DETAIL NEWS
မေသင်္ကြန်ဟိန်(မြစ်မခ)
by Myit Makha Mediagroup on 6 Sep, 2012
by Myit Makha Mediagroup on 6 Sep, 2012
သြဂုတ်လ ၃၁ ရက်နေ့တွင်
မြန်မာပြည်သို့ ရောက်ရှိနေသာ ဒေါက်တာနိုင်အောင်အနေဖြင့်
အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ပြည်တွင်းပြည်ပရောက်
ဒီမိုကရေစီအင်အားစုများအားလုံး၊ လက်နက်ကိုင်
တိုင်းရင်းသားအဖွဲ့ဝင်များအားလုံး၊ပြည်တွင်းမှ
တိုင်းရင်းသားအဖွဲ့များအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးအတွက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြစ်မခ မီဒီယာသို့ ပြောသည်။
`အစိုးရကလည်း
ပြောထားတာက သူတို့လွှတ်တော်ရှေ့အစည်းဝေးက နေပြည်တော်မှာ လုပ်ဖို့လည်းရှိတယ်၊
အစိုးရပိုင်းကလည်း ဒါမျိုးစဉ်းစားထားပြီးသားရှိတယ်ပေါ့၊ နေပြည်တော်မှာ ၇
ရက် ၁၀ ရက်နဲ့တော့ ကိစ္စပေါင်းစုံကို တခါတည်းရှင်းလို့ရမှာ
မဟုတ်ဘူး၊ဒါပေမဲ့လည်း ကဏ္ဍအလိုက်ဆွေးနွေးထားသင့်တယ်လို့ တင်ပြထားပါတယ်`ဟု
ဒေါက်တာနိုင်အောင်က ပြောသည်။
ပြည်ပမှ မြန်မာ့ဒီမိုကရေစီရေးအတွက်ဆောင်ရွက်နေကြသော ဒေါက်တာသောင်းထွန်း၊
ဦးညိုအုန်းမြင့်၊ ဦးမိုးသီးဇွန်တို့အဖွဲ့နှင့် လူ့ဘောင်သစ်မှ
ဦးအောင်မိုးဇော်တို့အဖွဲ့ပါ ရောက်ရှိနေကြပြီး၊
ဒီမိုကရေစီအင်အားစုများအားလုံး၊ လက်နက်ကိုင်
တိုင်းရင်းသားအဖွဲ့ဝင်များအားလုံး အလုံးစုံပါဝင်သော တွေ့ဆုံဆွေးနွေးရေးအတွက် ဆောင်ရွက်လျှင်အောင်မြင်နိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း သူက ပြောသည်။
"
ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ မြန်မာ့ဒီမိုကရေစီရေးအတွက် ဟိုစဉ်ကတည်းက
ကျနော်တို့ တောက်လျှောက်တောင်းဆို ခဲ့ကြတာက
တွေ့ဆုံဆွေးနွေးရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးပါ၊ ပြည်တွင်းပြည်ပ
အင်အားစုတွေအားလုံးပါဝင်တဲ့ တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့
လက်နက်ကိုင်တိုင်းရင်းသားတွေလည်း ပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေး ကိစ္စကိုပါ။
၂၀၁၅ မတိုင်မီမှာ တွေ့ဆုံဆွေးနွေးပွဲ တခုဖြစ်သင့်တယ်လို့ ယူဆတဲ့အတွက်ပါ" ဟု
ဒေါက်တာနိုင်အောင်က ပြောသည်။
ဒေါက်တာနိုင်အောင်အနေဖြင့်
ယခု မြန်မာပြည်ခရီးမှာ တသီးပုဂ္ဂလအနေဖြင့်လာရောက်ခြင်းသာဖြစ်ပြီး
လက်ရှိတာဝန်ထမ်းဆောင် လျက်ရှိသော မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု Forum
for Democracy in Burma ( FDB )အနေဖြင့် လာရောက်ခြင်း မဟုတ်ကြောင်း
ပြောသည်။
မြန်မာပြည်ရောက်ရှိပြီးနောက်
ဝန်ကြီးဦးအောင်မင်းနှင့်လည်း နှစ်ကြိမ်တိုင်တွေ့ဆုံဆွေးနွေးခဲ့ပြီး
သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံရန် အစီစဉ်ရှိကြောင်း၊
ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့်ရရှိရန်
ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံတွင်
၁၉၈၈ခုနှစ်အရေးတော်ပုံပေါ်ပေါက်ပြီးနောက်တပ်မတော်အစိုးရမှ
အာဏာသိမ်းယူခဲ့ပြီး ပြည်တွင်းမှ ဒီမိုကရေစီလိုလားသူများက
မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရန်
နယ်စပ်ဒေသများသို့ထွက်ခွာခဲ့ကြကြောင်း၊ ယခုလို အသွင်ကူးပြောင်းရေးကာလ
မြန်မာ့ဒီမိုကရေစီရေးနှင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
သမ္မတဦးသိန်းစိန်မှ ပြည်ပရောက် မြန်မာနိုင်ငံသားများအား
ပြန်လည်ဖိတ်ခေါ်ရာတွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်မိကြောင်း
ဒေါက်တာနိုင်အောင်က မြစ်မခ မီဒီယာသို့ ပြောဆိုခဲ့သည်။
No comments:
Post a Comment