| Written by မင်းလူ |
(သရုပ်ဖေါ် ကာတွန်း ဝိသကြုံ)
ဆံပင်ညှပ်ခြင်းကိစ္စသည်
မြန်မာ့သမိုင်းမှာ အလွန်ကြီးကျယ်သော အပြောင်းအလဲကြီး တစ်ခုအတွက်
အစပျိုးပေးခဲ့သည်ဟု ဆိုကောင်း ဆိုနိုင်လိမ့်မည်ထင်၏။
ဘုရင့်နောင်၏
ဒုတိယမြန်မာနိုင်ငံကြီး ပြိုကွဲပြီးနောက် တိုင်းပြည်မှာ
အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ သူတလူငါတမင်း ကိုယ့်ဒေသ ကိုယ်
အုပ်ချုပ်ရင်း အင်အား စုဆောင်းနေကြသည်။ အင်းဝဘုရင်မှာ နာမည်ခံလောက်သာရှိ ၏။
သြဇာအာဏာ မရှိ။
ထိုအချိန်တွင် အောက်မြန်မာပြည်ရှိ ဟံသာဝတီနိုင်ငံသည်
တဖြည်းဖြည်း အင်အား တောင့်တင်းလာသည်။ အထက်ဘက်ကို နယ်ပယ်ချဲ့ထွင်လာခဲ့ရာ
နောက်ဆုံးမင်း အင်းဝ နေပြည်တော်ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။ ထိုမျှ မကသေး
အင်းဝနန်းတွင်းမှာ ဟံသာဝတီဓလေ့ ထုံးစံများကို ကျင့်သုံးစေသည်။ ၀တ်စားဆင်ယင်
မှုသာမက ဆံပင်ကိုပါ ဟံသာဝတီပုံစံ ဖြတ်စေသည်။ ဒါကို ဟံသာဝတီဇာတ်သွင်းသည်ဟု
ခေါ် ဆိုကြသည်။
ထိုကာလက
အထက်အညာဒေသရှိ မြန် မာတို့အတွက် ဆံပင်ဆိုသည်မှာ အထွတ်အမြတ်
ထားသောအရာဖြစ်၏။ ဆံပင်ကို ဖြတ်ဖို့မဆိုထား နဲ့ သူတစ်ပါးက လာပြီးထိတာ၊
ကိုင်တာ၊ ဆွဲတာ ကိုပင် စော်ကားသည်ဟု ယူဆကြသည်။ မြန်မာ ဘုရင်တွေဆိုလျှင်
သူ့တို့ဆံပင်ကို မိဖုရားခေါင် ကြီးကလွှဲပြီး ဘယ်သူ့ကိုမျှ ထိခွင့်ကိုင်ခွင့်
မပေးတာမျိုးတောင် ရှိသည်။
ဒီလို အစွဲရှိသော အချိန်မျိုးမှာ ဆံပင် အဖြတ်ခံရခြင်းသည် အလွန်ခံပြင်းစရာပင်ဖြစ်၏။ ဒီထဲမှာ မကျေနိုင် မချမ်းနိုင်
အဖြစ်ဆုံး လူကတော့ ရွှေဘိုနယ်ဘက်မှာ အင်အား စုဆောင်းနေသူ ဦးအောင်ဇေယျ
(နောင်အလောင်းဘုရား) ပင်ဖြစ် လေသည်။ ဆံပင်အဖြတ်ခံရသော ကိစ္စသည် အင်းဝကို
မရရအောင် တိုက်ခိုက် သိမ်းပိုက်မှဖြစ်မည်ဆိုသော သူ၏ သန္နဋ္ဌာန်ကိုပို၍
ခိုင်မာစေတော့သည်။ ဒါတွင်မက မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးသောအခါ
ဟံသာဝတီနိုင်ငံတော်ကို ရာသက်ပန် အပြီးတိုင် ဖျက်သိမ်းပစ်လိုက်လေတော့သည်။
အလောင်းမင်းတရားကြီးသည်
ဆံပင် ပြဿနာကြောင့် တတိယ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်တော်မူသည်ဟု
ဆိုလိုခြင်းမဟုတ်ပါ။ သို့တိုင်အောင် ထိုကိစ္စသည် သူ့ရင်ထဲမှာ စူးတစ်ချောင်း
စိုက်ဝင်နေသလို မြက်ခနဲ မြက်ခနဲ နာကျင်ခံစားနေခဲ့မှာတော့ သေချာသည်။
x x x
အနောက်နိုင်ငံသားတွေကတော့ ဆံပင်ကို သိပ်တန်ဖိုးမထားကြပုံမရ။ မြင့်မြတ်သည်ဟု ယူဆပုံလည်းမပေါ်။ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်တဲ့အခါ
အားပေးနှစ်သိမ့်တဲ့အခါ ခေါင်းကိုပုတ်၊ ဆံပင်တွေကို လက်ချောင်းနဲ့ ထိုးဖွ
လုပ်ချင် လုပ်တတ်သည်။ သူတို့အဖို့တော့ ဆံပင်ဆိုတာ ရှည်လေ ရှုပ်လေ၊
အနှောင့်အယှက်ဖြစ် လေဟု သဘောထားဟန်တူသည်။ ရှေးရောမ ခေါမခေတ်တုန်းကတည်းက
