Thursday, February 2, 2012

ကျပ်သန်းပေါင်းများစွာကုန်ပြီးအလုပ်မဖြစ်တဲ့ ဆည်မြောင်းစီမံကိန်းများရပ်ဆိုင်းထားမည်

 မြစ်ရေတင်စီမံကိန်းများ၊ ရေလှောင်တမံ၊ ရေလွှဲဆည် စီမံကိန်းအသစ်များ ထပ်မံတည်ဆောက်ခြင်းကို ရပ်တန့်ထားရန် လွှတ်တော်မှ သဘောတူ 

မြစ်ရေတင်စီမံကိန်းများ၊ ရေလှောင်တမံ၊ ရေလွှဲဆည်စီမံကိန်းများကို ကျပ်သန်းပေါင်းများစွာ အကုန်အကျခံ ဆောက်လုပ်ထားသော်လည်း လျာထားချက်အတိုင်း အမှန်တကယ် ရေပေးဝေနိုင်မှု မရှိခြင်းကြောင့် စီမံကိန်းအသစ်များ ထပ်မံတည်ဆောက်ခြင်းကို ရပ်တန့်ထားရန် ပြည်သူ့လွှတ်တော်မှ သဘာတူကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ အစီအစဉ်တွင် ပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်ကို ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာအပေါ် မူတည်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောတူညီချက်ကို ရယူကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က ''ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက တင်ပြလာတဲ့ အချက်တွေအရ မြစ်ရေတင်စီမံကိန်း ၆၇ ခုရဲ့ မူလလျာထား အကျိုးပြုဧကမှာ ၂၉၉၈၉၅ ဧက ဖြစ်ပြီး အမှန်ရေပေးဝေနိုင်တဲ့ ဧကမှာ ၄၈၈၃၃ ဧကဖြစ်တဲ့အတွက် စီမံကိန်းလျာထားချက်အပေါ် ၁၆.၃၀ ရာခိုင်နှုန်း အကောင်အထည် ဖော်နိုင်ပါတယ်။ ဒီစီမံကိန်း ၆၇ ခုရဲ့ စုစုပေါင်းကုန်ကျငွေမှာ မြန်မာကျပ်ငွေ  ၃၇၅၉၃.၃၁၅ သန်း၊ အမေရိကန်ဒေါ်လာ ၂၀.၆၄ သန်း၊ ယူရို ၂.၅၃ သန်းနဲ့ အာအမ်ဘီ ၅.၅၅ သန်း ကုန်ကျခဲ့ပါတယ်။ လုံးဝ ရေမပေးနိုင်သော မြစ်ရေတင်လုပ်ငန်း ၅ ခု ရှိပါတယ်။ နိုင်ငံတကာ ဆည်မြောင်းစီမံကိန်းများ ရေးဆွဲရာတွင် စီးပွားရေးတွက်ခြေကိုက်မှု ရှိ မရှိကို သုံးသပ်စိစစ် တွက်ချက်ခြင်း၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုအရ တွက်ခြေကိုက်မှုရှိ၊ မရှိ စိစစ်ခြင်း စသည်တို့ကို လုပ်ဆောင်လေ့ ရှိသော်လည်း ယခုမြစ်ရေတင်စီမံကိန်များတွင် ထိုကဲ့သို့ တွက်ချက်ထားမှုများ မရှိကြောင်း တွေ့ရှိရပါတယ်။ မြစ်ရေတင် စီမံကိန်းများကို ငွေကြေးအမြောက်အမြား အကုန်အကျခံ တည်ဆောက်ခဲ့သော်လည်း လျှပ်စစ်မီး အပြည့်အ၀မရှိခြင်း၊ မြောင်းများ ပြုပြင်ဖောက်လုပ်ရန် လိုအပ်ခြင်း၊ ရေတင်ပန့်များ တပ်ဆင်ရန်လိုအပ်ခြင်း၊ ဒီဇယ်ဆီသုံး လျှပ်စစ်မြစ်ရေတင် စနစ်များ ဖြစ်၍ ကုန်ကျစရိတ်များခြင်းတို့ကြောင့် စနစ်တကျ ရေပေးဝေနိုင်မှု မရှိခဲ့ပါ။ ထို့ကြောင့် မြစ်ရေတင်စီမံကိန်းများကို ထပ်မံ ဆောင်ရွက်ခြင်းမပြုဘဲ ဆောင်ရွက်ဆဲလုပ်ငန်းများကို စနစ်တကျ ဖြစ်စေရေးအတွက် အချိန်ယူ ဆောင်ရွက်သင့်ပါတယ်။ ဆောင်ရွက်ပြီး လုပ်ငန်းများကိုလည်း စွမ်းရည်တိုးမြှင့်စေရေးအတွက် ဆောင်ရွက်သင့်ပါကြောင်း တင်ပြအပ်ပါတယ်'' ဟု အစီအရင်ခံစာ တင်သွင်းခဲ့သည်။ ဆက်လက်၍ ၎င်းက '' . . . ရေလှောင်တမံရေလွှဲဆည် ၆၄ ခုသည် စိုက်ပျိုးရေ လုံးဝမပေးနိုင်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ ရေလှောင်တမံ ရေလွှဲဆည်များကို ဖွင့်ပွဲအခမ်းအနားများ ကျင်းပပြီးသော်လည်း ဆည်ရေသောက်စနစ်များ မပြီးသေးသဖြင့် လေးနှစ်မှ ၁၀ နှစ်အထိကြာသည့်တိုင် ရေပေးဝေနိုင်ခြင်း မရှိသေးသည်မှာ မဖြစ်သင့်ကြောင်း သုံးသပ်ရပါတယ်။ ထို့ကြောင့် ရေလှောင်တမံ၊ ရေလွှဲဆည်များ အသစ်တည်ဆောက်ခြင်းကို ရပ်တန့်ထားသင့်ပါတယ်'' ဟု တင်ပြခဲ့သည်။ အဆိုပါ ငွေစာရင်းကော်မတီ၏ အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ငါးဦးမှ ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောတူညီချက် ရယူခဲ့သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲဝင်းက ''ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီရဲ့ သုံးသပ်ချက်များဟာ အသေးစိတ်ကျပြီး စေ့စပ်သေချာစွာ လေ့လာထားတာဖြစ်တဲ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ မအောင်မြင်တဲ့ လုပ်ငန်းတစ်ခုအပေါ်မှာ ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ် တင်ပြထားတာတွေ့ရလို့ ကျွန်တော်တို့နိုင်ငံမှာ ကျင့်သုံးနေတဲ့ ပေါ်လစီအမှားတချို့ကို ပြုပြင်နိုင်ဖို့အတွက် လမ်းစပွင့်ပြီလို့ ယူဆပါတယ်'' ဟု ထောက်ခံပြောကြားခဲ့သည်။ ထိုအခါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက အဆိုပါအစီရင်ခံစာနှင့် ပတ်သက်၍ သ၀ဏ်လွှာ မူကြမ်းရေးကာ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments: