Friday, June 8, 2012

Wall St နှင့် ငွေကြေးကဏ္ဍ (အရင်းရှင်စနစ်)



by Bo K Nyein on Monday, June 4, 2012 at 10:55am ·

အရင်းရှင်စနစ်
အပိုင်း(၁)

လစ်ဖရယ်ဒီမိုကရေစီ၊ အရင်းရှင်စနစ် နှင့် မာက်စ်ဝါဒ

ဒီနေ့ကမ္ဘာကြီးမှာ ဖြစ်ပျက်မှုတွေက လျှင်မြန်လွန်းလှတယ်။ မကြုံစဖူး တချိန်ထဲမှာ ဖြစ်ပျက်ကြတာ။ အာရပ်ကမ္ဘာမှာ အစိုးရတွေကို ပုန်ကန်ကြတဲ့ အာရပ်နွေဦးရယ် ၊ တကမ္ဘာလုံးပြန့်နှံ့ သွားတဲ့ Occupy Wall St ဆိုတဲ့ ဝေါစတိ (လမ်း) ကိုသိမ်းပိုက်ကြဆိုတဲ့ လူထုဆန္ဒပြမှုတွေရယ် ၊ဥရောပ ယူလို(Euro) ငွေကြေး ပြဿနာတွေ အကြောင်းကိုပြောတာပါ။

တကယ်တန်းဆန်းစစ်ကြည့်ရင် လက်ရှိကမ္ဘာမှာရင်ဆိုင်နေကြရတဲ့ ပြဿနာတွေ အားလုံးဟာ အရင်း ရှင် စီးပွားရေးစနစ်နဲ့ ဆက်စပ်နေပါတယ်။ သို့ သော် ဆက်စပ်မှုတွေဟာ သိမ်မွေ့သလို ရှုပ်ထွေး မှုတွေ ရှိတာကြောင့် ပြဿနာအရင်းခံကိုသိရခက်တယ်။ တချိန်ထဲမှာ အပေါ်ယံရှပ်ကြည့်ရင် အရင်းရှင်စနစ် ဟာ မာက်စ်ဝါဒလို လမ်းဆုံးရောက်ပြီလားလို့ ထင် စရာ၊ မေးစရာ ရှိတယ်။

အမေရိကန် သတင်းသမားတွေက မြို့  အနှံ့ပြန့်သွားတဲ့ (သိမ်းပိုက်ကြ) ဆိုတဲ့လူထုဆန္ဒပြပွဲကလူငယ် တွေကို မင်းတို့ရဲ့  ရည်ရွယ်ချက်ကဘာလဲ၊ မင်းတို့ရဲ့ ဦးတည်ချက်ကဘာလဲ၊ လို့မေးခွန်းထုတ်တဲ့အခါ၊ တယောက်တပေါက်၊ စိတ်ထင်ရာတွေဖြေကြတယ်။ အများစု ရဲ့ မကြေနပ်မှုဟာ သဘာဝကျတယ်။ ခံစားချက်တွေဟာ တရားတယ်လို့ဆိုနိုင်ပေမဲ့ လူနည်းစုဖြစ်တဲ့ လက်ဝဲအစွန်းရောက် နိုင်ငံရေး စိတ်ကူး ယဉ်သမားအချို့နဲ့ မင်းမဲ့ဝါဒီ (Anarchist) တွေကြောင့် သတင်းသမားတချို့ ရဲ့  ဝေဖန်မှု အထင်သေးမှု ကို ခံကြရရှာတယ်။

နိုင်ငံရေးမှာ လက်တွေ့ကျကျတွေးတတ်နိုင်ဖို့ဟာ အလွန်အရေးကြီးပါတယ်။ ဒီလိုလက်တွေ့ကျကျ တွေးတတ် နိုင်ဖို့ရာ ၊ အချက်အလက်ကို မှီကိုးတဲ့ သုံးသပ်မှုရှိရပါမယ်။ သုံးသပ်မှုမှန်ဖို့ရာ နားလည်မှု (အသိ) နဲ့ (အတွေးအခေါ်) ရှိရပါမယ်။ နောက်ဆုံး (စနစ်) ကို သိရပါမယ်။

အရင်းရှင် စနစ်ဆိုတာဟာ (စီးပွားရေး) စနစ်တခုသာလျှင်ဖြစ်တယ်။ နိုင်ငံရေး(၀ါဒ) မဟုတ်ပါ။ ဒုတိယကမ္ဘာစစ်ကြီးအပြီး မှာ ထင်ရှားတဲ့ နိုင်ငံရေးကမ္ဘာ နှစ်ခုပေါ်ထွက်လာပါတယ်။ တခုက အမေရိကန် ဦးဆောင်တဲ့ (လွပ်လပ်) တဲ့ကမ္ဘာနဲ့ ဆိုဗီယက်ရုရှား ဦးဆောင်တဲ့ (ကွန်မြူနစ်) ကမ္ဘာ တို့ပါ။ လွပ်လပ်တဲ့ကမ္ဘာ (Free World) လို့ဆိုရရင်းက လစ်ဖရယ်ဒီမိုကရေစီလို့ ခေါ်တဲ့ အစိုးရကိုပြည်သူက ရွေးကောက်ပွဲနဲ့ ရွေးချယ်နိုင်တဲ့ စနစ်၊ တနည်းအားဖြင့် (ကိုယ်စားပြု ဒီမိုကရေစီစနစ်) Representative Democracy ကိုကျင့်သုံးကြလို့ပါ။

ကွန်မြူနစ်စနစ်ကတော့ မာက်စ်နဲ့ လီနင်တို့ထူထောင်သွားတဲ့ ပစ္စည်းမဲ့အာဏါရှင်စနစ် (ကွန်မြူနစ်) ၀ါဒ ကိုလိုက်နာကြလို့ပဲ။ တကယ်တော့ မာက်စ်ဝါဒ နဲ့လီနင်ဝါဒ Marxism-Leninism ကိုမှ ကွန်မြူနစ် လို့ သတ်မှတ် နိုင်ပါတယ်။  ကွန်မြူနစ်စနစ်မှာ (ပါဝင်မှုဒီမိုကရေစီ) Participatory Democracy ကိုကျင့် သုံး ကြ ပါတယ်။ ကွာခြားချက်က လစ်ဖရယ်ဒီမိုကရေစီမှာ ပြည်သူလူထု က မိမိကိုကိုယ်စားပြုမဲ့ ကိုယ်စားလယ် (representatives) တွေကိုထိုက်ရိုက် ရွေးခွင့်ရှိပါတယ်။ အစိုးရကို မဲနဲ့ ဖြုတ် ချခွင့် ရှိကြတယ်။ ကွန်မြူနစ်စနစ်မှာ ကွန်မြူနစ် (ကေတာ) တွေက သာ ဗဟို ကော် မီတီ ကိုရွေးရပါတယ်။ ပြည်သူကထိုက်ရိုက် ရွေးချယ်ခွင့် (မရရှိ) ကြပါ။ ကွန်မြူနစ်ပါတီကိုလည်း မကြိုက်ရင် ဖြုတ်ချခွင့် မရှိကြရှာပါ။

မာက်စ်ဝါဒရဲ့  ဦးတည်ချက်က Communist Utopia လို့ခေါ်တဲ့ ကွန်မြူနစ် (ဘုံ) နိဗ္ဗန်ကို ရောက်ရှိဖို့။
ဒီဘုံ နိဗ္ဗန်ကို ရောက်ခဲ့ကြရင် အစိုးရဆိုတာလည်း မရှိတော့ဖူး ဖိနိပ်မှု အမြတ်ထုတ်မှု ဆိုတွေလည်းမရှိ တော့ဖူး။ လိုတာကို ပဲ အားလုံးက၀ိုင်းထုတ်လုပ်ကြမဲ့ ဘ၀ နိဗ္ဗန် ကို ရည်မှန်းထာပါ။ ဒီအဆင့်ကို ရောက် ရင် မာက်စ်က အင်္ဂလိပ်လို (From each according to its ability to each according to its need) လို့ရေးခဲ့ပါတယ်။ လူတဦးစီရဲ့ စွမ်းဆောင်နိုင်မှုမှ လူတဦးစီ၏ လိုအပ်မှု သို့ -- လို့ဆိုခဲ့တာပါ။

ဆိုလိုတာ က လူနေမှုအတွေးအခေါ်နဲ့ အဆင့်အတန်းမြင့်တက်လာတဲ့အခါ လူ့အသိုင်း အ၀ိုင်း ရဲ့ လိုအပ် ချက်တွေကို လူတိုင်းသန်ရာသန်ရာ ၀ိုင်းဝန်းထုတ်လုပ်ကြမယ်ပေါ့၊ ဥပမာ ဆရာဝန်တွေက ဆေးကု ပေး မယ်၊ အင်ဂျင် နီယာတွေက တိုက်တွေ တံထားတွေ အဆာက်အဦးတွေဆောက်၊ လိုအပ်တဲ့ ပစ္စည်း ကရိယာ တွေထုတ်၊ ကျောင်းဆရာ ၊ ဆရာမတွေက ကလေးတွေကိုစာသင်ပေး ၊ အိုသာယာ လှ တဲ့ (ဘုံ) နိဗ္ဗန်ကြီးပဲပေါ့။

မာက်စ်ကတကယ်တော့ စိတ်ကူးယဉ်သမား။ ဒါပေမဲ့ အကြောင်းမဲ့ စိတ်ကူးယဉ်သူမဟုတ်။ အရင်းရှင် စီးပွားရေးစနစ် ရဲ့ အနိဋ္ဌါရုံတွေကို နှိုက်နှိုက်ချွပ်ချွပ်လေ့လာသုံးသတ်ပြီးမှ အရင်းရှင်လောကရဲ့ (အရင်း) အကြောင်းနဲ့ ဘယ်လို အလုပ်သမားလူတန်းစား တွေကို အမြတ်ထုတ်ခေါင်းပုံဖြတ်တယ်ဆိုတာကို Das Kapital ဆိုတဲ့ (အရင်းကျမ်း) ကို ဂျာမန်လိုရေးပြခဲ့ပြပါတယ်။ (မှတ်ချက်။ မာက်စ် က ဂျာမဏီမှာမွေးတဲ့ ဂျူးလူမျိုး မို့လို့ပါ)

မာက်စ်က ကွန်မြူနစ်ခေတ် (ဘုံ) နိဗ္ဗန် ကိုမရောက်ခင် ဆိုရှယ်လစ်ခေတ်ကို ဖြတ်သန်းရလိမ့်ဦးမည်။
အကြောင်းက စက်ရုံတွေတည်ဖို့ (အရင်း) တည်ဆောက်ရဦးမည်။ ထုတ်လုပ်သည့် ထုတ်ကုန် တွေကို ဖြန့်ဖြူးသည့် စနစ်တွေထူထောင်ရဦးမည်။ ဒီစနစ် ဒီအရင်းအနှီးတွေထူထောင်ဖို့ တည်ဆောက်ဖို့ ဆိုရှယ်လစ်စီးပွားရေးစနစ် ကိုထူထောင်ရမည်။ ဒီစီးပွားရေးစနစ်ကို “ ပြင်ဆင် စီမံ စီးပွားရေး Planned Economy” လို့ ခေါ် ကြပါတယ်။ တနည်းအားဖြင့် မာက်စ်၏ ဆိုရှယ်လစ်စီးပွားရေးစနစ် Marxist
 Socialist Economy လို့သိကြပါတယ်။

မာက်စ်ရဲ့ စီးပွားရေးစနစ်နဲ့ အရင်ရှင်စီးပွားရေးကွာခြားချက်က အရင်းရှင်စီးပွားရေးစနစ်မှာ ထုတ်ကုန်ကို စားသုံးသူကတဆင့် ဈေးကွက်ကဆုံးဖြတ်လိမ့်မယ်။ ဒီပစ္စည်း ထုတ်မယ်/မထုတ်ဖူး ဆိုတဲ့ (အာဏါ) ဟာ (စားသုံးသူ Consumer) လက်ထဲမှာပဲရှိတယ်။ ပစ္စည်းတခုကို ၀ယ်မယ်/မ၀ယ်ဖူးဆိုတာကို ဈေးကွက် ကပဲ (ဆုံးဖြတ်)ပါတယ်။ လူကြိုက်များရင် (၀ယ်အား) လိုက်မယ်။ ဒါဆို များများပိုထုတ်ပေါ့။ လူ မကြိုက် ရင် အ၀ယ်မလိုက်ပဲ စံချိန်မှီအောင် ထုတ်နိုင်ရင်ထုတ် ။ မထုတ်နိုင်ရင် စက်ရုံတွေပိတ် ပေါ့။ ဒါကို အရင်းရှင်စနစ်ရဲ့ဖခင်လို့ ပြောကြတဲ့ အဒန်စမစ် (Adam Smith) က မမြင်ရတဲ့လက် ကြီး  (Invisible Hand) က ဈေးကွက်ကိုထိန်းပေးပါလိမ့်မယ်လို့ ဆိုခဲ့လို့ နံမည်ကျော်ခဲ့ရပါတယ်။

ဥပမာ အရင်က နိုကီရာ (Nokia) ၊ မိုတိုရိုလာ (Motorola) ၊ ဆမ်ဆန် (Samsung) တို့က မိုဖိုင်းဖုံး ဈေးကွက်မှာ အအောင်အမြင်ဆုံးပဲ။ အဲလ်ပယ် (Apple) က ၀င်လာပြီး ပိုကောင်းအောင်လုပ်ပြ လိုက် တော့ အိုင်ဖုံး (iphone) ဟာထိပ်ရောက်သွားတယ်။ သုံးစွဲသူအကြိုက် ထွင်နိုင်ရင် ဈေးကွက် က အ၀ယ် လိုက်သူကို အနိုင်ပေးမှာပဲ။ ဒါကြောင့် အမြဲကောင်းအောင် ကြိုးစားနေကြရတယ်။ (ပြိုင်ဆိုင်မှု) က တွန်းအားလာဖြစ်တယ်။ ဒီတွန်းအားက တိုးတက်မှု ၊ တီထွင်မှု ကို ဖန်တီးပေးတယ်။ ဟော အခု Samsung ရဲ့ galaxy ကရေပန်းစားလာပြန်တယ်။

ဆိုရှယ်လစ်စီးပွားရေးစနစ်မှာတော့ ဒီပစ္စည်း ထုတ်မယ်/မထုတ်ဖူး ဆိုတဲ့ (အာဏါ) ဟာ (၅) နှစ်စီမံကိန်း ကိုရေးဆွဲတဲ့ ဗျူရိုကရက်တွေရဲ့ လက်ထဲမှာရှိပါတယ်။ သုံးစွဲသူ လက်ထဲမှာမရှိ။ သုံးစွဲသူအကြိုက် ထုတ်လုပ်တာမဟုတ်။ လိုအပ်တာကို အစိုးရကထုတ်ပေးတာလေ။ ပြိုင်ဆိုင်မှု မရှိတာကြောင့် တိုးတက် မှု မရှိ။ ရောင်းမထွက်တဲ့ ပစ္စည်းတွေ တောင်လိုပုံနေပြီး နောက်ဆုံး မှောင်ခိုဈေးကွက် ပေါ်လာရတာပဲ။

ဒီစီးပွားရေးစနစ်ကို မြန်မာနိုင်ငံသားတွေကောင်းကောင်း မှတ်မိကြမှာပါ။ ဦးနေ၀င်းရဲ့ မဆလ ခေတ် (၂၆) နှစ် လုံးလုံး ငတ်ခဲ့ကြတာ မာက်စ်ရဲ့ စီးပွားရေးစနစ်ကြောင့်ပဲ။ မာက်စ်ဝါဒီ ဦးဘငြိမ်ရဲ့ စေတနာ တွေပါ။

ဆိုရှယ်လစ်စီးပွားရေးစနစ်မှာ လိုအပ်တဲ့ (အရင်းအနှီး) တွေကို ဘယ်ကရမှာလဲ။ အစိုးးရအာဏါနဲ့ အားလုံးကို (ပြည်သူပိုင်) သိမ်းရပါတယ်။ ဒီလို မတရား ပြည်သူပိုင်သိမ်းဖို့ရာ လွပ်လပ်မှုနဲ့ တရားမျှတ မှု ကိုရည်စူးတဲ့ ပြည်သူက ရွေးချယ်တဲ့ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရ အောက် မှာ ပြည်သူပိုင် မသိမ်းနိုင်ပါ။ အာဏါရှင်စနစ် အောက်မှာပဲ လိုချင်တာကို ပြည်သူပိုင်သိမ်းနိုင်ပါတယ်။

ဒါကြောင့် မာ့က်စ်က ပစ္စည်းမဲ့တို့ရဲ့အာဏါရှင်စနစ် ကိုထူထောင်ရမယ်လို့ မိန့်ဆိုခဲ့တာပါ။

မာက်စ်ရဲ့ နောက်ခံက အင်္ဂလန်ရဲ့ စက်မှုတော်လှန်ရေး Industrial Revolution ခေတ်။ အရင်းရှင်စနစ် ခေါင်းထောင်ပြီး သောင်းကျန်းနေတဲ့ခေတ်။ ဆင်းရဲသားတွေကိုမတရား ခေါင်းပုံဖြတ်နေတဲ့ခေတ်။ ဒါကြောင့် မာ့က်စ်က အဖိနှိပ်ခံတွေဖြစ်တဲ့ ပစ္စည်းမဲ့တွေ ဦးဆောင်တဲ့ ပစ္စည်းမဲ့ တော်လှန်ရေးကြီးကို ဆင် နွှဲပြီးသကာလ ပစ္စည်းမဲ့အာဏါရှင်စနစ်ကို ထူုထောင်ရမယ်လို့ မိန့်ဆိုခဲ့တာဖြစ်တယ်။ ပစ္စည်းမဲ့ အာဏါ ရှင် စနစ်ကို ထူုထောင်ပြီးမှ အရင်းရှင်တွေရဲ့ အရင်းအနှီးနဲ့ လုပ်ငန်းတွေကို အာဏါနဲ့ ပြည်သူ ပိုင်သိမ်း၊ ထိုမှ ဆိုရှယ်လစ်စီးပွားရေး လမ်းကြောင်းအတိုင်း ဆိုရှယ်လစ်ခေတ်ကြီးကိုဖြတ်သန်း။ ထိုမှ ကွန်မြူနစ် (ဘုံ)နိဗ္ဗန် စီသို့ ချီတက်ကြဖို့ပါ။

ဆိုရှယ်လစ်ကာလမှာ မာက်စ်က From each according to its ability to each according to its work ၊ လူတိုင်းကိုယ်စီ အစွမ်းရှိသမျှမှ ၊ ကိုယ်စီ (လုပ်) သမျှ လို့ ဆိုခဲ့တယ်။ ဆိုလိုတာက လူတိုင်း ကိုယ်စီ မိမိလုပ်သမျှခံစားရဦးမည်။ ကွန်မြူနစ် (ဘုံ)နိဗ္ဗန် ရောက်မှ လိုသလောက်သာခံစားကြရမည်။

အများသိကြတဲ့အတိုင်း ကွန်မြူနစ်စနစ်ဟာ လမ်းခုလပ် ဆိုရှယ်လစ်စနစ် ကိုပင်မရောက်ရပဲ ကမ္ဘာကြီး မှာ ရေတိမ်နစ်ခဲ့ရပါပြီ။

ဘာကြောင့်လဲ

မာက်စ်ရဲ့စေတနာအရင်းခံဟာ အဖိနှိပ်ခံတွေအတွက် စေတနာမှန်ခဲ့တာ မငြင်းနိုင်ဖူး။ ထို့ပြင် မာက်စ်ဟာ ဒဿနိက အတွေးပညာရှင် (Philosopher) ၊ စီးပွားရေးပညာရှင် (Economist) ၊ စွယ်စုံရတဲ့ ပညာရှင်စစ်စစ်ဖြစ်တယ်။

သို့သော် စာရေးသူ၏ အမြင်အရ စထွက်ကတည်းက လမ်းမှားကြီးကိုလျှောက်ခဲ့မိလို့ ခံယူမိတယ်။
မာက်စ် ဟာ သူ့ရဲ့ အတွေးကမ္ဘာကို Materialism (ရုပ်ဝါဒ) ကို အခြေခံပြီး သခင်စိုးကြီးရဲ့ စကားနဲ့ ပြောရရင် Dialectical Materialism အနုပဋိ လောမ ရုပ်ဝါဒ နည်းနဲ့.အားလုံးကို ရှု့မြင်သုံးသပ်ခဲ့ တာကြောင့် လူတွေရဲ့စိတ်ဓါတ်ရေးရာအပိုင်း ကိုလျစ်လျူရှုခဲ့တယ်လို့ ခံစားမိတယ်။

လူတွေကို (ရုပ်) ပိုင်းဆိုင်ရာ အမြင်နဲ့ပဲကြည့်တာကြောင့် ကျောက်ရုပ်လို ၊ လိုရာအသုံးချနိုင်မယ်လို့ ထင်ခဲ့တယ်။ လူတွေရဲ့ အတ္တစိတ် ၊ တကိုယ်ကောင်းဆန်တဲ့စိတ်၊ နံမည်လိုချင်မှု ၊ မောဟ ၊ ဒေါသ ၊ မလိုဝန်တိုစိတ် စတဲ့ စိတ်ပိုင်း ဆိုင်ရာ အားနဲမှုတွေကို ထဲ့မတွက်ခဲ့တာကြောင့် လို့သုံးသတ်မိတယ်။

ဗုဒ္ဓရဲ့တရားအရ မောဟကြောင့် လူသားတွေဟာ အတ္တ မကင်းနိုင်ကြပဲ၊  (တဏှာ) ငြိတွယ်နေတာ  ကြောင့် သံသရာ ၀ဋ်ဆင်းရဲကမကျွပ်နိုင်ကြတာပဲမဟုတ်ပါလား

နောက်ဆုံးတော့ လူတွေရဲ့ (လောဘ) ၊ (အတ္တ) နဲ့ စိတ်ပိုင်းဆိုင်ရာအားနဲချက်တွေကို လစ်လျူရှုခဲ့ တာ ကြောင့် မာက်စ်ရဲ့ စိတ်ကူးယဉ်မှုဟာ လက်တွေ့ အကောင်အထည် မဖေါ်နိုင်တာမို့ ကွန်မြူနစ်စနစ် ကျဆုံးခဲ့ရရှာတာပါ။

အရေးကြီးတဲ့ နောက်တချက်က (အာဏါ) ပဲ။

မာက်စ်က ပစ္စည်းမဲ့အာဏါရှင် စနစ်ကိုထူထောင်ရမယ်လို့ ရေးခဲ့ပေမဲ့ သူရော အိမ်ဂယ် (Engles) ရောမျက်စိ ထဲမြင်နေတာက သူတို့မှီတဲ့ ပြင်သစ်တော်လှန်ရေး က ပြင်သစ်ဘုံစနစ် (Paris Commune).ဖြစ်တယ်။ လီနင်က ပစ္စည်းမဲ့တွေဦီးဆောင်တဲ့ ကွန်မြူနစ်ပါတီ ကိုဘယ်လို ထူ ထောင်ရမလဲ။ ဘယ်လိုဖွဲ့စည်းရမလဲ ဆို တာ ကို ဦးဆောင်ပြခဲ့တာပါ။ ဒါကို (ဗဟိုဦးစီးစနစ်) Democratic Centralization လို့ခေါ်ပါတယ်။ ဖြစ်နိုင်ရင် လီနင်ရေးခဲ့တဲ့ “နိုင်ငံတော်နှင့် တော်လှန်ရေး” (State and Revolution) ဆိုတာကို အင်တာနက်မှာ ရှာဖတ်စေချင်တယ်။

လီနင်က သူဘာကြောင့် ပါလီမန်ဒီမိုကရေစီကို လက်မခံရတာလဲ၊ Separation of Power အာဏါ ခွဲဝေမှုကိုဘာကြောင့်လက်မခံတာလဲ ၊ သူယုံကြည်တဲ့ Participatory Democracy ကိုဘယ်လို balance မျှတအောင်လုပ်မယ် ဆိုတာတွေကို သတိထား ဖတ်စေချင်တယ်။ ဒါပေမဲ့ လီနင်သေပြီး တက် လာတဲ့ စတာလင်က အာဏါကို မောင်ပိုင်စီးလိုက်တာ ကျန်ကွန်မြူနစ်ပါတီတွေအားလုံး စတာလင့် ပုံသဏ္ဍန်ဖြစ်ကုန်ကြတာပဲ။

စာရေးသူဟာ အာဏါရှင်စနစ်နဲ့ ကွန်မြူနစ်ဝါဒကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သူဖြစ်ပေမဲ့ မာ့က်စ်နဲ့ လီနင်တို့ကိုလေးစားပါတယ်။

မာက်စ်ရဲ့ အတွေးအခေါ် တွေဟာ သိမ်မွေ့ အဆင့်မြင့်ပါတယ်။ သူ့ရဲ့စေတနာဟာ မြင့်မြတ်ပါတယ်။
ဒါကြောင့် လူငယ်လေးတွေကို မာက်စ် နဲ့ လီနင်ရဲ့ မူရင်းကျမ်း (Original Classics) တွေကို ဖတ်ပြီးလေ့လာစေချင်ပါတယ်။ သံယောင်ကြားနဲ့ ထအော်တာမျိုးမဖြစ်စေချင်ဖူး။

ဥပမာ နယူးရောက်မြို့က ဝေါလ်စတိကိုသိမ်းပိုက်ကြ ဆိုတဲ့ ဆန္ဒပြနေသူလူငယ်တချို့ကို သတင်းသမား တွေက မင်းတို့ဘာလိုချင်တာလဲ လို့မေးတဲ့အခါ အရင်းရှင်စနစ် မလိုချင်ဖူး၊ ဘဏ်လူကြီး (Bankers) တွေကို အခွန်တိုးကောက် စတဲ့ အမြင်တွေအပြင် အစိုးရမလိုချင်ဖူး စတဲ့ တောင်းဆိုချက်တွေကိုလည်း တောင်းဆိုကြပြန်တယ်။

ထို့နည်းတူစွာပဲ ဖေ့စ်ဘုဒ် (facebook) မှာမြန်မာနိုင်ငံအတွင်း က လက်ဝဲသမား တချို့ကလည်း အစိုးရ မလိုအပ်ကြောင်း ဆွေးနွေးလာပါတယ်။ ဒါမာ့က်စ်ရဲ့ ဟောကြားချက် တွေကို ကြားဖူးနားဝ နဲ့သံယောင်လိုက်ကြတယ်ဆိုတာကို ချက်ချင်းနားလည်လိုက်တယ်။ သို့သော် ကွာတာက မာ့က်စ်က ရုတ်တရက်ကြီး အစိုးရဆိုတာကိုဖယ်ရှားခိုင်းတာမဟုတ်။ အစိုးရ မလိုတော့တဲ့ လူနေမှု အဆင့်ရောက်အောင် ဆိုရှယ်လစ်အရင်းအနှီးတွေစုဆောင်း၊ ထုတ်လုပ်မှုတွေတည်ဆောက်၊ လူ့ အတွေး အခေါ် တွေ တိုးတက်မြင့်မားလာမှ လူလူချင်းအုပ်ချုပ်တဲ့ အစိုးရ မလိုအပ်တော့တဲ့ အဆင့် ရောက်ဖို့လမ်းညွှန်ခဲ့တာပါ။

အရင်းရှင်စနစ်ကျဆုံးပါစေ၊ ဝေါလ်စတိကိုသိမ်းပိုက်ကြ လို့အော်နေကြတဲ့ စိတ်ကူးယဉ် လူငယ်လေးတွေ ဟာ အိုင်ဖုံး (iPhone) ၊ အိုင်ပက် (iPad) ကိုင်ပြီးအောနေကြတာပါ။ တကယ်တော့ ဒီပစ္စည်းတွေကို ပေါ်ထွက်လာတာ အရင်းရှင်စနစ်ကြောင့်ပဲ မဟုတ်လား။ ဒီ အဲလ်ပယ်ပစ္စည်းတွေကို ဦးစီးထုတ်လုပ် ပေးတဲ့ စတိဂျော့ဘ် (Steve Jobs) ဟာ အဲလ်ပယ်စတော့ (Apple Stocks) တွေကြောင့် သန်း၆၀၀၀ အထိချမ်းသာသွားတဲ့ လုပ်ငန်းရှင် ကြီးပဲမဟုတ်ပါလား။ အရင်းရှင်ကြီးပဲ မဟုတ်ပါလား။ ဒီလို သူရဲ့တည် ထွင်မှုကြောင့် သူကိုယ်တိုင်ချမ်းသာရုံမက လူပေါင်းများစွာကိုလည်း (အလုပ်) ပေးနိုင်တယ်။

Wall St သာ မရှိခဲ့ရင် အဲလ်ပယ်ကုမ္ပဏီဆိုတာ ဘယ်လိုပေါ်ပေါက်လာနိုင်မှာလဲ ဆိုပြီးမေးခွန်းထုတ် လာသူတွေ ရှိ ပါတယ်။ တကယ်တော့ ဒီဆန္ဒပြနေကြတဲ့ လူငယ်အများဟာ Wall St ဘာကြောင့် အရေးပါရတယ်ဆို တာကိုမသိကြဖူး။ အလွန်အကျွံတွေရှိတယ်။ Wall St ကလူကြီးတွေ ငွေတွေ မတရားဝင်တယ်-ဖြုံးကြတယ် ဆိုတာကိုပဲ အကြမ်းပြင်းသိကြတယ်။ ဂဃနဏ မသိကြဖူး။ လူရီစရာ လာဖြစ်ကြရတယ်။

မာ့က်စ်ရဲ့ဝါဒနဲ့ပတ်သက်လာရင် မူရင်း အရင်းခံကျမ်းတွေကိုဖတ်ပြီးမှ ကျကျနန လုံးစေ့ပတ်စေ့ မိမိအမြင် ကို ဘာကြောင့် ဒီလိုကောက်ချက်ချရပါတယ်ဆိုတာကို ဖေါ် ပြသင့်တယ်လို့ ထင်မိတယ်။ တို့ထိတို့ထိ “မာ့က်စ် ၀ါဒဟာ အာဏါရှင်စနစ်မဟုတ်ဖူး” တို့ “အာဏါရှင်စနစ် ကို လက်မခံဖူး ၊ သို့သော် မာ့က်စ် ၀ါဒကိုတော့နှစ်သက်ပါတယ်တို့” ဆိုတာတွေဟာ “ဒို့အရေး၊ ဒို့အရေး” နောက်က လိုက်အော်တဲ့ အဆင့် သာသာ ပဲရှိ တယ်လို့ပြောနိုင်ပါတယ်။ ပညာတတ်အမြင်အရ ကြည့်ရင် Intellectually lazy ပညာတတ်ရေသာ ခိုခြင်းပဲ။

ဒါဟာ မာ့က်စ်ရဲ့ မူရင်းကျမ်းစာတွေကို တိတိကျကျမဖတ်လို့လား ၊ လေ့လာမှု မပြည့်စုံတာပဲလား၊ အင်္ဂလိပ်စာ မနိုင်လို့နားလည်မှားသည်ပဲလားမပြောတတ်ပါ။ သို့လော၊  သို့လော ထင်စရာတွေ အများကြီးပေါ်ပေါက်စေပါတယ်။

မာ့က်စ်ဝါဒရဲ့ ကျောရိုးဟာ ပစ္စည်းမဲ့ အာဏါရှင်စနစ်ပဲ။

နောက်အရေးကြီးတဲ့အချက်က မာ့က်စ်နဲ့ပတ်သက်လာရင် အစအဆုံး အလုံးစုံကိုခြေခံပြီးမှ Full Context အရပြောကြစေခြင်ပါတယ်။ ဖင်တပိုင်း ၊ခေါင်းတပိုင်းဖြတ်ပြောရင် ဟိုမရောက်၊ ဒီမရောက် ရွာလည်နေမှာသေခြာပါတယ်။

အာဏါရှင် စနစ်ကိုမတည်ထောင်ပဲ၊ ပြည်သူပိုင်မသိမ်းနိုင်၊ ဆိုရှယ်လစ်အရင်း (မ)တည်ဖို့မဖြစ်နိုင် ၊ အရင်းရှင်စနစ်ကို မဖြိုဖျက်နိုင်။ လီနင်ရဲ့ ဗဟိုဦးစီးစနစ်ကို လက်မခံပဲ ၊ကွန်မြူနစ် ပါတီမထူထောင်ရင်၊ ဘယ်သူက ပစ္စည်းမဲ့တော်လှန်ရေးကိုဦးဆောင်မှာလဲ။ ပစ္စည်းမဲ့တော်လှန်ရေး အောင်မှ ပစ္စည်းမဲ့ အာဏါရှင်စနစ်ကို ထူထောင်နိုင်မှာပါ။

လူသားတိုင်းမှာ ရုပ်နဲ့နာမ် ကိုယ်စီရှိမှ အသက်ရှင်နိုင်ကြတာပါ။ ထို့နည်းတူစွာ မာ့က်စ်ဝါဒမှာ ပစ္စည်းမဲ့ အာဏါရှင်စနစ်ဟာ (နာမ်) (၀ိဌါဉ်) အလား ပါပဲ။ ပစ္စည်းမဲ့အာဏါရှင် လက်နက်မပါပဲ အသက်မရှင်နိုင်ပါ။ ထို့ကြောင့် အာဏါရှင်စနစ်ကိုတော့ လက်မခံပါ ၊ မာက်စ်ဝါဒကိုတော့ လက်ခံပါသည်ဟု ဆိုလာရင် ဆား မပါ တဲ့ ဟင်းလို ပေါ့ရွှတ်ရွှတ် နိုင်ပါလိမ့်မည်။ တဖက်ကပြန်ကြည့်လျှင်လည်း နိုင်ငံရေးမရိုးသားတာ ဖြစ်နိုင် သလို ဖါးတပိုင်း ငါးတပိုင်းနိုင်ငံရေး ခံယူချက်ဆိုတာ ထင်ပေါ်နေပါသည်။

သတင်းစာလောကမှာ သတင်းရေးသူနဲ့ Opinion Writer လို့ခေါ်တဲ့ မိမိအမြင်ကိုရေးသူရယ်လို့ ရှိကြပါတယ်။ သတင်းရေးသူက ဒီကနေ့ ဟစ်ဟော့ပွဲမှာလူမစီ။ ဘောပွဲမှာလူချတယ်ဗျာ့ ဆိုပြီး လိုရှင်းတိုရင်း ရေးလို့ရပါတယ်။ Opinion Writer က ဒီလို ရေးလို့မရပါ။

နယူးရောက်တိုင်းက ကမ္ဘာကျော် အမြင်ရေးဆရာ တွန်ဖရီးမင်း (Tom Friedman) က ကမ္ဘာကြီးပြားတယ်ဗျာ့ (The World is Flat) ဆိုပြီး ရပ်ထား၍မရပါ။ ဘာကြောင့် ကမ္ဘာကြီးပြားရလဲ ဆိုတာကိုရှင်းပြဖို့ စာအုပ်ရေး ဖြစ် ခဲ့ရပါတယ်။ အီလစ် (Elite) စစ်လို့ထင်ပါရဲ့ သူ့စာအုပ်ဟာကမ္ဘာကျော်ပြီး လူကြီးလူငယ် အလုအရက် ၀ယ် ဖတ်ကြရပါတယ်။

ထို့ကြောင့် မြန်မာနိုင်ငံမှ လူငယ်ကလေးများ နိုင်ငံရေးခံယူချက် တိကျစေချင်တဲ့ စေတနာနဲ့ အရင်းရှင် စီးပွားရေးစနစ် ဆိုတာဘာလဲ၊ Wall St ရဲ့ ကဏ္ဍက ဘာလဲ၊ လက်ရှိ ကမ္ဘာမှာကျရောက်နေတဲ့ စီးပွားရေး အခက်အခဲ တွေဟာဘာလဲ၊ မြန်မာနိုင်ငံအပါအ၀င် အာရပ်ကမ္ဘာ မှာပြည်သူလူထု မခံမရပ်နိုင်ဖြစ်ရတဲ့ ရောင်ရင်း/ လက်ရင်းအရင်းရှင်စီးပွားရေးစနစ် (Crony Capitalism) ဆိုတာဘာလဲ စသည်တွေကို ချင့်ချိန် နိုင်အောင် ဥါဏ်မှီသမျှ တင်ပြဆွေးနွေးချင် တာ ကြောင့် ဒီဆောင်းပါးကိုရေးရတာပါ။

ဆက်ရန် ..အပိုင်း (၂)

အရင်းရှင်စနစ်ဆိုတာဘာလဲ

by Bo K Nyein on Tuesday, June 5, 2012 at 7:49pm ·
အပိုင်း(၂)

အရင်းရှင်စနစ်ဆိုတာဘာလဲ

တကယ်တော့ အရင်းရှင်စနစ်ဆိုတာက စီးပွားရေး စနစ်သက်သက်သာဖြစ်ပါတယ်။ နိုင်ငံရေးစနစ် မဟုတ်ပါ။ စစ်ကြီးအပြီး လွပ်လပ်တဲ့ ကမ္ဘာမှာ တနည်းအားဖြင့် အနောက်ဖက်ခြမ်းလို ခေါ်ကြတဲ့ နိုင်ငံ တွေမှာ အစိုးရကို ပြည်သူလူထု ကရွေးချယ်တဲ့ လစ်ဖရယ် ဒီမိုကရေစီ ကိုပြန်လည်ကျင့်သုံးလာကြပြီး စီးပွားရေးအရ အရင်းရှင်စနစ်ကို ပြန်လည်အကောင်အထည်ဖေါ်လာကြပါတယ်။

ဥရောပကနိုင်ငံတွေထူထောင်ဖို့ မာရှယ်ပလင် (Marshall Plan) ကိုအမေရိကန်ငွေ နဲ့စတင် အကောင် အထည်ဖေါ်လာကြပါတယ်။ ဂျပန်နိုင်ငံမှာလည်း ဗိုလ်ချုပ်ကြီးမက်ကာသာက ဦးဆောင်ပြီး ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအသစ်ပိုရေးဆွဲပြီး ပါလီမန်ဒီမိုကရေစီစနစ်ကိုပြန်လည်ထူထောင်ခဲ့ပါတယ်။

ဆိုဗီယက်တွေစိုးမိုးထားတဲ့ အရှေ့ဥရောပမှာတော့ ဆိုဗီယက်ပုံသဏ္ဍန်ကွန်မြူနစ်ပါတီအသီးသီး ပေါ် ပေါက်လာကြရာ အင်္ဂလိပ် ၀န်ကြီးချုပ် ချာချီက (သံမဏိ) လိုက်ကာ Iron Curtain ဆိုပြီး သမုတ်ခဲ့ ပါတယ်။

ဒါကြောင့် စစ်ပြီးကာလမှာ ကမ္ဘာကြီးဟာ နိုင်ငံရေးအရ ဒီမိုကရေစီကျင့်သုံးပြီး စီးပွားရေးအရ အရင်းရှင် စနစ်ကို ဖေါ်ဆောင်တဲ့ အနောက်အုပ်စု နဲ့ နိုင်ငံရေးအရ ပစ္စည်းမဲ့အာဏါရှင်စနစ်ကိုထူ ထောင်ပြီး သကာလ စီးပွားရေးအရ မာ့က်စ်၏ ဆိုရှယ်လစ်စီးပွားရေးစနစ် ကိုဖေါ်ဆောင်သော အရှေ့ အုပ်စုဆိုပြီး ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအသစ်ပေါ်ပေါက်ခဲ့ရပါတယ်။

ဒီမှာ စာဖတ်သူများကို သတိပြုစေချင်တာက ဒီမိုကရေစီဆိုတာက လွပ်လပ်စွာရွေးချယ်ခွင့်နဲ့ အရင်းရှင် စီးပွားရေး စနစ်က လွပ်လပ်စွာ ရောင်း/၀ယ် ခွင့်ရှိတာကြောင့် (လွပ်လပ်မှု) ကိုအရင်းတည်ပါတယ်။

