Monday, September 17, 2012

လက်ပံတောင်း သင်ခန်းစာ




လက်ပံတောင်းတောင် လူထု လှုပ်ရှားမှုဟာ ကျနော်တို့ကို သင်ခန်းစာတွေ
အများကြီးပေးတယ်။ လက်ပံတောင်း အဖြစ် အပျက်ကို ကျနော်တို့ လေ့လာဖို့
သင်ခန်းစာယူဖို့နဲ့ နောက်နောင်မှာ ဒီလို အမှားမျိုး ထပ်ပြီး
မကြုံတွေ့အောင် ပြင်ဆင်ကြဖို့ လိုပါမယ်။

လက်ပံတောင်းမှာ ရှုံးခဲ့သလား

လက်ပံတောင်း လှုပ်ရှားမှုမှာ လူထုဘက်က ရှုံးနိမ့်တယ်။ အပြီးအပိုင်
ပြတ်ပြတ်သားသား ရှုံးနိမ့်သွားပြီလား ဆိုတာ ပြောဖို့စောသေး ပေမဲ့
အနည်းဆုံး ယာယီတော့ ရှုံးနိမ့်သွားတယ်။ ဘာ့ကြောင့် ရှုံးသလဲ။
နောင်မရှုံးအောင် ဘယ်လို လုပ်မလဲ။ ဒီအဖြေကို ဖြေဖို့ အတွက်
လက်ပံတောင်းဖြစ်စဉ်ကို ပြန်သုံးသပ်ကြည့်ချင်ပါတယ်။

လက်ပံတောင်းလူထုလှုပ်ရှားမှု ဘာ့ကြောင့် ရှုံးတယ်လို့ ကျနော် ပြောသလဲ။
ဒါကို အရင်ဆုံးရှင်းချင်ပါတယ်။

လက်ပံတောင်းမှာ လယ်တွေ ဧက တသောင်းကျော် (ကုမ္ပဏီဘက်က အတည်ပြုတဲ့ အရေအတွက်
ဧက ၇၈၀၀) ကို ဦးပိုင်နဲ့ ဝမ်ပေါင် ဖက်စပ်ကုမ္ပဏီက လှည့်ဖျား
သိမ်းယူခဲ့တယ်။ စတင်သိမ်းယူစဉ်တုန်းက ၃ နှစ်ပဲ သိမ်းမှာပါလို့ ပြောပြီး
သုံးနှစ်စာ သီးနှံလျော်ကြေး ငါးသိန်းကျော် ပေးသိမ်းခဲ့တယ်။ ခုတော့ နှစ်
၆၀ သိမ်းမယ်လို့ ပြောတယ်။ ဒါဟာ ဂုဏ်သိက္ခာမဲ့ လိမ်ညာ
လှည့်ဖျားခြင်းဖြစ်သလို အာဏာ အလွဲသုံးစားလုပ်ပြီး အဓမ္မလုပ်တာလည်း
ဖြစ်တယ်။

ကုမ္ပဏီက စီမံကိန်း စတင်ပြီး ၇ လ ၈ လအကြာမှာ ဒေသခံပြည်သူတွေ သောက်သုံးတဲ့
တွင်းရေတွေတောင်ငံလာတယ်။ မြေအောက် ရေကြောထဲ အထိ ဓါတု အဆိပ်အတောက်တွေ
စိမ့်ဝင်လာတယ်။ ဒေသတခုလုံးရဲ့ ကျန်းမာရေး ပျက်စီးယိုယွင်းမယ့် အန္တရာယ်ကို
ရင်ဆိုင် လာရတယ်။ လက်ပံတောင်းတောင်ကြီး တခုလုံး ပျက်ပြုန်းမယ့်
အန္တရာယ်ကို ရင်ဆိုင်ရတယ်။ ဓါတု အဆိပ်သင့် မြေစာတွေကို လယ်တွေထဲမှာ
ပုံတယ်။ ဒါတွေကြောင့် လယ်သမားတွေက ဆန္ဒပြကြတယ်။ ကန့်ကွက်ကြတယ်။
အရေးဆိုကြတယ်။

လယ်သမားတွေလိုချင်တာက သိမ်းထားတဲ့ လယ်တွေ ပြန်ရဖို့နဲ့ လက်ပံတောင်းကြေးနီ
စီမံကိန်း ရပ်ပေးဖို့။ ဒါဟာ အဓိက အချက်နှစ် ချက် ဖြစ်တယ်။ အခု ဒီအဓိက
အချက်နှစ်ချက်မှာ ကိုယ်တောင်းဆိုတာ တပြားတချပ်မှ မရဘဲ လူထုလှုပ်ရှားမှု
ရပ်တန့်သွားတယ်။ ဒါ့ကြောင့် လက်ပံတောင်း အရေး ရှုံးနိမ့်တယ်လို့ ကျနော်
ပြောတာ ဖြစ်ပါတယ်။

လူထုဘက်က အခု ဆုတ်ပေးလိုက်ရတဲ့ပုံစံဟာ ၈၈ လူထု လှုပ်ရှားမှုတို့၊ ၂၀၀၇
သံဃာ့အရေးတော်ပုံတို့နဲ့ ပုံစံမတူဘူး။ ၈၈ တို့ ၂၀၀၇ တို့ ဟာ ရှုံးတာ
မဟုတ်ဘူး။ စစ်တပ်က မတန်တဆ အင်အားသုံးသတ်ဖြတ်လို့ ယာယီ
နောက်ဆုတ်ပေးလိုက်ရတာသာ ဖြစ်တယ်။ အရေး အခင်းတွေ ပြီးတဲ့ အချိန်မှာ
စစ်အာဏာရှင်တွေဟာ ကြောက်ဒူးတုန်ပြီး ကျန်ခဲ့တယ်။ နောက်ထပ် အချိန်မရွေး
လူထု လှုပ်ရှားမှု ထပ်ဖြစ်  နိုင်တယ် ဆိုတဲ့ အသိနဲ့ မအိပ်နိုင်၊
မစားနိုင်ဘဲ ကျန်ရစ်ခဲ့ကြတယ်။ လူထုဘက်ကလည်း အခွင့်အခါရတာနဲ့ နောက်တခါ
ထပ်ချဖို့ အဆင် သင့်ဖြစ်နေတယ်။ ဒါကို သူတို့လည်း သိတယ်။ ၈၈
ပြီးတဲ့နောက်မှာ ၉၀ ရွေးကောက်ပွဲ လုပ်ပေးရတယ်။ ၂၀၀၇ ပြီးတဲ့ နောက်မှာ
၂၀၁၀ ရွေးကောက်ပွဲ လုပ်ပေး ရတယ်။  ဒီလှုပ်ရှားမှုတွေကို ရှုံးတယ်လို့
မခေါ်ဘူး။ အင်အားမမျှလို့ ယာယီနောက်ဆုတ်ပေးလိုက်ရတာသာ ဖြစ်တယ်။

