Friday, September 7, 2012

ABSDF ဥက္ကဟောင်း ဒေါက်တာနိုင်အောင်နှင့်တွေ့ဆုံခြင်း.....

WEEKLY ELEVEN - VOL 7 - NO. 48 ( ၅.၉.၂၀၁၂ )မှကူးယူဖေါ်ပြပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လမ်းညွှန်မှုကို ခံယူချင် ပါတယ်ဆိုတဲ့ ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နှင့်တွေ့ဆုံခြင်း
ထွန်းနေအောင် (မြစ်မခ)
by Myit Makha Mediagroup on 7 Sep, 2012

မြန်မာနိုင်ငံသို့ ပြန်ရောက်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် အား ကချင်ပြည်နယ်မြောက်ပိုင်း ပါဂျောင် လူသတ်မှုအား စစ်ဆေးမည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ င်းအနေဖြင့် အဖွဲ့ထက် ကြားခံ တစ်ဦး၊တစ်ဖွဲ့ ဝင်ရောက်ဖြေရှင်းလျှင် သင့်တော်ကြောင်း အကြံပြုပြောဆိုသည်။
 
လွန်ခဲ့သော အနှစ် (၂ဝ)ခန့်က ဖြစ်ပွားခဲ့သည့် ABSDF မြောက်ပိုင်းစခန်းတွင် 'ရေလှိုင်း စစ်ဆင်ရေး' အောက် သူလျှိုဟု သံသယဖြစ်သူများကို သတ်ဖြတ်ခဲ့မှုနဲ့ စပ်လျှဉ်းကာ စုံစမ်းစစ်ဆေးကော်မရှင်အဖွဲ့က အမှုစစ်ဆေးသွားမည်ဖြစ်သည်။
 
ပြည်ပခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် အနေဖြင့် ယင်းအမှုတစ်ခုတည်းသာ မဟုတ်ဘဲ ရှေ့လျှောက်မည်သို့ ဆက်လက်ဆောင်ရွက် သွားမည်များနှင့်ပတ်သက်၍ မေးမြန်းချက်များအား ကောက်နှုတ်ဖော်ပြအပ်ပါသည်။
 
မေး။  ABSDF ဟာ ၂ဝ၁၃ခုနှစ်မတ်လမှာ တရားခံကို အပြီးသတ်ဖေါ်ထုတ်သွားမယ် ဆိုတာနဲ့ ပတ်သတ်ပြီးတော့ အခုနောက်ဆုံးခြေနေလေးကို သိချင်ပါတယ်။
 
ဖြေ။   ABSDF မှာ ကျွန်တော်က အစစ်ခံရမယ့်သူဖြစ်တာကိုး၊ အသေးစိတ်တော့ ကျွန်တော် မသိဘူး။ အခုထိတော့ လာပြီး အစစ်ခံပါလို့တော့ မပြောသေးဘူး။ ခင်မင်မှုအရတော့ ABSDF ခေါင်းဆောင်တွေကို ABSDF တွေ စစ်တာထက် ကြားလူးစစ်ရင် ပိုကောင်းတယ် လို့တော့ အကြုံပြုခဲ့တာပဲ။ ဒါကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကိုယ်အချင်းချင်း စစ်တယ်ဆိုတော့ ဘယ်လောက်မှန်မှန်လေ ဘက်လိုက်တယ်လို့ ထင်မှာစိုးလို့ပါ။
 
မေး။  ။ ခုချိန်ထိရော ABSDF  နဲ့ အဆက်သွယ်ရောရှိသေးလား ။
 
 ဖြေ။  ABSDF နဲ့ အချိတ်အဆက်တော့ ရှိပါတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုထဲမှာ ABSDF ဟာ အဖွဲ့ဝင်တစ်ခုအနေနဲ့ ပါပါတယ်။
 
မေး။  ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ရောတွေဖို့ အစီစဉ်များရှိပါသေးလား။
 
ဖြေ။   ။ ကျွန်တော်အနေနဲ့ အမှန်တိုင်းပြောရရင် မြန်မာပြည်ရောက်ရောက်ချင်းမှာ တွေ့ချင်တယ် ဆိုတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပါတယ်။ ခုချိန်ထိတော့ တွေ့ခွင့်မရသေးပါဘူး။ သူအင်မတန်မှ အလုပ်များနေတဲ့အချိန်ဖြစ်တယ်ဆိုတာ ကျွန်တော်နားလည်ထားပါတယ်။ တွေ့ခွင့် ရရင်တော့ တွေ့ချင်ပါတယ်။
 
မေး။  ။ တွေ့ဖြစ်ခဲ့ရင်ရော ဘယ်လိုကိစ္စမျိုးတွေကို အဓိကထားပြီး ဆွေးနွေးဖြစ်မှာပါလဲ။
 
ဖြေ။   ။ ပထမတစ်ခုအနေနဲ့ကတော့ ကျွန်တော်တို့ ခရီးစဉ်ထဲမှာ ရည်ရွယ်ချက်ရှိနေတဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ပေါ်ပေါက်ဖို့ကိစ္စရယ် အဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး တင်ပြထားတာရယ်။ အစိုးရနဲ့ ဆွေးနွေးထားတဲ့ ဆွေးနွေးထားချက်တွေရယ်။ ကျွန်တော်တို့  ရှေ့ဘာ လုပ်မလဲဆိုတဲ့ စဉ်းစားထား ချက်တွေကို ပြောချင်တယ်။ အချိန်ရမယ်ဆိုလို့ရှိရင်လည်း လတ်တလောNLD  အနေနဲ့ ကျွန်တော်တို့ကို   ဘယ်လိုလမ်းညွှန်မှု၊ အကြံဥာဏ်တွေ ပေးမလဲဆိုတာကိုလည်း နားထောင် ချင်ပါတယ်။
 
မေး။  ။ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေကရော မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးကို ထိရောက်ရောက်ပေါ့နော် ဘယ်လောက်ထိ လုပ်ပေးနိုင်ခဲ့ပါလဲ။
 
ဖြေ။   ။ ကျွန်တော်တို့ ၂၄ နှစ်လုံးလုံးမှာ မြန်မာပြည်ဆိုတဲ့အရေးကိစ္စကို နိုင်ငံတကာရဲ့ အမြဲတမ်းထိပ်ဆုံးက ပြောဆိုနေအောင် ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြတယ်။ နိုင်ငံ တကာက ဗမာပြည်ရဲ့အရေးကိစ္စတွေမှာ ပိတ်ဆို့အရေးယူမှုကိစ္စတွေ   ဖြစ်အောင်ကျွန်တော်တို့ ကြိုးစားခဲ့ရတာတွေ ရှိတယ်။ ဥပမာအနေနဲ့ပြောရရင်တော့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့ မဖြစ်မနေလုပ်ကြရမယ့်ကိစ္စ အဲဒါတွေကိုဖြစ်အောင်လုပ်ဖို့ နိုင်ငံတိုင်းရဲ့အစိုးရတိုင်းကို ပထမဆုံး အရေးကြီးတဲ့  ပေါ်လစီ အနေထားဖြစ်အောင် ကြိုးပမ်းခဲ့ ကြတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ရှိနေတဲ့ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီအင်အားစုတွေကြားမှာ ဗမာပြည်က တိုင်ရင်းသား အခွင့်အရေးတွေကို လုပ်ဆောင်သင့်ပါတယ်ဆိုတဲ့ အတွေးအမြင် နိုင်ငံရေးနားလည်မှုရအောင် ကြိုးစားပေးနိုင်ခဲ့တယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ၁၉၉၂ ခုနှစ် လောက်ထဲကပေါ့ဗျာ။ ဗမာပြည်မှာ လူထုအခြေပြုလူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်သင့်တယ်ဆိုတာကို နယ်စပ်ကနေ တတ်နိုင်တဲ့နည်းနဲ့ လုပ်ဆောင်ခဲ့ကြတယ်။ ဒီနေ့မီဒီယာလွတ်လပ်ခွင့်အပါအဝင် လယ်သမား တိုက်ပွဲပေါ့ဗျာ။ လူထုအခြေပြုအဖွဲ့အစည်းတွေ စပြီးဖွံ့ဖြိုးဖို့လုပ်လာကြတာတွေ တွေ့ရတော့ အရမ်းဝမ်းသာပါတယ်။ နောက်ဆုံးပြောချင်တာဘာလဲဆိုတော့ ကျွန်တော်တို့ အပြင်မှာ ရောက်နေကြတဲ့ ၈၈ ကသွားတဲ့မျိုးဆက်လူငယ်တွေကြားထဲမှာ ဗမာပြည်အရေး ဒီမိုကရေစီ အရေးဆိုတာက ကျွန်တော်တို့ အသက်လိုဖြစ်နေတဲ့ ကိစ္စတစ်ခုမျိုးဆိုတဲ့ ကိစ္စမျိုးမှာ ဒီနေ့ထက်ထိ ခံယူချက် ရှိနေနိုင်အောင် ကျွန်တော်တို့အားလုံး ကိုယ်စီကိုယ်ငှကြိုးစားနိုင်ခဲ့တယ်ပေါ့နော်။
 
မေး။  ။ လက်ရှိ (၈၈)မျိုးဆက်ကျောင်းသားတွေရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကို အစ်ကိုအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
 
ဖြေ။   ။ မီဒီယာတွေအပေါ်က ကြားရသလောက်ပဲ ရှိနေသေးတယ်။ ကျွန်တော်တို့ သေချာလည်း မမေးဖြစ်သေးဘူး။ သူတို့လည်း အခြေနေကို ဖန်တီးပြီးသွားနေရတဲ့ အနေအထားမျိုးဆိုတော့ ပွင့်လင်းလူ့အဖွဲ့ အစည်းကတော့ လောလောဆယ်မှာ လူထုကို အသိပညာပေးတဲ့ အလုပ်တွေ လိုက်လုပ်နေတယ်။ လူထုကနေပြီးတော့ ကိုယ့်အခွင့်ရေးကိုယ်ပြောနိုင်တဲ့ ပွင့်လင်းတဲ့ ယဉ်ကျေးမှု ဖြစ်အောင် လိုက်ပြီးလုပ် နေတဲ့ဟာမျိုးတော့ ကျွန်တော်တို့ ကြားရတယ်။ ကျွန်တော့် အနေနဲ့ပြော ရရင်တော့ (၈၈) မျိုးဆက်တွေက နိုင်ငံရေးပါတီ အလုပ်တွေမှာ ဝင်လုပ်နိုင်တဲ့ ပုံစံမျိုးဆို ပိုကောင်း လိမ့်မယ်လို့ထင်တယ်။ ဒါမှ မဟုတ်လို့ရှိရင်လည်း လူထုအခြေပြု အဖွဲ့အစည်းအလုပ်တွေ လုပ်မယ် ဆိုလို့ရှိရင်လည်း ဒါကို သေသေချာချာ အားသွန်ခွန်စိုက်နဲ့လုပ်ရင် ပိုကောင်းမယ်လို့ထင်တယ်။ လောလောဆယ်မှာတော့ သူတို့ အခြေနေက လူထုနဲ့ပိုပြီးတော့ ထိတွေ့ပြီးတော့မှ ဒီလိုယဉ်ကျေးမှု ခွန်အားဖြစ်မှုတွေဖြစ်အောင် ပညာပေးလုပ်နေတဲ့ အခြေနေပေါ့။ အဲဒီကနေပြီးတော့မှ သူတို့လည်း လူထုအသံတွေ နားထောင်ပြီးတော့မှ သူတို့ ဘယ်လိုလုပ်မလဲလို့ စဉ်းစားပြီးတော့ သွားနေတဲ့ ဖြစ်စဉ် တစ်ခုလို့တော့ လေလောဆယ် အဲလိုတော့မြင်တယ်။ တွေ့လို့ရှိရင်လည်း မေးကြည့်မယ်ပေါ့။ အကြံ ပြုမယ်ပေါ့။
 

No comments: