၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှု ရှိပါ့မလား
သန်းဝင်းလှိုင်
လေးကျိပ် ၈ ဦးနဲ့ စတဲ့ ခရီးသစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်
၂၀၁၂ ဇန်န၀ါရီ ၅ တွင် တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခွင့်
ရရှိခဲ့လေသည်။ ၂၀၁၂ (ဧပြီ ၁) တွင် ကျင်းပမည့်
ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲဆိုသည်မှာ လွှတ်တော်သက်တမ်းမကုန်ဆုံးမီ
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးသည် ၀န်ကြီးတာဝန် အပေးခံရ၍ လည်းကောင်း၊
အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်မှု ဖြစ်ခဲ့သော် ကျန်ရှိနေသေးသည့်
သက်တမ်းကို ဆက်လက်တာဝန်ထမ်းဆောင်မည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက်
သီးသန့်ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။ ယခုအခါ
အဖွဲ့ချုပ်အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး သက်ဆိုင်ရာ
ဒေသမြို့နယ်အသီးသီး၏ အောင်နိုင်ရေးအဖွဲ့များကို ဖွဲ့စည်း၍
စည်းရုံးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။ ထို့အပြင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုလျက် ရွေးကောက်ပွဲအသီးသီးတွင်
ပါဝင်ယှဉ်ပြိုင်ကြမည့် သက်ဆိုင်ရာမြို့နယ်အလိုက်
ပြည်သူ့ကိုယ်စားလှယ်လောင်း (၄၈) ဦး ၏ အမည်စာရင်းကိုလည်း
ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
တနင်္လာရီ ခရီးစဉ်မြင်ကွင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၀၁၂ ဧပြီ (၁)
တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းကော့မှူးမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်အရွေး
ခံမည်ဖြစ်ရာ ပထမပါတီစည်းရုံးရေးခရီးစဉ်အဖြစ် ၂၀၁၂ ဇန်န၀ါရီ ၂၉ရက် နံနက်
၈နာရီတွင် တနင်္သာရီတိုင်း ထားဝယ်မြို့သို့ ရောက်ရှိ လာခဲ့သည်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ထားဝယ်လေဆိပ်၌
ထားဝယ်အမျိုးသားဒီမိုကရစေီအဖွဲ့ချုပ် မြို့နယ်တိုင်း
ခေါင်းဆောင်များနှင့်အတူ ထားဝယ်ခရိုင်မှ ပြည်သူပြည်သားများက ကြိတ်ကြိတ်တိုး
သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်လိုက်ပါစီးနင်းလာသော
မော်တော်ယာဉ်တန်းသည် ထားဝယ်လေဆိပ်မှ ရေးလမ်းဆုံ၊ ဥတ္တားကြီးလမ်းဆုံ၊
လောကမာရဇိန်ဘုရားကြီးလမ်းဆုံမှ ဆေးရုံလမ်းရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တနင်္သာရီတိုင်းဒေသကြီးရုံးသို့
နံနက်၈နာရီခွဲ၌ ရောက်ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည်
တိုင်းဒေသကြီးရုံး၌ အမှာစကားပြောကြားပြီး သောင်းသောင်းဖြဖြ ကြိုဆိုနေကြသော
ပြည်သူများအား ကားပေါ်မှ နှုတ်ဆက်ရင်း ထားဝယ်မြို့နှင့် ၁၀မိုင်ခန့်ဝေးသော
လောင်းလုံမြို့သို့ ဆက်၍ ထွက်ခဲ့ရာ လမ်းခရီးတလျှောက်၌
ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်အောင်ဆန်းစုကြည်ပုံများအား အိမ်တိုင်းလိုလို
တိုင်ထောင်ကပ်ထားကာ ကြိုဆိုခဲ့ကြပုံများမှာ ကြက်သီးတဖြန်းဖြန်း
ထသွားစေလောက်သည်။ လောင်းလုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ အဖွဲ့ချုပ်မှ
ဦးအောင်စိုးက ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ လောင်းလုံမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့သို့ နံနက် ၁၁နာရီခန့်တွင်
ရောက်ရှိလာခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်သည် အနားပင်မယူတော့ဘဲ
ဇွဲကောင်းကောင်းဖြင့် စောင့်ဆိုင်းနေသည့် ထောင်ပေါင်းများစွာသော လူထုအား
အောက်ပါအတိုင်း မိန့်ခွန်းပြောကြားခဲ့သည်-
တနလာင်္ရီ မိန့်ခွန်း ကောက်နုတ်ချက်
“အနှစ်
၂၀ကျော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရပ်တည်ခဲ့နိုင်တာကတော့
အခုလောင်းလုံမြို့သူမြို့သားတွေလို စိတ်ဓာတ်ခိုင်မာတဲ့ ပြည်သူတွေကြောင့်
ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ထောက်ခံမှုမရှိခဲ့ရင် ကျမတို့ဟာ
ရှင်သန်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်လည်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကမ္ဘာက အသိအမှတ်ပြုတယ်ဆိုတာ
ပြည်သူတွေကြောင့်ပါပဲ။ ပြည်သူတွေရဲ့ ထောက်ခံမှုရှိတဲ့ အဖွဲ့အစည်းသာလျှင်
ကမ္ဘာကလည်း အသိအမှတ်ပြုမယ်။ ကျမတို့ပြည်တွင်းကလည်း အသိအမှတ်ပြုမယ်၊
ဒါကြောင့် ပြည်သူတွေရဲ့ အင်အားဟာ ဘယ်လောက်အရေးကြီးလဲဆိုတာ ဘယ်တော့မှ
မမေ့ပါနဲ့။”
“ဒီနိုင်ငံမှာရှိတဲ့
နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ ဘ၀တွေပိုပြီးတော့
ကောင်းမွန်တိုးတက်ဖို့အတွက် လုပ်ရတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့
လုပ်သွားလို့ရှိရင် ဘယ်လိုအခက်အခဲကိုမဆို ကျမတို့ ကျော်လွှားနိုင်မှာပါ။
ခံနိုင်ရည်ရှိမှာပါ။ ဒီတော့ ကျမတို့ရဲ့ ခံနိုင်ရည်ရှိပြီးသားဖြစ်တဲ့
ပြည်သူပြည်သားတွေဟာ ထပ်ပြီးတော့ ခံနိုင်ရည်တွေကို ထိန်းသိမ်းထားပြီး
ကျမတို့နဲ့ အတူတူ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်တဲ့အထိ ချီတက်ကြပါလို့
မေတ္တာရပ်ခံချင်ပါတယ်။”
“တနင်္သာရီကတော့
တကယ့်ကို ချီးမွမ်းရလောက်အောင် တကယ့်ကို ဂုဏ်ပြုရလောက်အောင်
စိတ်ဓာတ်တည်ငြိမ်ခိုင်မြဲပါတယ်။ ဒီအနှစ် ၂၀အတွင်းမှာ တနင်္သာရီကနေပြီးတော့
စိတ်ဓာတ်ကျခဲ့တယ်ဆိုပြီးတော့ လုံးဝမရှိခဲ့ဘူး။ လုံးဝယုံယုံကြည်ကြည်နဲ့
ဒါကြောင့်မို့လို့ ကျမက ကြားဖြတ်ရွေးကောက်ပွဲတွေအတွက် ပထမဆုံး
စည်းရုံးရေးခရီးကို ဒီတနင်္သာရီကို လာခဲ့ပါဆိုလို့ ကျမ
ဒီကိုရောက်နေတာဖြစ်ပါတယ်။ ပြီးတော့ ကျမတို့ဘက်က ကတိတည်ခဲ့သလို
ပြည်သူလူထုကလည်းကတိတည်ပြီးတော့ ကျမတို့အဖွဲ့ချုပ်ကို ဖေးမပြီးတော့
ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်အောင်လို့ အင်တိုက်အားတိုက် `မဲ´ပေးကြပါလို့
ကျမမေတ္တာရပ်ခံချင်ပါတယ်။”
“နိုင်ငံတစ်နိုင်ငံလုံးကို
တိုးတက်အောင်လို့ ကျမတို့ကြိုးစားမယ်။ အဲဒီဟာတွေအတွက် ကျမတို့ဟာ
ပြည်သူတွေကို ကာကွယ်မယ့် ဥပဒေစိုးမိုးရေး၊ ပြည်သူတွေအတွက် ငြိမ်းချမ်းမယ့်
ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးကို ကျမတို့ ဦးတည်ပြီး လုပ်သွားမှာပါ။
ဥပဒေစိုးမိုးရေး ဘာဖြစ်လို့ အရေးကြီးသလဲဆိုတော့ ပြည်သူလူထုရဲ့
လုံခြုံမှုအတွက်ပါ။ `အိပ်နိုးချမ်းသာ´ပေါ့နော်။ အိပ်တဲ့အခါကျရင်
လုံလုံခြုံခြုံအိပ်ရာဝင်နိုင်ရမယ်၊ ငါတို့ရဲ့ ရပ်ရွာဟာ အေးချမ်းမယ်၊
သာယာမယ်၊ ဓားပြလည်း လာမတိုက်ဘူး။ ဘယ်အာဏာပိုင်အဖွဲ့မှလည်း
တံခါးမှာလာပြီးတော့ မခေါက်ဘူး။ ဘယ်သူကမှလည်း ဘယ်သူကို တရားဥပဒေနဲ့
မကိုက်ညီဘဲနဲ့ အနိုင်ကျင့်လို့မရဘူး။ ဒီလိုစိတ်ချမ်းသာမှုတွေနဲ့
အိပ်ရာဝင်နိုင်ရမယ်။ ငါတို့ဟာ ဥပဒေကို မဖောက်သရွေ့ ဘယ်သူကမှ ငါတို့ကို
မထိနိုင်ဘူးဆိုတဲ့ ယုံကြည်စိတ်နဲ့ အေးအေးချမ်းချမ်းနဲ့ ကိုယ်ရဲ့
တနေ့တာလုပ်စရာရှိတာတွေကို လုပ်နိုင်တဲ့ အခြေအနေမှာဖြစ်ရမယ်။
ကျမတို့
ပြည်သူတချို့က ပြောမယ်၊ ဥပဒေစိုးမိုးရေးအကြောင်း ပြောနေတာ ကျနော်တို့
ကျမတို့ရဲ့ နိစ္စဓူ၀၀မ်းစာအတွက်ရော၊ ၀မ်းရေးအတွက်ရော မြန်မာပြည်သူတွေဟာ
ဆင်းရဲပါတယ်ဆိုပြီးတော့ ကျမ ခဏခဏ ကြားရပါတယ်။ အလုပ်အကိုင်တွေ
လုံလုံလောက်လောက် မရှိပါဘူးဆိုတာလည်း ကျမတို့ ကြားရပါတယ်။ အဲဒီတော့
ဒီလိုပြည်သူတွေ အလုပ်အကိုင်မဲ့ မဖြစ်ရအောင် ဆင်းရဲတွင်းကနေပြီးတော့
တက်ပြီးတော့ ထွက်နိုင်အောင်လို့ဆိုတာဟာ အဲဒီမှာလည်း ဥပဒေစိုးမိုးရေးဟာ
အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နိုင်ငံမှာ တချို့ရှိနေတဲ့
ဥပဒေတွေဟာ ပြည်သူတွေလွတ်လွတ်လပ်လပ် လုပ်ကိုင်စားနိုင်ဖို့ အခြေအနေ
ဟန့်တားထားတဲ့ ဥပဒေတွေ ရှိပါတယ်။”
“ဒါတွေကို
ကျမတို့ကနေပြီးတော့ လွှတ်တော်တွင်းကနေပြီးတော့
ဖယ်ရှားချင်တဲ့ဆန္ဒတွေရှိပါတယ်။ နောက်တချို့အနည်းအကျဉ်းသော ဥပဒေတွေကတော့
အသစ်ပြန်ပြီးတော့ ပြဋ္ဌာန်းရမယ့် ဥပဒေတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျမတို့ရဲ့
ဥပဒေရှင်တွေနဲ့ သေသေချာချာ စဉ်းစားကြည့်လိုက်တော့
ကျမတို့နိုင်ငံမှာဆိုလို့ရှိရင် မလိုလားအပ်တဲ့ဥပဒေ၊ ပြည်သူတွေရဲ့ဘ၀တွေကို
မလိုလားအပ်ဘဲနဲ့ ချုပ်ချယ်ထားတာ၊ ပြည်သူတွေရဲ့
လုပ်နိုင်ကိုင်နိုင်တဲ့အခြေအနေတွေကို ကန့်သတ်ထားတာ၊
အဲဒီလိုဥပဒေတွေကစပြီးတော့ ကျမတို့က ဖယ်ရှားရမှာဖြစ်ပါတယ်။”
“နောက်ပြီးတော့
ကျမတို့အဖွဲ့ချုပ်ကနေပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့
ကျမတို့အင်မတန်မှကို ဒီကိစ္စကို အလေးထားပါတယ်။ အခုဆိုရင်
အားလုံးသိတဲ့အတိုင်းပဲ ကချင်ပြည်နယ်မှာဆိုလို့ရှိရင် အပစ်အခတ်တွေရပ်စဲတာ
မရှိသေးပါဘူး။ ဒီတော့ အဲဒီက ကျမတို့ရဲ့ ကချင်ညီအစ်ကိုမောင်နှမသားချင်းတွေ
ဘယ်လောက် ဒုက္ခရောက်နေမလဲဆိုတာ စဉ်းစားကြည့်ကြပါ။ စာနာကြပါ။ ဒါကြောင့်လည်း
ကျမတို့ကနေပြီးတော့ ကချင်ဒုက္ခသည်တွေအတွက် တတ်နိုင်သမျှ
ကျမတို့ကူညီထောက်ပံ့တာတွေ လုပ်ပါတယ်။ အားလုံးဟာ အချင်ချင်းပဲ။
ဒီနိုင်ငံတနိုင်ငံလုံးမှာ တနေရာမှာ မအေးချမ်းဘူးလို့ ဒီလိုပဲ
ယူဆရပါလိမ့်မယ်။ လွတ်လပ်ခြင်းဆိုတာ ခွဲခြားလို့ရတာမဟုတ်ပါဘူး။
တယောက်မလွတ်လပ်ဘူးဆိုရင် ဒါ ကျမတို့နိုင်ငံမလွတ်လပ်ဘူးလို့ ကျမတို့ ဒီလိုပဲ
ကျမတို့အမြင်နဲ့ မြင်ရပါလိမ့်မယ်။ အဲဒီတော့ တယောက်ဟာ ဥပဒေရဲ့
အကျိုးခံစားပိုင်ခွင့်မရှိဘူးဆိုလို့ရှိရင် တတိုင်းပြည်လုံးဥပဒေရဲ့
အကျိုးကို ခံစားပိုင်ခွင့်မရှိတာနဲ့ အတူတူပါပဲ။”
“နောက်
ကျမတို့အနေနဲ့ ဥပဒေစိုးမိုးရေးနဲ့ တန်းတူညီမျှ အရေးကြီးတဲ့ကိစ္စ တခုကတော့
ပြည်တွင်းငြိမ်းချမ်းရေးပါပဲ။ အခုနိုင်ငံထဲမှာဆိုရင် ကျမတို့နိုင်ငံမှာ
လွတ်လပ်ရေးရပြီးကာလမှ အခုထိ၊ လွတ်လပ်ရေးရပြီးတာလည်း နှစ် ၆၀ကျော်သွားပါပြီ။
အခုထိ လုံးဝပြည်တွင်းစစ်ငြိမ်းတယ်ရယ်လို့ မရှိခဲ့သေးပါဘူး။ ဒီဟာကို
ကျမတို့ ဦးတည်ရပါမယ်။ ကျမတို့နိုင်ငံဟာ ပြည်ထောင်စုပါ။ ပြည်ထောင်စုဆိုတာ
တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံကြီးတစ်ခုဖြစ်ပါတယ်။
ကျမတို့ဗမာဆိုတာလည်း ဒီတိုင်းရင်းသားထဲက တစ်ခုပဲ။ ဒါပေမယ့် လူများစုပေါ့။
အခုတနင်္သာရီဟာ ကျမတို့တနင်္သာရီသူ၊ တနင်္သာရီသားတွေဟာ ဒီဟာကို အများကြီးပိုပြီး
ကျမတို့ ထက် နားလည်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တနင်္သာရီဟိုဘက်ရော၊
ဒီဘက်ရော ဆက်စပ်နေတယ်လို့ ကျမကထင်တယ်။။ တနင်္သာရီဟာဆိုရင် တိုင်းဖြစ်တယ်။
ပြည်မနဲ့ဆက်စပ်နေတယ်။ ဒီမျိုးရိုးအရ ဗမာတွေနဲ့ နီးစပ်နေတယ်။
သို့သော်ငြားလည်း တနင်္သာရီသူ၊ တနင်္သာရီသားတွေဟာ ပြည်မ ဗမာတွေနဲ့ လုံးဝထပ်တူ
တူတာတော့ မဟုတ်ဘူး၊ ခြားနားချက်ကလေးတွေတော့ ရှိတယ်။ ဒါကြောင့်မို့လို့
တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ၊ မျှော်လင့်ချက်တွေကို ပိုပြီးတော့
စာနာနိုင်မယ်လို့ ကျမတို့ ထင်ပါတယ်။”
“တတိယမြောက်
ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်တဲ့အခါမှာ
အရေးကြီးတဲ့ ဦးတည်ချက်တစ်ခုဆိုပြီး သတ်မှတ်ထားတာကတော့
ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြည်သူတွေကို အကျိုးမဖြစ်စေတဲ့အပိုင်းတွေကို
ပြုပြင်ပြောင်းလဲဖို့ပါပဲ။ ဒါကျမတို့ လုပ်ကိုလုပ်ရမယ်။ ရင်ဆိုင်ရဲရမယ်။
အဲတော့ ဒီလိုပြောတဲ့အခါမှာ အခြေခံဥပဒေကိုလေ့လာကြပါလို့
ကျမတိုက်တွန်းချင်တယ်။ ဒီဥပဒေကို မလေ့လာထားဘဲနဲ့ ပြောင်းချင်တယ်ဆိုပြီးတော့
ဒီလိုပဲ ပြောလို့မရနိုင်ပါဘူး။ ဘာဖြစ်လို့ ပြောင်းဖို့လိုတာလဲ။
ဘယ်အစိတ်အပိုင်းတွေကို ပြောင်းဖို့လိုတာလဲဆိုတာ၊ ကျမတို့ရဲ့
အဖွဲ့ဝင်တွေတစ်ဦးချင်း တစ်ဦးချင်းဟာ သိဖို့လိုပါတယ်။ ဒါမှတဆင့်
ပြည်သူတွေကို ပြန်ပြီးတော့ ရှင်းပြနိုင်မှာပါ။ နိုင်ငံရေးပါတီတွေ
ဖွဲ့စည်းထားတယ်ဆိုတာ ဒါအတွက်ပဲ။ ပြည်သူတွေက
အချိန်ပြည့်နိုင်ငံရေးကိစ္စတွေကို လေ့လာနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”
ဟူ၍ ပြောကြားသွားလေသည်။
ကြားဖြတ်ရွေးကောက်ပွဲ ခရီးလမ်း အတားအဆီးများ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်
လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ်
၄၈နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂ခုနှစ် ဧပြီ ၁ရက်တွင်
ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန် ထားပြီးဖြစ်သည်။
ကျင်းပမည့်
ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျင်းပပြုလုပ်မည့် မဲဆန္ဒနယ်များမှာ
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၄၀၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ခြောက်နယ်နှင့်
တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နှစ်နယ် တို့ဖြစ်ကြသည်။
အဖွဲ့ချုပ်သဘာပတိအဖွဲ့
နာယက ဦးတင်ဦး၊ အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက်၍
ပါတီမှတ်ပုံတင်ခဲ့စဉ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက
လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတပြီး လွတ်လပ်သည့်
ရွေးကောက်ပွဲဖြစ်စေရမည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။
သို့သော်
ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း စည်းရုံးရေးခရီးစဉ်အတွင်း မန္တလေးမြို့
လူထုပရိသတ်အား မဲဆွယ်စည်းရုံးရေးတရား ဟောပြောနိုင်ရန်အတွက် ဗထူး
အားကစားပြိုင်ကွင်း၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားရာ အားကစားပြိုင်ကွင်းအား
အစိုးရထံမှ ကန်ထရိုက်ရယူထားသော `မက်စ်မြန်မာ ကုမ္ပဏီ´
ပိုင်ရှင်ဦးဇော်ဇော်ဆိုသူက ခွင့်မပြုသောကြောင့် ဟောပြောရမည့်
နေရာအခက်အခဲနှင့် လုံခြုံရေးအရ ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ်ကို
ရွှေ့ဆိုင်းထားခဲ့ရသည်။
ထို့အပြင်
ပုသိမ်ခရီးစဉ်သွားရောက်မည့်ဆဲဆဲ ဒေါ်အောင်ဆန်းစုကြည် ဟောပြောပြုလုပ်မည့်
ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ပုသိမ်မြို့ရှိ အာဏာပိုင်တို့က ပုသိမ်တက္ကသိုလ်ကို
အထူးပြုဘာသာရပ်အားလုံး ကြိုတင်စီစဉ်ထားမှုမရှိဘဲ ရုတ်တရက်
စာမေးပွဲကျင်းပမည်ဟု ပြန်သည်။ ဧရာဝတီတိုင်း၌လည်း
အဖွဲ့ချုပ်ရွေးကောက်ပွဲအောင်နိုင်ရေးရန်ပုံငွေအတွက်
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံများ၊
တီရှပ်များရောင်းချမှုကို ပိတ်ပင်ခဲ့သည်။
တဖန်
ဖေဖော်ဝါရီလ ၆ ရက်မှ ၁၆ ရက်အထိ မန္တလေးမြို့ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ
ဓမ္မသာလာဗိမာန်တွင်ကျင်းပသည့် NLD ရန်ပုံငွေ ပွင့်သစ်လွင်ပန်းချီပြပွဲ၌
ပန်းချီကားရောင်းချခဲ့ရသည့် ကျပ်သိန်း ၈၀ ကို ချမ်းအေးသာဇံမြို့နယ် အမှတ် ၆
ရဲစခန်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော်
အစိုးရအာဏာရယူထားသော ကြံ့ဖွံ့ပါတီမဲဆွယ်တရားပွဲများကိုမူ မည်သည့်နေရာ၊
မည်သည့်အချိန်၌မဆို အဟန့်အတားမရှိ ပြုလုပ်နိုင်ခွင့်ရှိသော်လည်း
အဖွဲ့ချုပ်စည်းရုံးရေးအား နည်းမျိုးစုံဖြင့် နှောင့်ယှက်နေမှုများကြောင့်
လာမည့် ၂၀၁၂ရွေးကောက်ပွဲအပေါ် သံသယရှိနေကြသည်ကို သိရှိရလေသည်။
သံသယရှိသည်မှာလည်း အကြောင်းမဲ့မဟုတ်ချေ။ လူထုသည်
ရွေးကောက်ပွဲအမျိုးမျိုးနှင့်အတူ ညစ်နည်းအမျိုးမျိုးကိုလည်း
ဖြတ်သန်းထိတွေ့ဖူးကြသည်။ လူထုအသည်းကြားက မဲတပြားကို ငွေပေးဝယ်သလို
ခြိမ်းခြောက်အနိုင်ကျင့် အကြပ်ကိုင်ပြီး မဲထည့်ခိုင်းသည့်
အတိတ်ရာဇ၀င်များလည်းရှိသည်။
နိုင်ငံရေး အာမခံချက်များရှိဖို့ အတိုင်းအတာများ
နိုင်ငံရေးပါတီဆိုသည်မှာ
ပြည်သူလူထု၏ လိုလားချက်နှင့် ဆန္ဒကို ညီညွတ်စုစည်းမှုပြုနိုင်ရေးအတွက်
နိုင်ငံရေးအရ စနစ်တကျဖွဲ့စည်း ထားသည့် အဖွဲ့အစည်းတခု ဖြစ်ရာ၊ ဒီမိုကရေစီကို
မှန်ကန်စွာကျင့်သုံးနိုင်ခွင့်နှင့် ပြည်သူလူထုကို စစ်မှန်စွာ
ကိုယ်စားပြုခွင့်ရရှိရန် လိုအပ်ပေသည်။ ထို့အပြင် နိုင်ငံရေးပါတီသည်
အရှည်သဖြင့်တည်တည်ငြိမ်ငြိမ် ခိုင်မာစွာ ရပ်တည်နိုင်ရေးအတွက် စည်းရုံးရေး
စွမ်းရည်များပေါ်တွင် တည်မီနေသောကြောင့် နိုင်ငံတော်အတွင်း မည်သည့်နေရာ၊
ဒေသမဆို လွတ်လပ်စွာ အဟန့်အတား အနှောင့်အယှက်မရှိ စည်းရုံးလှုပ်ရှားခွင့်
ရရှိရေးသည် အရေးကြီးလှပေသည်။
ထို့အပြင်
ကြားဖြတ်ရွေးကောက်ပွဲဖြစ်စေ၊ အထွေထွေရွေးကောက်ပွဲဖြစ်စေ လွတ်လပ်၍
တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် လိုအပ်ပေသည်။ လွတ်လပ်၍ တရားမျှတသော
ရွေးကောက်ပွဲဖြစ်ရန်အတွက် အောက်ပါအချက်များသည် လွန်စွာမှပင် အရေးကြီး
ပေသည်။
(၁)ရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ ညွှန်ကြားချက်များ၊ ကြေညာချက်များကို တိတိကျကျလိုက်နာခြင်း။
(၂)ရွေးကောက်ပွဲကျင်းပသည့်နေ့၌ တရားဝင်စောင့်ကြည့်နိုင်ခြင်း
(၃)လျှို့ဝှက်မဲပေးစနစ်ရှိခြင်း
(၄)တရားမ၀င်မဲများမရှိခြင်း
(အလွန်အကျွံ ပိုမဲ၊ အသက်မပြည့်မဲ၊ သေဆုံးသူ၏မဲ၊ လူမရှိမဲ၊ ဖိအားပေးမဲ၊
ခြိမ်းခြောက်မဲ၊ ၀ယ်မဲ၊ လိမ်မဲ၊ ခိုးမဲ စသည်များ)
(၅)ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့တွင်
အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း ကျား၊မ မရွေး ဘာသာမရွေး
ရွေးကောက်ပွဲပြဌာန်းချက်များ နှင့် မဆန့်ကျင်သော နိုင်ငံသား၊
ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ်
ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူ၊ သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတွင်
ပါဝင်သူတိုင်း မဲပေးခွင့်ရရှိခြင်း။
(၆)မဲဆန္ဒနယ်ပြည်ပရောက်ရှိနေသူများမှအပ
ဖိအားအမျိုးမျိုးပေး၍ ကျောင်း၊ အစိုးရဌာန၊ အလုပ်ရုံ၊
စစ်ဖက်ဆိုင်ရာဌာနများ၊ ပြည်သူ့ရဲနှင့် တပ်ဖွဲ့အသီးသီးရှိ မဲပေးသူ
ဆန္ဒရှင်များထံမှ မသမာနည်းဖြင့် မိသားစုပါမကျန် ကြိုတင်မဲကောက်ယူခြင်းများ
မရှိခြင်း
(၇)လွတ်လပ်စွာမဲပေးခြင်း
(၈)တရားမျှတစွာ မှန်မှန်ကန်ကန် မဲရေတွက်နိုင်ခြင်း
(၉)လွတ်လပ်စွာမဲဆွယ်ခွင့်များရရှိခြင်း
(၁၀)သတင်းမီဒီယာများ၏ လွတ်လပ်စွာသတင်းယူနိုင်ခွင့် နှင့် ဖော်ပြခွင့်ပေးခြင်း
(၁၁)ရွေးကောက်ပွဲကော်မရှင်နှင့်
ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ အဖွဲ့ဝင်များ၊ မဲရုံမှူးအပါအ၀င်
မဲရုံအဖွဲ့ဝင်များကို မသမာမှု လုပ်ဆောင်ချက်များကို တွေ့ရှိပါက
အရေးယူအပြစ်ပေးနိုင်ခြင်း။
(၁၂)ရွေးကောက်ပွဲသို့ မည်သူမဆို လွတ်လပ်စွာလေ့လာနိုင်ခြင်း စသည့်အချက်များ ရရှိရန်လိုအပ်ပေသည်။
သို့မှသာ
မဲဆန္ဒရှင်တိုင်းသည် မိမိတို့ လိုလားနှစ်သက်သော
လွှတ်တော်ကိုယ်စားလှယ်လောင်းကို မိမိတို့၏ ဆန္ဒအတိုင်း အသည်းကြားမှ
မဲတပြားအား လွတ်လပ်စွာ မဲပေးနိုင်မည်ဖြစ်သည်။
မည်သို့ဆိုစေ…
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲသည် စစ်မှန်သော ဒီမိုကရေစီစနစ်ကို
လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်ရာတွင်
အရေးအကြီးဆုံးနိုင်ငံရေးဖြစ်စဉ်တစ်ခုဖြစ်သလို ဒီမိုကရေစီ၏အသက်ဝိဥာဉ်လည်း
ဖြစ်နေရာ လာမည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသည် လုံးဝလွတ်လပ်၍ တရားမျှတသည့်
ရွေးကောက်ပွဲဖြစ်ရန် အရေးကြီးလှပေသည်။ သို့မှသာ … လက်ရှိအစိုးရနှင့်
စစ်တပ်အကြီးအကဲများသည် ပြည်သူလူထုနှင့် ကမ္ဘာ့ခေါင်းဆောင်များအား
အကြိမ်ကြိမ်အထပ်ထပ်ပေးခဲ့သော မိမိတို့၏ ကတိစကားကို အားလုံးက
ယုံကြည်ကိုးစားပေလိမ့်မည် မဟုတ်ပါလော။


No comments:
Post a Comment