Saturday, September 15, 2012

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူးရေးတွင် ဒါရိုက်တာ ဦးဝင်းဖေ ပါဝင်မည် မဟုတ်ဟု ပြောကြား



အနုပညာသတင်း — ရန်ကုန်၊ စက်တင်ဘာ ၁ဝ၊ ၂ဝ၁၂
မြန်မာပြည်မှ ၁၈ နှစ်တာ ခွဲခွာခဲ့ပြီး အမေရိကန် ပြည်ထောင်စုတွင် နေထိုင်လျက် ရှိသည့် ပန်းချီ၊ စာပေ၊ ရုပ်ရှင် ဒါရိုက်တာကြီး အကယ်ဒမီ ဦးဝင်းဖေနှင့် အတူ တေးသံရှင် မီမီဝင်းဖေတို့သည် စက်တင်ဘာ ၈ ရက်၊ နံနက်ပိုင်း က ထိုင်းလေကြောင်း ခရီးဖြင့် မြန်မာပြည်သို့ ခေတ္တ ပြန်လည် ရောက်ရှိ ခဲ့ပါသည်။ ပြင်ပလောကတွင် ဗိုလ်ချုပ် အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူးရန် အတွက် ဒါရိုက်တာ ဦးဝင်းဖေက ပါဝင်ဆောင်ရွက်မည် ဆိုသည့် သတင်းများ ထွက်ပေါ်နေမှု နှင့်ပတ်သက်ပြီး ဦးဝင်းဖေက ပြော ကြားရာတွင် မိမိအနေဖြင့် ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ ရိုက်ကူးရေးကို အသေအချာ မသိကြောင်း၊ ယင်းရုပ်ရှင် ရိုက်ကူးရေး အတွက် ပြန်လာခြင်း မဟုတ်ကြောင်း၊  ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူးရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းမည်ဆိုသည့် စောစောပိုင်း ကာလက မိမိအား ဆက်သွယ်ခဲ့ကြောင်း၊ နောက်ပိုင်း အမှန်တကယ် ကော်မတီ ဖွဲ့သည့်အခါ ထပ်မံ ဆက်သွယ်ခြင်း မရှိခဲ့ကြောင်း၊ ပြည်ပ   နိုင်ငံတွင် နေထိုင်သည့်အတွက် ဆက်သွယ်မှု အခက်အခဲ ဖြစ်သွားသည်ဟုသာ ယူဆကြောင်း ပြောကြားပါသည်။
မြန်မာပြည်သို့ ရောက်ရှိနေသည့် စာရေးဆရာ၊ ဒါရိုက်တာ၊ ပန်းချီ ဝင်းဖေ ကိုတွေ့ရစဉ်
မြန်မာပြည်သို့ ရောက်ရှိနေသည့် စာရေးဆရာ၊ ဒါရိုက်တာ၊ ပန်းချီ ဝင်းဖေ ကိုတွေ့ရစဉ်
ကော်မတီ ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ဆက်လက် ပြောကြားရာတွင် မိမိအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရိုက်ကူးရေး ကော်မတီတွင် တစ်စုံတစ်ရာအကြံအဥာဏ်ပေးခြင်း၊ တာဝန်ရှိခြင်းတို့ လုံးဝမရှိခဲ့ ကြောင်း၊ ယခုရိုက်ကူးရေး အတွက် ဆောင်ရွက်နေသည့် အခြေအနေသည် အတိုင်းအတာ တစ်ခုအထိ ခရီးရောက်နေပြီ ဖြစ်၍ မိမိအနေဖြင့် မည်သို့မျှ မသုံးသပ်လိုကြောင်း ပြောကြားခဲ့ပါသည်။
သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ အခြေအနေအား ဦးဝင်းဖေက ဆက်လက် ပြောကြားရာတွင် အခွင့်အရေး တစ်ရပ် ရလာပြီဆိုရင် အခွင့်အရေးကို ရယူရမှာဖြစ်ကြောင်း၊ အခွင့်အရေးကို ယူသည့်အခါမှာ လွန်လွန် ကျူးကျူး မဖြစ်ဖို့နှင့် အလွဲသုံးစားမှု မရှိဖို့ အလွန် အရေးကြီးကြောင်း၊ ရရှိလာသည့် အခွင့်အရေးများကို မထိန်းသိမ်း သည့်အတွက် ဆုံးရှုံးမှုများစွာ ရှိခဲ့ကြောင်း၊ အခွင့်အရေးကို ချုပ်ချယ်ချင်သည့် သူကြောင့် မဟုတ်ဘဲ အခွင့်အရေး ယူသည့်သူများ အနေဖြင့် မထိန်းသိမ်းနိုင်ဘဲ အလွဲသုံးစား လုပ်မှုများ ရှိခဲ့ကြောင်း၊ ယင်းအခြေအနေများကို တင်းတင်း ကြပ်ကြပ် ထိန်းချုပ်ရန် လိုအပ်ကြောင်း၊ အခွင့်အရေးများ ရရှိအောင် ကြိုးကြိုးစားစားဖြင့် တောင်းခံကြရန် လိုအပ်ကြောင်း၊ ရရှိလာသည့် အခွင့်အရေးများကို သုံး ဖြစ်အောင် သုံးကြရမှာ ဖြစ်ကြောင်း၊ အလွဲသုံးစားမှုများကို ရှောင်ရှားရမှာ ဖြစ်   ကြောင်း၊ ယင်းကိစ္စသည် လွန်စွာ အရေးကြီးကြောင်း၊ အကျင့်ပျက်မှုများကြောင့် ပြန်လည် ဆုံးရှုံးသွား မည်ဆိုလျှင် လွန်စွာ ကြေကွဲစရာ ကောင်းကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

No comments: