Thursday, September 6, 2012

လဒ ကြီး ပြုံးနေပြီ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြုံးနေသည်




ဗိုလ်ချုပ်မှူးကြီး သန်းရွှေပြုံးနေတာ အကြောင်းရှိပါတယ်။
ဒါကတော့ …….. 


အခုတလော ကျယ်ကျယ်လောင်လောင်ဖြစ်နေတဲ့ စကားလုံးတွေဖြစ်တဲ့ အပြင်နဲ့ အထဲ ဆိုတဲ့တာနဲ့ စ ကြရမှာပါ။ ဒီ အပြင်နဲ့ အထဲ ဆိုတဲ့ ၂ မျိုးက ဘာတွေ ကွာခြားသလဲ။ 

နေစဉ် ဖြတ်သန်းမှုတွေပေါ် အခြေခံပြီး အတွေးတွေ အမြင်တွေကွာတယ်။ ရှု့မြင်တဲ့နေရာမှာ အပြင်က လူက အဝေးမြင် (Macro View) အားကောင်းတယ်။ အထဲက လူက အနီးမြင် (Micro View) အားကောင်း တယ်။ 


အခု စာရေးသူက အဲဒီ အမျိုးအစား ၂ မျိုးလုံးမှာ ပါဝင်သူဖြစ်တယ်။ ဘယ်ဖက်ကိုမှ ရှေ့နေလိုက်နေမှာ မဟုတ် သလို၊ အမြင်ကို အမြင်အတိုင်း၊ အရှိကို အရှိအတိုင်း ရေးပြမှာဖြစ်ပါတယ်။ 


ကျနော်ဟာ စစ်အစိုးရ လက်ထက်က သေဒဏ်ကျခံရပြီး အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၁၉ နှစ်နီးပါး နေခဲ့ ရသူ ပါ။ ထောင်က လွတ်လာပြီး မကြာသေးမီ ၂ နှစ်လောက်ကမှ ပြည်ပကို ထွက်လာခဲ့ပြီး ပြည်ပက ဘယ်နိုင်ငံရေး အဖွဲ့မှာမှ ပါဝင်လှုပ်ရှားသူမဟုတ်ဘဲ သတင်းသမား သက်သက် လုပ်နေသူလည်းဖြစ်ပါ တယ်။ 


ပြောရမယ်ဆိုရင် အကျဉ်းသား ဘ၀ကတည်းက သတင်းသမား လုပ်ခဲ့သူပါ။ 


အပြင်လူ၊ အထဲလူ ဆိုတာမှာ ကွာခြားချက်တွေက အများကြီးပါဘဲ။ အသေးစိပ်ပြောနေရရင် စာ သိပ်ရှည် သွားပါမယ်။ 


အဓိက ပြောချင်တာက အထဲကလူတွေရဲ့ စကားတွေထဲမှာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကြောင့် ထောင် ထဲ နှစ် ပေါင်းများစွာ နေပြီး ဘ၀ကို အသက်ရှင်အောင် တရက်ချင်းဖြတ်သန်းခဲ့ရ၊ တဦးချင်းဘ၀ကနေ မိသားစု ဘ၀ ထိ တစစီ ကြွေကျ၊ ကြေမွခဲ့ရတယ်။


ဒါက ထောင်ကျနိုင်ငံရေးအကျဉ်းသား ဘ၀တွေရဲ့ အဓိက ပေးဆပ်လိုက်ရတဲ့အဖြစ်။ လူတိုင်း ဒါကို သေချာ နား မလည်နိုင်ဘူး။ ဒီနေရာမှာ  ထောင်ကျ နိုင်ငံရေးသမားတိုင်း နိုင်ငံ ချစ်တယ်မထင်နဲ့၊ တချို့က ဘာမှန်း မသိ ဘဲ ထောင်ကျခဲ့တဲ့သူတွေ ရှိတယ်။ တချို့က ထောင်ကျခဲ့တာအတွက် တခုခု ပြန်ရယူချင်တာရှိတယ်။


ဒီလိုဘဲ အပြင်က လူဆိုတွေက အထဲက ခုနလူတွေ ထောင်နန်းတွေ စံနေချိန်၊ မြန်မာပြည်မှာတော့ ဒီလို ဒီလို တွေ ရှိနေတယ်ဆိုတာကို ကမ္ဘာ့နားစည်းနား ကပ်ပြီး ကုန်းအော်ခဲ့ကြတဲ့သူတွေ၊ သူတို့ အော်ဖို့ အများစုက သူ တို့ ပိုက်ဆံ သူတို့ ချွေးနည်းစာနဲ့ သံရုံးတကာရှေ့သွား၊ အနှိမ်ခံ အထင်သေး ခံပြီး အော် ခဲ့ကြတယ်။ အပြင်က ကမ်ပိန်း လုပ်တဲ့သူတိုင်း တိုင်းပြည် ကောင်းစားဖို့ လုပ်တယ် မထင်နဲ့၊ တချို့ လုပ်စားရှိတယ်။ 


ဘာပြောပြော ဒါတွေကြောင့် မြန်မာကို ကမ္ဘာသိခဲ့ကြတယ်။ သူတို့လို အပြင်က လူတွေက နိုင်ငံတကာမှာ ဘာ တွေ ဖြစ်နေတယ်၊ မြန်မာနိုင်ငံနဲ့ ကမ္ဘာနဲ့ ဘာတွေကွာခြား တယ်။ မြန်မာဟာ ကမ္ဘာ့ရေစီးချောင်းထဲ ဘယ်လို အတူ စီးခွင့် ရမလဲ တောတိုးရှာနေခဲ့ကြတယ်။ 


ဒီလို မတူတဲ့ ဘ၀ဖြတ်သန်းမှုတွေနဲ့ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအတွက် အထဲက လူရော၊ အပြင်က လူရော ရင်းကြရတယ်။ အထဲကလူတွေက ဘ၀တွေ ရင်းကြတယ်။ အပြင်ကလည်းတွေလည်း ဘ၀တွေ ရင်းကြတယ်။ 


ပြောကြတယ်။ အပြင်ကလူတွေက ထောင်ဆိုတာ မကျဘူး ဖူး။ မှန်တယ်၊ ဒီမိုကရေစီ နိုင်ငံ ဒါမှ မဟုတ် ဒီမိုက ရေစီ အသင့်အတင့် ရှိတဲ့ နိုင်ငံတွေမှာ နေကြရတယ်။ ဒီကနေ့ အလုပ်မလုပ်ရင် မနက်ဖြန်အတွက် သူ့ အသက် ဆက်ရှင်ဖို့ မလွယ်တဲ့ ပြိုင်ဆိုင်မှု အရှိန်မြင့်တဲ့ လူ့အဖွဲ့အစည်းမှာနေကြရတယ်။ ဘာတခုမှ သူတို့ အလကား မရ ဘူး။ သူတို့ အားလုံးနီးပါး တဦးချင်းဘ၀၊ မိသားစု ဘ၀တွေ စား၊ ၀တ်၊ နေ၊ ရေး အတွက် နေ့စဉ် ရုန်းကန် နေကြရတယ်။



အထဲက လူတွေက အပြင်ကလူတွေကို ပိုက်ဆံ လွယ်လွယ်ရကြတဲ့လူတွေ၊ ဒေါ်လာ စားတွေလို့ ကင်ပွန်းတပ် ကြတယ်။ လုံးဝ ( လုံးဝ ) မှားတယ်။ နိုင်ငံတကာမှာ ရောက်နေကြတဲ့ မြန်မာဆိုတာတွေ ဟာ မြန်မာစံတော်ချိန် နဲ့ အလုပ်လုပ်လို့ မရဘူး။ အားလုံး နိုင်ငံတကာ စံတော်ချိန်နဲ့ လုပ်ကိုင်ကြိုး စားနေကြရတယ်။ 