အခု ဒီလက်ပံတောင်းအရေးမှာတော့ လယ်သမားတွေကိုယ်တိုင်က အားလျှော့ပြီး
နောက်ဆုတ်သွားကြတယ်။ လက်နက်နဲ့ ချေမှုန်းလို့ အားမတန်
မာန်လျော့လိုက်ရတာမျိုး မဟုတ်ဘဲ၊ စိတ်ပျက်ပြီး နောက်ဆုတ်သွားတဲ့
အခြေအနေမျိုးဖြစ်နေတယ်။ ဒါ့ကြောင့် ဒီပွဲရှုံးတယ် လို့ ကျနော်ဆိုတာ
ဖြစ်ပါတယ်။ (နောက်တကြိမ်ပြန်စနိုင်ရင် အခုအရှုံးကို ယာယီ အရှုံး လို့
သတ်မှတ်ရမှာ ဖြစ်ပြီး နောက်တခါ ပြန်မစနိုင်တဲ့ အထိ စိတ်ဓါတ်ပါ
အညွန့်ကျိုးသွားခဲ့ရင်တော့ အပြီးအပိုင် ရှုံးနိမ့်သွားပြီလို့ ဆိုရမှာ
ဖြစ်ပါတယ်။ )

လူထု လှုပ်ရှားမှု တရပ်ဟာ ဘယ်လို အခြေအနေမှာ ရှုံးတတ်သလဲ

လူထု လှုပ်ရှားမှုတခု ဆိုတာ တော်ရုံတန်ရုံနဲ့ ရှုံးခဲလှတယ်။ လက်နက်အင်အား
မတန်တဆနဲ့ ဖိနှိပ်ရင်တောင် ယာယီပဲ အရေးနိမ့်တယ်။ အမြဲမရှုံးဘူး။
စိတ်ဓါတ်မသေဘူး။ စိတ်ဓါတ်မသေရင် ယာယီ နောက်ဆုတ်ပေးလိုက်ရပေမဲ့
နောင်အခါမှာ ပြန်ရှင်သန်တာပဲ။ လှုပ်ရှားမှု ရှေ့ဆက်ချီတက်တာပဲ။ ဗမာပြည်မှာ
ဒီလို ဥပမာတွေ အများကြီးရှိတယ်။ သမိုင်းတလျှောက်
ကျောင်းသားလှုပ်ရှားမှုတွေဟာ ဒီလိုနည်းနဲ့ လက်ဆင့်ကမ်း ချီတက်ခဲ့ကြတာပဲ။
ဖဆပလခေတ် အောက်တိုဘာ ကျောင်းတလပိတ်အရေးအခင်းတုန်းကလည်း
ဖြိုခွဲနှိမ်နင်းတာ ခံခဲ့ရ တာပဲ။ ဒါပေမဲ့ စိတ်ဓါတ်သေမသွားဘူး။ စစ်အစိုးရ
အာဏာသိမ်းတဲ့အချိန်မှာ ရှေ့ဆုံးကပဲ ပြန်ထွက်ကန့်ကွက် ဆန့်ကျင်ခဲ့တာပဲ။
အဲဒီဇူလိုင် ၇ ရက် အရေးတော်ပုံကြီးမှာဆိုရင် ကျောင်းသား
ရာကျော်သတ်ဖြတ်ခဲ့တယ်။ သမဂ္ဂ အဆောက်အဦကြီးကို ဒိုင်းနမိုက်နဲ့
ဖြိုခွဲပစ်တယ်။ လက်နက် အင်အားကို မတန်တဆ အစွမ်းကုန် သုံးပြလိုက်တာပဲ။
အရက်စက်ဆုံး ချေမှုန်းနှိမ်နင်းတာပဲ။ ဒါပေမဲ့ လူသာရာကျော်
သေအောင်သတ်နိုင်လိုက်တယ်။ ခွပ်ဒေါင်းစိတ်ဓါတ်ကို မသတ်လိုက်နိုင်ဘူး။

ခွပ်ဒေါင်း စိတ်ဓါတ်ကို မသတ်နိုင်လို့ နောင်အခါမှာ အလုပ်သမားအရေး အခင်း၊
ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့် စတဲ့ ကျောင်းသား လှုပ်ရှားမှုကြီးတွေ
ဆက်လက် ပေါ်ထွက်လာခဲ့တယ်။ ဘာ့ကြောင့် ဒီလို ဆက်လက် ပေါ်ထွက်နေသလဲ။
စိတ်ဓါတ်ကို မသတ်နိုင်လို့။ မတရားမှုကို ခေါင်းငုံ့ မခံဘူးဆိုတဲ့
စိတ်ဓါတ်ကို မသတ်နိုင်လို့။

၈၈ အရေးတော်ပုံကြီးမှာလည်း ကြည့်ပါ။ တနိုင်ငံလုံး နေရာအနှံ့ အပြားမှာ
လူတွေ အမြောက်အများကို ရက်ရက်စက်စက် သတ်တာပဲ။  အဲသလို သတ်ပြီးတဲ့နောက်
နှစ်ပေါင်း ၂၀ ကျော်ကြာအောင် နည်းမျိုးစုံနဲ့ သတ်ဖြတ်တာတွေ၊
ထောင်ချတာတွေ၊ အဆိုးဝါးဆုံး နှိပ်စက် ညှင်းပန်းတာတွေ
ရက်ရက်စက်စက်လုပ်တာပဲ။ လူထုက အလျော့မပေးဘူး။ နှိပ်စက်တဲ့ကြား၊
သတ်ဖြတ်တဲ့ကြား၊ ထောင်ချတဲ့ကြားက နေ ဆက်လက်ပြီး တိုက်ပွဲဝင်တော့ ၈၈
အရေးတော်ပုံကြီးရဲ့ နောက်ဆက်တွဲဟာ ဒီနေ့ အထိ နိဂုံးမချုပ်နိုင်ဘဲ
တိုက်ပွဲ ရေရှည်ခဲ့တယ်။

ဒီဥပမာတွေက ဘာကို ပြသလဲဆိုတော့ စိတ်ဓါတ်ကိုသေအောင် မသတ်နိုင်ရင်
လူထုလှုပ်ရှားမှု တခုဟာ ဘယ်တော့မှ မရှုံးဘူးဆိုတာ ကို ပြတယ်။

ဒီတော့ လူထု လှုပ်ရှားမှု တခုဟာ ဘယ်လို အခါမှာ ရှုံးတတ်သလဲ။
လူထုကိုယ်တိုင်က အရှုံးကို လက်ခံသွားတဲ့ အခါမျိုးမှာ ရှုံးတတ်ပါ တယ်။
လူထုကို အညံ့ခံ စိတ်ဓါတ်သွတ်သွင်းပေးတာကို ခံရရင် ရှုံးတတ်ပါတယ်။ လူထုက
သူတို့ လုပ်နေတဲ့ အလုပ်ဟာ မှန်မှမှန်ရဲ့လား တရားမှ တရားရဲ့လား။ ငါတို့ကို
ကျန်တဲ့ ပြည်သူတွေကို ထောက်မှထောက်ခံရဲ့လား ဆိုပြီး ဇဝေဇဝါဖြစ်လာရင်
တွေဝေလာရင် ရှုံးတတ်ပါ တယ်။

အခုလက်ပံတောင်း ဖြစ်စဉ်ကို ကြည့်ရင် ပထမ အစော်ကားခံရတယ်၊
အဓမ္မမြေသိမ်းခံရတယ်။ ဒုတိယ မကျေနပ်လို့ ဆန့်ကျင် တောင်းဆိုတယ်။ တတိယအဆင့်
အာဏာပိုင်ဘက်က ဖိနှိပ်၊ ဖမ်းဆီး ညှင်းပန်းတယ်။ စတုတ္ထ အဆင့် ဖမ်းထားတဲ့
လူပြန်လွှတ်တယ်။ စာရင်းချုပ်ကြည့်ရင် လယ်သမားတွေဘက်က အလုပ်ပျက်တာ၊
အချုပ်ထဲ သွားအိပ်လိုက်ရတာ၊ လူပင်ပန်းတာ၊ ဆံပင်ဆောင့်ဆွဲ ရိုက်နှက်တာတွေ
ခံလိုက်ရတာတွေသာ အဖတ်တင်တယ်။ ဘာတခုမှ မရလိုက်ဘူး။ ဒါပေမဲ့ ဒီမှာတင် ပွဲက
ရပ်သွားတယ်။ ဒါ့ကြောင့် ဒီပွဲ ရှုံးတယ်။

လက်ပံတောင်း ဘာ့ကြောင့် ရှုံးရသလဲ

ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် လူထု ဆန္ဒပြပွဲတွေမှာ
အောင်ပွဲခံခဲ့တာတွေ အများကြီးရှိတယ်။

အထင်ရှားဆုံး အောင်ပွဲက မြစ်ဆုံအောင်ပွဲပါ။ ပြည်သူလူထုက သိပ်ညီညွတ်ကြတယ်။
စာပေ အနုပညာ အသိုင်းအဝိုင်း၊ ပညာတတ် အသိုင်းအဝိုင်း၊
တိုင်းရင်းသားလူမျိုးစု အားလုံး ညီညီညွတ်ညွတ် အရေးဆိုနိုင်ခဲ့ကြလို့
မြစ်ဆုံ အောင်ပွဲခံနိုင်ခဲ့ကြတယ်။

တိုင်ယီ အလုပ်သမား သပိတ် အောင်ပွဲခံခဲ့တယ်။ တောင်းဆိုချက်
အကုန်လုံးတခါတည်း မရပေမဲ့ တော်တော်များများကို အလုပ်ရှင်ဘက်က
လိုက်လျောခဲ့ရတယ်။ ဒါအောင်ပွဲခံတာပါပဲ။ တောင်းဆိုချက်အားလုံး
အကုန်တပြိုင်တည်း ရသွားတယ်ဆိုတာ ရှားပါတယ်။ အခုလောက်ရတာဟာ အောင်ပွဲခံ
တာပါပဲ။

မိုးထိမိုးမိ ရွှေလုပ်ငန်း ဆန္ဒပြပွဲ အောင်ပွဲခံခဲ့တယ်။ အလုပ်သမားတွေ၊
တပိုင်တနိုင်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်နဲ့
အာဏာပိုင်တွေဘက်က လိုက်လျောခဲ့ရတယ်။ အခုစာချုပ်ချုပ်ပြီးမှ ကတိဖျက်
သစ္စာမဲ့ပေမဲ့ ဒါကို ဆက်တိုက်ပွဲဝင်ရင် နောက်ထပ် အောင်မြင်ဦးမှာပဲ။
ဒီလိုပွဲတွေဟာ အောင်ပွဲတွေဖြစ်ပါတယ်။

ဒါဆိုရင် သူများတွေ အောင်ပွဲခံပေမဲ့ လက်ပံတောင်း ဘာ့ကြောင့် ရှုံးရသလဲ။ဲ

ကိုယ့်တပ်ကိုယ် ပြန်နင်းခံရလို့ လက်ပံတောင်း လှုပ်ရှားမှု ရှုံးရတယ်။
ခေါင်းဆောင်တွေ သစ္စာဖောက်လို့ လက်ပံတောင်းမှာ ရှုံးတယ်။ ဆရာကြီး
သခင်ကိုယ်တော်မှိုင်းရဲ့စာချိုးနဲ့ ပြောရရင် ရန်သူကို ရန်ဟူ၍ မမှတ်တဲ့
အပြင်၊ ကိုယ့်တပ်ကို ပြန်ကာနင်းချင်တဲ့ ကမြင်းမ အကောင် ဗိုလ်တချို့
ရယ်ကြောင့် ရှုံးနိမ့်ခဲ့ရတာပါ။

လယ်သမားတွေဟာ အားကြီးတဲ့သူက ဖိနှိပ်စော်ကားတာကို ခေါင်းငုံ့မခံဘဲ
ရဲရဲတောက် စိတ်ဓါတ်နဲ့ ဆန့်ကျင် အာခံခဲ့တာပါ။ သူရဲကောင်း
စိတ်ဓါတ်မျိုးနဲ့ မတရားမှုကို တွန်းလှန်ခဲ့တာပါ။ ဒီလို လယ်သမား
ဒီလိုလူထုမျိုးကို လွယ်လွယ်နဲ့ အရှုံးပေးခိုင်းလို့ မရဘူး။ ဒါ ပေမဲ့
သူတို့ကိုယ်တိုင် လေးစားကြည်ညိုတဲ့ ခေါင်းဆောင်တွေက အရှုံးပေးခိုင်းတဲ့
အခါ လယ်သမားတွေထဲမှာ တွေဝေသွားတယ်။ ဂျင်မီတို့ လာပြီး
တရားရေအေးတိုက်ကျွေးပြီးနောက်မှာ လယ်သမားတချို့ အိမ်ပြန်သွားကြတယ်။
စည်းလုံး ညီညွတ်မှု ပြိုကွဲသွားတယ်။
ရှေ့ဆက် တိုးချင်သူနဲ့ မတိုးချင်သူ အုပ်စုကွဲသွားတယ်။ ဒါ့ကြောင့် ဒီပွဲ
ရှုံးသွားတာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီပွဲ အရှုံးရဲ့ နံပါတ်တစ် တရားခံဟာ ဂျင်မီ ခေါင်းဆောင်တဲ့ ၈၈
မျိုးဆက်ကျောင်းသားများ အဖွဲ့ ဖြစ်တယ်။ နံပါတ်နှစ် တရားခံဟာ ပုလဲမြို့နယ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ဖြစ်တယ်။
ဒီခေါင်းဆောင်တွေ သစ္စာဖောက်ပြီး လယ်သမားတွေကို ခင်ဗျားတို့
လုပ်တာမှားနေတယ်၊ နောက်ပြန်ဆုတ်ပါလို့ ပြောတဲ့အတွက် ဒီပွဲ
ရှုံးရတာဖြစ်တယ်။ ရန်သူရဲ့ ဖိနှိပ်မှု ကြောင့် မဟုတ်ဘဲ
ကိုယ့်ခေါင်းဆောင်တွေ သစ္စာဖောက်လို့ ရှုံးရတာ ဖြစ်တဲ့ အတွက် ဒီအရှုံးဟာ
ရှက်စရာကောင်းတယ်။ ရင်နာဖို့လည်း ကောင်းတယ်။

တကယ်တော့ လက်ပံတောင်းအရေးဟာ ဒေသတွင်း အရေးထက် ပိုတယ်။
အမျိုးသားအရေးဖြစ်တယ်။ လက်ပံတောင်းတောင်ဟာ နိုင်ငံတော်ရဲ့ သယံဇာတ၊
နိုင်ငံတော်ရဲ့ အမွေအနှစ်ဖြစ်တယ်။ တန်ဖိုး မဖြတ်နိုင်အောင်ကြီးမားတယ်။
ဒီနိုင်ငံထဲက တောင်တလုံး ပျောက် ကွယ်သွားရင် ဒီဒေသ တခုသာ မက
တနိုင်ငံလုံးကို ထိခိုက်တယ်။ ဒါ့ကြောင့် လက်ပံတောင်းအရေးဟာ တနိုင်ငံလုံး
အရေး ဖြစ် တယ်။ ဒါကို ကျန်တဲ့ ပြည်သူတွေလည်း နားလည်တယ်။ စာပေနဲ့
အနုပညာသမားတွေ၊ ပညာရှင်တွေ၊ တိုင်းပြည်ကို ချစ်မြတ်နိုးသူတွေ သဘာဝ
ပတ်ဝန်းကျင်ကို မြတ်နိုးသူတွေက ပူးပေါင်းပါဝင်ကြဖို့ အသင့်ဖြစ်နေချိန်မှာ
အရေးတော်ပုံကို အညွန့်ချိုးခံလိုက်ရတာ ဖြစ်တယ်။ လက်ပံတောင်းအရေးဟာ
တကယ်တော့ မြစ်ဆုံလို နိုင်ငံလုံး အရေးဖြစ်ပြီး မြစ်ဆုံလို
အောင်ပွဲခံရမယ့် အရေး တခုပါ။

