Friday, September 7, 2012

မိုးသီးဇွန် (သို့မဟုတ်) ဖမ်းဆီးမရတဲ့ ခွပ်ဒေါင်း


နေ့သစ် http://naytthit.net/
 
(May 21, 2011)

ကျနော်ငယ်ဘဝ တချို့ကို ယနေ့ကာလ၌ ပြန်သတိရ တွေးနေမိသည်။ ထိုအထဲ တွင် မျိုးသန်းထွဋ် (ခေါ်) မိုးသီးဇွန် အကြောင်းလဲပါသည်။ ကျနော်တို့ တရပ် ကွက်ထဲ နေကြသည်။ ကျနော်တို့ဆိုရာ၌ ယနေ့ မြန် မာပြည် စစ်အစိုးရများ မုန်းတီး ကြောက်ရွံ့၊ ထောင် ၆၅ နှစ် ချထားခဲ့သော အမည်ရင်း “ပေါ်ဦး ထွန်း” (ခေါ်) ကိုမင်းကိုနိုင် တယောက်လည်း ပါသေးသလို၊ ၁၉၈၈ ရှစ်လေးလုံး အရေး တော် ပုံကြီးအပြီး ဗမာပြည် လူငယ်ကျောင်းသားထုတရပ်လုံးကို ကိုယ်စားပြုဖွဲ့ စည်းထူထောင်ထားသော “လူ့ဘောင် သစ် ပါတီ” ၏ ဒုဥက္ကဋ္ဌ ဖြစ်သူ “ကိုသက်ထွန်း” လည်း ပါသည်။

အထူးသဖြင့် ကိုမိုးသီးဇွန်နှင့် ကိုသက်ထွန်း မှာ ငယ်ပေါင်းသူငယ်ချင်း အတွဲများ ဖြစ်သည်။ ကျနော်ကလည်း ကျနော့် အပေါင်းအသင်းများနှင့် သတ်သတ်၊ ကိုမင်းကိုနိုင်ကလည်း သူ့ခင်ရာမင်ရာ သူငယ်ချင်းတွေနှင့် ပျော်မွေ့ရာ၊ ထို့အတူ ကိုမိုးသီးဇွန်နှင့် ကိုသက်ထွန်း နှစ်ဦးကလည်း သူတို့ အာရုံနှင့် သူတို့၊ သေချာသည်မှာ သူတို့ နှစ်ဦးသည် ၁၉၈၈ မတိုင် ခင် ၈၅ – ၈၆ ကာလများကတည်းက ဗမာပြည်ကျောင်း သားအရေး၊ နိုင်ငံရေးများကို စိတ်ဝင်စား၊ ထက်သန်ဝင်စားနေ ကြပြီ ဖြစ်ပြီး၊ တစုံတရာ ဗမာပြည်နိုင်ငံရေး၊ ကျောင်းသားရေးနှင့် သမိုင်းဆိုင်ရာ စာအုပ်စာပေများ ကို လေ့လာဖတ် ရှု မြည်း စမ်းနေ ခဲ့ကြပြီး ဖြစ်သည်။

အမှတ်တရ တခုမှာ ကျနော်တို့ ရပ်ကွက်ထဲတွင် ဂေါ်ရချို (ခေါ်) ဂေါ်ရခါး အရက်ချက်လုပ်ရောင်း စားကြသော ဂေါ်ရ ခါးလူမျိုး တချို့ရှိပြီး၊ သူတို့ အိမ်ဆိုင်များတွင် ကျနော်တို့ လူငယ်များ ရံဖန်ရံခါ သွားရောက်၍ သူတို့၏ ဂေါ်ရချိုအ ရက် နှင့် ဗယာကြော်သုပ်ကို တွဲဖက်စားသုံး အပန်းဖြေ တတ်ကြ သည်။ သူတို့ အိမ် (သို့)ဆိုင်များသည် လူအတော်ရှင်းသ ဖြင့် ကိုမိုးသီးဇွန်နှင့် ကိုသက်ထွန်း တို့အတွက် သူတို့ ထက်သန်တက်ကြွနေသော ဗမာပြည် ထိုစဉ် မဆလ တပါတီ အာဏာရှင်၊ စစ်အစိုးရ ဗိုလ်နေဝင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအကြောင်းများကို ဂေါ်ရချိုနှင့် တွဲစပ်၍ ပြောဆို ရင်း နှစ်ဦးသား အာဘောင် အာရင်း ငြင်းဆန်ရင်း မိန့်ခွန်းများသဖွယ် ဖွဲ့နွဲ့ရင်း ကြိုတင်လေ့ကျင့်ကွင်းများ ဖြစ်ခဲ့သည်။

ဒါသည်ပင် အထူးသဖြင့် ကမ္ဘာ့ကျော် ဗမာပြည် ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်း ဗမာပြည်ကျောင်း သား လူငယ်ထု တရပ်လုံးနှင့် နောက်ပိုင်း ရာဇဝင်တွင်မည့် ဗမာပြည်ကျောင်းသား သူပုန်တပ်ဖွဲ့၏ အရေး ပါသော ခေါင်းဆောင်တဦး ဖြစ် လာခဲ့သည့် မိုးသီးဇွန် (ခေါ်) မလိုသူ လုပ်ဖေါ်ကိုင်ဖက် အင်အားစု တချို့တို့မှ စွပ်စွဲတံဆိပ်ကပ်ခဲ့သော “ကြိုးမဲ့လေတံခွန်” ဖြစ်လာမည့် မျိုးသန်းထွဋ် ပဲ ဖြစ်သည်။

သို့သော် လူရင်း (သို့) ပုဂ္ဂိုလ်ရေး (ဝါ) သမိုင်းဖြတ်သန်းမှုများအရ ကျနော့်တဦးချင်း အမြင်သဘောထားမှာ မိုးသီးဇွန် သည် “ကြိုးမဲ့လေတံခွန်” တစင်းမဟုတ်၊ လုံးဝမဟုတ်၊ သူ့သမိုင်း၊ သူ့ကျောင်းသား အရေး၊ နိုင် ငံရေး အတွေးအခေါ်ခံ ယူချက်များဖြင့် သူ့ ရစ်ဘီးလုံး၊ ဖိနှိပ်ခံ ဗမာပြည်သူတို့အတွက် ဒီမိုကရေစီဟူသော ကြိုးတချောင်းဖြင့် သူ့ရည်ရွယ်ချက် အိပ်မက်ရာ အနာဂတ်တခုဆီသို့ အမြင့်ပျံလေတံခွန်တစင်းအဖြစ် ယနေ့ တိုင် ပျံသန်း ရွက်လွှင့်နေသူ ဖြစ်ပေသည်။

သူသည် ဗမာပြည်စစ်သုံးစစ် ဒုက္ခဘုံအောက်မှ လွတ်မြောက်ရေးအခန်းကဏ္ဍတွင် ဗကသများအဖွဲ့ချုပ် ပြီးတော့ “လူ့ဘောင်သစ် ပါတီ” နောက် ပိုမိုခက်ခဲကြမ်းတမ်း ဂန္ထဝင်မြောက် “ကျောင်းသားတပ်မတော်” သူပုန်ဘဝသမိုင်းများကို ဆက်တိုက်ရေးသားခဲ့ရင်း၊ ယခုတိုင် လူပုဂ္ဂိုလ်အကျိုးစီးပွားကို ကျောဖက်မှာ ထား၍ အမြင့်ပျံခွပ်ဒေါင်းတကောင် အဖြစ် ရေဆန် လေဆန် မုန်တိုင်းတွေထဲ ပျံသန်းနေဆဲ ဖြစ်သည်။

ယနေ့ နယ်စပ်ဒေသတနေရာ၌ မမျှော်လင့်ဘဲ ကျနော်နှင့် ပြန်လည်တွေ့ဆုံချိန်၌ ဗမာပြည် စောမောင်၊ သန်းရွှေ၊ မောင် အေး စစ်အစိုးရတို့ လုံးဝဖမ်းဆီးမရ၊ နရသိမ်အကျဉ်းထောင်တွေထဲ နှိပ်ကွပ်မရသည့် ပုဂ္ဂိုလ်နှစ်ဦးရှိသည်ဟု သူဟာ နောက်သလိုလို အတည်လိုလိုနှင့် ပြောခဲ့၏။ တဦးဟာ နိုင်ငံကျော် “သာမည ဆရာတော် ဘုရာကြီး” ဖြစ်ပြီး ကျန်တဦး ဟာ “မိုးသီးဇွန်” ပဲဟု ပြောသည်။ ကျနော် မငြင်းခဲ့ပါ။ သေ ချာသည်မှာ သူ (သို့မဟုတ်) မိုးသီးဇွန် သည်၊ မည်သည့် အာဏာရှင်များ (ဝါ) ဗမာပြည် စစ်အစိုးရ အဆက် ဆက်မှ လုံးဝဖမ်းဆီး နှိပ်ကွပ်လို့ ရမည်မဟုတ်သည့် အမြင့်ပျံလေဆန် ခွပ်ဒေါင်းတကောင် ပဲ ဖြစ်နေပါလိမ့် မည်။ ခံစားဝေဖန် ကြည့်ကြပါကုန်။

ကိုဆက်

No comments: