အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံကလေးများနေ့ မိန့်ခွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင်
ပြုလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ ၉၇ နှစ်ပြည့်မွေးနေ့နှင့်
မြန်မာနိုင်ငံကလေးများနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော မိန့်ခွန်း
"ဒီကနေ့ကို
ကလေးများနေ့လို့ ဘာလို့သတ်မှတ်လဲဆိုတာ ပြောပြချင်ပါတယ်။ အမေတို့နိုင်ငံက
ကလေးတွေက မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့ ဘယ်လိုဖြစ်သင့် တယ်၊
ဘယ်လိုစိတ်ဓာတ်မျိုးထားသင့်တယ်ဆိုတာကို နားလည်အောင်လို့ ဒီနေ့ကို
ကလေးများနေ့အဖြစ် သတ်မှတ်တာပါ။ အခုဒီကဗျာလေးမှာဆိုရင်
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား ဆိုတာမှာ ဇာနည်ဆိုတာ အာဇာနည်ကနေလာတာ ၊
အာဇာနည်ဆိုတာ မူလအဓိပ္ပာယ်အရ၊ အိန္ဒိယကလာတဲ့အဓိပ္ပာယ်အရ ပြောရရင်
မျိုးရိုးကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဒါပေမယ့် တချို့ ကမျိုးရိုးဆိုတာ
အလွယ်စဉ်းစားလိုက် လို့ရှိရင်တော့ မိဘ၊ မိသားစုကောင်း
တယ်မြင့်တယ်လို့သတ်မှတ်ကြတယ်။ အမေတို့တကယ့် အာဇာနည်
တကယ့်မျိုးရိုးကောင်းတယ်ဆိုတာ စိတ်ထားမှန်ကန်ပြီး စိတ်ထားဖြူ
စင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ ဒီလိုပဲ အမေတို့က သတ်မှတ်တယ်။
ဒါကြောင့်မို့လို့ ကလေးများနေ့ကို
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာလုပ်တယ်ဆိုတာ ကလေးများကတကယ်ကို မြင့်မြတ်တဲ့
စိတ်ထားတွေထားနိုင်အောင်လို့ဖြစ်တယ်။ ကလေးတွေက ကလေးများနေ့ကိုလာလို့ရှိရင်
မုန့်စားရမယ်။ လက်ဆောင်လေးတွေရမယ်။ ပြိုင်ပွဲလေးတွေဝင်မယ်။
ဒီလိုပျော်တာလည်း မှန်ပါတယ်။ အမြဲပဲစဉ်းစားရမှာက ဘာဖြစ်လို့ ကလေးတွေကို
ဒီလိုပျော်အောင်လုပ်သလဲဆိုတာက ကလေးတွေကို ပျော်အောင်လုပ်ပြီးတော့
အမှန်ပြောရရင် မှန်မှန်ကန်ကန် သင်ပေးချင်လို့။ ကျောင်းကိုသွားရရင်
ပျော်တဲ့ကလေးတွေရှိတယ်။ ကျောင်း သွားတာ ပျော်ကြရဲ့လား။ တစ်ချို့ကလည်း
ပျော်တယ်။ တစ်ချို့ကလည်း မပျော်ဘူး။ ကျောင်းသွားတာပျော်မှ စာသင်ယူလို့ရမယ်။
ကျောင်းမှာမပျော်လို့ရှိရင် စာသင်ယူလို့မရဘူး။ ဒါကြောင့်မို့
အမေတို့ကနေပြီးတော့ ကလေးများနေ့မှာ ကလေးတွေကို
ပျော်အောင်လုပ်တဲ့ရည်ရွယ်ချက်ကတော့ ကလေးတွေကို မှန်မှန်ကန်ကန် သင်ခန်းစာတွေ
သင်ပေးချင်လို့ပဲ။ ဒီလိုဘာဖြစ်လို့ ကလေးများနေ့လုပ်လဲ။ ကလေးတွေဟာ
ဘယ်လိုလူကြီးတွေဖြစ်လာစေချင်သလဲဆိုတာကို အမေတို့က ပြချင်လို့
ဒီလိုကလေးများနေ့ လုပ်ရတာဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေဟာ ကလေးများနေ့မှာ
ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပါ။ စားရတာလည်း ကောင်းကောင်းစားပါ။
ရတဲ့လက်ဆောင်တွေအတွက်လည်း ၀မ်းသာကြပါ။ ပြိုင်ပွဲဝင်တဲ့ကလေးတွေလည်း
ဆုရကြပါစေ။ ဒါပေမယ့် ဘယ်တော့မှ မမေ့ရမယ့်ကိစ္စကတော့ ဒီကလေးလေးတွေဟာ
တစ်ချိန်တစ်ခါမှာ အမေတို့ရဲ့နိုင်ငံကို အကျိုးပြုရမယ့်ကလေးလေးတွေ၊
နိုင်ငံအတွက် အလုပ်လုပ်ရမယ့်ကလေးတွေမို့ ဒီလိုအလုပ်လုပ်ရမယ့်
လူကြီးတွေဖြစ်လာရမယ်ဆိုတာလည်း မမေ့ပါနဲ့လို့ ကလေးတွေကို
တိုတိုတောင်းတောင်းပဲ ပြောချင်ပါတယ်။ ရှည်ရှည်ပြောရင် ကလေးတွေက
နားမထောင်ချင်ဘူး။ တက်ရောက်လာတဲ့ ကလေးလေးတွေအားလုံးကို ကျေးဇူးတင်ပါတယ်" ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ
ပြောကြားခဲ့ပါသည်။
No comments:
Post a Comment