အမှတ်တရ ကဏ္ဍ
-- Mk Mk--၂-၂ -၂၀၁၂
“ ဗိုလ်မြအမျိုးတွေကတော့ ရဲတာပေါ့ဗျာ…….ပြေးစရာရှိတယ်လေ….ကျုပ်တို့ကတော့ ပြေးစရာမြေ မရှိဘူးဗျို့  အရမ်းမလုပ် ရဲဘူး ”
၁၉၈၈ စက်တင်ဘာလကုန်ပိုင်း ဗိုလ်ချုပ်စောမောင် အာဏာသိမ်းပြီးနောက် အရေးအခင်းတွင် ထင်ရှားစွာ ပါဝင်ခဲ့သူများ ကို စစ်ထောက်လှမ်းရေးမှ လိုက်နေပြီဟု မိတ်ဆွေများက သတိပေးကြသည်။
လွန်ခဲ့သည့် ၁၇ နှစ်ခန့်က ထောက်လှမ်းရေးအချုပ်ခန်း၏ အိမ်မက်ဆိုးများကို ပြန်လည်ရင်မဆိုင်လိုတော့၊ ကြက်ကလေး ငှက်ကလေးလို အဖမ်းမခံနိုင်တော့ ၊ ထို့ကြောင့် ည များတွင်အသိမိတ်ဆွေများ အိမ်တွင်ပြောင်း အိပ်နေရသည်။
သို့သော် မည်သည့်မိတ်ဆွေမျှ တစ်ညနှစ်ညထက်ပို၍ လက်မခံရဲကြ ။
တချို့ အိမ်ပေါ်တက် သွားသည်နှင့် အိမ်သူအိမ် သားများ မျက်စိမျက်နှာပျက်နေကြသည်။
တချို့က ပြောင်ပြောင်ပင် ငြင်းလွှတ်သည်။ အိပ်စရာမြေမရှိဖြစ်နေ စဉ်အဆင်ပြေသောနေရာတစ်ခု သွားတွေ့သည်။
မိတ်ဆွေအစိုးရအရာရှိတစ်ဦး၏ရုံးဝန်းဖြစ် သည်။ထိုဌာနရုံးဝန်း ထဲတွင် ထိုအရာရှိ၏အိမ်ရှိသည်။
ထိုစဉ်ကအရာရာကျို့တို့ကျဲတဲဖြစ်နေဆဲ၊နေ့ခင်းရုံးဖွင့်သည်... ဘာအလုပ်မျှမရှိ…ညပိုင်းတွင်ထိုအရာရှိအိမ်၌ ပိုကာဝိုင်းဖြစ်ကြသည်။
ညမထွက်ရအမိန့်ထုတ်ထား၍ ကြွရောက်သူများ ညလုံးပေါက် ပိုကာကစားကြသည်။
နေ့ကြတော့ရုံးဖွင့်၍ အိပ်ကြသည် ထို့ကြောင့်မိမိအတွက် ပြဿနာမရှိ ၊ တခါတရံ လူမပြည့်၊ ၀ိုင်းမဖြစ်မှာစိုး၍ သူတို့ကပင်မျှော်နေ သေးသည်။
ပို၍လုံခြုံသည်က ထိုရုံးတစ် ဖွဲ့လုံး (တောင်ငူမြို့၊မြို့ကြီးရပ်ကွက်တွင်နေသော ကရင်ဝန်ထမ်းတစ်ဦး ၊ စောရူ ဘီ တို့ ကရင်အဖွဲ့နှင့် ပေါင်း၍ ဆန္ဒပြသည့်အထဲတွင် ပါဝင်ခဲ့သည်မှအပ ) အရေးအခင်းတွင်ပါဝင် လှုပ်ရှားမှုမရှိခဲ့။
တစ်ည..ပိုကာကစား ကြရင်း နိုင်ငံအ၀ှမ်းလှုပ်ရှားမှုတွင် ဘာကြောင့်မပါဝင်သည်ကို မိမိက မေးသဖြင့် မိတ်ဆွေ အရာရှိက ၀ိုင်းထဲတွင် ထိုင်နေသော ကရင်ဝန်ထမ်းနှင့် …..ဇနီးကရင်ဖြစ်၍ ကရင်အုပ်စုနှင့်နီးစပ်သော မိမိအား ရည်ညွှန်းပြောဆိုခြင်းဖြစ် သည်။
ထိုစဉ်က BBC VOA တို့မှ KNU သည် ပြေးလာသော “ ကျောင်းသား” များကို လက်ခံလျှက် ရှိပြီး ဗိုလ်ချုပ်မြက လက်နက်များပင်တပ်ဆင်ပေးမည်ဟု ပြောကြောင်း သတင်းများကြားရသည် ။
သို့ရာတွင် မိမိ အနေဖြင့်မူ KNU ဆိုသည်မှာ လူမျိုးရေးအစွန်းရောက် အဖွဲ့တစ်ခုဖြစ်ပြီး ၊ KNU နယ်မြေ တွင် ဗမာစကား ပြောလျှင် ကြာကြာမခံ။
ဗိုလ်မြသည် ဗမာဆိုလျှင်မုန်းသည် ဟု နာလည်ထား သည် ။
ထို့ကြောင့် နားရှိ၍ သာကြားရသည် ထို..ဗိုလ်မြ..ဆိုသော ပုဂ္ဂိုလ်နှင့်ပါတ်သက်ဖို့ဝေးစွ မြင်ဖူးဖို့ပင်အကြောင်းမရှိ။
သို့သော်.............
********************
သူ့ခြေထောက်နှစ်ဖက်လုံး အပြာရောင်သန်းနေသည် မီးလောင်ဖုလို အဖုကြီးများ ၃…၄ ခုတွေ့ရသည် ။
ခြေထောက်အရေပြားများ ပါးနေပြီး လမ်းလျှောက်၍မရနိုင်တော့ဟု သူ့ဇနီးကပြောနေသည်။
ဘယ်ဘက်ခြေထောက် ခြေသလုံးအလယ်မှ စ၍ အရည်ပြားသည် ပလပ်စတစ်အစတစ်ခုလို ပါး၍ဖောက်ထွင်း မြင်နိုင်ပြီးအထဲ မှခြေချောင်းရိုး ဖြူဖြူများကို ခြေဖျားအထိ အတိုင်းသားမြင်နေရသည်။
ကျွန်တော်ကြည့်ရင်း စိတ်အတော်ခြောက်ခြားသွားသည်။ စိတ်မကောင်းလည်းဖြစ်မိသည် ။ ထိုစဉ်မှာပင် သူကရုတ်တရက်ထရပ်၍… လှေခါးသုံး လေး ထစ်ကို ကျော်ပြီး ခုန်ဆင်းသွားသည်။ အပြင်တွင် မိုးတွေ သဲသဲမဲမဲရွာနေသည် ။ကျွန်တော် စိုးရိမ်တကြီး နောက်မှ ပြေးလိုက်သွားပြီး...... “ တစ်ယောက်ထဲမသွားနဲ့လေ….ရဲဘော်တွေကော……” ဗိုလ်ချုပ်ကြီးမြ ဘယ်သွားသွား….သူ့ဘေးတွင် အနည်းဆုံး ရဲဘော်လေး…ငါး…ယောက်..ပါနေကျဖြစ်သည်။ “ သူတို့က ….၅ တန်းကျောင်းသားတွေဘဲ……ငါ့ဆီမှာ ……မပျော်တော့ဘူး…….ထွက်သွားကြပြီ…..”
အဆက်အစပ် မတည့်သောစကားကိုပြောယင်း မိုးရေထဲ ဆက်သွားနေသည်။
ကျွန်တော်ဘာလုပ်ရမှန်းမသိဖြစ် နေသည်။
“ ဗိုလ်ချုပ်ခြေထောက်တွေက လမ်းလျှောက်လို့မရဘူးလေ”
မိုးသဲသဲထဲတွင် ဆိုက်ကားတစ်စီးတွေ့၍ ကျွန်တော်ကလှမ်းခေါ်လိုက်ပြီး သူ့ကိုတက်ခိုင်းလိုက်သည် ။
“ အေး…….မင်းရှေ့ကတက်…..ငါနောက်မှာဘဲထိုင်မယ်…….ရှေ့ကမြင့်တယ်…..မတက်နိုင်ဘူး……”
ထိုစဉ် ရှေ့တည့်တည့်မှ နွားလှည်းတစ်စီး အပြင်းမောင်းနှင်လာသည်။ လှည်းတံပိုး များက သာမာန်ထက် ဘေး သို့ နှစ်တောင်ခန့်ရှည်ထွက်နေသည်။
ရှောင်၍ မည်သို့မျှ မလွတ်နိုင်။ထိုလှည်းတံပိုး များက ဆိုက်ကားကို အရှိန် ဖြင့် တိုက်ချသွားသည်။
မိမိတို့မည်သို့မျှမဖြစ် လှည်းတံပိုး ကြီးသာ သစ်ဆွေးတုံးကြီးတစ်တုံးလို ကျိုးထွက်လွင့် ကြွေသွားသည်။
သို့သော် ကျွန်တော် စိုးရိမ်စိတ်ဖြင့် ဆိုက်ကားနောက်သို့လှည့်ကြည့်လိုက်သည် ။ အားလုံးမှောင် မဲနေသည်။
မိုးသံများကတော့ တစ်ဝေါဝေါ ကြားနေရဆဲ။ သို့သော် ကျွန်တော့်ကိုယ်တွင် လုံးဝစိုမနေ ။
တစ်ကယ်တော့ အားလုံးလွဲနေကြောင်း သတိပြန်ဝင်လာသည်။
တစ်ဝေါဝေါ ကြားနေရဆဲဖြစ်သော အသံများသည် ။
မိုးသံမဟုတ်၊ ပင်လယ်လှိုင်းသံများသာဖြစ်သည်။
။မိမိမှာလည်း အိပ်ယာထဲတွင် နွေးထွေးသက်သာစွာ ရှိ နေသည် ။
ဗိုလ်ချုပ်ကြီးမြ ကွယ်လွန်ခဲ့သည်မှာလည်း ၅ နှစ်ခန့်ရှိပြီ။
..ဆိုက်ကားတို့ လှည်းတို့ရှိသော မြန်မာပြည် လည်းမဟုတ်။
အီတလီ နိုင်ငံ၏တောင်ဘက်အစွန်ဆုံး ပင်လယ် ကမ်းခြေတစ်နေရာတွင်ဖြစ်သည်။
မည်သို့မျှမမှတ်ထင်ထားသော အိမ်မက်တစ်ခုမက်ခဲ့ခြင်းသာဖြစ်သည်။ ဒါလည်း လွဲနေသေးသည် ။
အိမ်မက်ထဲမှ ပုဂ္ဂိုလ်က ကရင့်ခေါင်းဆောင်ဗိုလ်ချုပ်ကြီးစောဗိုလ်မြ…. စွဲစွဲလန်းလန်းမက်သူ က….ကျွန်တော် ဗမာမောင်ကျော်။ တစ်ကဲ့ကို အားလုံးလွဲနေသည် ။ မနက် ၄ နာရီခန့်ဖြစ်နေသည်။ ပြန်အိပ်၍မရတော။့
တကယ်တော့ မိမိသည် ဗိုလ်ချုပ်ကြီးမြနှင့် လက်ပွန်း တတီး ကြာရှည်စွာမနေဖူးခဲ့။
သို့သော် တာဝန်ဖြင့်အကြောင်းဆုံ၍တွေ့တိုင်း ထူးခြားသော၊ရိုးသားလေးစားဖွယ်ကောင်း သော သူ့ဓလေ့စရိုက်များကို တွေ့ကြုံရသည်။
ဗိုလ်ချုပ်မြရိုးသားသည်၊ သို့သော် မအ ပါ ။
ခိုင်မာသည်...သို့သော် ပြောင်းရဲ... ပြင်ရဲသည်။ တက်ရဲ...ဆုတ်ရဲသည်။
ဆုတ်ကိုင်ရဲ…လက်လွှတ်ရဲသည်။
သူနှင့်ဆုံခဲ့သည့် အကြောင်းအရာ များကို ထွေရာလေးပါးစဉ်းစားရင်း ပြန်အိပ်မရတော့ ။
အိပ်ယာမှထ၍ ရေနွေးတည်ပြီး ရေနွေးတစ်ခွက်ကိုင်ရင်း တံခါးဖွင့်လိုက်တော့ အလင်းရောင်လာနေပြီ။
၇ နာရီ ထိုးတော့မည်။
ပြာလဲ့သောပင်လယ်ပြင်၏ တစ်ဖက်နားတွင် မီးခိုးများထွက်နေသော မီးတောင်တစ်ခု နှင့်ကျွန်း ဆွယ်တန်းကို ခပ်မှုန်မှုန် လှမ်းမြင်နေရ သည်။
ထင်ရှားသောပုဂ္ဂိုလ်ကြီး နှစ်ဦး၏ ဇာတိမြေ စစ်စလီကျွန်း ဖြစ် သည်။
တစ်ဦးမှာပညာရှိ “ အာခိမိဒိ” ဖြစ်သည် ။ အခြားတစ်ဦးမှာ..မာဖီးယား၏ဖခင် “ ချာလီလပ်ကီးလူစီယာနို ” ဖြစ်သည်။
ထိုခေတ်ထိုအခါက ထိုဒေသတွင် လူမိုက်သူခိုး ဓါးပြများ ပေါများပြီး မင်းမဲ့စရိုက်ထွန်းကားသည် ။
လာဘ်စား အကျင့်ပျက်ပုဂ္ဂိုလ်အများစုပါသော နိုင်ငံ အစိုးရ ကလည်း ရိုးသားသော လူတန်းစားကို အကာအကွယ်မပေးနိုင်။
အကျင့်ပျက်များကသာ ဥပဒေကိုလိုသလို ကိုယ်ကျိုးအသုံးပြုနေကြသည်။
ထိုစဉ်က မဟုတ်မခံ ထက်မြက်သောလူငယ်တစ်ဦးသည် မတရားခံရသူများ ဖက်မှ “ ဖြစ်သည့်နည်းဖြင့် ” လက်စားခြေ အကာအကွယ် ပေးရင်း အင်အားကြီးမားလာခဲ့သည်။
ထိုလူငယ်မှာ “ ချာလီလပ်ကီးလူစီယာနို (အီတလီ အခေါ် ..လူချားနို)” ဆိုသူ စစ်စလီကျွန်းသားလူငယ်တစ်ဦးဖြစ်ပြီး ထိုအုပ်စုမှ အရှိမ် အ၀ါ ကြီးမားသော မာဖီးယား ဖြစ်လာခဲ့သည်။
နောက်ပိုင်းတွင်အဖွဲ့ခွဲများပေါ်ပေါက်၊နေရာလု၊အချင်းချင်းသတ်ကြဖြင့် ယခုအခါ မာဖီးယား ဆိုသည်မှာ...
ဤဒေသ တွင် ရိုးသားစွာလုပ်ကိုင် စားသူ များအပေါ် ခြိမ်းခြောက်ငွေညှစ် စားသောအဆင့်သာရှိတော့သည်။
အရှိန်အ၀ါကြီး မားထက်မြက်သော ပုဂ္ဂိုလ်ခေါင်းဆောင်များ ရှိပုံမရတော့။
“ကရင့်တော်လှန်ရေး” ကကောဘယ်လိုပါလိမ့်၊ မဆီမဆိုင် ဆက်စပ်တွေးမိရာမှ ဗိုလ်ချုပ်ကြီးမြနှင့် နောက်ဆုံးတွေ့ခဲ့သည့် အဖြစ်အပျက်ကို သတိယလာမိသည်။
***************
သြဂုတ်လ ၁၃ ရက်၊ ၂၀၀၆ ခုနှစ် ။
ထိုနေ့ကလူအတော်စုံသည်။
မည်သူကစီစဉ်လိုက်သည်တော့မသိ ထိုစဉ်က ဗိုလ်ချုပ်ဌေးမောင် စတင် ဆွေးနွေးနေသော အပစ်ရပ်ကိစ္စအပေါ် အမြင်သဘောထား ဖလှယ်ကြရန်ဟု ဆို ၍ မြစ်ဝကျွန်းပေါ်မှ ကရင်လူကြီးများနှင့် ရန်ကုန်ုမှကရင်လူကြီးများရောက်ရှိလာကြ သည်။ ဒေါက်တာစောဆိုင်မွန်သာ နှင့်ဇနီး၊ စောဗလာထူးနှင့် ဇနီးတို့လည်းပါသည်။
ဟာသအလွန်ပြောတတ်သော DKBA မှ ဗိုလ်မြလှိုင်နှင့် အဖွဲ့ အချို့လည်းပါသည်။
နောင်တွင်ဖြစ်ပေါ်လာမည့် KNU / KNLA ငြိမ်းချမ်းရေးကောင်စီအား လမ်းဘေးသို့ဆွဲချ ပြီး ကရင်ခြင်းရောင်းစားကြမည့် “ဆရာစော” အမည်ခံ ခရစ်ယန်ဘုန်းကြီးပျက် “အောင်သန်းတင့်” နှင့် “သူ့အခွင့်အရေး ” သာနားလည်ပြီး…. သူနားမလည်သော နိုင်ငံရေးနှင့် လုပ်စါးခြင်သည့် “တီမိုသီ ” တို့လဲပါသည်။
နေရာက မဲဆောက် နှင့် ကီလိုမီတာ ၄၀ ခန့်ဝေးသော ကနဲစု ရှိ ဗိုလ်လယ်မူး (၂၀၀၈ ဇန်နဝါရီ.၃၀ရက်..ကျဆုံး) အိမ်တွင်ဖြစ်သည်။
ထိုနေ့ နံနက်ပိုင်းက မိမိအိပ်ယာမှမထမီ ဗိုလ်လယ်မူးအပြင်ထွက်သွားသည်။ ပြန်လာတော့ လူတစ်ဦးကို ပွေ့ချီလာ သည်။
ဗိုလ်ချုပ်ကြီးမြဖြစ်သည် အပြေးအလွှား အိပ်ခန်းထဲတွင်နေရာ ပြင်ပေးကြရသည်။ ထိုစဉ်က ဗိုလ် ချုပ်မြ သည်လမ်း မလျှောက်နိုင်တော့။
“ အဖိုးကြီးက ကျွန်တော်သတင်းသွားပို့တာ ပြည်တွင်းကလာတဲ့ ကရင်ဧည့်သည်တော်တွေကို သူလည်း တွေ့ချင်တယ် လို့ဆိုပြီး………လိုက်လာတယ်ဗျာ……” ဟု လယ်မူးကပြောသည် ။
ဤအနေအထား နှင့် တွေ့ ပေးလျှင် သင့်ပါ့မလားဟု ကျွန်တော်တွေးနေမိသည်။
လမ်းမလျှောက်နိုင်ယုံသာမဟုတ် ကြာကြာ လည်း မထိုင်နိုင် ၊ ကြာ ကြာလည်းလှဲမနေနိုင်ဖြစ်နေသည်။
သို့သော် သူကိုယ်တိုင်က တွေ့ချင်သည်ဆိုတော့ မတတ်နိုင် ။
ဧည့်သည်များရောက်လာကြသည် ။
လက်ရှိအခြေအနေအပေါ် ကြားသိရသလောက်အမြင် အမျိုးမျိုး ကိုအတော် လေးပွင့်ပွင့် လင်းလင်း ဆွေးနွေးကြသည် ။
အထူးသဖြင့် မြစ်ဝကျွန်းပေါ်မှ ကရင်လူကြီးများက KNU ၏အရှိမ် အ၀ါ ရိုက်ခတ်မှုကြောင့် ပြည်တွင်း ကရင်လူထု တွေ့ကြုံ ခံစားရမှု အကောင်းအဆိုးများကို တင်ပြဆွေးနွေးကြ သည်။ ငြိမ်းချမ်းရေး ဖြစ်စေလိုသော ဆန္ဒပြင်းစွာရှိကြသည် ။
သို့ရာတွင် မလုပ်တတ်လျှင် သမိုင်းအစဉ်အလာ ကြီးမားသောအဖွဲ့ကြီးတစ်ခု မှေးမှိန်သွား၍ ပေးတာယူကျွေးတာစား “ မတရားအခွင့်အရေး ရမှောင်ခိုအဖွဲ့” သာ သာ မျိုးဖြစ်သွားမည်ကို မလိုလားကြောင်း အတော်လေးဆင်ဆင်ခြင်ခြင်နှင့် စကားလုံးရှာ၍ ပြောကြသည်။
မည်သို့ ပြောသည်ဖြစ်စေ သူတို့၏အမျိုးသားရေးစိတ်ဓါတ်နှင့် စိုးရိမ်မှု စေတနာကို လေးစားစွာ နားလည်နိုင်ပါသည်။
ထို့ကြောင့် ကရင့်တော်လှန်ရေးဧ။် မူရင်းအခြေခံရပ်တည်ချက်ဖြစ်သောစေါဘဦးကြီးမူ ၄ချက် မှသွေဖီ၍ လက်နက်ချသည့် ပုံစံမျိုးတော့ မရောက်စေရ ဟု ခိုင်ခိုင်မာမာ ဆွေးနွေးခဲ့ သည်။ ငြိမ်းချမ်းရေးပင် ဖြစ်စေ အပစ်ရပ်ရေးပင် ဖြစ်စေ စစ်မှန်ပါက မည်သူကမျှ မည်သူ့ကို လက်နက်ချခိုင်း စရာမလို ။
ထိုနေ့နံနက်က ဗိုလ်ချုပ်ကြီးမြကို ဗိုလ်လယ်မူး ကားပေါ်မှ ပွေ့ချီ၍ ချလာစဉ်ကတည်းက အဖိုးကြီး တွင်ကရင် လွယ်အိတ် ကလေးတစ်လုံး စလွယ်သိုင်းလျှက် လွယ်ထားသည်။ထိုလွယ်အိတ်ကလေးကိုလက်ကမချ။
လှဲ နေလျှင် ရင်ဘတ်ပေါ်တင်ထားသည် ထိုင်နေလျှင်။ လက်နှစ်ဖက်ဖြင့်ဆုတ်ထားသည်။
မည်သူမျှထိကိုင်သည်ကို ကြိုက်ပုံမရ ကျွန်တော်တို့ကအဖိုးကြီး လက်နက်ငယ်တစ်ခု ဆောင်လာသည်ဟု ထင်မိသည် ။
အန္တရာယ်ကြီး သ ည်။
မတော်တဆ သွားလာရင်း ထိုင်းနိုင်ငံတွင် လက်နက်နှင့် မိလျှင် ပြဿနာကြီးသည်။ ရှည်လည်းရှည် သည် ။ သို့သော် ကျွန်တော်တို့ ဘာမျှမပြောကြ။ ညနေ ၃ နာရီခန့် ဧည်သည်များပြန်သွားသောအခါ ကျွန်တော်တို့ အားလုံး ဗိုလ်ချုပ်မြ အနားတွင် ၀ိုင်း၍ ထိုင်သူကထိုင်ရင်း ဗိုလ်လယ်မူးကစသည် ။
“ အဖူး(အဖိုး) သေနတ်ခဏပြပါဦး ဘာအမျိုးအစားလဲ ”
အဖိုးကြီးက သေနတ်မဟုတ်ပါဘူး….ဆို၍ သူ့လွယ်အိတ်ငယ်ကို ကောင်းစွာမသန်စွမ်းတော့သော လက်နှစ်ဖက်ဖြင့် ကျစ်ကျစ် ပါအောင် ဆုတ်ထားသည် ။
“ ဒါဆိုရင် …အရေးကြီးတာ….တစ်ခုခုပေါ့…….အဖိုးတန်တာတွေ…..ဖြစ်မယ်……”
“ ရွှေချောင်းတွေလား……”
“မဖြစ်နိုင်ဘူး အိတ်ထဲမှာ နဲနဲလေး ရွှေချောင်းတွေဆိုရင် အဖူးကြာကြာလွယ်ထားနိုင်မှာမဟုတ်ဘူး”
“ ဒါဆို…….စိန်တွေဖြစ်မယ်….”
တစ်ယောက်တစ်ပေါက် နောက်သလိုလို ဘာလိုလို ပြောကြရင်း အနားတွင် ထိုင်နေသော ဗိုလ်လယ်မူးက လွယ်အိတ် ကလေးကို လှမ်းကိုင်၍...(ပုံ-၁)
“ ခနဘဲပြပါ….အဖူး…….ကြည့်ရုံဘဲ……..ကြည့်မှာပါ……ကျွန်တော်တို့မတောင်းပါဘူး…….ကြည့်ရုံပါဘဲ…ဒီမှာဧည့် သည်တွေ လည်းမရှိတော့ပါဘူး……..”
ဗိုလ်ချုပ်မြဖက်ထားသောလွယ်အိတ်ကလေး ဗိုလ်လယ်မူးလက်ထဲပါသွားသည်။
“ လူစုံတုန်း…….ခွဲပေးဖို့…….ယူလာတာဆိုရင်လဲ……ယူရတာပေါ့နော်…….”
ကျွန်တော်က ဗိုလ်နာဒါး (ဗိုလ်ချုပ်ကြီးမြ၏သား နာဒါးမြ ) ကိုလှမ်းကြည့်ရင်းပြောလိုက်သည်။
ဗိုလ်လယ်မူး က လွယ်အိတ်ထဲမှ ပစ္စည်းများကိုဆွဲထုတ်လိုက်သည် အားလုံးပေါင်း နှစ်ခုတည်းသာ ဖြစ်သည်။
ထိုပစ္စည်းနှစ်ခုကို ပထမဆုံးသတိထားမိသော ဗိုလ်လယ်မူး အရင်ဆုံး ငိုင်သွားသည်။
အဖိုးကြီးကိုဝိုင်း၍ တစ်ပျော်တစ်ပါး“စ”ရင်း စိတ်ဝင်တစ်စားကြည့်နေကြသော ကျွန်တော်တို့အားလုံး ငိုင်သွားကြသည်။
အလွန်တန်ဘိုးကြီးမားသောပစ္စည်း လေး ၂ ခုဖြစ်သည်။
သို့သော်တောတွင်းပြောက်ကြားစစ်ဆင်နွှဲဘူးသူတစ်ဦး သာလျှင်နားလည်နိုင်သောတန်ဘိုး ဖြစ်သည် ။
တောတောင်အတွင်း အနိမ့်ဆုံးအနေအထား၌ ဆက်လက်အသက်ရှင် ရန်မရှိမဖြစ်သော ပစ္စည်း လေး ၂ ခုဖြစ်သည်။
ဓါတ်မီးလေးတစ်လက်နှင့် မောင်းချဓါးလေး တစ်ချောင်းသာဖြစ် သည်။ (ပုံ-၂/၃)
ဤ ပစ္စည်း ၂ မျိုး၏တန်ဘိုးကို တောထဲတွင်ရှင်သန်ဘူးသော ပြောက်ကြားရဲဘော်တိုင်း ကောင်းစွာ နားလည်သည်။
အံ့သြခြင်း၊ လေးစားခြင်း၊ ၀မ်းနည်းခြင်းများကို ရောယှက်ခံစားလိုက်ရသည်။
၂၄နာရီမီးလင်းသောထိုင်းနိုင်ငံအတွင်း ကားနှင့်သွား၍ ကောင်းစွာ မထိုင်နိုင်တော့သော အခြေအနေအထိ မိမိ..ဘာ..ဆိုသည်ကို မမေ့မလျှော့ရှိသည်။
ဘယ်လိုပုံစံဘဲ လုပ်လုပ် ဘယ်အခြေအနေဘဲဖြစ်ဖြစ် ကိုယ် ကိုယ်တိုင်ကဒူးထောက် အရှုံးမပေးရင် တော်လှန် ရေး ဟာ ဘယ်တော့မှမရှုံးဘူးဟု ပြောတတ်သော သူ့စကားအတိမ်အနက် ကို အခုမှတကယ် နားလည်သလိုဖြစ် လာသည်။
ထိုစဉ်ကအဖြစ်အပျက်ကလေးကို ထိုနေ့တစ်နေ့လုံး ဧည့်သည်များနှင့်တွေ့ဆုံစဉ် အစည်းအဝေး မှတ်တမ်းအဖြစ် ရိုက်ကူးထားရန် မိမိမှာကြားထားသော KNLA အရာရှိငယ်တစ်ဦး ကအမှတ်မထင်ရိုက်ထား နိုင်ခဲ့သည်။
မျှဝေအပ်ပါသည်။ ဗိုလ်ချုပ်ကြီးမြကောင်းရာသုကတိလားပါစေ…….KNLA ရဲဘော်များ ရိုးသားသော်လည်း ခိုင်မာလေး နက်သည့် ဗိုလ်ချုပ်ကြီးမြ၏အတွေးအခေါ်မျိုး ရှိနိုင်ကြပါစေ……။
(၄.၁၂.၂၀၁၁ ၊ Regio Calavia ဒေသကမ်းခြေ အီတလီနိုင်ငံတောင်ပိုင်း ၊၁၂၀၀ နာရီ)
Mk Mk
No comments:
Post a Comment