ဆိုလိုတာက မြန်မာ့နည်း၊ မြန်မာ့ဟန် ဘော်ဒါ ကဏ္ဍတွေ ဘာတွေ နိုင်ငံတကာမှ မရှိဘူး။ အခု မဟုတ်ရင် အခု ဖြုတ်၊ မြောင်းထဲ ရောက်သွားမှာ။ အလုပ်လုပ်တဲ့အချိန်မှာလည်း မြန်မာ့နည်း၊ မြန်မာ့ဟန် ၀တ်ကျေ တန်းကျေ လုပ်လို့ မရဘူး။ ပြဲနေအောင် ရုန်းကန်နေကြရတယ်။ အဲဒီအထဲက ချွေးနည်းစာလေးတွေ စုဆောင်းပြီး အထဲက လူတွေ လှုပ်ရှားမှုတွေအတွက် ထောက်ပံ့ကူညီကြတယ်။ 


ဒီနေရာမှာ ခြွင်းချက်အနေနဲ့ ကိုယ်ကျိုးရှာ လုပ်စား လက်တဆုပ်စာ မပါဘူး။ ပြည်ပရောက် မြန်မာ အများစုကြီး ကိုပြောတာ။ 


နောက် အထဲက ထောင်တွေကျပြီးပြန်ထွက်လာခဲ့တဲ့သူတွေမှာ ခွဲခြားပြောရမယ်ဆိုရင် အမျိုးမျိုးရှိတယ်။ တ စိုက် မတ်မတ် နိုင်ငံအတွက်၊ ပြည်သူ့ အတွက်ပဲဆိုပြီး အမြဲကိုယ့်ကိုယ်ကို သွေးပြီး အဆုံးထိ ဆက်လျှောက် မယ့် လူမျိုးတွေက ဇကာတင်ကျန်ခဲ့တဲ့သူတွေ။ 



တကယ်ဆို တိုင်းပြည်အကျိုးအတွက် အထဲနဲ့ အပြင်လူတွေရဲ့ မတူကွဲပြားတဲ့ အတွေးအမြင်၊ အတွေ့အကြုံတွေကို ပေါင်းစပ်ကြရမှာ။ အစက ပြောခဲ့သူတွေလို Macro View နဲ့ Micro View အားကောင်းတာတွေကို စုစည်း လိုက်ကြရမှာ။ 

အပြင်တွေ၊ အတွင်းတွေ၊ မြောက်ပိုင်းတွေ၊ တောင်ပိုင်းတွေ၊ ပါတီတွေ မပါတီတွေနဲ့ ထောင်ချောက်တွေထဲ  သက်ဆင်းသူ ဆင်း၊ နင်းသူနင်းနဲ့။ 



တိုင်းပြည်ရဲ့ အဓိက ရန်သူဟာ ဘာလဲ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဖျက်ဆီးနင်းခြေနေသူတွေ။ ရန်သူ အစစ်ကို ပျောက်ပြီး အချင်းချင်း ရန်သူတွေ ထင်လို့၊ ဒီအကွက်ကြီးကိုဖန်တီးထားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဘေးက ထိုင်ကြည့်ပြီး ပြုံးနေလေရဲ့ ။ 


မိတ်ဆွေတွေ ရန်သူဖြစ်၊ ရန်သူတွေ မိတ်ဆွေဖြစ်နေကြတဲ့ အလွန်လှတဲ့ အကွက်။ 


အထဲက လူတွေကလည်း အပြင်က လူတွေကို အသိအမှတ်ပြု သင့်သလို အပြင်ကလူတွေကလည်း အထဲကလူ တွေကို အသိ အမှတ်ပြုသင့်တယ်။ အပြင်နဲ့ အတွင်း ဘယ်လို ပေါင်းစပ်ကြမလဲ အဖြေရှာကြ ရမှာက အဓိက လုပ် ရမယ့် အလုပ်။ ဒါကို တချို့ မေ့နေကြတယ်ထင်လို့ ဒီစာရေးလိုက်တာပါ။

No comments: