Wednesday, June 6, 2012

ပြည်သူ့လိုလားချက် တိုက်ပွဲများနှင့် နိုင်ငံရေး အချိန်အဆ

 (ဇွန် ၇/၂၀၁၂၊ အတွဲ ၂၊ အမှတ် ၉၇ ပြည်သူ့ခေတ် အယ်ဒီတာအာဘော်)

by ပြည်သူ့ခေတ် on Tuesday, June 5, 2012 at 1:52pm ·
ယခုအခါမှာ အလုပ်သမား အခွင့်အရေး တောင်းဆိုမှုများ၊ လျှပ်စစ်မီး ရရှိရေး တောင်းဆိုမှု ဆန္ဒပြပွဲများ၊ လယ်မြေ အသိမ်း ခံရသူတွေရဲ့ ဆန္ဒပြပွဲများကို ကြားသိမြင်တွေ့ နေကြရပါသည်။ ပြည်သူလူထု၏ လိုလားချက်တွေ ရှိနေသည့်အခါ ပြည်သူတို့၏ ဆန္ဒထုတ်ဖော်ပြသမှုတွေက ရှိနေမှာပဲ ဖြစ်သည်။ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုများ မရသေးသရွေ့ သည်လို ဆန္ဒပြပွဲတွေကတော့ ရှိနေဦးမှာပဲဖြစ်သည်။ အထူးသဖြင့် အခုလို ပြည်သူလူထု၏  အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်း မပေးနိုင်သည့်အခါ သည်လို ပြည်သူ့လိုလားချက် တောင်းဆိုမှုတွေက ရှိနေမှာပဲ ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် အစိုးရဘက်က တာဝန်ယူ ဖြည့်ဆည်းပေးသင့်သည့် ကိစ္စရပ်များကို တာဝန်ယူ ဖြည့်ဆည်းပေးဖို့ တောင်းဆိုနေမှာပဲ ဖြစ်သည်။ အစိုးရကလည်း သည်ကိစ္စများကို တာဝန်ယူ ပြောဆိုနေတာ ကြားရသည့်အတွက် အပေါင်းလက္ခဏာဟု ယူဆပါသည်။ အစိုးရဘက်က ဖြေရှင်း နေဆဲဖြစ်ပြီး လက်တွေ့မှာ အကျပ်အတည်းများ၊ အကန့်အသတ်များ ရှိနေပါသည်ဟု ပြည်သူလူထုကို ၀န်ခံပြောဆိုနေတာများလည်း ကြားရပါသည်။ အစိုးရက ယခုလို ၀န်ခံပြောဆိုတာ၊ ပြည်သူလူထုဘက်ကလည်း ဆန္ဒတွေ ထုတ်ဖော်ပြသခွင့်ရနေတာတို့ဟာ ဒီမိုကရေစီရေးမှာ အားရစရာများလို့ ယူဆမိပါသည်။

 ဤသို့သော နိုင်ငံရေး လှုပ်ရှားမှုများ၊ ပြည်သူ့လိုလားချက် နိုင်ငံရေးတိုက်ပွဲများက မြန်မာနိုင်ငံ၏  သမိုင်း အစဉ်အဆက် ရှိနေခဲ့တာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ ရှင်ဘုရင်ခေတ်ကို ဖယ်ချန်ပြီး ကြည့်လျှင် မြန်မာပြည်သူပြည်သားတို့ နိုင်ငံရေးတိုက်ပွဲများ ဆင်နွှဲခဲ့ရသည်မှာ နှစ်ပေါင်း ရာကျော်နေခဲ့ပြီ ဖြစ်သည်။ အင်္ဂလိပ်တို့ ကျွန်ပြုချိန်မှစကာ နိုင်ငံရေးကို စစ်ရေးနည်း၊ နိုင်ငံရေးနည်း၊ သံတမန်နည်း၊ လူထုနည်း စသည့် နည်းအမျိုးမျိုးတို့ဖြင့် ရင်ဆိုင်ခဲ့ကြတာဖြစ်သည်။ အင်္ဂလိပ်ကိုလိုနီခေတ်၊ ဖက်ဆစ်ကြီးစိုးသော ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ လမ်းစဉ်ပါတီခေတ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ စသည့် စစ်ခေါင်းဆောင်များ ကြီးစိုးသည့်ခေတ်၊ ယခု သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်ခေတ်အထိ နိုင်ငံရေး တိုက်ပွဲများအကြားမှာနေရသော ကာလများဟု ဆိုရပါမည်။ နိုင်ငံရေး တည်ငြိမ်မှု မရှိသည့်အတွက် အခြားသော အရေးများထက် နိုင်ငံရေးတိုက်ပွဲများ၊ နိုင်ငံရေး လှုပ်ရှားမှုများက ပိုမို ရှေ့တန်းရောက်နေခဲ့တာ ဖြစ်ပါလိမ့်မည်။


သည်လို တိုက်ပွဲတွေထဲမှာ အင်္ဂလိပ် ကိုလိုနီခေတ်ထဲမှာပင် တွဲရေးခွဲရေး၊ ဒိုင်အာခီ၊ ဟုမ္မရူး၊ စက္ကူဖြူ၊ ဒိုမီနီယန်၊ လုံးဝ လွတ်လပ်ရေး စသည့် မတူညီသော၊ အငြင်းပွားဖွယ်ရာများဖြစ်ခဲ့သော၊ ဆုံးဖြတ်ရန်ခက်ခဲခဲ့သော ပြည်သူ့ နိုင်ငံရေး တိုက်ပွဲများကို ကျော်ဖြတ်ခဲ့ရတာ ဖြစ်သည်။ အခြေအနေ အပြောင်းအလဲ တစ်ခုခု ပေါ်လာတိုင်း သို့မဟုတ် ပြည်သူ့ လိုအပ်ချက်များက သည်းမခံနိုင်လောက်အောင် ပြင်းထန်လာသည့်အခါတိုင်း နိုင်ငံရေးတိုက်ပွဲများကလည်း ပေါ်ပေါက်ခဲ့သည်ဟု ဆိုရပါမည်။ နိုင်ငံရေးတိုက်ပွဲများ ဟူသည်မှာ ပြည်သူ့ လိုလားချက်များ၊ ပြည်သူ့ခံစားချက်များ အပေါ် အခြေခံသည့် ပြည်သူ့လိုလားချက် တိုက်ပွဲများဟု ဆိုရပါမည်။ အဆိုပါ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပြည်သူလူထုကို ခေါင်းဆောင်နိုင်သော နိုင်ငံရေးခေါင်းဆောင် များက ခေါင်းဆောင်မှုပေးခဲ့တာမျိုးရှိသလို ပြည်သူလူထု အသီးသီးက မိမိ အသိ၊ မိမိ ခံစားချက်ဖြင့် လှုပ်ရှား စတင်ခဲ့ပြီးမှ နိုင်ငံရေးလမ်းကြောင်း ဖြစ်ပေါ်လာခဲ့သည်များလည်း ရှိခဲ့ပါသည်။

 ဂျပန်မ၀င်မီနှင့် ဂျပန်အ၀င်တို့မှာလည်း ဂျပန်နှင့်ပေါင်းကာ အင်္ဂလိပ်ကို တိုက်မည်လား၊ မဟာမိတ်နှင့် ပေါင်းပြီး ဂျပန်ကို တိုက်မည်လား၊ အင်္ဂလိပ်ကိုရော ဂျပန်ကိုရော တိုက်မည်လား စသည့် အငြင်းပွားစရာ တိုက်ပွဲပုံစံများကြားမှ နိုင်ငံရေး လှုပ်ရှားမှု များ ပေါ်လာခဲ့တာ ဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေး လုပ်ကြမည်ဆိုတော့ နိုင်ငံရေးလမ်းစဉ်ကို သခင်စိုးတို့လို ခေါင်းဆောင်များက စဉ်းစား ရေးဆွဲခဲ့သော်လည်း နိုင်ငံရေးတိုက်ပွဲ၏ ပုံစံ၊ တိုက်ပွဲ၏ ပြင်းထန်မှု အချိန်အဆ၊ တိုက်ပွဲ၏ အချိန်ရွေးချယ်မှုတို့ကို ဗိုလ်ချုပ်အောင်ဆန်းလို နိုင်ငံရေးခေါင်းဆောင်က ခေါင်းဆောင်ပြီး နိုင်ငံရေး အင်အားစု အားလုံးနှင့် ညီညွတ်မှုယူကာ ကျကျနန စဉ်းစား ဆုံးဖြတ်ပြီး တိုက်ပွဲ ၀င်ခဲ့ကြရတာ ဖြစ်သည်။

သည်လိုပါပဲ။ ပါလီမန် ဒီမိုကရေစီခေတ်မှာလည်း တည်မြဲလား၊ သန့်ရှင်းလား၊ ပမညတလား။ နောက်တစ်ခါ အိမ်စောင့်အစိုးရ ပေါ်လာပြီးတော့ နောက်တစ်ကြိမ် တည်မြဲလား၊ သန့်ရှင်းလား၊ ပမညတလား ဆိုတာမျိုးကို ရွေးချယ် ဆုံးဖြတ်ခဲ့ရသည်။ ထို့အတူ ပါပဲ၊ တော်လှန်ရေးကောင်စီတက်တော့ ကွဲလွဲမှုများ၊ မတူညီသည်များကို ငြင်းခုံခဲ့ကြရသည်။ ကျောင်းသားသမဂ္ဂနှင့် ကျောင်းသား ထုတို့ ခေါင်းဆောင်သည့် နိုင်ငံရေးလှုပ်ရှားမှုများဖြင့် ပြည်သူ့ဆန္ဒများကို ဖော်ထုတ်ခဲ့ကြသည်။ သည်လိုနှင့် ပြည်တွင်းစစ်အတွင်းမှာ လက်ဝဲလက်ယာ အငြင်းအခုံများကြားမှာ မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ နိုင်ငံရေးတိုက်ပွဲများကို ဆင်နွှဲခဲ့ရတာ ဖြစ်သည်။