ခေါင်းဆောင်တွေ ဘာ့ကြောင့် သစ္စာဖောက်သလဲ

ခေါင်းဆောင်တွေ အညာခံရလို့ သစ္စာဖောက်ကြတာဖြစ်ပါတယ်။ ခေါင်းဆောင်တွေ
နိုင်ငံရေး မလေ့လာဘဲ ၊ ဟိုပွဲတက် ဒီပွဲတက် ရုပ်ပုံ ဆွဲလိုက်၊
သီချင်းဆိုလိုက်၊ ခရိုနီနဲ့ ပေါင်းလိုက် ကြံ့ဖွတ်နဲ့ပေါင်းလိုက်
လုပ်နေကြတော့ နိုင်ငံရေး အ နေတယ်။ တုံးနေတယ်။ ခေါင်း  ဆောင်တွေ
နိုင်ငံရေး တုံးလွန်း အလွန်းလို့ အခုလို သစ္စာဖောက်တဲ့ အလုပ်ကို
လုပ်မိကြတာ ဖြစ်ပါတယ်။

အဓိက ပြဿနာက သူတို့ ၈၈ တွေဟာ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးကို
အယုံလွန်နေကြတယ်။ တိုင်းပြည် ကယ်တင်ရှင်ကြီး ထင်နေတယ်။  ဦးအောင်မင်း၊
ဦးစိုးသိန်းတို့ကိုလည်း သူတော်ကောင်း၊ ဘုရား ဒကာ၊
ကျောင်းဒကာကြီးတွေလောက်နီးနီး စွတ်ပြီး အထင်ကြီးနေတယ်။

တကယ်တော့ ဦးသိန်းစိန်ဆိုတာ ၂၀၀၇ ခုနှစ်မှာ သံဃာတွေကို သတ်ခဲ့တဲ့
ဗိုလ်သိန်းစိန်ပါပဲ။ ဒီဘောင်းဘီချွတ်ဦးသိန်းစိန်က ဆင်းရဲမွဲ တေမှုကို
တိုက်ဖျက်ပါမယ်၊ ပြုပြင်ပြောင်းလဲရေး လုပ်ပါမယ် ပြောသမျှကို သူတို့
ယုံကြတယ်။ တကယ်တော့ ဦးသိန်းစိန် ဘယ်လောက်ပဲ စကားအလှတွေ သုံးသုံး၊ ဘယ်လို
ပြောင်းလဲမှုတွေ လုပ်ပြနေနေ သူဟာ အရင်အာဏာရှင်လက်ထက်တုန်းကလိုပဲ
ညာမြဲညာနေတုန်း ဆိုတာ သက်သေပြနေတဲ့ စကားတွေကို တွေ့နေရသေးတယ်။ ကျနော်တို့
အစိုးရဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရပါလို့
အကြိမ်ကြိမ် လိမ်ညာပြောဆိုနေတာကို မကြားချင် အဆုံး ခဏခဏ ကြားနေရတယ်။
အခြေခံဥပဒေကြီးဟာလည်း ပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော်က
ထောက်ခံမဲပေးထားတဲ့ အခြေခံဥပဒေကြီးပါလို့ ထပ်ခါထပ်ခါ ပြောနေတုန်းပါပဲ။
ဦးသိန်းစိန်တင်မကဘူး၊ သူ့ လက်ဝဲရံ၊ လက်ျာရံ လုပ်နေကြတဲ့ ဦးအောင်မင်း၊
ဦးစိုးသိန်းတို့လည်း ဒီလိုပဲ ညာနေကြတာ ခဏခဏပဲ။ ဒီလိုညာပုံမျိုးဟာ
လူမသိအောင် ညာတဲ့ ညာလုံး မျိုးတောင် မဟုတ်ဘူး။ အားလုံးသိနေမှန်း
သိသိကြီးနဲ့ မျက်နှာပြောင်တိုက် ညာတဲ့ ညာလုံးမျိုးပဲ။
ဒီလိုညာလုံးမျိုးကို ညာတဲ့သူဟာ အာဏာရှင်လည်း ဖြစ်မှ အရှက်အကြောက်လည်း
ကင်းမှသာ ဒီလိုညာတဲ့စကားမျိုး ပြောနိုင်တယ်။ ဘာ့ကြောင့်လဲ ဆိုတော့ လူတွေ
သိမှန်းသိရက်နဲ့ သိသိကြီးနဲ့ ညာတယ်ဆိုတာ အရှက်အကြောက်ကင်းဖို့ လိုအပ်သလို
ပြည်သူကို စော်ကားရဲဖို့လည်း လိုအပ်နေလို့ပဲ။ သူတို့ ပြောင်လိမ်နေတာဟာ
မင်းတို့ ပြည်သူတွေကို လူ မထင်ဘူးလို့ ပြောနေတာ။ ဒါကို ပြည်သူတွေက
သည်းခံနေရတယ်ဆိုတာကလည်း ဒီအစိုးရဟာ အာဏာရှင် အစိုးရပဲ ဆိုတာ သိနေသေးလို့
သည်းခံနေရတာ။ အဲ…သည်းမခံတဲ့လူဆိုရင်လည်း ဒီအစိုးရက ပြတ်ပြတ်သားသား
နှိပ်ကွပ်နေတုန်းပဲ။ အဲသလို နှိပ်ကွပ်နေတဲ့ အကောင်းဆုံး ဥပမာတခုကို
ပြောပြမယ်။

အဲဒီဥပမာကတော့ ကိုအေးလွင်တို့ အဖွဲ့ပါပဲ။ ကိုအေးလွင်တို့ဟာ သူတို့
စစ်အာဏာရှင်တွေကို အကျိုးပြုခဲ့ဖူးသူတွေပါ။ ကိုအေးလွင်တို့ လုပ်ခဲ့တဲ့
စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ စစ်အာဏာရှင်တွေ အတွက်
အများကြီး အကျိုးရှိခဲ့ပါတယ်။ ပြီးတော့ ကို အေးလွင်တို့ဆိုတာ ၈၈
မျိုးဆက်မင်းကိုနိုင်တို့ အဖွဲ့ထက် အရင် အာဏာပိုင်တွေနဲ့
ပေါင်းခဲ့သူတွေပါ။ ဒါပေမဲ့ ကိုအေးလွင်ကို ဒီနှစ်ထဲမှာ တင်ပဲ
ဖမ်းပြီးထောင်ချခဲ့ပါသေးတယ်။ ဘာ့ကြောင့် သူ့ကို ဒီလို ဆက်ဆံတာလဲ။ ၂၀၁၀
ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီ ညစ်တာတွေကို ထောက်ပြပြီး တရားစွဲခဲ့လို့ပါ။
၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်က ညစ်ပတ်တာတွေကို ခေါင်းငုံ့မခံဘဲ
အမှန်တရားဘက်ကနေ ခုခံ တိုက်ခိုက်တဲ့နေရာမှာ ကိုအေးလွင်တို့ ပါတီဟာ
ကျန်တဲ့ပါတီတွေ အားလုံးထက် သာပါတယ်။ (ကျန်တဲ့ အပိုင်းတွေကို မဆိုလိုပါ။)
အဲသ လိုသာတဲ့ အတွက်ကိုအေးလွင်ကို အငြိုးထားပြီး ထောင်ချတာပါ။

အကြီးအကျယ်မဲခိုးမဲညစ်ထားတာကို ပြည်သူတွေ ကျနော်တို့ကို မဲပေးထားပါတယ်
ပြောနေသမျှ၊ ၂၀၀၈ မှာ သေနတ်နဲ့ ထောက်ပြီး နာဂစ် မုန်တိုင်းကြောင့် လူတွေ
သေကြ၊ ကြေကြတဲ့ ကြားက မတရားလုပ်သွားတဲ့ အခြေခံဥပဒေကို ပြည်သူတွေ
ထောက်ခံတဲ့ အခြေခံ ဥပဒေပါ ပြောနေသမျှမှာ ဦးသိန်းစိန်ဟာ လူလိမ်လူညာ ဆိုတာ
ထင်ရှားသိသာနေပါတယ်။

ဒီလို သိသာနေပါလျက် မင်းကိုနိုင်တို့ ၈၈ မျိုးဆက်တွေဟာ ဦးသိန်းစိန်၊
ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ကို ဘာ့ကြောင့် အယုံကြီး ယုံနေကြ တာလဲ။
လိုအပ်ရင် ဓါးထုတ်ပြမယ်လို့ ကြုံးဝါးပြီး ထောင်ကထွက်လာတဲ့ မင်းကိုနိုင်ဟာ
ဘယ်လိုလုပ်ပြီး အောင်မင်းတို့ စိုးသိန်းတို့ရှေ့မှာ သွားဖြီး လေးနဲ့
ယုန်ကလေး သိုးကလေး ဖြစ်သွားတာလဲ။

ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာ ကြံ့ဖွတ်အစိုးရနဲ့
ပြေလည်ချင်လွန်းနေလို့ပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ကြံ့ဖွတ်နဲ့
တည့် မှ ရမှာလို့ ထင်နေကြလို့ပါ။ တဖက်သတ် အလျော့ပေး အရှုံးပေးမှ
ယုံကြည်မှုတည်ဆောက်လို့ ရမယ်လို့ ထင်နေလို့ပါ။

ဒါ့အပြင် သူတို့တသက်လုံးမှာ အစိုးရက သူတို့ကို သူခိုးဓါးပြ၊
တေလေဂျပိုးတွေလိုသာ ဆက်ဆံတာကို ခံလာရတဲ့သူတွေပါ။ (ဒါက သူတို့ တင် မဟုတ်၊
နိုင်ငံရေးသမားအားလုံးကို အစိုးရက ဒီလိုဆက်ဆံတာပါ။) အဲသလို
အဆက်ဆံခံလာရတာကနေ ဝန်ကြီးအဆင့်က လူ လူသူသူ စကားလာပြောတာကို ခံရတဲ့ အခါ
သူတို့ သိပ်လူရာဝင်သွားပြီလို့ စိတ်ကြီးဝင်သွားကြပါတယ်။ ကျနော်တို့
အတိုက်အခံတွေ ဟာ သိပ်ဈေးပေါပါတယ်။ ဝန်ကြီးက စကားလာပြောရင်
စိတ်ပြောင်းတတ်တယ်။ နိုင်ငံခြားကနေ ထောက်ပံ့ကြေးပေးပြီး သြဇာခံမွေးရင်
လည်း ဈေးချိုချိုနဲ့ လူမွေးလို့ရတယ်။ ဒါတွေက အတွေ့အကြုံသိပ်နုတာကို
ဖော်ပြတဲ့ လက္ခဏာတွေပါ။

ဒါ့အပြင် ၈၈ အုပ်စုထဲက တချို့ဟာ ၂၀၁၅  မှာ ရွေးကောက်ပွဲဝင်ဖို့ အတွက်
အပေါစား မဲဆွယ်စည်းရုံးနည်းတွေကိုပါ သုံးလာတာမျိုး တွေတောင် တွေ့လာရတယ်။
လူပြိန်းကြိုက် စကားမျိုးတွေ သုံးပြီး ပြည်သူ့ အကျိုးကို မကြည့်ဘဲ
ကိုယ့်ကို လူကြိုက်ရေး မဲရရေး အတွက်ကြိုတင် မဲဆွယ်တဲ့ လုပ်ရပ်မျိုးတွေ
လုပ်လာ တာတွေ့ရတယ်။

ပိုဆိုးတာက သူတို့ဟာ အောက်ခြေပြည်သူလူထုနဲ့ ကင်းကွာနေတယ်။
အလုပ်သမားတွေကြားမှာ တကယ်ထဲထဲဝင်ဝင် နက်နက်နဲနဲ ဝင်ပြီးလေ့လာတဲ့သူ သူတို့
၈၈ ထိပ်ပိုင်းမှာ တယောက်မှ မရှိဘူး။ အလားတူပဲ လယ်သမားအရေးကို ထဲထဲဝင်ဝင်
ဝင်ရောက်လေ့လာ တဲ့သူ သုတေသန ပြုတဲ့သူလည်း သူတို့ ထိပ်ပိုင်း ၈၈ ထဲမှာ
တယောက်မှ မရှိဘူး။ ဘယ်နိုင်ငံရေး အဖွဲ့အစည်းဖြစ်ဖြစ် အောက်ခြေလူထု နဲ့
ကင်းကွာရင်၊ အောက်ခြေလူထု အကြောင်းကို ထဲထဲဝင်ဝင် မလေ့လာရင် ပြည်သူ့ပါတီ
မဟုတ်ဘဲ၊ လူ့မလိုင် ပါတီ ( Elite Party) ဖြစ် သွားတတ်တယ်။ လူထုနဲ့
ထဲထဲဝင်ဝင် မဆက်ဆံပဲ၊ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ၊ အစိုးရ
အဖွဲ့ဝင်တွေ၊ သံတမန်တွေနဲ့ပဲ တွေ့ဆုံ ပြီး နိုင်ငံရေးလုပ်တဲ့ ပါတီဟာ
လူ့မလိုင်ပါတီ (Elite Party) ပဲ ဖြစ်မှာပဲ။ အဲသလို အဖွဲ့ အဲသလိုပါတီတွေဟာ
အတွေးအခေါ်မှား ဝင်လာ ရင် ရပ်တည်ချက်မှားတာ (ဘက်မှားရပ်တာမျိုး)
ကိုလုပ်တဲ့ အထိ လွဲတတ်တယ်။ အခု လက်ပံတောင်းမှာ ၈၈ တွေ မှားတာဟာ အဲသလို
ဘက်မှား ရပ်တာပဲ။

အခုလက်ပံတောင်း ကိစ္စဟာ သူတို့ဘက်မှားရပ်တာရဲ့ အထင်အရှားဆုံး သာဓက
သက်သေဖြစ်ပေမဲ့ သူတို့ အမှားဟာ အခုမှ စတာ မဟုတ်ဘူး။ စနေတာ
တော်တော်ကြာပြီ။ လှိုင်သာယာ စက်မှုဇုန် အလုပ်သမားအရေးတွေမှာ အလုပ်သမားနဲ့
အလုပ်ရှင်ကြား၊ အလုပ် သမားနဲ့ အာဏာရှင်အကြား ကြားနေ ရပ်တည်မယ်လို့
ပြောတာဟာ သူတို့ ဘက်မှားနေတာကို ပြတာပဲ။ အလုပ်သမားမှာ ငွေမရှိဘူး၊
အာဏာမရှိဘူး။ ငွေရှိတဲ့သူ၊ အာဏာရှိတဲ့သူတွေက အလုပ်သမားတွေကို
မတရားလုပ်နေကြတာဟာ သိပ်ထင်ရှားတယ်။ အလုပ်သမား တွေရဲ့ ဘဝအခြေအနေဟာ သူတို့
ထောင်ထဲမှာနေရတဲ့ အခြေအနေထက်တောင် ဆိုးတယ်။ သူတို့လေ့လာရင် ဒါကို
သိမှာပဲ။ ဒါပေမဲ့  သူတို့ မလေ့လာဘူး။ မသိဘူး။ မသိတော့ အလုပ်သမားတွေ
တဖက်သတ်ခံနေရတာကို နားမလည်ဘဲ ကြားနေမယ် သွားလုပ်တယ်။ ဒီ နေ့
အလုပ်သမားတွေဟာ သူတို့ကို အားမကိုးကြဘူး။ အားကိုးရာမဲ့တဲ့ အခြေအနေကို
ရင်ဆိုင်နေကြရတယ်။

သူတို့ဟာ အစိုးရကို အစစအရာရာ အလျော့ပေးပြေလည်မှ
နိုင်ငံအတွက်ကောင်းမယ်လို့ထင်နေကြတော့ အစစအရာရာ ဦးသိန်းစိန် အကြိုက်၊
ဦးအောင်မင်း အကြိုက်လိုက်လျောဖို့သာ တွေးလာတယ်။ သူတို့ အတွေးအခေါ်ဟာ
အညံ့ခံရေး အတွေးအခေါ်၊ ဒူးထောက်ရေး အတွေးအခေါ်ဖြစ်လာတယ်။ သူတို့ဟာ
ဒူးထောက်ရေး အတွေးအခေါ်ရှိသူတွေပီပီ၊ ဟန်ဝင်းအောင်တို့ ဝေဠုတို့လို တက်
ကြွလှုပ်ရှားသူတွေကို ထိပ်တိုက်ရင်ဆိုင်ချင်သူတွေ၊
အတက်ကြွလွန်သူတွေလို့ထင်လာတယ်။ ဟန်ဝင်းအောင်တို့ ဝေဠုတို့ လုပ်တာနဲ့ ၂၀၁၅
ရွေးကောက်ပွဲ ပျက်တော့မှာပဲ ဆိုတာမျိုးအထိ စိုးရိမ်ပူပန်လာကြတယ်။ သူတို့က
၂၀၁၅ မှာ လွှတ်တော်အမတ်ဖြစ်လာမယ်လို့ မျှော်လင့်ထားကြတာကိုး။
လက်ပံတောင်းလိုကိစ္စမျိုးဟာ လယ်သမားတွေ မတရားခံရလို့ လယ်သမားတွေ
မခံနိုင်လွန်းလို့ တောင်းဆို ဆန္ဒပြကြတာလို့ မ ရှုမြင်နိုင်တော့ဘဲ၊
အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပျက်စီးစေမယ့် အရာလို့ မြင်လာတယ်။ ၂၀၁၅
ရွေးကောက်ပွဲ ကို ဖျက်ဆီးနေတဲ့ အရာပဲလို့မြင်လာတယ်။ ဒါ့ကြောင့် သူတို့ဟာ
လယ်သမားဘက်မရပ်တော့ဘဲ၊ ဦးစိုးသိန်း၊ ဦးအောင်မင်းဘက် ရပ်လာ တယ်။
ဘက်မှားရပ်တည်မိလာတယ်။

အခုအချိန်ဆိုရင် ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဦးအောင်မင်း၊
ဦးစိုးသိန်းတို့ဟာ ၈၈ သူငယ်နှပ်စားလေးတွေ စာမတတ်ကြတာကို ပြောပြီး
နောက်ကွယ်မှာ အားရပါးရ ဟားနေကြလောက်ပြီ။ ဒါပေမဲ့
ဒီဆောင်းပါးရေးပြီးချိန်မှာလည်း ၈၈ ဟာ အမြင်မှန်ရလာဖို့တော့ သိပ်
မျှော်လင့်လို့ မရသေးဘူး။ ကြံ့ဖွတ်အစိုးရ မင်းသားမျက်နှာဖုံးကွာချိန်ကျမှ
သူတို့ ဇာတ်ရေလည်လာကြလိမ့်မယ်။ အဲဒီအချိန်ဟာ  သူတို့အနေနဲ့ ဘာမှ
လုပ်လို့ မရတော့တဲ့ အချိန် အစစအရာရာ နောက်ကျသွားတဲ့
အချိန်လည်းဖြစ်နေပေလိမ့်မယ်။

လက်ပံတောင်း သင်ခန်းစာ

ဒီတော့ လက်ပံတောင်းသင်ခန်းစာကို ပြန်ချုပ်ရင် လက်ပံတောင်း လှုပ်ရှားမှု
ရှုံးနိမ့်ရတာဟာ

၁။ လူထုကြားထဲကို အညံ့ခံ၊ အရှုံးပေးဝါဒ သွတ်သွင်းလာလို့ လူထုကိုယ်တိုင်က
အလျော့ပေးချင်လာလို့ စိတ်ပျက်လာလို့ ရှုံးရတာဖြစ်တယ်။
၂။ လူထုကြားကို အညံ့ခံဝါဒ သွင်းလာသူတွေဟာ ခေါင်းဆောင်တွေ (၈၈
မျိုးဆက်တွေ) ဖြစ်တယ်။ ၈၈ မျိုးဆက်တွေ သစ္စာဖောက်လို့
ရှုံးနိမ့်ရတာဖြစ်တယ်။
၃။ ၈၈ တွေ သစ္စာဖောက်တာဟာ သူတို့ အပေါ်မှာ အညံ့ခံဝါဒ အတွေးအခေါ်မှား
ဖုံးလွှမ်းနေလို့ ဖြစ်တယ်။

ဒါဟာ လက်ပံတောင်းကနေရတဲ့ ခါးသီးတဲ့ သင်ခန်းစာဖြစ်ပါတယ်။

ဒီနေ့အချိန်မှာ ကြံ့ဖွတ်အစိုးရဟာ နာမည်ကောင်းလိုချင်နေတယ်။ နိုင်ငံတကာရဲ့
အကူအညီတွေ လိုချင်နေတယ်။ အာရှမှာရော ကမ္ဘာမှာ လူရာဝင်ချင်နေတယ်။
ဒီလိုအချိန်မှာ ထစ်ကနဲရှိပစ်ဆိုတဲ့ အကျင့်ဆိုးကို ထိန်းချုပ်နေရတယ်။
ဒီလို အချိန်မျိုးမှာ အလုပ်သမား၊ လယ် သမားတွေကို မလွှဲမရှောင်သာ
စကားပြောခွင့် ပေးလာရတယ်။ နှစ်ပေါင်းများစွာ ဒုက္ခတွေကို လည်စင်းခံလာရပြီး
အကျပ်အတည်း ဆိုက်နေတဲ့ အလုပ်သမား၊ လယ်သမားတွေဟာ အခွင့်အရေးလေးရလာတာနဲ့
သူတို့လိုချင်တာတွေကို ထုတ်ဖော်တောင်းဆိုလာတယ်။ မတရားဖိနှိပ်တာတွေကို
ဖွင့်ချပြောဆိုလာတယ်။ ဒါ့ကြောင့် ဖိနှိပ်တာတွေ ရှိနေသေးသမျှမှာ အလုပ်သမား
၊ လယ်သမားတွေရဲ့ လှုပ်ရှားမှုဟာ ဆက်ရှိနေဦးမှာပဲ။ ထပ်ပြီး ဖြစ်နေဦးမှာပဲ။
ထပ်ပြီး ဖြစ်သမျှမှာ မင်းကိုနိုင်တို့ ၈၈ တွေဟာ အလုပ်သမား၊ လယ်သမားတွေကို
လိုက်တားနေဦးမှာပဲ။ အစိုးရအတွက်တော့ ပုလိပ်ကို လစာပေးပြီး သေနတ်နဲ့
ပစ်ခိုင်းရတာထက်၊ မင်းကိုနိုင်တို့ကို ဆယ်သိန်းပေးပြီး
လိုက်တားခိုင်းရတာက ပိုပြီး တွက်ခြေကိုက်သလို ဖြစ်နေတယ်။

ဒီတော့ ကျနော်တို့ အဓိက လုပ်ရမှာက ရေသောက်မြစ်ဖြစ်တဲ့ အညံ့ခံ၊
အရှုံးပေးရေး ဝါဒကို တိုက်ဖျက်ရမှာ ဖြစ်ပါတယ်။ အညံ့ခံဝါဒကို
ပျက်စီးပျောက်ကွယ်အောင် တိုက်ဖျက် ချေမှုန်းလို့ မအောင်မြင်သေးတဲ့
အချိန်မှာ အဲဒီ အညံ့ခံဝါဒ လူထုရှိရာ ရောက်မလာအောင် ကာကွယ်တားဆီးရမှာ
ဖြစ်ပါတယ်။ အဲဒီအလုပ်ကိုမလုပ်နိုင်ရင် နောက်ပွဲတွေမှာ
ဆက်ရှုံးပါလိမ့်မယ်။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
စက်တင်ဘာ ၁၇။ ၂၀၁၂ ခု။

No comments: