Friday, June 1, 2012

ကျီးကန်းငှက်နှင့် လေလွင့်နေသော အတွေးများ




ကျနော် မဲဆောက်မြို့ စီဒီစီ အထက်တန်းကျောင်းသို့ ဆရာတယောက်အဖြစ် မ၀င်ရောက်မီကာလက အချိန်များသည် ကျနော့်ဘ၀၏မှောင်မိုက်သော ကာလများဟုဆိုရပေမည်။
မဲဆောက်မြို့တွင် ကျောင်းဆရာအလုပ်ကို လာလျှောက်ရင်း မိတ်ဆွေတဦး၏ရုံးတွင် နှစ်လခန့် သောင်တင်နေခဲ့ပါသည်။ မဲဆောက်နှင့် ခပ်လှမ်းလှမ်းဝေးသော ကျေးလက်တွင် နေထိုင်ရသည့်အတွက် စိတ်လက်ပေါ့ပါးစွာ လမ်းလျှောက်ထွက်လိုက ထွက်၍ရပေသည်။ ကျနော်မိတ်ဆွေ၏ရုံးမှ မိနစ် ၃၀ ခန့်လျှောက်သွားလျှင် အရိပ်ကောင်းလှသည့် သစ်တောအုပ်လေးတခုသို့ ရောက်သည်။
ယင်းသစ်တောအုပ်လေးသည်ကား ကျနော့်အတွက် နွေ၏ပူပြင်းသောဒဏ်နှင့် လောကဓံတို့၏ ပူလောင်သောအပူမီးကို ငြိမ်းအေးစေသောနေရာတခု ဖြစ်လာခဲ့သည်။ ညနေ နေညိုချိန်တွင် တဦးတည်းလမ်းလျှောက်ထွက်ရင်း သစ်တောအုပ်လေးတွင် နားကာ မိမိအနာဂတ်ကို လမ်းမျှော်ရည်ရော်ရင်း စိတ်ကူးများဖြင့် ပြင်ဆင်နေသော အချိန်လည်း ဖြစ်ပေသည်။
နောက်မှ ကျနော်သတိထားမိလာသည်မှာ ကျနော်နေ့တိုင်းလိုလိုရောက်နေသော အရိပ်ကောင်းကောင်း သစ်တောအုပ်လေးနေရာကား ကျနော်တဦးတည်းသာမဟုတ်ဘဲ ကျီးကန်းများ၏ နားခိုရာလည်း ဖြစ်နေပေသည်။
တနေ့တွင် ကျနော်လမ်းလျှောက်ထွက်ရင်း ထိုသစ်တောအုပ်လေးသို့မရောက်မီ ခပ်ဝေးဝေးကပင် ကျီးကန်းတို့၏ အသံကို ကြားနေရသည်။ နေ့တိုင်းကဲ့သို့ တကောင်စနှစ်ကောင်စ အော်မြည်နေခြင်းမဟုတ်ဘဲ အုပ်လိုက် အော်နေကြခြင်း ဖြစ်သည်။
ကျနော်သည် စိတ်ဝင်စားသော ခြေလှမ်းများဖြင့် သစ်တောအုပ်သို့ ချဉ်းကပ်လာခဲ့မိသည်။ သစ်တောအုပ်သို့အရောက်တွင်ကား အခြားငှက်တကောင်ကို ကျီးကန်းအုပ်ကြီးက ၀ိုင်းဝန်းထိုးဆိတ် နေကြသည်ကို တွေ့ရသည်။ အထိုးဆိတ်ခံ ငှက်ကြီးမှာ အကောင်က ခပ်ထွားထွားကြီးမို့ ထိုးဆိတ်တိုက်ခိုက်နေရသည့် ကျီးကန်းတို့၏သတ္တိမှာလည်း မ၀ံမရဲ ဖြစ်နေလေသည်။