နောက်တော့ ၁၉၈၈ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီရေး အရေးတော်ပုံကြီး။ မခံမရပ်နိုင်တော့သော အထွေထွေ အကျပ် အတည်းများကြားမှ ပြည်သူလူထု တစ်ဦးချင်းစီမှ အစပြုသည့် နိုင်ငံရေးလှုပ်ရှားမှုကြီး။ သည်လို ပြည်သူတစ်ရပ်လုံး အုံကြွ တောင်းဆိုဆန္ဒပြခဲ့ရာမှ တပ်မတော်က အာဏာသိမ်းပြီး ပြည်သူ့လှုပ်ရှားမှုများ ချည့်နဲ့ သွားခဲ့ရဖူးသည်။

သည်အခါမှာ နိုင်ငံရေးခေါင်းဆောင်များ၏ ရင့်ကျက်မှု အမြော်အမြင်ကြီးမားမှုတို့ပေါ်မှာ မူတည်ပြီး ခေတ်အဆက်ဆက်မှာ အောင်မြင်ခဲ့သည်များ ရှိသလို၊ ဆုံးရှုံးခဲ့ရသည်များလည်း အများကြီး ရှိခဲ့ရပါသည်။ နောက်ပြန် လန်ကျပြီး အခါခါ ပြန်လည် အားယူ ထူထောင်ခဲ့ရသည်များလည်း မနည်းတော့ပြီ ဖြစ်သည်။

ထိုသို့သော နိုင်ငံရေးတိုက်ပွဲများကို ဝေဖန်ပြောဆိုကြသည့်အခါ လက်ဝဲသွေဖည်မှု၊ လက်ဝဲစွန်းရောက်မှုများ၊ လက်ယာ သွေဖည်မှု၊ လက်ယာစွန်းရောက်မှုများဟူသည့် နိုင်ငံရေး အသုံးအနှုန်းတစ်ခုရှိသည်။ လက်ယာသွေဖည်မှု ဆိုသည်မှာ အထွေထွေ အခြေအနေများက အခွင့်အရေးပေးနေမှု၏နောက်မှာ ကျန်ရစ်နေခဲ့တာမျိုးကို ဆိုလိုတာ ဖြစ်ပါသည်။ အများအားဖြင့် ချင့်ချိန်မှု အလွန်အမင်း များပြီး၊ ရာနှုန်းပြည့် သေချာသည်ကိုသာ လုပ်ချင်သည့် နိုင်ငံရေး လှုပ်ရှားမှုများကို ရည်ညွှန်း ပြောဆိုတာ ဖြစ် သည်။ ထိုအခါ ရသင့်သည့် ပြည်သူ့အခွင့်အရေးများ လက်လွတ်သွားနိုင်သည်။ ထို့အတူပင် လက်ဝဲစွန်း ရောက်သည့် တိုက်ပွဲများ ဆိုတာက အခြေအနေအရပ်ရပ်က ခွင့်ပြုတောင်းဆိုသည်ထက် ပိုပြီး လွန်ပြီး တိုက်ပွဲဆင်တာမျိုး ဖြစ်သည်။

လက်ယာသွေဖည်မှုမှာက ရနိုင်သည့် အခြေအနေကို လက်လွတ်ဆုံးရှုံးလိုက်ရတာမျိုးဖြစ်၍ နစ်နာမှုများ ရှိသော်လည်း လက်ဝဲစွန်းရောက်တိုက်ပွဲများကြောင့် ရှုံးနိမ့်ပြိုကျရသည့်အခါမှာ တော်တော်နဲ့ နာလန်မထူနိုင်တာ ဖြစ်တတ်ပါသည်။ ပို၍ အထိနာရတာဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေးကာလက အချိန်အခါမပေးသေးချိန်မှာ တော်လှန်ရေး ရေချိန်ကို မတွက်ဆနိုင်သည့် ခေါင်းဆောင်ငယ်တချို့က နားမလည် ပါးမလည် တော်လှန်ရေးလုပ်ဖို့ ကြိုးစားခဲ့တာမျိုးမှာ ဗိုလ်ချုပ်အောင်ဆန်းလို အမြော်အမြင် ကြီးသည့် ခေါင်းဆောင်က တိုက်ပွဲကို အတင်းရအောင် ရပ်ပြီး ထိန်းခဲ့ရတာရှိ ပါသည်။ နိုင်ငံရေးတိုက်ပွဲ အောင်မြင်မှု ဆိုရာမှာ နိုင်ငံရေးအချိန်အဆက အရေးပါ သည်ဟု ဆိုရပါမည်။ အင်အား အသုံးပြု တိုင်း၊ ရှေ့တန်း တက်ရဲတိုင်း အောင်မြင် တာ မဟုတ်ပါ။

ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေက နိုင်ငံရေးတည်ငြိမ်မှုရရန် ကြိုးစားနေဆဲ အချိန်ဖြစ်ပါသည်။ ပြည်သူ့လိုအပ်ချက် များကလည်း အမြောက်အမြား ရှိနေ မည်မှာ အမှန်ပဲဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူ့လိုအပ်ချက် တိုက်ပွဲများ၊ ပြည်သူ့ လိုအပ်ချက် တောင်းဆိုမှုများ ကလည်း ရှိနေမှာပဲ ဖြစ်ပါသည်။ သည်လို ကာလမျိုးမှာ လက်ဝဲစွန်း၊ လက်ယာစွန်း ချင့်ချိန်ပြီး အခြေအနေ အားလုံးကို ဘက်စုံ သုံးသပ်နိုင်သော ရင့်ကျက်သည့် နိုင်ငံရေး လုပ်ငန်းစဉ်များ လိုအပ်နေမည် ဖြစ်ပါသည်။ အခြေအနေ အားလုံးကို တွက်ဆရာမှာလည်း ပြည်တွင်း အခြေ အနေ၊ နိုင်ငံတကာ အခြေအနေ၊ မိမိ အင်အားစု၏ ညီညွတ်မှု၊ စည်းရုံးရေး အင်အား အခြေအနေ စသည့် အခြေ အနေ အားလုံး ပါပါလိမ့်မည်။ အတိုင်း အဆကို နားမလည်၍ လွန်သွားနိုင်သော တိုက်ပွဲများကို ခေါင်းဆောင်များက နိုင်ငံရေးလမ်းညွှန်မှုပေးပြီး ရဲရဲတင်းတင်း သေသေချာချာ တိတိကျကျ ထိန်းသိမ်း ရသည်များလည်း ရှိပါလိမ့်မည်။ ရေရှည် ချမှတ်ထားသော နိုင်ငံရေးမဟာဗျူဟာ နည်းဗျူဟာများ၏ အခြေခံများနှင့်လည်း ကိုက်ညီဖို့ ညှိနှိုင်းရသည်များလည်း ရှိပါ လိမ့်မည်။ မိမိ ချမှတ်ထားသော အခြေခံမူ များကို ကျော်လွန် တိုက်ပွဲဆင်တာမျိုး လည်း မဖြစ်နိုင်တာကို သတိပြုရမည်ဟု ထင်ပါသည်။ ပြည်သူ့အရေးကို တွက်ဆ ရာ၌ ပြည်သူလူထုအတွက် တကယ် အကျိုးအမြတ် ရရှိဖို့ လိုပါလိမ့်မည်။

ပြည်သူ့ လိုလားချက် တိုက်ပွဲများ အတွက် အမြော်အမြင်ကြီးသော၊ ရင့် ကျက်သော နိုင်ငံရေးပါတီများ လိုအပ် သလို၊ ခေါင်းဆောင်မှုပေးနိုင်သော အလုပ် သမား အဖွဲ့အစည်းများ၊ လယ်သမား အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂ၊ လူငယ် အဖွဲ့အစည်းများလည်း လိုအပ် မည်ဟု ယူဆပါသည်။

- အတိုင်းအဆ သိပြီး ခြုံငုံ တွက်ဆနိုင်သည့်၊
- ပြည်သူ့ လိုအပ်ချက်များကိုလည်း အောင်မြင်အောင် တစ်ဆင့်ချင်း ရယူ နိုင်စွမ်းရှိသည့်၊
-အမျိုးသား ညီညွတ်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီ တိုးတက် မြင့်မားရေး

အစရှိသည့် အခြေခံမူများနှင့်လည်း ကိုက်ညီသည့်၊ တိုက်ပွဲများ အားဖြင့် ပြည်သူ့ လိုလားမှုများ ရရှိအောင်မြင် ပါစေသတည်း။                      
                                                                                                                                                           ပြည်သူ့ခေတ် အယ်ဒီတာ
၃၁ မေ ၂၀၁၂

No comments: