လွမ်းမိတဲ့ညမှာ ရေးမိတဲ့စာ
စက်တင်ဘာလ ၉ ရက်၊ ၂၀၁၂ ခုနှစ်။
လွန်ခဲ့တဲ့ ၂၄ နှစ်တာကာလ၊ ဒီနေ့၊ ဒီအချိန် (စက်တင်ဘာလ ၉ ရက်၊ ၁၉၈၈)
ကို နေ့စဉ်နဲ့အမျှ တမ်းတမ်းတတ သတိရနေမိတယ်လေ။ ဘယ်မေ့နိုင်မှာလဲ။
တစ်သက်နဲ့တစ်ကိုယ် တန်ဘိုးအရှိဆုံးအချိန်၊ ကြည်နူးစရာအကောင်းဆုံးကာလ၊
ဂုဏ်ယူစရာအကောင်းဆုံးအလုပ်ကို
လုပ်နိုင်ခဲ့တဲ့ နေ့တစ်နေ့ပါ။ ပြည်သူတွေ တောင်းတနေတဲ့ သားသုံးသားထဲက
တပ်မတော်သား ကျွန်တော်တို့ (ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း၊ မင်္ဂလာဒုံ)
ပြည်သူတွေနဲ့အတူ ဒီမိုကရေစီအရေး တိုက်ပွဲဝင်ခဲ့ကြတဲ့နေ့လေ။ ကျွန်တော်တို့
လေတပ်ဝတ်စုံတွေဝတ်ပြီး ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ကြွေးကြော်သံတွေနဲ့
စီတန်းလှည့်လည်ကြတော့၊ လမ်းတစ်လျှောက်က ပြည်သူတွေ အုတ်သြော်သောင်းနင်း၊
မြေသိမ့်တုန်လောက်အောင် က ခုန်ကြိုဆိုခဲ့ကြတာ မျက်ရည်ဝဲလောက်အောင်
ကြည်နူးဂုဏ်ယူခဲ့ရပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေ၊
ကျောင်းသားအဖွဲ့အစည်းတွေနဲ့ သပိတ်အဖွဲ့အစည်းအသီးသီးက ဂုဏ်ပြုကြိုဆိုတဲ့စကားတွေလာပြောကြတော့
ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း။ နွေးထွေးစွာ ကြိုဆိုခဲ့တဲ့ မိဘပြည်သူတွေရဲ့
ရင်ခွင်ကို ခိုလှုံခဲ့ရတဲ့အရသာ ဘာနဲ့ယှဉ်လို့ မီနိုင်မှာလဲ။
ပြည်သူ့စစ်သားဘဝကို ခံယူပြီး စစ်စည်းကမ်း၊ စစ်ဥပဒေတွေကို နောင်ခါလာ၊
နောင်ခါဈေးလို့ သဘောထားကာ၊ တပ်ကလူကြီးတွေကိုလည်း တင်းတင်းမာမာ
အံတုဝံ့ခဲ့ကြပါတယ်။ မှန်တဲ့ဘက်က ရပ်ခဲ့တာမို့ ဘယ်တော့မှလဲ
နောင်တရမှာမဟုတ်ပါ။
စက်တင်ဘာ (၁၈) ရက်မှာ တပ်ကအာဏာသိမ်းပြီးတော့လည်း မပြီးဆုံးသေးတဲ့
ဒီမိုကရေစီအရေးတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရတော့မယ်လို့
ယုံကြည်တာကြောင့် နယ်စပ်ဒေသကို ထွက်ခဲ့ကြတယ်။ ရဲဘော်တချို့အဖမ်းခံ၊
ရဲဘော်တချို့ ကျဆုံး၊ ရဲဘော်အများ ဘဝတွေပျက်ပြီး ၂၄ နှစ်ဆိုတဲ့
ကာလအပိုင်းအခြားကို ရောက်လာခဲ့ပါပြီ။ ကျွန်တော်တို့ရဲဘော်တွေလည်း ကမ္ဘာအနှံ့ ပြန့်နေလေရဲ့။ ဘဝတူရဲဘော်အားလုံကို ဒီစာနဲ့ အလေးပြုလိုက်ပါတယ်။
၂၀၁၁ ခုနှစ်ကစလို့ မြန်မာပြည်နိုင်ငံရေးကလည်း
နားမလည်နိုင်လောက်အောင် အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။ သမ္မတကြီးရဲ့
ပြုပြင်ပြောင်းလဲမှုတွေကြောင့်၊ လက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်တွေ၊ လက်နက်မဲ့(ပါစပ်နဲ့) တော်လှန်ရေးခေါင်းဆောင်တွေ၊
နောက်လိုက်တွေ အသီးသီး အသက အသက ပြည်တော်ပြန်ခွင့်တွေ ရကုန်ကြတော့ မုတိတာ
ပွားလိုက်ရတဲ့ဖြစ်ခြင်း။ နီးစပ်ရာ မိတ်ဆွေတွေကလည်း ဝမ်းပမ်းတသာလာပြီး
ပြောမေးမေးကြပါတယ်။ “အားလုံး ပြန်ကုန်ကြပြီ၊ မပြန်ဘူးလား”တဲ့။ ကိုယ့်ဝမ်းနာ
ကိုယ်သာသိတာမို့ “ပြန်လို့မရသေးပါဘူးဗျာ”လို့ပဲ လွယ်လွယ်ကူကူဖြေခဲ့မိပါတယ်။
အဲဒီတော့၊ မယုံနိုင်တဲ့အကြည့်နဲ့၊ “ဟိုခေါင်းဆောင်တွေ၊
ဒီခေါင်းဆောင်တွေတောင် ပြန်ခွင့်ရလို့ ပြန်ကုန်ကြပြီလေ”တဲ့။ ကျွန်တော်က
ဘာမှမဟုတ်တဲ့ကောင် ဘာကြောင့်မပြန်နိုင်ရမှာလဲပေါ့။ အကြောင်းမသိတော့လည်း အပစ်မတင်ရက်။ နားမလည်နိုင်လိုက်တာလို့ပဲ စိတ်ထဲမှာ ရေရွတ်နေမိခဲ့တယ်။
တလောက အမေရိကန်မှာရှိတဲ့ ရဲဘော်တစ်ယောက် အမိမြေကိုလွမ်းလွန်းလို့ မြန်မာစစ်သံမှူးရုံးကို ဖုန်းဆက်ပြီး ပြန်ခွင့်ရ/မရ
မေးတော့၊ “ပြန်ချင်ရင် ပြန်လို့ရပါတယ်တဲ့။ ဒါပေမယ့်၊ စစ်ဥပဒေအရ အနည်းဆုံ
ထောင် ၆ လလောက်တော့ ကျခံရပါမယ်”လို့ စစ်သံမှူးက ဖြေပါသတဲ့။ ဒါက
အနည်းဆုံးနော်။ နိုင်ငံချစ်တဲ့ အောင်စစ်သည်တွေအတွက် စစ်ဥပဒေက
သီးသန့်ထုတ်ပြန်ထားတာပါ။ စစ်စည်းကမ်းဖေါက်ဖျက်မှု၊ အမိန့်မနာခံမှု၊
အထက်အမိန့်မရဘဲ စစ်စခန်းက ထွက်ခွာမှု၊ နိုင်ငံတော်သစ္စာဖေါက်မှု၊
လက်နက်ကိုင်တော်လှန်ပုန်ကန်မှု စတဲ့စတဲ့ စစ်ဥပဒေတွေကို ဘယ်အစိုးရက
ဘယ်လိုအမိန့်အာဏာတွေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်မှာလဲ။
၈၈ မတိုင်ခင်ကာလက ကျွန်တော့အစ်ကို ပြောခဲ့တဲ့စကားလေးကို
အမှတ်ရမိတယ်။ “မင်းတို့စစ်တပ်ကကောင်တွေ ကြောက်နေလို့
တိုင်းပြည်ဒီလိုဖြစ်နေတာ”တဲ့။
ခုတော့ ကျွန်တော်တို့ ကွဲကွာခဲ့ကြတာ ၂၄ နှစ်တောင်ရှိသွားပြီ
အစ်ကိုကြီးရေ။ ဘယ်တော့များမှ လွတ်လွတ်လပ်လပ်နဲ့ ပြန်လာခွင့်ရပြီး၊
သက်ရှိထင်ရှား ဆုံဆည်းနိုင်ပါ့မလားလို့ စိတ်ထဲမှာတွေးနေမိတယ်။
အဝေးရောက် လေတပ်သား
ကိုလေး(ဘော်စတွန်)
စက်တင်ဘာလ ၉ ရက်၊ ၂၀၁၂ ခုနှစ်။
No comments:
Post a Comment