(ဘာဘေရီးယန်း ခေါ် လူရိုင်းတွေကလွှဲ၍) ဆံပင်ကို ခပ်တိုတို ထားတတ်ကြသည်။
ကျောက်ခတ်တုန်းက
ဆံပင်တွေ ရှည်လာလျှင် ကျောက်တုံးပေါ်မှာ ဆံပင်တွေ ဖြန့်တင်ပြီး
ကျောက်ပုဆိန်နဲ့ထုပြီး ဖြတ်မည်။ ကြေးခတ် သံခေတ်ကျတော့ ဓားနှင့်ဖြတ်မည်။
ကတ်ကြေး ပေါ်လာတော့ ဖြတ်ရ ညှပ်ရတာပိုပြီး အဆင်ပြေ လာမည်။ စက်ကတ်ကြေးကို
ထွင်နိုင်လာတဲ့ အခါမှာတော့ ခုခေတ်ပုံမျိုး ဖြစ်လာမည်။ ပုံဆန်းတွေ
ထပ်ထွင်လာနိုင်မည်။
မြန်မာနိုင်ငံမှာ
ဆံပင်အတိုညှပ်တဲ့ အလေ့အထက အင်္ဂလိပ်လက်အောက် ရောက်ပြီးမှ
ထွန်းကားလာခြင်းဖြစ်၏။ အစပိုင်းမှာတော့ အင်္ဂလိပ် အစိုးရလက်အောက်မှာ
အမှုထမ်းသူတွေသာ ညပ်ကြခြင်း ဖြစ်ပုံရသည်။ အလုပ်သဘောမို့ မတတ်သာလို့
ညပ်ရသူတွေလည်းပါမည်။ အထက်လူကြီးဆီက မျက်နှာကောင်းရချင်လို့၊ သခင်ကို
ဖားချင်လို့ ကိုယ်ကျိုးစီးပွားအတွက် အထောက်အကူပြုလို့ ညှပ်သူတွေလည်း
ရှိနိုင်သည်။ ဘိုတွေ ညှပ်တဲ့ ပုံစံဖြစ်ကြောင့် “ဘိုကေ” ဟုခေါ်ကြသည်။
မျိုးချစ်စိတ်ဓာတ်
ပြင်းထန်သော လူကြီးတွေက ရောင်ထုံးကို မပယ်ဘဲ ဆက်ပြီးထားကြသည်။
လူငယ်တွေကတော့ ဘိုကေမှ ခေတ်မီတယ်ဟု ယူဆပြီး ဆံပင်ညှပ်ခြင်း အလေ့အထ ထွန်းကား
ပြန့်ပွားလာခဲ့တာ အခုထိပဲ။
(အင်္ဂလိပ်ကို
တော်လှန်တိုက်ခိုက်ခဲ့ခြင်းမှာ ဆံပင်ညှပ်ခံရတာကို အသည်းနာပြီး ခံပြင်း
လှသောကြောင့်မဟုတ်။ လွတ်လပ်ရေးလိုချင်လို့သာဖြစ်၏။)
x x x
ကျွန်တော်တို့
ငယ်ငယ်က နှစ်ပတ်တစ်ခါ ဆံပင်ညပ်ကြရသည်။ ခုခေတ် အမြင်နဲ့ဆိုလျှင်တော့ ရယ်စရာ
ဖြစ်ကောင်းဖြစ်မည်။ ဆယ့်လေး ရက်အတွင်းမှာ ဆံပင်က ဘယ်လောက်ရှည်မှာ
မို့လို့လဲ။ သို့ရာတွင် ကြီးတော်ကြီးရဲ့ အစီအမံအတိုင်း လိုက်နာကြရသည်။
တစ်ပတ်ခြားတစ်ခါ တနင်္ဂနွေနေ့ဆိုလျှင် ဆံပင်ညှပ်ဆရာကြီးက အိမ်ကိုလာသည်။
ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ တန်းစီပြီး တလှည့်စီ ညှပ်ရသည်။
တနင်္ဂနွေဆိုတာ ဆော့လို့အကောင်းဆုံး နေ့လေ။ အိပ်ရာနိုးတဲ့အချိန်ကစပြီး ညနေမှောင် ရီပျိုးတဲ့အထိ အသားကုန် ကစားကြတာ။ ထမင်းစားဖို့တောင် အိမ်ကလိုက်ရှာပြီး
ခေါ်ယူရသည်။ (ကျူရှင်တွေ ဘာတွေလည်း သွားစရာမလို။ ကျွန်တော်တို့ ငယ်ငယ်က
ကျူရှင်ဆိုတာ စာညံ့တဲ့ကောင်တွေမှ ယူရတာမို့ ရှက်စရာကောင်း တယ်လို့
ထင်ကြတာ။)
ဆော့လို့ကောင်းတုန်း
ဆံပင်ညှပ်ဖို့ လာခေါ်တော့ အတော်စိတ်ညစ်ရသည်။ ဂျင်ပေါက်တာ၊ ဂေါ်လီရိုက်တာ၊
ပိုလို ကားထပ်တာမျိုးဆိုရင် ပိုဆိုးသည်။ ကစားဝိုင်းက နည်းနည်းမှ မခွာချင်။ သေးပေါက်ချင်လျှင်တောင် အနီးအနားမှာပဲ ဆော်ထည့်လိုက်တာ၊ ဒါတောင် လှည့်ကြည့် လှည့်ကြည့်နဲ့။
ညှပ်ရတဲ့ပုံစံကတော့
နောက်နှင့် ဘေးနှစ်ဘက်က အပြောင်၊ အပေါ်ဘက်က ဆံပင်ကိုကျမှ
ခေါင်းလိမ်းဆီလိမ်းပြီး ဘေးခွဲခွဲလို့ရအောင် နည်းနည်းရှည်ထားသည်။
နွေရာသီကျောင်းပိတ် ရက်ဆိုလျှင်တော့ ကတုံးဆံတောက်ပဲ။
တနင်္ဂနွေတစ်ရက်မှာတော့ ပဲခူးက အကိုဝမ်းကွဲတစ်ယောက် လာလည်သည်။ သူက ဂျင် ပေါက်တာ အရမ်းကျွမ်းသည်။ အထူးသဖြင့် “စို့ စပတ်”ခေါ်
ဂျင်ကို မြေကြီးမကျခင် ကြိုးနှင့်ပြန်ဆွဲယူပြီး လက်ဝါးပေါ်မှာလည်အောင်
လုပ်ပြတာ တော်တော် သဘောကျဖို့ကောင်းသည်။ သူက ကျွန်တော်တို့ကို
စို့စပတ်လုပ်နည်း သင်ပေးနေတုန်း ဆံပင်ညှပ်ဖို့ လာခေါ်သဖြင့် ဆတ်တငံ့ငံ့
ဖြစ်ရသည်။
ဆံပင်ညှပ်ပြီးတော့ အစ်ကိုဝမ်းကွဲလုပ်သူက ပဲခူးပြန်သွားပြီ။
ကျွန်တော်တို့မှာ
တော်တော် မခံချိမခံသာ ဖြစ်ကြရသည်။ စို့စပတ်သင်တန်း ပြီးဆုံးအောင်
မတက်လိုက်ရခြင်းအတွက် ဆံပင်ညှပ် ဆရာကြီးကို တရားခံအဖြစ် သတ်မှတ်ပြီး …
“ဒီဦးလေးကြီး သေသွားရင်ကောင်းမယ်”
ဟု
ပြောမိသည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆံပင်ညှပ်ဆရာကြီးသည် နောက်ထပ်
ရောက်မလာတော့။ ဘာကြောင့်လဲဆိုတာတော့ မသိ။ သို့ရာတွင်
ငါတို့ကျိန်ဆဲလိုက်လို့များ တကယ်သေ သွားတာလားဟု ကလေးအတွေးနှင့်
စိတ်မကောင်း ဖြစ်ကြရသေးသည်။
x x x
နောက်ပိုင်းကျတော့
အိမ်နှင့်ကား တစ်မှတ်တိုင်စာလောက် ဝေးသော ဆံပင်ညှပ်ဆိုင်မှာ သွားညှပ်ရသည်။
အိမ်မှာတုန်းကလို ခွေးခြေ လေးပေါ်ထိုင်ရတာ မဟုတ်တော့ဘဲ ဆုံလည်
ကုလားထိုင်နဲ့ ခန့်ခန့်ညားညား ဖြစ်သွားပြီ။ ပြီးတော့ ရှေ့နောက်မှန်နှစ်ချပ်
တပ်ထားသဖြင့် ကိုယ့်နောက်စေ့ကို ပထမဆုံးအကြိမ် ပြန်မြင်ဖူး သွားသောကြောင့်လည်း သဘောကျမိ၏။
သို့ရာတွင်
တစ်ခုရှိတာက ဆိုင်ပိုင်ရှင် ဆံပင်ညှပ်ဆရာသည် အလွန်စကားများသည်။ စပ်လည်း
စပ်စုသည်။ အထူးသဖြင့် ကျွန်တော်တို့ မိသားစု အိမ်တွင်းရေး ကိစ္စတွေကို
နှိုက်နှိုက် ချွတ်ချွတ် မေးတတ်သည်။ လှီးလွှဲဖြေလျှင်လည်း မကြိုက်။
ငါသိပါတယ်ကွာ ဒီလိုမဟုတ်လားဆိုပြီး ထင်ရာမြင်ရာတွေ လျှောက်ပြောသည်။
မကြားချင်ယောင် ဆောင်နေပြန်တော့လည်း ခေါင်းကို ပုတ်ပြီး ဟေ့ကောင်
အိပ်ပျော်နေလား လုပ်သေးသည်။ တစ်ခါတော့ ကျွန်တော်လည်း စိတ်ပေါက်
ပေါက်ရှိလာသဖြင့် …
“အဲဒါတွေ သိချင်ရင်လည်း အဖေဆံပင် လာညှပ်မှပဲ မေးတော့။ ကျွန်တော်တော့ မသိဘူး”
ဟု
ပိတ်ပြောလိုက်မိ၏။ သူထပ်မမေးတော့။ သို့ရာတွင် မကျေနပ်ကြောင်းကိုတော့
အပြုအမူတစ်ခုနှင့် ပြသည်။ စက်ကတ်ကြေးတုံး တုံးကြီးနှင့် ညှပ်နေရာမှ
အစမသတ်ခင် ဆောင့်ဆောင့် ဆွဲလိုက်ခြင်းဖြစ်၏။ ဆံပင်တွေ ဗြုတ်ခနဲ ဗြုတ်ခနဲ
ကျွတ်ပါသွားသည်။ နာလည်း အတော် နာသည်။
တခြားဆိုင်
ပြောင်းညှပ်လို့လည်း မဖြစ်။ ကျွန်တော်တို့ကို အိမ်က ဆံပင်ညှပ်ခ ပေးလိုက်တာ
မဟုတ်။ အဖေက ဆိုင်ကို ငွေကြိုပေးထားသည်။ ကျွန်တော်တို့ ညှပ်သမျှကို ဒီထဲက
ခုနှိမ် သွားခြင်းဖြစ်၏။ ထို့ကြောင့် ဆံပင်ညှပ်တိုင်း စိတ်ညစ်ရသော ဒုက္ခကို
နှစ်အတန်ကြာ ခံခဲ့ရ၏။
x x x
ကျွန်တော်
ခြောက်တန်းရောက်သော နှစ် တွင် နောက်စေ့မှာ ယားနာတစ်မျိုးပေါက်သည်။ ရွှံ့ထဲ
ဗွက်ထဲ ဘောလုံးကန်ပြီး ခေါင်းမှန်မှန် မလျှော်သောကြောင့် ဖြစ်လိမ့်မည်။
လက်နှင့် စမ်းကြည့်လျှင် အ၀ိုင်းဖုလေးလို ဖြစ်နေသည်။ ချွေးထွက်တဲ့အခါ
နည်းနည်းယားသည်။ သိပ် အနေရခက်လောက်အောင် မဟုတ်သဖြင့် ဂရု မစိုက်ဘဲ
အမှတ်တမဲ့ နေလိုက်၏။
ဆံပင်ညှပ်ပြီးခါစ တစ်ရက်မှာ ဘောလုံး ကန်ဖက် သူငယ်ချင်းတစ်ယောက်က …
“ဟေ့ကောင် .. မင်းနောက်စေ့မှာ ပွေး ပေါက်နေတယ်”
ဟု
သတိပေးသည်။ နောက်တစ်ယောက်က ဒက်ပေါက်တာဖြစ်မယ်ဟု မှတ်ချက် ပြုပြန်သည်။
ကျွန်တော်ရှက်သွား၏။ အတန်းထဲမှာ အေးဖေဆိုတဲ့ကောင်ရှိသည်။ သူ့ဗိုက်မှာ ပွေး
ပေါက်နေသဖြင့် တစ်ချိန်လုံး ကုတ်ဖဲ့နေရသည်။ ထို့ကြောင့် သူ့နာမည်ပွေးဖေဟု
တွင်သွားသည်။ ကိုယ်လည်း ဒီလိုနာမည်ပျက်မှာ ကြောက်ရသည်။
ဒီပြဿနာကို
ကျွန်တော်ဖြေရှင်းတဲ့နည်းက နည်းနည်းတော့ ကြောင်သည်။ အမှန်က လွယ်လွယ်လေး။
လူကြီးတွေကို အသိပေးလိုက်လျှင် ဆရာဝန်နှင့် ပြပေးလိမ့်မည်။ သူပေးသော ဆေးကို
လိမ်းလိုက်၊ တစ်ပတ်ဆယ်ရက်ဆို ပျောက်ရော။ သို့ရာတွင် ကျွန်တော်က ဒီလို
မစဉ်းစား။ ဆံပင်တိုနေလို့သာ ဒီအကွက်ကို လူတွေ မြင်သာခြင်းဖြစ်သည်။
ဆံပင်ရှည်နဲ့ ဖုံးလိုက်လျှင် တွေ့မှာမဟုတ်တော့ဟု တွက်သည်။
ကျွန်တော်ဘာကြောင့်
ဒီလိုအတွေး ပေါက်ခဲ့ကြောင်း ခုချိန်ထိ စဉ်းစားလို့မရ။ ဖြစ်နိုင်တာ
တစ်ခုတော့ရှိ၏။ ထိုစဉ်က ကျွန်တော့် အသက်အရွယ်မှာ လူပျိုပေါက်
မဖြစ်သေးသော်လည်း ကြီးကောင်ဝင်ကာစ ပြုနေပြီ။ ထိုအခါ တကယ့်လူပျိုတွေကို
အားကျပြီး သူတို့လိုပုံစံမျိုး ညှပ်ချင်သောကြောင့် ဟိုအကွက်ကို ရမယ်ရှာ
ခြင်းဖြစ်နိုင်သည်။
နောက်တစ်ခါ ဆံပင်ညှပ်ချိန်ရောက် တော့ …
“အရှည်ညှပ်ပေးပါ”
ဟု တောင်းဆိုလိုက်သည်။ ဆံပင်ညှပ် ဆရာက …
“မရဘူး .. မင်းအဖေပြောထားတဲ့ ပုံ အတိုင်းပဲ ညှပ်ရမယ်။ ဘာလဲ ဟေ့ကောင် မင်းက ငယ်ငယ်လေးရှိသေးတယ်။ (....) ချင်နေပြီလား”
နဂိုက သူ့အပေါ် အမြင် မကြည်ရတဲ့ကြားထဲ ခုလို ညစ်ညစ်ပတ်ပတ် ပြောလာသဖြင့် တင်း သွားပြီး …
“တော်ပြီဗျာ မညှပ်တော့ဘူး”
ဟုပြောပြီး ထွက်လာခဲ့သည်။
နောက်တော့ တခြားဆိုင်မှာ သွားညှပ်ဖို့ ပိုက်ဆံတောင်းသည်။ အမေက …
“ဟိုဆိုင်ကို ဘာဖြစ်လို့လဲ”
“ကျွန်တော်နဲ့ ရန်ဖြစ်လာလို့”
ကျွန်တော်ငယ်ငယ်က
နည်းနည်းစွာသည်။ ဒါကိုသိသော အမေက ဘာမှ ထပ်မမေးတော့ဘဲ ပိုက်ဆံ
ထုတ်ပေးလိုက်သည်။ ဈေးရှေ့ နားကဆိုင်ကို သွားသည်။ ညှပ်ခုံပေါ်မှာ
ဝင်ထိုင်သည်။ လူကြီးတွေ ညှပ်တဲ့ပုံစံကို ဘယ်လိုခေါ် သလဲ မသိသဖြင့် …
“အရှည်ညှပ်ပေးပါ”
လို့ပဲ ပြောလိုက်၏။
“ပုံကြီးလား”
ဆံပင်ညှပ်ဆရာကမေးတော့ …
“ဟုတ်ကဲ့”
“သုံးမတ်နော်”
ခေါင်းညိတ်ပြလိုက်သည်။ ထိုစဉ်က ကလေးငါးမူး၊ လူကြီးသုံးမတ်။ တစ်မတ် (၂၅ ပြား) ပိုပေးရုံနဲ့ လူကြီးစာရင်း ၀င်သွားတာ တကယ်တန်တယ်ထင်တာပဲ။
x x x
ကျွန်တော်
ဆယ်တန်းရောက်သော အချိန်တွင် လူငယ်တွေကြားမှာ ဆံပင်ရှည်ထားတာ ခေတ်စားလာသည်။
ကျွန်တော်တို့ ကျောင်းမှာတော့ ဆံပင်ရှည် ထားခွင့်မရှိ။ ရှည်တဲ့ကောင်
တွေ့လျှင် ကျောင်းအုပ်ဆရာကြီးက ရုံးခန်းထဲ ခေါ်ပြီး ကတ်ကြေးနှင့်
ညှပ်ပစ်တတ်သည်။ အညှပ်မခံချင်လျှင် ကျောင်းထွက်။
ကျွန်တော်တို့သည်
ဆယ်တန်းတစ်နှစ်ကို အောင့်အင်း သည်းခံပြီး စောင့်နေခဲ့ကြရသည်။ ဆယ်တန်း
စာမေးပွဲဖြေပြီးတဲ့ အချိန်က စပြီး ကျွန်တော် ဆံပင်ရှည်မွေးသည်။ တက္ကသိုလ် ပထမနှစ် စတက်တဲ့အချိန်မှာ ကျွန်တော့်ဆံပင်က နားရွက်ဖုံး၊ ကုပ်ထောက်ဖြစ်နေပြီ။
အမေက …
“ညင်းသိုးသိုးနဲ့ကွယ်”
ဟုပြောသည်။ ကျွန်တော် မကြားချင်ယောင် ဆောင်နေသည်။ အမေက အစ်ကိုကြီးဖြစ်သူ ကိုဝဏကို စစ်ကူတောင်းသည်။ ကိုဝဏ က …
“ဒီကောင် တက္ကသိုလ်တောင် ရောက်နေ ပြီပဲ”
ဆိုပြီး
ဒဿနိက သမားချင်း ရိုင်းပင်းသည်။ နောက်ဆုံးတော့ ဗဟိုအဆင့်ကို ရောက်သွား၏။
အဖေက ဆံပင်ရှည်တာကို မကြိုက်။ သူကိုယ်တိုင်လည်း တစ်သက်လုံး ဆံထောက်သာသာ
ခပ်တိုတို ညှပ်တတ်သူဖြစ်၏။
ကျွန်တော်ကိုခေါ်ပြီး …
“မင်းဆံပင်ကို ညှပ်မလား၊ ဒါမှမဟုတ် ငါ မင်းလိုဆံပင် အရှည်လိုက်ထားရမလား”
မေးသည်။ ကျွန်တော်က ရယ်ကျဲကျဲ လုပ်နေလိုက်သည်။
“နေစမ်းပါဦး၊ မင်းက ဘာဖြစ်လို့ ဆံပင် ရှည်ထားချင်ရတာလဲ”
“ဆံပင်တိုရင် ကောင်မလေးတွေက မကြိုက်ဘူးဖေဖေ”
ကျွန်တော့်အကြောင်းပြချက်ကို အဖေ မငြင်းနိုင်။
“ဒါဆိုရင်လည်း ပြီးရောကွာ”
ဆိုပြီး လိုက်လျော ပေးလိုက်ရ၏။
x x x
ခေတ်အဆက်ဆက်မှာ
လူငယ်များသည် ရုပ်ရှင်မင်းသားများ၏ ဆံပင်ပုံစံကို အတုခိုးလေ့ ရှိကြသည်။
ဘတင့်၊ ခင်မောင်ရင်၊ ဗလင်တီးနို၊ ကျော်ဆွေ၊ ဂျိမ်းစ်ဒင်း၊ ပရက်စလေ၊
ဝင်းဦး။ နောက်တော့ ကျော်ဟိန်း၊ ကျော်သူရဲ့ အလယ်ခွဲ ပုံစံ၊ နောက်ဆုံး
ဒွေးကေ အထိ။ ဒီကြားထဲမှာ ထိုင်းအဆိုတော် ထုံချိုင်း ပုံစံမျိုးလည်း
ပါသေးသည်။
ကျွန်တော်ကတော့
ဘယ်မင်းသားကိုမှ အတုမခိုးခဲ့။ ကိုယ်ပိုင် ဆံပင်ပုံစံဖြင့်သာ နေသည်။
ကျွန်တော် အတုခိုးခဲ့ဖူးတာ တစ်ယောက်ပဲရှိ၏။ ရှစ်တန်းတုန်းက ဖြစ်၏။
ဘောလုံးကို အသည်း အသန် အရူးအမူး ကစားနေချိန်။ ကျွန်တော်တို့ရဲ့ ဟီးရိုးက မြန်မာ့လက်ရွေးစဉ် ဘောလုံးအသင်း ခေါင်းဆောင် ဗဟာဒူး။ သူ့ဆံပင်ပုံစံက တိုတိုပါးပါး။ “ခရူးကတ်” ဟုခေါ်သည်။
ရာဇာနေ၀င်း၏ ဆံပင်ပုံစံကို ရှေ့ပိုင်းနည်းနည်း တိုထားတဲ့ ပုံစံ
မျိုးဖြစ်၏။ ဒီလိုပုံစံမျိုးကို ကျွမ်းကျင်ကျင် ညှပ်နိုင်သော သမဂ္ဂအမည်ရှိ
ဆံပင်ညှပ်ဆိုင်မှာ သွားသွား ညှပ်ရသည်။
ကျွန်တော်
ရည်းစားရတော့ သူကလည်း ဆံပင်ရှည် ထောက်ခံသူ ဖြစ်နေ၏။ သူကတစ်မျိုး
သပ်သပ်ရပ်ရပ်နဲ့ ရှည်တာမျိုးကို ကြိုက်သည်။ ဆံပင်ညှပ်ဆိုင်တွေမှာ
ညှပ်လာတာကို သူ စိတ်တိုင်းမကျ။ တိုသွားပြန်ပြီ၊ ပါးသွားပြန်ပြီ၊ ရှေ့နဲ့
နောက် အချိုးမကျဘူး။ (သူ့ခမြာမှာလည်း ကျွန်တော်နဲ့ ပတ်သက်လို့ မက်လောက်စရာက
ဒီဆံပင်ကလေးပဲ ရှိတာကိုး။ ကျွန်တော်ငယ်ငယ်က ဆံပင်သန်သည်။ နက်မှောင
်ထူထပ်နေသည်။)
နောက်တော့
ဆိုင်မှာ မညှပ်နဲ့၊ သူကိုယ်တိုင် ညှပ်ပေးမယ် ဖြစ်လာရော။ ဟိုတစ်ချိန်က
ဆံပင်အရှည်ပုံစံမှာ ညှပ်ရလွယ်သည်။ စက်ကတ်ကြေး သုံးစရာတောင် မလို။
ရိုးရိုးကပ်ကြေးနှင့် ခွကပ်ကြေးရှိလျှင် ရပြီ။ သူညှပ်ပေးတဲ့ ပုံက
ဘယ်လိုနေသလဲတော့မသိ။ နောက်တစ်ယောက် ထပ်ရစရာ အကြောင်းလည်း မရှိတော့သဖြင့် သူ ကြိုက်လျှင်ပြီးတာပဲ။
ဒီလိုနဲ့
ကျွန်တော့်ဆံပင်ကို သူ့လက်ထဲ နှစ်ပေါင်း အတော်ကြာအောင် ၀ကွက်အပ်ထားခဲ့တာ
လက်ထပ်ပြီး ကလေးရတဲ့အထိပဲ။ နောက်တော့ သူလည်း ရုံးအလုပ်က တစ်ဖက်၊ ကလေးက
တစ်ဖက်၊ ချက်ရပြုတ်ရတာက တစ်ဖက်နဲ့မို့ ကျွန်တော့်ကို ဆံပင်ညှပ်မပေးအားတော့။
ထို့ကြောင့် ဆံပင်ညှပ်ဆိုင်တွေဘက် ပြန်လှည့်ရသည်။
ဆံပင်ညှပ်ရာမှာလည်း
ပုံကောင်းတာတွေ ဂရုစိုက်မနေတော့။ မြန်မြန်ပြီးဖို့ပဲ အရေးကြီးသည်။
ဆိုင်လည်း မရွေးတော့၊ ကြုံရာ လူရှင်းတဲ့ဆိုင်မှာ ၀င်ညှပ်လိုက်တာပဲ။ ဆံသဆရာက
ဘယ်လိုပုံစံ ညှပ်မလဲ မေးလျှင် ကြည့်ကောင်း လို လုပ်လိုက်ပါ။ ဒါပဲ။
တစ်ခုတော့ရှိ၏။
ကျွန်တော်ငယ်ငယ်က အမေးအမြန်းထူသော ဆံပင်ညှပ်ဆရာနှင့် တွေ့ခဲ့ဖူးသဖြင့်
သွေးလန့်နေဟန်တူသည်။ ပြီးတော့ ကျွန်တော့် အကျင့်က ဆံပင်အညှပ် ခံနေရင်းက
နားအေးပါးအေး ဟိုတွေးဒီတွေး နေချင်သည်။ ဒီလိုနည်းနဲ့ စာရေးဖို့
စိတ်ကူးလေးတွေ ရတတ်သည်။
ဆံသဆရာတွေမှာလည်း
စရိုက်အမျိုးမျိုး ရှိ၏။ တချို့က နှုတ်နည်းသည်။ ဘယ်လိုပုံညှပ် မလဲ
တစ်ခွန်းမေးပြီးလျှင် သူ့အလုပ် သူလုပ်သည်။ တချို့က စိတ်ရှည်သည်။ ဆံပင်တစ်ခါ
ညှပ်လျှင် အသေးစိတ် လိုက်ညှိနေတာ အလွန် ကြာသည်။ ဒါမျိုးကျတော့
ကျွန်တော်နဲ့ မဖြစ်။ ကျွန်တော်က ပုံကောင်းတာတွေ ဘာတွေ အရေးမကြီး။
မြန်မြန်ကိစ္စပြီးဖို့ပဲ လိုသည်။ တချို့ဆရာ များဆိုလျှင် ညှပ်ပြီးလို့
ဆံပင်အစအနတွေကို မျက်နှာသုတ်ပ၀ါနဲ့ သုတ်ပြီး ခါပြီးတာတောင် မကျေနပ်သေး။
ရှေ့နောက်ဝဲယာ လှည့်ကြည့်ပြီး ကတ်ကြေးကို ကောက်ကိုင်ပြန်သည်။ ဒီလိုအခါ
ကျလျှင် ကျွန်တော်က …
“ဟာ .. တော်ပြီ၊ ရပြီ၊ နောက်လည်း ပြန် ရှည်လာမှာပဲဟာ”
ဆိုပြီး ထပြေးရသည်။ ဒါတောင် တချို့ ဆရာတွေက …
“ပုံမကောင်းရင် ဆိုင်နာမည်ပျက်မယ်ဗျ”
ဟုပြောပြီး အတင်းညှိပေးနေသေးသည်။
တချို့ကျတော့ ဝေဖန်ရေးအမြင်ရှိသည်။ ညှပ်နေရင်းက လူကိုအကဲခတ်ပြီး …
“နားရွက်နည်းနည်း ကားတယ်နော်”
“ဗောက်တွေ သိပ်များတာပဲ၊ တရော်ကင် ပွန်းနဲ့ ခေါင်းလျှော်ဗျ”
“၀မ်းမှန်မှန်နုတ်ပေးဦး ဒါမှ ၀က်ခြံတွေ ပျောက်မှာ”
စသည်ဖြင့် သုံးသပ်တတ်သည်။
အကြောင်းမရှိ
အကြောင်းရှာပြီး စကား ဖွာတာမျိုးကျတော့ စိတ်ညစ်ဖို့ ကောင်းသည်။
ဆံပင်ညှပ်တုန်း တန်းလန်းဆိုတော့ ထလစ်သွားလို့ လည်းမရ။ မကြားချင်ယောင်
ဆောင်နေလို့လည်း မဖြစ်။ စပ်စပ်စုစု အမေးအမြန်း ထူတာမျိုးဆို လျှင် အတော်
ကသိကအောက် ဖြစ်ရသည်။
“ဘာအလုပ်လုပ်သလဲ”
မေးတာအဆိုးဆုံးပဲ။ စာရေးဆရာပါ ဖြေလို့ မဖြစ်။ ကလောင်နာမည်က ဘာလဲ ဆက်မေး တော့မည်။ ပြောပြလို့ ကိုယ့်စာဖတ်ဖူးတဲ့လူဆို တော်သေးသည်။
“တစ်ခါမှ မကြားဖူးပါဘူး၊ ဘာစာတွေ ရေးတာလဲ”
ဆိုလျှင် နေရင်းထိုင်ရင်း သိက္ခာကျတော့မည်။ ထို့ကြောင့် ပုံနှိပ်တိုက်မှာ လုပ်တယ်၊ ဒါမှ မဟုတ် …
“ဒီလိုပါပဲ ကြုံရာကျပန်းပေါ့”
ဟု
မရေမရာ ဖြစ်ရသည်။ ဒီလိုဆိုမျိုးကို ကျွန်တော် ရှောင်လေ့ရှိ၏။
ခုနောက်ပိုင်း ဆံပင် ညှပ်ဆိုင်တချို့မှာ ဗီဒီယိုပြတတ်သည်။ တီဗီကို
ဆိုင်ထဲမှာပဲ ထားသည်။ ဆိုင်က ကျဉ်းကျဉ်းလေးဆိုတော့ တီဗီက ဆံပင်ညှပ်ခုံနဲ့
သုံးလေးပေ လောက်သာ ကွာသည်။ အပြင်က လူတွေပါ ကြားရအောင် အသံကိုလည်း အကျယ်ကြီး
ဖွင့်ထားရသေးသည်။ များသောအားဖြင့် မြန်မာဗီဒီ ယိုကားတွေ ပြတတ်သည်။ ဒီတော့
ဆံပင်ညှပ်ခံ ရင်းက “ဒုံးဒိုင်းခွပ်အင့်” ဆိုသော
မြည်သံစွဲတွေ၊ သရုပ်ဆောင်တွေ အချင်းချင်း အော်ဟစ်ငြင်းခုံ ကြတာတွေ၊
မင်းသမီးတွေရဲ့ ဖျစ်ညှစ်ရှိုက်ငိုသံ တွေကို ကြိတ်မှိတ်နာခံရသည်။
တစ်ခါတော့
ဗီဒီယိုဇာတ်လမ်းထဲမှာ လူကြမ်းက မင်းသားကို အကောက်ကြံပြီး လူသတ်
တရားခံဖြစ်အောင် လုပ်တဲ့အခန်းပါလာသည်။ လူကြမ်းက ကြိုးနဲ့အတုပ်ခံထားရသော
မင်းသား ကို …
“မင်း တော်တော်ယုတ်မာတဲ့ကောင်ပါ လားကွ .. ဟေ”
ဟု မခန့်လေးစား ဟန်ပန်ဖြင့် ပြောလိုက် သောအခါ ဆိုင်ရှေ့မှာ လာရပ်ကြည့်နေသော မိန်းမကြီးတစ်ယောက်မှာ သည်းမခံနိုင်တော့ဘဲ
“နင်သာ ယုတ်မာတာဟဲ့၊ နင်သာလူ ယုတ်မာ”
ဟု
လက်ညှိုး ငေါက်ငေါက်ထိုးပြီး လှမ်းအော်လိုက်သည်။ ကျွန်တော်သည် တီဗီနားကပ်
ထိုင်နေရသူဖြစ်သဖြင့် ကိုယ့်ကို အပြောခံရသလို တွန့်ခနဲ ဖြစ်သွားရသေးသည်။
ဒီလို ဆိုင်မျိုး ထက်စာလျှင် စကားဖွာတတ်သော ဆံသဆရာဆီမှာ ညှပ်ရတာမှ
နားပူသက်သာသေးသည်ဟု ထင်မိ၏။
x x x
တစ်ရက်တွင်
ဈေးဘက်သွားရင်း ဆံပင် ညှပ်ဆိုင်ကလေးတစ်ဆိုင်ကို တွေ့လိုက်မိ၏။
ပျဉ်ထောင်အိမ်ကလေးဘေးမှာ ထိုးပြီး ဖွင့်ထားတာ။ ဆိုင်ကတော့ ခပ်နုတ်နုတ်ပဲ။
လူရှင်းနေသဖြင့် ဆိုင်ထဲ ၀င်လိုက်သည်။
ဆိုင်က
သွပ်မိုး၊ ၀ါးထရံကာ။ ခုံကလည်း ခေတ်ဟောင်းပုံ တုံးတုံးကြီး။ သားရေခင်းက
ပေါက်ပြဲပြီး အထဲက အုန်းဆံဖတ်တွေကို မြင်နေ ရ၏။ မှန်တွေကလည်း
ဘေးထောင့်တွေမှာ ပြဒါး ကွာပြီး ကွက်စပြုပြီ။ ပြီးတော့ နံရံကပ် စင်က
လေးပေါ်မှာ ရှားရှားပါးပါး နေရှင်နယ်ဟိုင်ဖိုင် ရေဒီယိုလေးတစ်လုံး။
တိုက်ဆိုင်ချင်တော့ လွန်ခဲ့ သော နှစ်ဆုံးဆယ်လောက်က ခေတ်စားခဲ့သော သီချင်းတစ်ပုဒ်လာနေသည်။
အနေအထားမှာ ကျွန်တော်တို့ ငယ်ငယ်က ညှပ်ခဲ့ရသော ဆံပင် ညှပ်ဆိုင်တွေနဲ့
တစ်ပုံစံတည်းပဲ။ လူငယ်ဘ၀ကို ပြန်ရောက်သွားသလိုတောင် ခံစားရသည်။ ကျွန်တော်
သဘောကျသွား၏။ နောက်ကို ဒီဆိုင်မှာပဲ ညှပ်တော့မယ်ဟု ဆုံးဖြတ်လိုက်သည်။ ဆံသ
ဆရာ စကားကြောရှည်ချင်လည်း ရှည်ပါစေတော့။
ဆံပင်ညှပ်ဆရာသည် သက်လက်ပိုင်း အရွယ်၊ မျက်မှန်ထူထူ တပ်ထားသည်။ ကျွန်တော် ထိုင်ခုံပေါ် ထိုင်ပြီးနောက် သူကမေးသည်။
“ဘယ်လိုညှပ်မလဲ”
“ကြည့်ကောင်းသလိုသာ ညှပ်ပါ”
ဟု ပြောလိုက်သည်။ သူက ကျွန်တော့် ခေါင်းကို လှည့်ပတ်အကဲခတ်ကြည့်ပြီးနောက် …
“ရှေ့ထိပ်ပိုင်းက ဆံပင်တွေ ကွက်ပြီးတော့ ပါးနေပါလား”
ဟုပြောသည်။
ကျွန်တော်လည်း ရှေ့က မှန်ထဲကို လှမ်းကြည့်လိုက်သည်။ ခုမှ သတိပြုမိ၏။
ကျွန်တော့် ရှေ့ပိုင်းက ဆံပင်တွေ တော်တော် ပါးနေပြီ။ ဦးရေပြားကိုတောင်
ဖောက်မြင်ရ လောက်သည်။ ကျွန်တော်သည် မှန်လည်း မကြည့်၊ ခေါင်းလည်း မဖြီးတာ
ကြာပြီဖြစ်သောကြောင့် အမှတ်တမဲ့ ရှိနေခဲ့ခြင်းဖြစ်၏။
အသက်အရွယ်ရလာလို့လည်း
ဖြစ်နိုင်သည်။ ဟိုအရင်က ဆံပင်ကို ဂရုတစိုက် မထိန်းသိမ်းနိုင်ခဲ့လို့လည်း
ဖြစ်ကောင်းဖြစ်မည်။ ငယ်ငယ်တုန်းက ဆံပင်အရှည်ကြီးထားပြီး ခေါင်းတော့
မှန်မှန်မလျှော်ဖြစ်။ တော်တော်ညစ်ထပ် ထပ်ဖြစ်လာပြီဆိုမှ
အ၀တ်လျှော်ပစ်လိုက်တာ။ ဂျီးတော့ တကယ်ပြောင်သည်။ ဆံသားတွေကတော့
ပျက်စီးကုန်ဟန် တူလေသည်။
“အေးဗျာ .. အတော်ပါးသွားတာပဲ”
“မပူပါနဲ့ဗျာ ကျွန်တော်ကြည့်လုပ်ပေးပါ့ မယ်”
ဆံသဆရာက
ပြောပြီး ဆံပင် စညှပ်သည်။ ကျွန်တော်လည်း ထုံးစံအတိုင်း ဟိုတွေး ဒီတွေး
လုပ်နေလိုက်သည်။ အတန်ကြာတော့ ဆံသဆရာက ကျွန်တော်လည်ကုပ်တွေကို
မျက်နှာသုတ်ပ၀ါလေးနှင့် ပွတ်ခါပေးရင်း …
“ဘယ်လိုလဲ ကြည့်ပါဦး”
ဟုပြောသည်။
မှန်ထဲကို လှမ်းကြည့် လိုက်တော့ စောစောက ဦးခေါင်းထိပ် ရှေ့ပိုင်းမှ
ပါးပြီးကွက်နေတာ မရှိတော့။ အတော်ကြည့် ကောင်းသွားသည်။ အံ့သြစရာပဲ။
“တယ်ဟုတ်ပါလား”
ဟု ကျွန်တော်က ချီးကျူးလိုက်တော့ ဆံသဆရာက …
“ဒါက
လွယ်လွယ်လေးပါ၊ ပါးနေတဲ့နေ ရာကို လုံးဝမတို့ထဲပဲ ဘေးကထူနေတဲ့ ဆံပင်
တွေကိုပဲ ပါးအောင် ညှပ်ထုတ်ပစ်လိုက်တော့ တညီတည်း ဖြစ်သွားတာပေါ့ဗျ”
သူ့အိုင်ဒီယာက
ဘယ်ဆိုးလို့လဲ။ တပြိုင်နက်ထဲမှာ ခေါင်းထဲသို့ ခပ်ကြောင်ကြောင် အတွေးတစ်ခု
ဝင်ရောက်လာသည်။ လီနင်တို့ စတာလင်တို့ မော်စီတုံးတို့ဟာ သူတို့ရဲ့ ကမ္ဘာကျော်
အတွေးအခေါ်တွေကို ဆံပင်ညှပ်ရင်းနဲ့များ စဉ်းစားမိခဲ့ကြလေသလား မသိဘူးနော်။
မင်းလူ
(၂၀၁၁ ခုနှစ် နိုဝင်ဘာလထုတ် မြန်မာသစ် မဂ္ဂဇင်းဖေါ်ပြခဲ့သော ဆရာမင်းလူ၏ အက်ဆေးကို ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်။)
|
Saturday, February 11, 2012
ဆံပင်ညှိခြင်း
Labels:အတိတ်က မြိတ်သမိုင်း
အက်ဆေး
Subscribe to:
Post Comments (Atom)

No comments:
Post a Comment