ထိုအမျိုးအမည်မသိ ငှက်ကြီးကလည်း အစမှာတော့ ခပ်တည်တည်ပင်။ သို့သော် ကျီကန်းတို့၏ နားမခံသာအောင် တကြော်ကြော် အော်နေမှုများနှင့် အုပ်လိုက်ကြီး တိုက်စစ်ဆင်ထိုးဆိတ်ရန် ချီတက်လာမှုများကို ကြောက်ရွံ့၍လားမသိ၊ ငှက်ကြီးမှာ ဝေးရာသို့ပျံတက် ပြေးထွက်သွားခဲ့သည်။ ငှက်ကြီးအဝေးကို ရောက်သွားမှ ကိုရွှေကျီးကန်းတို့သည်လည်း ယခင်လို ပိုနေမြဲကျားနေမြဲ ပြန်ဖြစ်သွားသည်ကို တွေ့ရသည်။ ထိုဖြစ်ရပ်အပြီး မိုးမချုပ်မီအချိန်လေးမှာတော့ ကျနော့်မိတ်ဆွေ၏ အိမ်သို့ ခြေဦးပြန်လှည့်လာခဲ့သည်။
နောက်တနေ့ နံနက်ပိုင်းတွင်လည်း ဟင်းရွက်များခူးရန် စိတ်ကူးဖြင့် အပြင်ကိုထွက်လာသော ကျနော်သည် ထိုသစ်တောအုပ်နားကို ရောက်ခဲ့ပြန်ပါသည်။ ထိုအခါကျမှ ကျီးကန်းတို့ဓလေ့မှာကား ထူးဆန်းလေစွဟု အောက်မေ့မိပါတော့သည်။ ကျနော်သည် အတန်အသင့် တို့စရာဟင်းသီးဟင်းရွက်များ ရရှိသွားပြီဖြစ်သည့်အတွက် ကျီးကန်းတို့၏ ဓလေ့ကို လေ့လာနေမိခြင်း ဖြစ်သည်။
ကြည့်။ မနေ့ကလိုမျိုး မျိုးမတူသောငှက်ကြီးကို ထိုးဆိတ်စဉ်တုန်းကကဲ့သို့ အုတ်အော်သောင်းနင်း အသံမျိုးမဟုတ်ဘဲ တကျွက်ကျွက်အော်မြည်ကာ အချင်းချင်း ထိုးဆိတ်နေကြသည်ကို ထူးဆန်းစွာ ကျနော်တွေ့မြင်နေရလေသည်။ အကောင်အရေအတွက် ၂၀ ကျော်မျှသာ ရှိပုံရသော ကျီးကန်းအုပ်သည် အချင်းချင်း ထိုးဆိတ်မှုများဖြင့် မည်သည့် ကျီးကန်းမှ အေးချမ်းစွာ မနေရဘဲ ကျွက်ကျွက်ညံကာ ပွဲပျက်နေသည်ကို ထူးထူးဆန်းဆန်း တွေ့ရှိရလေသည်။
ကျနော်သည် ယခင်က ကျီးကန်းဆိုသည်မှာ ငှက်တမျိုးသာ ဖြစ်သည်ဟု ခပ်ပေါ့ပေါ့ထင်မြင်ခဲ့သည်။ သို့ရာတွင် သည်နှစ်ရက်အတွင်း တွေ့မြင်ရသော ကျီးကန်းတို့၏ စရိုက်လက္ခဏာကို သတိထားမိခဲ့ပြီးနောက် ကျီးကန်းဆိုသည့် ငှက်များနှင့်ပတ်သက်၍ မိရိုးဖလာ အယူအဆတခုကိုပါ ပြန်ပြောင်းစဉ်းစားလာရသည်။ အတွေးများ၌လည်း သည်အကြောင်းက တစိမ့်စိမ့် စီးနင်းဝင်လာနေခဲ့သည်။
ကျနော်သည် ကျေးလက်တောရွာတွင် မွေးဖွာခဲ့သည့်အတွက် တောဓလေ့၊ တောအယူများနှင့် ယဉ်ပါးခဲ့ရသူ ဖြစ်ပါသည်။ ကျနော်ငယ်စဉ်က စတုတ္ထတန်း အတန်းတင်စာမေးပွဲကို အထက်တန်းကျောင်းရှိသည့် စနဲရွာတွင် ဖြေဆိုကြရသည်။ စနဲသည် ကျနော့်ရွာနှင့် ခြေလျင် ၃ နာရီကျော်လျှောက်ရသော အကွာအဝေးတွင် တည်ရှိသည်။
မှတ်မှတ်ရရ ငယ်ငယ်က ကျီးကန်းနှင့်ပတ်သက်သည့် အယူအဆတခုကို သွားသတိရမိသည်။ အတန်းတင် စာမေးပွဲ ဖြေဆိုရန်အတွက် အထုတ်အပိုးများဖြင့် ရွာမှအထွက်တွင် ဘယ်ဆီက ပျံလာမှန်းမသိသော ကျီးကန်းနှစ်ကောင်သည် ကျနော်တို့သွားမည့်လမ်းတွင် နားနေသည်ကို တွေ့ရသည့်အတွက် ကျနော်၏ ချစ်လှစွာသောအမေသည် နိမိတ်မကောင်းဟုဆိုကာ အိမ်ကိုပြနှ်လှည့်ခဲ့သည်။ နောက်တရက်မှ ငှက်မနိုးမီအချိန် ရွာကထွက်လာခဲ့သည်ကို ပြန်သတိရမိသည်။
တောဓလေ့တွင် ကျီးကန်းငှက်သည် ကောက်ကျစ်သည့် နိမိတ်ဆောင်သော အယူရှိသည်။ ကျီးကန်းငှက်သည် နိမိတ်မကောင်းသော သဘောကိုဆောင်သည် ဟူသောအယူများ ရှိနေသည်ကိုသတိရမိသည်။
ကျနော် နှစ်ရက်အတွင်း တွေ့မြင်ခဲ့ရသော ကျီးကန်းတို့သည်ကား ရန်သူဟုထင်ရသူနှင့် တွေ့သောအခါတွင် အုပ်စုလိုက် ထိုးဆိတ်ကာကွယ်ခဲ့သည်။ နောက်တနေ့ ရန်သူမရှိသောနေ့တွင်ကား ကိုယ့်အချင်းချင်း ထိုးဆိတ်နေပြန်သည်ကို စိတ်မကောင်းစွာ တွေ့မြင်ခဲ့ရသည်။ သို့နှင့်ပင် ကျနော်သည် ကျီးကန်းနှင့် ပတ်သက်သော အချက်အလက်များကို စုစည်းရှာဖွေ ဖတ်ရှုမိလေသည်။ စိတ်ဝင်စားဖွယ် ပါတကားဟု တွေးထင်မိသည်။
နောက်ရက်များတွင် ဗုဒ္ဓစာပေလာ ကျီးကန်းငှက်နှင့် ပတ်သက်သော အယူအဆများကိုပါ လေ့လာဖြစ်ခဲ့သည်။ အပြင်ပန်းအရောင်အားဖြင့် အမည်း(အမဲ) ရောင်ရှိသော ကျီးကန်းငှက်တို့၏ အော်သံသည်လည်း လူများ၏ သမုတ်တိနေရာတွင် မကောင်းခြင်း သဘောကို ဆောင်ကြောင်းတွေ့ရသည်။
ကျမ်းဂန်အချို့တွင် ကျီးကန်း၏ ဂုဏ်ကို ဖော်ပြထားခြင်းကိုသာတွေ့ရသည်။ “ဂုယှေ မေထုနံ” စသည်ဖြင့် ကျီးကန်းဂုဏ်ပုဒ်ကို ထုတ်ပြထားသည်။ ကျီးကန်းများသည် အဖော်အပေါင်းနှင့် နေကြသည်။ အစားအစာတွေ့သောအခါလည်း အဖော်အပေါင်းကို အသံပြုပြီးမှ စားကြသည်။ ရန်သူကို ဆန့်ကျင်သည့် နေရာ၌လည်း တစုတဝေး တညီတညွှတ်တည်း ဆန့်ကျင်ကြသည်။ မေထုန်ကိစ္စ အရာမှာကား အလွန်လျှို့ဝှက်ကြသည်။ ကျီးကန်း မေထုန်အမှုပြုသည်ကို မည်သူမျှ မြင်တွေ့ဖူးခြင်းမရှိပေ။ ထို့ကြောင့်ကျမ်းဂန်များတွင် လောကသမုတ္တိများနှင့် ဆန့်ကျင်စွာ ကျီးကန်းက ဂုဏ်ရှိသူ ဖြစ်နေပြန်သည်။   
သို့နှင့် ထိုတောအုပ်သို့ မရောက်ဖြစ်ခဲ့သည်မှာ ရက်သတ္တပတ်နီးပါးမျှ ကြာခဲ့ပြီးနောက် လမ်းလျှောက်ထွက်ရင်း နောက်တကြိမ် ရောက်ခဲ့ပြန်ပါသည်။ ယခုတခေါက်တွင်ကား ပိုမိုထူးကဲသော မြင်ကွင်းများကို ကျနော်တွေ့ခဲ့ရပြန်လေသည်။
ကျနော့်မျက်မှောက်ရှိ ကျီးကန်းတို့မှာကား ကျမ်းဂန်စာပေအလာနှင့် မကိုက်ညီဘဲ တကြော်ကြော်အော်ဟစ်ကာ အစာလုပွဲကြီး ကျင်းပနေကြလေသည်။ မည်သည့်အရပ်က ရလာမှန်းမသိသော အသားတစ်တတုံးကို တကောင်သော ကျီးက ချီယူလာစဉ် အခြားကျီးကန်းများက လုယူရန် ကြိုးပမ်းထိုးဆိတ်ကြသည်ကို မြင်တွေ့ရခြင်း ဖြစ်ပေသည်။
အချင်းချင်း လုယက်ထိုးဆိတ်မှုကြောင့် အသားတုံးလေးသည် အောက်ကိုပြုတ်ကျ သဲထဲရောက်လိုက်၊ ကျီးကန်းများကထိုးသုတ် ကိုက်ချီလိုက်နှင့် သံသရာချာချာလည်နေပါတော့သည်။ အချင်းချင်းထိုးဆိတ်မှုကြောင့် အချို့ကျီးကန်းငှက်များမှာ နှုတ်သီးမှ အရည်များပင် ထွက်ကျလာသည်ကို တွေ့နေရသည်။
ယခင်ကဆိုလျှင်လူနှင့်ပေ ၅၀ မျှပင် အကပ်မခံသော ကျီးကန်းတို့သည် ယခုတော့ မောပန်းနွန်းနယ်မှုကြောင့် လူသားတဦး ချဉ်းကပ်လာသည်ကိုပင် ဂရုမထားနိုင်ဘဲ အမောဖောက်ကာ နေလေတော့သည်။ လောဘဇော၊ ဒေါသဇော၊ မောဟဇောတို့သည် ကျီးကန်းတို့၏ကိုယ်ကို လွမ်းခြုံသွားပြီဖြစ်ရာ မိမိတို့အန္တရာယ်ကိုပင် ခမျာတို့ ယခင်လိုမမှုနိုင်ရှာလေတော့ပြီ။
ရန်သူကို အုပ်လိုက် ထိုးဆိတ်တတ်သော ကျီးကန်းငှက်၊ ရန်သူမရှိသောချိန်တွင်လည်း ချိုအေးကြည်မြ တေးဂီတ သီချင်းတို့ကို ဖွဲ့သီတေးမဆိုတတ်ဘဲ ကိုယ့်အချင်းချင်းသာ ထိုးဆိတ်လေ့ရှိသော ကျီးကန်းငှက်၊ ဆွေရင်း သားရင်း၏ အစားအစာကိုပင် ၀င်ရောက်လုယူတတ်သည့် ကျီးကန်းငှက်တို့၏ သဘာဝသည်ကား အချို့သောကျမ်းဂန်လာစာပေနှင့် ဖီလာဆန့်ကျင် ဖြစ်နေပါတကား ဟုကျနော်တွေးတောမိရင်း နေ၀င်ရီတရောအချိန်လေးတွင် မိတ်ဆွေကောင်းရှိရာ အိမ်ကို ခြေလှမ်း ခပ်စိတ်စိတ်လှမ်းရင်း လျှောက်ပြန်လာခဲ့ပါသည်။
တခုသောတောအုပ်မှ ကျီးကန်းငှက်တို့ အပြုအမူသည်ကား ကျနော့်၏နှလုံးအိမ်တွင် အချိန်ကာလတခုမှသည် နောင် ကျနော့်ဘ၀အစိတ်အပိုင်း မည်၍မည်မျှထိ စိုးမိုးနေမည်ကို ကျနော်ကိုယ်တိုင်ပင် မသိနိုင်တော့သည်မှာ ဧကန်ပင် ဖြစ်ပါတော့သည်။
မောင်ရမ္မာ

No comments: