေတဲ့ ဓါတ်မှန်တွေပါ သိမ်းသွားပြီး သာမန်ဒဏ်ရာအဖြစ် ဆေးမှတ်ချက်ပေးရတာလည်း အလားတူပဲ။ “ဘာတွေ မဟုတ်က ဟုတ်က လာပြောနေတာလဲ။ အဲလောက်သိနေရင် မေးစရာလေးတွေရှိလို့ လိုက်ခဲ့ပါဦး။”  ဆိုရင်တော့ “ဟင့်အင်.. ဟင့်အင်... သားသား ဘာမှ မသိပါဘူး။ မမြင်ပါဘူး။ မကြားပါဘူး။ လကားလကား ပြောတာပါ။” လို့ ပြောရမှာပေါ့။ အဲဒါလည်း ဘယာဂတိပဲ။
ဒေါသာဂတိကျတော့ တောင်ပြုံးမင်းညီနောင်ဇာတ်ထဲက ဘဘကျန်ကြီး ရွှေဖော့လုံးနဲ့ ရိုက်ဆုံးမလိုက်တာ လက်လွန်သွားတယ် ဆိုတာမျိုးပေါ့။ သူငယ်ချင်းတစ်ယောက် စတေးတပ်စ်ထဲမှာ မှတ်သားဖူးတာကတော့ “အမှုက ပြည့်တန်ဆာမှု၊ စီရင်ချက်ချမယ့် သူက မိန်းမတရားသူကြီး ဖြစ်နေလို့ကတော့ အမှုကြီးပြီသာမှတ်” ဆိုတာမျိုးကလည်း ဒေါသာဂတိထဲပါတာပဲ။ “ချစ်လွန်းလို့ ဖြစ်သွားတာပါ။ စိတ်ဆိုးပြီး နာကျည်းသွားလား။ မင်းအမျိုးသားသူငယ်ချင်းလေးအပေါ်မှာ .. ကိုယ်လုပ်လိုက်တဲ့အဖြစ်ဟာ..” ဆိုတဲ့ လူကြမ်းကြီး ဦးချစ်ကောင်းလည်း အဲဒီအထဲပါတယ်။ သားသားလေး မတော်တဆများ အထဲရောက်သွားလို့ကတော့ အဲဒီဒေါသာဂတိနဲ့ အရင်ဆုံးတွေ့ရမှာ။ ပြောရင်းနဲ့တောင် ကျောချမ်းလာပြီ။
          မောဟာဂတိကတော့ အမိုက်မှောင်ဖုံးနေလို့ အမှန်ကို မမြင်နိုင်တော့ပဲ အဂတိလိုက်စားမိတာမျိုးကို ခေါ်သတဲ့။ ဂျာမနီနိုင်ငံတော်ကြီး တိုးတက်ဖို့အတွက် ဂျူးတွေကို အကုန်ရှင်းပစ်မှဖြစ်မယ်ဆိုတာ မောဟာဂတိပါဗျာ။ ကိုယ့်စိတ်ထဲမှာ အမှန်လို့ မှတ်စွဲပြီး မတရားပြုမိတာမျိုးပေါ့။ သူများတွေလုပ်သမျှ လိုက်အပြစ်တင်နေပြီး ကိုယ့်သားသမီးတွေ အဲဒီအမှားမကင်းတဲ့အခါကျမှ ရေငုံနှုတ်ပိတ်နေတာလည်း ပါမယ်ထင်ပါရဲ့။ ကိုယ့်အတွက်ဆိုရင်တော့ ဒါမျိုးဘယ်လုပ်ပါ့မလဲလေ။ ခုဟာက ကိုယ့်သားလေး၊ ကိုယ့်သမီးလေးအတွက်မို့ မျက်စိမှိတ်ပြီး ငရဲကြီးချင်လည်း ကြီးပါစေတော့ဆိုတဲ့ မိဘမေတ္တာမျိုးလည်း မောဟာဂတိလို့ ခေါ်မလား မသိပါဘူး။ မောဟရဲ့သဘောကိုက အမှန်ကို အမှန်အတိုင်းမမြင်တော့ပဲ ငါ့သွေး ငါ့သားတွေလုပ်သမျှ အကုန်အမှန်၊ သူတို့ဟာသူတို့ မှားမှား မှန်မှန်၊ ဘယ်သူမှ လာမထိအောင် ကာကွယ်ပေးရမှာက ငါ့ဝတ္တရားလို့ ထင်နေတာ ခက်တာလေ။ မိဘမေတ္တာလို့ ကိုယ့်ဘာသာ နံမည်ပေးထားပေမယ့် ခွေးချင်းကိုက်ရင်တောင် ငါ့အိမ်ကခွေးနိုင်ရမှဆိုတဲ့ စိတ်ထားနဲ့ သိပ်မထူးလှပါဘူး။ ဒါကြောင့် အဂတိတရားထဲထည့်ထားတာ။
          တကယ့်တကယ်တော့ ၀န်ထမ်းတွေ အဂတိလိုက်စားမှု ကင်းစင်ရမယ်ဆိုတာကြီးက သိပ်ကိုမှန်၊ သိပ်ကိုလိုအပ်၊ သိပ်ကို အရေးကြီးတဲ့ စည်းစံနစ်ကြီးပါပဲ။ ဒါကိုတော့ ခေါင်းထဲမထည့်ကြပဲ လခတိုးရချည်သေးရဲ့ လို့ပဲ တွေးတာကတော့ သားသားတို့ဘက်က တိမ်တာပါ။ လာဘ်စားတာ မကောင်းဘူးဆိုတဲ့ အသိဥာဏ် ခေါင်းထဲထည့်မပေးရင် လာဘ်မစားအောင် လခတိုးပေးမယ်ဆိုတာက ဟိုလာဘ်မစားနဲ့ ဒီလာဘ်ပဲစားချေတော့လို့ ဆိုသလိုဖြစ်နေပြီး၊ ဈေးတွေတက်လာလို့ ဒီလာဘ်နဲ့ မလောက်တဲ့အခါကျမှ အရင်လာဘ်ပြန်စားကြပါစို့ လို့ အယူမလွဲရအောင် လာဘ်ပေးလာဘ်ယူ တို့ရန်သူဆိုတာ လခနဲ့မဆိုင်ပါဘူး။ သီလနဲ့ပဲဆိုင်တယ် လို့ ရှင်းပြတာပါ။ ကဲ.. သည်ပါးစပ်ကြီးမှ လူမမုန်းရင် ဘယ်သူ့ကို မုန်းကြမှာတုန်း။ စော်စော်ကားကားကွယ်။ သူများတကာတွေ တုန့်လှည်မေတ္တာနဲ့နေတာကို သွားပုပ်လေလွင့် မနာလိုတိုရှည် ရှိလိုက်လေ။
          ခုတလော တို့မြန်မာဝန်ထမ်းတွေ လာဘ်မစားတော့တာ၊ အဂတိမလိုက်စားတော့တာ သိသိသာသာ သတိထားမိပါတယ်။ အရင်ကလိုကို မဟုတ်တော့ဘူးဗျ။ အဲဒါ ဘယာဂတိလား၊ မောဟာဂတိလား လို့ မမေးနဲ့နော်။ တကယ်ပြောတာပါ။ ဒီတခေါက် ပြည်ပခွင့်တင်တာ၊ နိုင်ငံကူးလက်မှတ်လျှောက်တာ၊ ပြည်ဝင် ပြည်ထွက်၊ ဘယ်နေရာမှာမှ တံစိုးလက်ဆောင် မပေးရပဲ အဆင်ပြေ လွယ်ကူလွန်းအားကြီးလို့ တကယ်လား၊ အိပ်မက်လားတောင် ဖြစ်ယူရတယ်။ ရန်ကုန်မြို့တွင်း တစ်လ ကိုးသီတင်း ကားနဲ့လျှောက်သွားနေတာလည်း တခါမှ ၀ီစီအမှုတ်မခံရဘူး။ အကိုကြီးရဲ့ ညီလေးရဲ့လည်း မလုပ်လိုက်ရဘူး။ ပြောင်းတော့ ပြောင်းလာတာအမှန်။ ဘယ်လောက်ခံမလဲသာ မသိတာ။ သူများဌာနတွေသွားပြီး လိုချင်တာတွေ အလကားလုပ်ခိုင်းလာရတော့ သွားကြီးကိုဖြီးလို့။ “ခင်ဗျားဆေးရုံ လာတဲ့အခါကျလည်း အလကားကုပေးရမှာနော်။” ဆိုလည်း အိုကေပါဗျာ။ အဲဒါမျိုးကိုမှ တကယ့် မေတ္တာစက်ဝန်းလို့ခေါ်တာ မဟုတ်ဘူးလား။
         ကိုယ်တွေက အခုမှ အဲဒီအရသာ ခံစားဖူးတာပါဗျာ။ သူများနိုင်ငံတွေမှာ အဲဒါထုံးစံတောင်ဖြစ်တော့မယ်။ ဘူတန်မှာ သွားချင်တဲ့ ရုံးကိုသွား၊ လက်ဘက်ရည်ဖိုးဆိုတာ မရှိဘူး။ တယ်လီဖုန်းခသွားဆောင်ရင်း လူများလို့ စောင့်နေရရင် မန်နေဂျာက အားနာလို့ သူ့ရုံးခန်းထဲခေါ်ပြီး လက်ဘက်ရည်တိုက်ထားသေးတာ။ “အဟင့် အဟင့် ယုံဘူးတော်ရေ့” ဖြစ်ကုန်ပြီလား။ သူငယ်ချင်းတွေ ပြောတာကတော့ စင်္ကာပူမှာ မော်တော်ပီကယ်ဖမ်းလို့ အကျင့်ပါနေပြီး အံပေါင်း၊ ဟုန်ပေါင်း သွားလုပ်ရင် နောက်တစ်မှုတိုး၊ သတင်းစာထဲ ပါလာတတ်တယ်ဆိုပဲ။ တိှု့ဆီမှာလည်း လာဘ်ပေးလာဘ်ယူတွေ ဖမ်းဆီးအရေးယူတာ သာဓကတွေရှိတာပေါ့။ တလောကပြန်ထွက်လာတဲ့ဘဘကြီး အထဲရောက်သွားတာ အဲဒီပုဒ်မနဲ့ မဟုတ်လား။ အစပြန်ဖော်ပေးမိလို့ “မတရားစွပ်စွဲခံရပါတယ်။ ပေါင်းတာရဲ”  ဆိုရင် ခိုင်ဖုံးရုံးကြီး ပြန်ဖွင့်နေရပါဦးမယ်။ ဒီတခါဆို ပေါင်ချိန်ကြီးပါ ဘယာဂတိနဲ့ တွေ့တော့မှာ။ အတိတ်ကို အတိတ်မှာပဲ ထား။ ပုလိပ်ကို ဂိတ်မှာပဲ ထားလိုက်ကြပါစို့။ ဥပဒေပြုမဏ္ဍိုင်က တော်တော်လေး အသက်ဝင်လာပြီဆိုရင် တခြားတဘက်က တရားစီရင်ရေးမဏ္ဍိုင်ကလည်း မယိုင်မနဲ့ ခိုင်မြဲနေမှ တဘက်စောင်းနင်း မဖြစ်မှာ မဟုတ်လား။ အစကတည်းက ရှိပြီးသား ဥပဒေတွေကှို မသိကျိုးကျွံနဲ့ ဟပေးထားပြီး သောက်မြင်ကပ်တော့ ဆွဲစိဖို့ တစ်ကွက်ချန်ထားသလို မဖြစ်အောင် သတိထားရမှာပေါ့နော်။ (အခု အဲလိုဖြစ်နေတယ်လို့ ဆိုလိုတာ ဟုတ်ဘူးနော်)
         ကျုပ်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများရဲ့ ပင်ကိုယ်စရိုက်ကိုက ဂါရဝေါစ နိဝါတောစနဲ့ နေကြတာ မဟုတ်လား။ လူကြီးဆိုရင် အသက်ကြီးငယ်မဟူ ရိုသေတတ်တာ ဓမ္မတာလေ။ မယုံရင် ညနေညနေ လူကြီးအိမ်တွေ လိုက်ကြည့်ပါလား။ ကြည်ညိုလွန်းလို့ လာလာကန်တော့တဲ့သူတွေ ၀င်လာမစဲ တသည်းသည်း၊ ဧည့်ခန်းထဲမှာ တစ်ယောက်ရှိနေရင် ဘိနပ်ချွတ်နားကလူက ခနစောင့်။ ခြံထဲမှာလည်း သည်လိုပဲစောင့်နေကြတာ။ သူတို့ခုံနေရာလွတ်မှ ခြံအပြင်က ကားပေါ်မှာစောင့်နေတဲ့သူတွေ အထဲရောက်မှာ။ အဲသည်လူတွေအားလုံး လာဘ်ပေးလာဘ်ယူလာလုပ်တာလို့ မစွပ်စွဲကောင်းဘူး ကလေးရယ်။ တကယ်ကို လေးစားကြည်ညိုလွန်းလို့ ဦးခိုက်ကော်ရော် ပူဇော်သမှု ပြုကြတာပါ။ သည်လိုအဆင့်နဲ့လူကြီးကို ဟိုဟာလုပ်ပေးပါ သည်ဟာလုပ်ပေးပါ။ ပိုက်ဆံပေးပြီးခိုင်းရင် မျိုးကန်းသွားမှာပေါ့။ ဘာအတုန့်အလှည့်မှ မမျှော်ကိုးပဲ ကိုယ့်လူကြီးသူမများ နေကောင်းထိုင်သာမှ ရှိပါလေစလို့ အခစားဝင်တဲ့အခါ ဆရာသမားများမေတ္တာကလည်း တပည့်သားမြေးများ အဆင်ပြေမှ ပြေပါလေစလို့ မေးမြန်းပြီး နှုတ်၏စောင်မခြင်းလောက်ရှိရင်ကိုပဲ ဆုတောင်းပြည့်ကြရတာဟာ ဘယ်လောက်ချစ်စရာကောင်းတဲ့ ဓလေ့လေးပါလိမ့်ကွယ်။ အဲဒါကို အရောင်သွားမဆိုးနဲ့နော်။ ငရဲကြီးတတ်တယ်။ သူတို့ခမျာ ဘုရားကျောင်းကန်တောင်မှ အဲသလောက် ရိုရိုသေသေ ယုံယုံကြည်ကြည် လှူကြတန်းကြတာမဟုတ်ဘူး။ သူများ သဒ္ဒါတရားပျက်အောင် မလုပ်ကောင်းဘူးကွဲ့။ အတိတ်ကပြုခဲ့တဲ့ ကုသိုလ်ကံအဟုန်ကြောင့် ရွှေတောင်ကြီးပေါက်လာသလိုပဲ လူကြီးသူမများရဲ့ သီလဂုဏ်၊ ပညာဂုဏ်၊ သမာဓိဂုဏ်တွေကြောင့် သူတို့သားသမီးများ အာဝါဟ ၀ိဝါဟကြတဲ့အခါမှာလည်း လက်ဖွဲ့တွေ ကားအစီးလိုက်၊ စိန်ရွှေ လိုလေသေးမရှိ၊ ပြည့်စုံကြတာမှာလည်း ဘယ်သူက ဘာလုပ်ပေးပါလို့ ပူဆာလို့လဲ။ အလိုလိုနေရင်းကို စေတနာတွေ ရေစီးကမ်းပြိုကြတာ မဟုတ်လား။
        ဒါမျိုးဆိုတာ ကိုယ့်တိုင်းပြည်တစ်ခုတည်းမှာ ရှိတာမဟုတ်ပါဘူး။ ယိုးဒယားက သက်ဆင်ကြီးလည်း ဘောလုံးတစ်သင်းလောက်တော့ ၀ယ်နိုင်တာပဲ။ မဟာသီဟာကြီးလည်း ဟော်တယ်တွေ အလျှိုအလျှိုနဲ့ ဇောတိကလောက်ချမ်းသာတာပဲ။ အဲဒါကို လာဘ်စားတယ်လို့ထင်တာ သက်သက်မဲ့ မနာလိုလို့ သွားပုပ်လေလွင့်စကားတွေ နေမှာပေါ့။ တကယ်တော့ ပြည်သူအများရဲ့ ပို့သတဲ့ မေတ္တာလို့ပြောရမှာ မဟုတ်လား။ တကမ္ဘာလုံးက အတုယူထိုက်တဲ့ စိတ်ထားတွေပါ။ အိန္ဒိယမှာဆို သူတို့လူမျိုးတွေ စေတနာနုံနဲ့လို့ ဂန္ဒီကြီးခမျာ မျက်မှန်အစုတ်ကြီး၊ ဒိုတီအနွမ်းကြီးနဲ့ တစ်သက်လုံး နေသွားရရှာတယ်။ ဘယ်လောက်သနားစရာကောင်းသလဲ။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနေရတဲ့ ကိုယ့်ခေါင်းဆောင်တွေဆိုတာ ကိုယ် မစားရစားရ၊ လှအောင်ဆင်၊ မြင့်အောင်ထားနိုင်မှ တို့တိုင်းပြည်လည်း သိက္ခာရှိတော့ မပေါ့။ တကယ်ဆို ကိုယ့်အိပ်ထဲကလည်း တစ်ပြားမှ စိုက်ရထုတ်ရတာ မဟုတ်ပါဘူး။ သူဌေးကြီးတွေ သူတို့စားရိတ်နဲ့သူတို့ ခြေချင်းလိမ်နေအောင် တိုင်းပြည်ကိုယ်စား ၀န်ဆောင်မှုတွေ ပေးနေကြတာ။ အကျိုးလိုလို့ ညောင်ရေလောင်းတာ ဟုတ်မထင်ပါဘူး။ ပြုတ်ပြီးသားလူတောင် တစ်လဒေါ်လာငါးထောင်လောက် ပေးထားနိုင်တာ မကြားမိဖူးလား။ ၀င်းဦးကြီးဆိုခဲ့တဲ့ “မြန်မာစိတ်ရင်း အစင်းသိရမယ်။” ဆိုတာ အဲဒါပြောတာလားမသိ။
           လူတိုင်းလူတိုင်းဟာတဲ့။ အသက်ရှည်ချင်၊ အဆင်းလှချင်၊ ဥာဏ်ပညာကြီးချင်၊ ဥစ္စာဓနကြွယ်ဝချင်၊ သြဇာအာဏာကြီးမားချင်ကြတာချည့်ပါပဲတဲ့။ သို့သော်ငြားလည်း အချို့ကသာ ပြည့်စုံပြီး အချို့က မပြည့်စုံကြတာ ဘာကြောင့်များပါလိမ့်လို့ အမေးရှိတဲ့အခါ ရှင်တော်ဘုရား ဟောကြားတော်မူခဲ့တာကတော့ “ဣဿာ” နဲ့ “မေစ္ဆရိယ” နှစ်ပါးကြောင့် ဖြစ်ရတာပါတဲ့။ အနက်ကတော့ ကိုယ့်ထက်သာ မနာလိုချင်တဲ့စိတ်၊ သူများဒုက္ခရောက်တာ ၀မ်းသာချင်တဲ့စိတ်ကြောင့်ပေါ့။ ဒါကြောင့်မို့လို့ အဲဒီစိတ်ကလေးတွေ ကင်းစင်သွားအောင် ကိုယ့်ထက် အစစအရာရာ ကံချင်းရော၊ ဥာဏ်ချင်းရော။ ၀ီရိယချင်းရော မယှဉ်နိုင်အောင်သာတဲ့ အထက်တန်းစားပုဂ္ဂိုလ်ကြီးများ ကို မနာလိုမရှိကြလေနဲ့။ သူတို့ပျက်စီးရာ ပျက်စီးကြောင်း မကြံစည်ကြလေနဲ့။ သူတို့ဘာသူတို့ ပျက်စီးကုန်ကြတဲ့အခါမှာလည်း ၀မ်းမြောက်ဝမ်းသာ မရှိကြလေနဲ့ လို့ မှာချင်တာပါပဲကွယ်။ (တော်တော်ကြာ တီဗီရိုက်မလို့ ငိုပြခိုင်းနေမှ စပ်ဖြီးဖြီးနဲ့ မျက်ရည်ချူမရ ဖြစ်နေမယ်) အောက်မှာ ကိုယ်ချင်းကိုယ်ချင်းတွေကြားထဲမတော့ တစ်ဦးမေတ္တာ တစ်ဦးမှာနဲ့ အပြန်အလှန် အပေးအယူမလုပ်ပဲ၊ စေတနာသန့်သန့်နဲ့ အပြန်အလှန် ကူညီပေးကြမယ်ဆို မကောင်းဘူးလား။ အဲဒါနဲ့မှ တို့အချင်းချင်းကြားမှာ လာပြီး “စာအုပ်ထဲမှာ သင်တယ်။ မယ်သီတာခိုးတာ ဘယ်သူလဲ” ဆိုရင်တော့ “သားသားတော့ မပါပါဘူးဗျာ” လို့ပဲ အောင့်မေ့လိုက်နော်။ နိုင်နံဂျားတားတွေက “Who moved my Chese?” လို့မေးရင်လည်း “It wasn’t me.” လို့ပဲ ဖြေမှာ။ သိချင်ဝယ်ဖတ် တစ်အုပ်တစ်ကျပ်ပေါ့အေ။ ဘာတွေ လာမေးနေမှန်း မသိ။ “ဘယ်သူ့ကြောင့် မင်းထင်သလဲ။ ဘယ်သူ့ကြောင့်လို့ မင်းထင်သလဲ။ ထင်သလဲ။” ဟုတ်လား။ ဒါဆို ကိုထီးသီချင်းလေး နားထောင်ကြည့်။
“ခေါင်မိုးကမလုံတော့ မိုးဒဏ်ကို ကိုယ်ခံနေရတာ အမှန်ပဲ။ ဒါပေမယ့် မိုးရွာတဲ့အကြောင်းဟာ ကိုယ်တစ်ယောက်တည်းကြောင့်တော့ မဟုတ်ဘူး။
လူတန်းကမစေ့တော့ ဘ၀ဒဏ်ကို ပိုခံနေရတာ အမှန်ပဲ။ ဒါပေမယ့် ပြဿနာတက်တိုင်းဟာ ကိုယ်တစ်ယောက်တည်းကြောင့်တော့ မဟုတ်ဘူး။
အထင်သေးတဲ့ အကြည့်နဲ့ ကြည့်တဲ့သူတွေကို ဆင်ခြေတွေပေးလို့ အပိုပဲ။ ဒါပေမယ့် စကားတစ်ခွန်းတော့ ပြောမယ် ကိုယ်တစ်ယောက်တည်းကြောင့်တော့ မဟုတ်ဘူး…။”
(ဧပြီလ ၃၁ ရက်နေ့ လခထုတ်သောအခါ တွေ့သမျှလူ မုန့်ဝယ်ကျွေးပါအံ့ ဟု ရဲရဲကြီး ကတိပေးလိုက်ပါကြောင်း)။

No comments: