မောင်ရစ်၊ ဖေဖော်ဝါရီ ၁၁၊
၂၀၁၂
ဒီနေ့မှာ အေဘီမြောက်ပိုင်းမှာ
မတရားသတ်ဖြတ်ခံပြီး ကျဆုံးခဲ့ရတဲ့ ကျောင်းသားလူငယ်တွေအတွက် အနှစ် ၂၀ ကြာတော့မှ အများစုပေါင်းတဲ့
ကောင်းမှုကုသိုလ်ပြု ဆုတောင်းတဲ့ ဆွမ်းကျွေးပွဲတွေ ပြည်တွင်းပြည်ပမှာ ပြုလုပ်ဖြစ်တယ်။
အဲသည်ဖြစ်ရပ်ကို အနှစ် ၂၀
ကြာမှ ထုတ်ဖော်ပြီး လူအများ သိရှိခွင့်ရတယ်၊ အနှစ် ၂၀ ကြာမှ ဆွမ်းကျွေး ကောင်းမှုကုသိုလ်ပြုခွင့်ရတယ်။
မတရားစွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတာကို အနှစ် ၂၀ ကြာမှ ကျန်ရစ်တဲ့ ရဲဘော်တွေ၊
မိသားစုတွေ၊ မိတ်ဆွေတွေက အများသူငှာ သိရှိကြစေဖို့ ထုတ်ဖော်ပြောဆိုကြရတဲ့အတွက်
ဝမ်းနည်း ၀မ်းသာ ဖြစ်မိတယ်။ ဂုဏ်ယူတဲ့ စိတ်လည်း ဖြစ်မိတယ်။
ဝမ်းနည်းတယ်ဆိုတာ သူတို့တတွေဟာ
အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေကြရင်း မတရားစွပ်စွဲခံကြရပြီး ရက်စက်စွာ သတ်ဖြတ်ခံရတာကို
ဝမ်းနည်းမိတာ။ ၀မ်းသာမိတယ်ဆိုတာက ဒီလိုမျိုး
မတရားမှုတွေ လူမသိ သူမသိ ပျောက်ကွယ်သွားခြင်း မရှိဘဲ အမှန်တရားကို ကျန်ရစ်သူတွေက ဖော်ထုတ်မော်ကွန်းတင်နိုင်ကြရတာ။
ပြီးတော့ ဂုဏ်ယူတယ် ဆိုတာက ကျဆုံးသူတွေကို ကျန်ရစ်သူတွေက တစုတစည်းတည်း အလေးဂရုပြုနိုင်တဲ့အတွက်
ဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော့်အနေနဲ့က
ပုဂ္ဂိုလ်ရေးအရ ကျနော့် သူရဲဘောကြောင်ခဲ့တာ၊ ရေငုံနှုတ်ပိတ်နေခဲ့မိတာ၊ မျက်နှာလွှဲခဲပစ်
နေခဲ့မိတာအတွက် ကျဆုံးခဲ့သူ ရဲဘော်တွေကိုရော ကျန်ရစ်သူ မိတ်ဆွေတွေ၊ ရဲဘော်တွေကို
တောင်းပန်ချင်ပါတယ်။
ကျဆုံးခဲ့သူတွေထဲမှာ ကျနော်နဲ့
တိုက်ရိုက် သိကျွမ်းတဲ့ မိတ်ဆွေတွေ မပါခဲ့သော်လည်း ကျဆုံးခဲ့သူတွေဟာ ၈၈ အရေးတော်ပုံ
ရဲဘော်တွေ ဖြစ်ပါတယ်။ ကျန်ရစ်သူတွေထဲမှာ ကျနော်နဲ့
တိုက်ရိုက်သိကျွမ်းတဲ့သူတွေပါတယ်။ ၈၈ အရေးတော်ပုံကတည်းက မိတ်ဆွေဖြစ်ခဲ့တဲ့ အခုလည်း
ဖြစ်နေဆဲဖြစ်တဲ့ ကိုအောင်ဇော်မင်း (စာရေးဆရာ၊ ဒါရိုက်တာ ချိုတူးဇော်) ကို သက်သေထားပြီး
ပြောရရင် ကျန်ရစ်ခဲ့တဲ့ ကိုစိုးလင်း၊ ကိုရဲလင်းတို့ကို ကျနော် သိကျွမ်းခဲ့ပါတယ်။
ပြီးတော့ ကျနော်တို့ ရန်ကုန်မှာ သမဂ္ဂလှုပ်ရှားမှုတွေထဲက မိတ်ဆွေတွေကို သက်သေပြုပြီး
ပြောရရင် ကျန်ရစ်ခဲ့တဲ့ ကိုကျော်နိုင်ဦးကို ကျနော် သိကျွမ်း ပါတယ်။ သူတို့နဲ့ဆက်စပ်ပြီး
မိတ်ဆွေဖြစ် သိကျွမ်းလာတဲ့ လက်ရှိ ကျနော်မိတ်ဆွေတွေက ကျန်ရစ်သူ ပန်းချီကိုထိန်လင်းနဲ့
ကိုနေ၀င်းအောင်တို့ ဖြစ်တယ်။ သူတို့တွေအတွက် ကျနော်ဟာ သည်အဖြစ်အပျက်တွေကို ထုတ်ဖော်ပြောဆိုဖို့
အဖြစ်အပျက်တွေကို တင်ပြဖို့ ကျနော် ပျက်ကွက်ခဲ့တယ်။ အချက်အလက်တွေကို စုဆောင်း မှတ်တမ်းပြုစုခဲ့သော်လည်း
သတင်းစာမျက်နှာမှာ တင်ဆက်ဖို့ အချိန်ဆွဲခဲ့သူ ပျက်ကွက်ခဲ့သူ ဖြစ်တယ်။
ဒါကြောင့် သူတို့နဲ့တကွ အားလုံးကို
ကျနော် တောင်းပန်ပါတယ်။ သို့သော်လည်း ဒီတောင်းပန်စာကို ရေးသားရင်းနဲ့ပဲ မတရားစွပ်စွဲပြီး
ဖမ်းဆီး ခံရသူတိုင်းအတွက်၊ မတရား လုပ်ကြံသတ်ဖြတ်ခံရသူတိုင်းအတွက် ကျနော်တို့အားလုံးဟာ
အချိန်မဆိုင်းဘဲ တတ်နိုင်သမျှ ထုတ်ဖော်ပြောဆိုပြီး အမှန်တရားဖက်က မကြောက်မရွံ့
ရပ်တည်သင့်တယ်လို့ ပြောချင်ပါတယ်။
၁၉၉၂ တုန်းက ကိုကျော်နိုင်ဦးကို
အေဘီမြောက်ပိုင်းမှာ ထောက်လှမ်းရေးလို့ စွတ်စွဲပြီး ဖမ်းဆီးထားတယ်။ မိဘတွေကိုယ်တိုင်က
သွားရောက်ပြီး မဟုတ်တဲ့အကြောင်း အထောက်အထားတွေပြသပြီး တောင်းဆိုနေရတယ် ကြားခဲ့ပါတယ်။
အဲသည်အချိန် ဖမ်းဆီးစွတ်စွဲသူကိုယ်တိုင်က ကျနော်တို့ မန္တလေးမှာ အရေးတော်ပုံရဲဘော်တဦးအနေနဲ့
သိကျွမ်းခဲ့တဲ့ ကိုအောင်နိုင်ကိုယ်တိုင် ဖြစ်တယ်လို့ ကြားခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်က
ဒါကို စစ်အစိုးရရဲ့ မျက်လှည့်တွေ၊ စစ်ဆင်ရေးတွေ ဖြစ်တယ်လို့ ထင်ခဲ့တယ်။ လိမ်ညာလုပ်ကြံ
ဝါဒဖြန့်တာလို့ ထင်ခဲ့တယ်။ အဲသည်လိုမျိုး ကျနော်အသိဥာဏ်တွေ ထုံထိုင်းညံ့ဖျင်းခဲ့တာကို
တောင်းပန်ပါတယ်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ
စစ်အစိုးရနဲ့ အကြမ်းဖက်သမားတွေက ဒေါ်အောင်ဆန်းစုကြည်၊
ဦးတင်ဦးနဲ့ အန်အယ်ဒီပါတီဝင်တွေကို မြန်မာပြည်အထက်ပိုင်း ဒီပဲယင်းမှာ လုပ်ကြံသတ်ဖြတ်ဖို့
ကြိုးစားခဲ့တယ်။ အဲသည်မှာ ပါတီဝင်တွေ အများအပြား ဒဏ်ရာရ သေကြေပျက်စီးကြတယ်။ အချို့က
နယ်စပ်ကနေ ထွက်ပြေးလွတ်မြောက်လာတယ်။ အဲသည် လုပ်ကြံမှုကို ကျနော်တို့ မိုးမခမီဒီယာ
စတင်ထူထောင်ပြီး လပိုင်းအတွင်းမှာ ဖြစ်ပွားတာ ဖြစ်တယ်။ အဲသည် လုပ်ကြံမှုကြီးကို ကျနော်တို့
ခါးခါးသီးသီး ထုတ်ဖော် ဝေဖန် ရှုပ်ချတယ်။ ဒီမတရားမှုကြီးကို အမြဲတမ်း မပျေက်မပျက် မမေ့မလျော့
ကျနော်တို့ ထုတ်ဖော် ပြောဆိုနေဆဲ ဖြစ်တယ်။ အဲသည်ကျမှ ကျနော် အေဘီမြောက်ပိုင်း လုပ်ကြံမှုကြီးကို
ပြန်ပြီး ခေါင်းထဲ ၀င်လာတယ်။
အဲသည်အချိန်မှာ ကျနော် သိခဲ့ရတာက
အေဘီမြောက်ပိုင်းဥက္ကဋ္ဌ အောင်နိုင်က သူ့နဲ့ မန္တလေးမှာကတည်းက လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့တဲ့
ကိုစိုးလင်းကို ဖမ်းဆီးပြီး ထောက်လှမ်းရေးအဖြစ် သတ်ဖြတ်လိုက်တယ်လို့ ကြားခဲ့ရတယ်။
အဲသည်အချိန်မှာလည်း ကျနော်ကိုယ်တိုင်ကလည်း ကိုစိုးလင်း သေဆုံးသွားပြီလို့ မှတ်ယူပြီးတော့
ဆက်လက် စုံစမ်းဖို့ အမှန်တရားကို ရှာဖွေဖို့ ပျက်ကွက်ခဲ့တာကို တောင်းပန်ပါတယ်။
အဲသည်နောက်ပိုင်း ၂၀၀၆ လောက်ကျမှ
ပန်းချီကိုထိန်လင်းအကြောင်းကို ကျနော် ကြားပါတယ်။ ကိုထိန်လင်းက မြောက်ပိုင်းကို
တောမခိုခင်မှာ အိန္ဒိယပြည်ဖက်မှာ ကျောင်းသားတပ်မတော်တရပ် ထူုထောင်တဲ့ လှုပ်ရှားမှုနဲ့
တောခိုခဲ့ဖူးတာကိုး။ အဲသည် တောခိုဖို့ မဟာမြိုင်တောကြီးထဲဖြတ်သွားခဲ့တဲ့ ကျနော့်မိတ်ဆွေတွေနဲ့
ဆက်စပ်ပြီး ကိုထိန်လင်းကို ကျနော် သိရှိသွားတယ်။ ပြီးတော့ အနောက်ဖက်က ကျောင်းသားတပ်မတော်ထူထောင်ရေးက
အဆင်မပြေဖြစ်တဲ့နောက် ကိုထိန်လင်း မြောက်ပိုင်းအေဘီရောက်သွားတယ်။ သူလည်း ထောက်လှမ်းရေးအဖြစ်
စွတ်စွဲခံရပြီး နောက်တော့ ထွက်ပြေးလွတ်မြောက်လာတယ။် သို့သော် စစ်အစိုးရက ဖမ်းဆီးထောင်ချလိုက်တယ်။
နောက်မှ ပြန်လွတ်ပြီး ထူးခြားတဲ့ အနုပညာရှင်တယောက်အဖြစ် ရပ်တည်လာတယ်လို့ သိရတယ်။
အေဘီမြောက်ပိုင်းနဲ့ ရေစက်ပါတဲ့ သူတယောက်အကြောင်း သိရဲ့သားနဲ့ ဆက်စပ်ပြီး ကျနော် လေ့လာစုဆောင်းဖို့
ကျနော် ပေါ့ဆခဲ့တာအတွက် ကျနော့်မှာ အပြစ်ရှိတယ်လို့ ထင်ပါတယ်။
၂၀၀၇ နှစ်ဦးမှာမှ ကျနော်
ကိုနေ၀င်းအောင်နဲ့ ဆုံပါတယ်။ ကိုနေ၀င်းအောင်က ၈၈ အရေးတော်ပုံတုန်းက မြန်မာစာဆရာ၊
နောက်တော့ တောင်ပိုင်းအေဘီမှာ တောခို။ သူလည်းပဲ တောင်ပိုင်းအေဘီက ဥက္ကဋ္ဌ ကိုနိုင်အောင်လက်ထက်မှာ
၁၉၉၂ က ထောက်လှမ်းရေးအဖြစ် ဖမ်းဆီး နှိပ်စက်ညှင်းပန်းခြင်း ခံရတဲ့သူလို့ သိလာရတယ်။
အမေရိကား ရောက်နေတာတောင် တောထဲက ထွက်ပြေးလာတဲ့ ထောက်လှမ်းရေးဟောင်းလို့ လူတချို့က
သမုတ်လေ့ရှိတဲ့ ကိုနေ၀င်းအောင်ကို ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ကဗျာဆရာ ဦးတင်မိုးက စကားကြုံတိုင်း
မိတ်ဆက်ပေးနေလို့ ရင်းနှီးနေခဲ့ပြီး ဖြစ်ပါတယ်။
ကိုနေ၀င်းအောင်နဲ့ စကားစပ်မိတော့မှ
ကိုနေ၀င်းအောင်ပြောပြတဲ့ အေဘီ တောင်ပိုင်း၊ မြောက်ပိုင်းက မတရားစွပ်စွဲလုပ်ကြံသတ်ဖြတ်မှုတွေကို
သိလာရတယ်။ အဲသည်မှာမှ ကိုရဲလင်းကို မြောက်ပိုင်းမှာ ကိုကျော်နိုင်ဦးတို့လိုပဲ
ဖမ်းဆီး နှိပ်စက်ခံခဲ့ရတယ်လို့ သိရတယ်။ အဲသည်မှာမှ ကိုစိုးလင်း မသေဘူးဆိုတာ သိရတယ်။
ဘယ်သေမှာလဲ။ ကိုစိုးလင်းကို ထောက်လှမ်းရေးဆိုပြီး မြောက်ပိုင်းက ကြေးနန်းပို့လို့
ကိုနေ၀င်းအောင် ကိုယ်တိုင် တောင်ပိုင်းမှာ ရောက်နေတုန်း ဖမ်းခဲ့ရတာကိုး။ နောက်တော့
ကိုနေ၀င်းအောင်လည်း ထောက်လှမ်းရေးလုံးလုံးအဖြစ် စွတ်စွဲခံရပြီးတော့ ကိုစိုးလင်းနဲ့
အတူတူ ကျင်းတကျင်းထဲမှာ ခြေကျဉ်းချ အဖမ်းခံ၊ အနှိပ်စက်ခံ၊ အသတ်ဖြတ်ခံရလုနီး ဖြစ်ခဲ့ရတာကို
ကျနော် သိရပါတော့တယ်။
ကိုနေ၀င်းအောင်၊ ကိုစိုးလင်းနဲ့
နောက်ရဲဘော်တဦးတို့ အသက်လုပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာ။ နောက်တော့ ကိုစိုးလင်းက
နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာပြည်ထဲ ပြန်ဝင်သွားတာ။ ကိုနေ၀င်းအောင်ကတော့ ဘန်ကောက်မြို့တ၀ိုက်မှာ
ဇာတ်မြုပ်နေထိုင်ရင်း လောကဓံကို ခါးစည်းခံခဲ့ရတာတွေကို ကြားသိရပါတယ်။ ကိုနေ၀င်းအောင်တယောက်
အမေရိကားကို ပြောင်းရွှေ့အခြေချပြီး ဆယ်စုနှစ် ၁ခု နီးပါး အကြာ တွေ့ဆုံတဲ့အခါ အေဘီ
တောင်ပိုင်း၊မြောက်ပိုင်း လုပ်ကြံမှုတွေကို ကျနော် အတော်အသင့် သိလာရတယ်။ ကိုယ့်
မိတ်ဆွေသူငယ်ချင်းတွေရဲ့ ရဲဘော်တွေ ဘယ်လိုမျိုး ကျဆုံးခဲ့ကြတယ်။ အသက်လုပြီး လွတ်မြောက်ကျန်ရစ်ကြတယ်ဆိုတာကို
သိခဲ့ရပါတယ်။
အဲသည်တုန်းကလည်း မှတ်စု
မှတ်တမ်းတွေ ယူထားခဲ့သော်လည်း ဒါတွေကို ထုတ်ဖော်ဖို့ ကျနော် လက်နှေးခဲ့တယ်။ အရေးတော်ပုံ
လှုပ်ရှားမှုတွေထဲက မိမိတို့ရဲဘော်တွေ သေကြေပျက်စီး ဆုံးရှုံးခဲ့ကြရတဲ့ လုပ်ကြံမှုကြီးကို
ထုတ်ဖော်ဝန်ခံ ပြောကြားဖို့ကို ကျနော်ကိုယ်တိုင်က သူရဲဘောကြောင်ပြီး တွန့်ဆုတ်နေခဲ့မိပါတယ်။
၂၀၀၈ ထဲမှာမှ ကိုထိန်လင်းနဲ့
စကားပြောဖြစ်တယ်။ သူ့ဖက်က အတွေ့အကြုံတွေကို သိရှိလာရတယ်။ ကိုကျော်နိုင်ဦးက သူနဲ့
မရှေးမနှောင်း ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။ စစ်အစိုးရက ဖမ်းဆီးခဲ့တဲ့အကြောင်း သိရတယ်။
ကာယကံရှင်တွေဖြစ်တဲ့ ကိုနေ၀င်းအောင်နဲ့ ကိုထိန်လင်းတို့ရဲ့ ပြောကြားချက်တွေကို
ပြန်လည် ထုတ်ဖော်ရေးသားဖို့ကို ကျနော် မလုပ်ခဲ့ဘူး။ ဒီမိုကရေစီရေး တိုက်ပွဲကာလတလျောက်လုံး
နှစ်ပေါင်းများစွာ အဲသည် မတရားမှုကို ထုတ်ဖော်ဖို့၊ အမှန်အတိုင်းပြောဖို့ကို မြိုသိပ်ပြီး ဇာတ်မြှပ်နေထိုင်ကြတဲ့
ကျန်ရစ်သူရဲဘော်တွေ၊ ကျနော့်မိတ်ဆွေတွေ ကိုစိုးလင်း၊ ကိုရဲလင်း၊ ကိုကျော်နိုင်ဦးတို့ကို
ရှာဖွေ ဆက်သွယ်မေးမြန်းပြီး သဘောထားတောင်းဖို့ ကျနော် မလုပ်ခဲ့ဘူး။ ကာယကံရှင်တွေကိုသာ
သူတို့ကိုယ်တိုင် ထုတ်ဖော်ပြောဆိုကြဖို့ကို တိုက်တွန်းတဲ့အလုပ်ပဲ လုပ်မိခဲ့တယ်။
အဲသည်နောက်ပိုင်းမှာ ကိုထိန်လင်းနဲ့
သူ့အနုပညာပိုင်းဆိုင်ရာ အင်တာဗျုးလေး ဘာလေးလုပ်တယ်။ အဲသည်မှာ သူပြောပြတဲ့ လူနည်းစုလေး
တစုအတွက် သူတင်ဆက်ခဲ့တဲ့ အနုပညာဆိုပြီး (သူ့ရဲ့ လူကက်ဆက်အကြောင်းပေါ့) သူပြောပြတာလေးကို
နည်းနည်းပါးပါးရေးခဲ့မိတာပဲ လုပ်ဖြစ်ပါတယ်။
၂၀၁၁ ထဲ ချိုတူးဇော် အမေရိကား
အလည်ရောက်လာတော့မှ ကိုယ်ကိုယ်တိုင် မြိုသိပ်ခဲ့ရတဲ့ အကြောင်းတွေကို မိတ်ဆွေဟောင်းနဲ့
ထုတ်ဖော်ပြောဆို တိုင်ပင်မိတယ်လေ။ သူကိုယ်တိုင်နဲ့ သိကျွမ်းတဲ့ မိတ်ဆွေတွေအကြောင်း
သူသိသမျှနဲ့ ကိုယ်သိသမျှ ဖလှယ် ပြောဆိုကြတာပေါ့။ ကိုစိုးလင်းနဲ့ သူနဲ့က ရန်ကုန်မှာ
မန္တလေးမှာ ပြန်တွေ့ဆုံခဲ့ပြီးပြီ။ သူ့မိတ်ဆွေတွေအကြောင်းလဲ သူ သိရှိခဲ့ပြီးပြီ။ ဒီဖက်က
ကာယကံရှင်တွေအကြောင်းလည်း တဖက်သံကြားနဲ့တင်မဟုတ်ဘဲ သူကိုယ်တိုင် တွေ့ဆုံ သိရှိခဲ့ပြီဖြစ်တယ်။
အဲသည်နောက်ပိုင်းမှာ စာဖတ်သူတွေ
သိတဲ့အတိုင်းပါပဲ။ ကိုထိန်လင်းကိုယ်တိုင် ထုတ်ဖော်ရေးသားလာတယ်။ မန္တလေးသား အောင်မိုးဝင်းကလည်း
သူစုံစမ်းသိရှိသမျှ မြောက်ပိုင်းလုပ်ကြံသတ်ဖြတ်မှုများကို ထုတ်ဖော်ရေးသားလိုက်တယ်။
အနှစ်နှစ် အလလက သိမ်းဆည်းမြိုသိပ်ထားကြတဲ့ မှတ်တမ်းတွေ၊ အထောက်အထားတွေဟာ ပြည်တွင်း
ပြည်ပကနေ နေရာအသီးသီးကနေ ပေါ်ထွက်လာကြတယ်။ ဖေ့စ်ဘွတ်တွေ၊ ဘလောဂ့်တွေကနေ စာရေးသူတွေက
ထုတ်ဖော်ရေးသားလာကြတယ်။
http://www.facebook.com/groups/344699038880694/
http://moemaka.com/2012/01/testimonial-of-nay-win-aung-1996-came-out-on-absdf-south-conspiracy/
http://moemaka.com/2012/01/testimonial-of-nay-win-aung-1996-came-out-on-absdf-south-conspiracy/
ယခုတော့ နှစ်ပေါင်း ၂၀ ကျော်ကြာတဲ့
နှစ်ပတ်လည်မှာ နိုင်ငံတကာမှာ၊ မြန်မာပြည်တွင်းမှာ အများပြည်သူတွေ၊ ကျန်ရစ်သူရဲဘော်တွေ၊
ကျန်ရစ်သူ မိသားစုတွေ အားလုံး အတူတကွ စုဝေးကြလို့ ကျဆုံးခဲ့သူ ရဲဘော်တွေကို ကောင်းမှုကုသိုလ်ပြု
အထိမ်းအမှတ်ပြုကြပြီ ဖြစ်ပါတယ်။
မောင်ရစ် အနေနဲ့ကတော့ ကိုယ့်ဖက်က
အဲသည်တုန်းက ဖြစ်ရပ်ကို စုံစမ်းသိရှိထားရက်နဲ့၊ ကိုယ့်မိတ်ဆွေတွေကိုယ်တိုင် ရင်ဆိုင်ဖြတ်သန်း
အသက်ဘေးက လွတ်မြောက်ခဲ့ကြတာ ဖြစ်ရက်နဲ့၊ သိရှိသလောက် မှတ်တမ်းရှိသလောက် ထုတ်ဖော်ပြောဆိုခြင်း
မပြုဘဲ မောဟအမိုက်မှောင်ဖုံးပြီး တွေဝေခဲ့မိတာကို ၀မ်းနည်းမိပါတယ်။
သို့သော်လည်း နှစ်ပေါင်းများစွာ
ဖုံးကွယ်ထားတဲ့ ဖြစ်ရပ်မှန်ကို အားလုံးသော ကာယကံရှင်များ၊ မိတ်ဆွေများ၊ မိသားစုများရဲ့
ထုတ်ဖော်ပြောဆိုမှုနဲ့ တင်ပြနိုင်ခဲ့တာ အများပြည်သူတွေကိုယ်တိုင်က ဒီအကျဉ်းတန်ဖြစ်ရပ်ကြီးကို
တည်ငြိမ် ရင့်ကျက်စွာ လက်ခံသိရှိခွင့်ရကြတဲ့အတွက် ၀မ်းသာမိပါတယ်။
အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြရင်း
ကျဆုံးခဲ့သူ၊ အနစ်နာခံ စွန့်လွှတ်ခဲ့ကြသူတိုင်း သူရဲကောင်းတိုင်းအတွက် အမိမြန်မာပြည်နဲ့
ပြည်သူလူထုဟာ အသိအမှတ်ပြုတယ်၊ အတူတကွ ရပ်တည်ကြတာအတွက်လည်း ဂုဏ်ယူမိပါတယ်။
ကိုယ့်တဦးတည်းအနေနဲ့ကတော့
မတရားမှုတခုကို ထုတ်ဖော်ပြောဆို တင်ပြဖို့ ပျက်ကွက်ခဲ့သူ တဦးအဖြစ်နဲ့ မိမိရဲ့
မိတ်ဆွေတွေကို တောင်းပန်ပါတယ်။ ဒီလိုမျိုး အကျည်းတန်သော လုပ်ကြံမှုတွေကို နောက်ထပ်မဖြစ်ဖို့
ကျနော်တို့ ဆုတောင်းနေရုံနဲ့ မပြီးပါဘူး။ ကိုယ်တတ်နိုင်တဲ့ ၀န်ကို ထမ်းပြီး ဆောင်ရွက်ကြမယ်လို့
မရဲတရဲ သန္နိဋ္ဌာန် ချမိပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အပြစ်မဲ့တဲ့ လူတွေကို
သတ်ဖြတ်စရာ မလိုပါ။ နောင်လည်း မသတ်ဖြတ်ကြပါနဲ့လို့ တောင်းပန်လိုက်ပါတယ်။
No comments:
Post a Comment