ကွန်မြူနစ်စနစ်ကတော့ နိုင်ငံရေးအရ အာဏါရှင်စနစ်ကို အခြေခံပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်ဆို တာ ကလည်း အားလုံးကိုထိန်းချုပ်တဲ့ (ထိန်းချုပ်မှု) (Control) ကိုအခြေခံကြပါတယ်။ နောက်ဆုံးတနေ့မှာ ကွန်မြူနစ်စနစ်ကျဆုံးသွားရာတာ ဒီ (ထိန်းချုပ်မှု) (Control) ကြောင့်ပဲဆိုတာကိုသိမြင်စေချင် ပါတယ်။

တချိန်ထဲမှာ (လွပ်လပ်ခွင့်) ရှိတယ်ဆိုတာနဲ့ (မျှတမှု) (Fair) ဖြစ်ပြီလို့မဆိုနိုင်ပါ။

အရင်းရှင် စနစ်ဟာ စီိးပွားရေးစနစ် သက်သက်ဖြစ်တာကြောင့် (မျှတခြင်း) ဟာ ၎င်းရဲ့ တာဝန်မဟုတ်ပါ။
(မျှတခြင်း) ဟာ နိုင်ငံရေးစနစ် မှာသာတာဝန်ရှိပါတယ်။

ဒါဆိုအရင်းရှင်စနစ်ရဲ့ရည်မှန်းချက်ကဘာလဲဆိုရင် Wealth Creationလို့ဆိုတဲ့ (ချမ်းသာမှုကိုဖေါ်ထုတ်) ခြင်းသာဖြစ်တယ်။

တနည်းအားဖြင့် မျှတမှုကို တတ်နိုင်သမျှ ဖေါ်ဆောင်တဲ့ Wealth Distribution ချမ်းသာမှု ကို (ဝေဖြန့်) ခြင်းလည်း မဟုတ်ပါ။

အများစု က Wealth Creation နဲ့ Wealth Distribution ကိုရောနေကြတဲ့အတွက် အရင်းရှင်စနစ်ကို ဖိဝေဖန်နေကြခြင်းဖြစ်သည်။

ဆိုရှယ်လစ်စနစ်ကမှ Wealth Distribution ကိုဦးတည်ပါတယ်။

ဒီလိုဆိုလို့ အရင်းရှင်စနစ်သည် တရားပါသလားဟုမေးလာလျှင် လုံးဝ (မတရား) ပါ။ အရင်းရှင်စနစ် တွင် (ငွေ) သည်သာအဓိကဖြစ်၍ (အမြတ်)ရရှိရေးသည်၎င်း၏ အသက်သွေးကြောဖြစ်သဖြင့် မည်သို့မှ မျှတမှုကို ဦးမတည်နိုင်ပါ။

တဖက်ကကြည့်ရင် မျှတမှု မရှိတဲ့ စနစ်ကြီးကို ဘာကြောင့် လက်ခံကျင့်သုံးနေကြရတာလဲ လို့မေး စရာ ရှိပါတယ်။

အဖြေကရိုးရိုးရှင်းရှင်းလေးပါ။ မွေးကတည်းကိုက လူသားတွေဟာ သာတူညီမျှ မွေးလာကြ သည်မှ မဟုတ်တာ။

ဥါဏ်ကောင်းသူများပါလာသလို၊ ဥါဏ်နဲ - ဥါဏ်ထိုင်း သူများလည်းပါလာသည်။ စိတ်ကောင်း ရှိ သူများ ရှိသလို၊ စိတ်ပုတ်သူများကလည်းမရှား။ ရုပ်ရည်ချောမောသူများရှိသလို၊ ရုပ်ဆိုးသူများကလည်း အနန္ဒ။ လူတော်များရှိသလို၊ လူညံ့များလည်းရှိသည်။ နောက်ဆုံး သဘာဝမှာပင် မက်တာ (Matter) ဒြပ်ထု ရှိသလို ၎င်း၏ဆန့်ကျင်ဖက် အင်တီမက်တာ (Anti Matter) လည်းရှိပြန်သည်။

ထို့ကြောင့်သဘာဝ ကိုဆန့်ကျင်၍မရ၊ သဘာဝအတွင်း အမျှတဆုံး၊ အကောင်းဆုံးဖြစ်နိုင်အောင်သာ ကျိုးစားကြရမည်။လွပ်လပ်ပြီဆိုပြီး ကိုယ်မုန်းသည့်သူကိုသွားသတ်၍မရ၊၊ လူုသတ်မှုနှင့်အဖမ်းခံ ရမည်။
ကျောက်ခေတ်ကကဲ့သို့ မိမိနှစ်သက်ရာ အမျိုးသမီးကို အိမ်သို့ဆွဲလာလို့မရ။ မှုဒိန်းမှုနှင့် အဖမ်းခံရမည်။ ဒီမိုကရေစီအရလွပ်လပ်သည်ဆိုရာတွင် ဥပဒေဘောင်အတွင်းမှသာ လွပ်လပ်ခွင့်ရှိသည်ပါ။

လူ့ဘောင်ကျင့်ဝတ်တွေကို လူ့ဘောင်အဖွဲအစည်းတွေက သတ်မှတ်ကြ၍ လူထုကိုကိုယ်စားပြုသူ အမတ်မင်းတွေက လွှတ်တော်မှာ ဥပဒေပြုကာ တရားဝင်မှုကိုဖန်ထီးကြရပါသည်။

ထို့နည်းတူစွာ အရင်းရှင်စီးပွားရေးစနစ် တွင်လည်း မျှတမှုအတွက် တရားဝင်မှု တရားမ၀င်မှု ကို ဥပဒေ နဲ့ပဲ ဘောင်ခတ် ကန့်သတ်ပေးရပါတယ်။ ဥပမာ တိုးတက်သောနိုင်ငံများတွင် တနေ့ ရှစ်နာရီသာအလုပ် ချိန်အဖြစ် သတ်မှတ်ထားပြီး၊ ပိုလာပါက အပိုလုပ်ခပေးရမည်။ ခလေးအလုပ်သမား မရှိစေရတဲ့ ဥပဒေ မျိုးတွေပါ။

အမေရိကန်နိုင်ငံတွင် အများမသိသော သတင်းကိုအသုံးပြု၍ စတော့အရောင်းအ၀ယ် မလုပ်ရဆိုတဲ့ Insider Trading ဥပဒေရှိပါတယ်။ ကျူးလွန်ရင် ထောင်ကျနိုင်ပါတယ်။

ဒါထက်အဆင့်မြင့်တဲ့ မျှတမှု တွေအတွက်ကတော့ ဥပဒေအပြင် (ပေါ်လစီ) နဲ့ပဲ ဖေါ်ထုတ်နိုင်သလို၊ ထိန်းချုပ်နိုင်ပါတယ်။ ဥပမာ Universal Health လို့ခေါ်တဲ့ နိုင်ငံသားတိုင်း ဆေးကုသခွင့် ရှိတယ်ဆိုတဲ့ ပေါ်လစီမျိုးပေါ့။

တဖက်ကပြန်ကြည့်ရင် ဒီမညီမျှမှု ကပဲ အရင်းရှင်စနစ် ကိုအောင်မြင်စေတာလို့ ငြင်းချက်ထုတ် နိုင်ပြန် ပါတယ်။

ဆိုရှယ်လစ်စီးပွားရေးစနစ် ကျဆုံးရတဲ့ အကြောင်းအရင်းတခုဟာ Incentive လို့ခေါ်တဲ့ (ဆွဲဆောင်မှု- တွန်းအားပေးမှု) မရှိတာကြောင့်လို ငြင်းနိုင်စရာရှိပါတယ်။

ကောင်းပြီ ၊ ဒါဆိုရင် အရင်းရှင်စီးပွားရေးစနစ် ရဲ့ ဆွဲဆောင်မှု (၀ါ) တွန်းအားဟာဘာလဲဗျ လိုမေးရင်
(လောဘ) လို့ ဖြေနိုင်ပါတယ်။ ဒိထက်တဆင့်တက်ပြီး အရင်းရှင်စီးပွားရေးစနစ် ဟာ (လောဘ) ကို ၀ရဇိန် လက်နက် အဖြစ်အသုံးပြတာဗျ လို့ဖြေရင်တောင် မှန်ပါတယ်။

ဘာကြောင့်လဲ

လောဘဟာကောင်းပါတယ်တဲ့ - Greed is good

ဗမာစကားမှာ လူတွေဟာ လောဘသားတွေ လောဘနှင့် မကင်း ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။

မာ့က်စ်က ရုပ်ဝါကို ခြေခံသည်မို့ စိတ်ပိုင်းဆိုင်ရာ အားနဲချက်တွေကို မမှု ၊ အသိမှတ်မပြုဟု ငြင်းနိုင်သည်။

ဗုဒ္ဓဘာသာက လူသားတွေရဲ့ အားနဲချက်ဖြစ်တဲ့ လောဘ၊ဒေါသ၊ မောဟ တို့ကို အသိမှတ်ပြုတယ်။ ဒီစိတ်တွေကြောင့် အတ္တ နှင့် တဏှာ (Attachment) ရှိနေသမျှ ၊ တဏှာ မကျွပ်သ၍ သံသရာ က မလွပ်နိုင်သေး။ ထို့ကြောင့် ဗုဒ္ဓဘာသာက ဒီလောဘ စိတ်နဲ့အတူ အတ္တအစွဲနဲ့ တဏှာ ကို အဆုံးသတ် အနိုင်ယူဖို့ ကြိုး စားတယ်။ မဂ်ဥါဏ် - ဗိုလ်ဥါဏ် စိုက်မှ ဒီစိတ် တွေပျောက် ပြီး နိဗ္ဗန် ကို ရှေ့ရှုနိုင်မှာ မဟုတ်ပါလား။

အရင်းရှင်စီးပွားရေးစနစ် ကတော့ (လောဘ) ကို အသိမှတ်ပြုရုံမက လောဘ ကို အားပေးသည်။ (လောဘ) ကိုလက်နက်သဖွယ် အသုံးပြုသည်။ ကမ္ဘာကျော် Wall St ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ Mr Grecko ပြောခဲ့တဲ့ စကားဟာ အရင်းရှင် စီးပွားရေး စနစ် အတွက် အမှန်တရားဖြစ်တယ်။ Greed is good လောဘဟာကောင်းပါတယ်တဲ့။ တိန်ချောက်ပိန်ကလည်း ထို့နည်း၎င်း ပြောခဲ့တာပဲ။

လောဘ မရှိရင် ၊ (အမြတ်) ကို ဘယ်ဂရုပြုတော့မှာလည်း။ လောဘ ရှိမှ အမြတ်မျာများ လိုချင်တော့မှာ ပေါ့ ။ လောဘ ရှိမှ ပြိုင်ဖက်တွေကို အနိုင်လိုချင်တော့မှာပေါ့။ ဒီပြိုင်ဆိုင်မှု အနိုင်ရလိုမှု က တွန်းအား (Driving Force) လာဖြစ်စေ တဲ့အတွက် (ကြိုးစားမှု) (တည်ထွင်မှု) တွေပေါ်ပေါက်ခဲ့ရတယ်။ ဒီကြိုးစား မှု၊ တီထွင်မှုတွေကနောက်ဆုံး အောင်မြင်မှု ကိုရရှိစေပြီး အဆုံးမှာ(ချမ်းသာမှု)(Wealth) ကိုလာပေးတာ
ဒါကြောင့် အရင်းရှင်စီးပွားရေးစနစ်ကို Wealth Creation ချမ်းသာမှုကိုဖေါ် ထုတ်ခြင်းလို့ ဆိုကြတာပါ။

လောဘလွန်ရင်ဘာလုပ်မလဲ

အရင်းရှင်ရဲ့ ဖခင်လို့ ပြောကြတဲ့ အဲဒမ်စမစ် Adam Smith က ဈေးကွက်ကို မမြင်ရတဲ့ လက် Invisible Hand က ထိန်းပေးလိမ့်မည်လိုဆိုခဲ့တာ အခုထိမှန်ပေမဲ့ ဈေးကွက်ကပဲ အားလုံးကို တာဝန်ယူသွားလိမ့် မယ်ဆိုတာကတော့ မမှန်ဖူးလို့ စာရေးသူအမြင်ရှိပါတယ်။

လူဆိုတာ လောဘသားများဖြစ်ကြရုံ မက ထိန်းကွပ်မှု မရှိလျှင် အဆုံးအထိ မိုက်ဖို့ရာ ၀န်မလေးကြ တာကြောင့်ပါ။ ၂၀ရာစု နှစ်ဦးပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ကမ္ဘာ့စီးပွားရေးကပ် (Great Depression) ၊ ၂၀၀၇ ကကြုံခဲ့ရတဲ့ ကမ္ဘာ့ငွေကြေးပြဿနာ (Financial Crisis) ၊ ယ္ခုဖြတ်ကျော်နေရတဲ့ ယူရိုဒုက္ခနဲ့ နိုင်ငံပိုင် အကြွေးထူမှု ပြဿနာ (Euro and Sovereign Debt Crisis) အားလုံးတွေဟာ လောဘလွန်ကြူးမှု တွေကြောင့်ပဲ။ ဒါကြောင့် အရင်းရှင်တွေ လောဘလွန်ကြူးတာကြောင့် တကမ္ဘာလုံး စီးပွားရေးကပ် မဆိုက်စေဖို့ရာ အစိုးရတွေက ဥပဒေနဲ့ ဘောင်ခပ်ပေးရပါတယ်။

ဒီဖက် ဂလိုပိုင်ဇေးရှင်း (Globalization) ခေတ်မှာတော့ တနိုင်ငံထဲနဲ့ မထိန်းနိုင် ကြတော့တာကြောင့် အစုလိုက် G8 - G20 စသည်ဖြင့် စီးပွားရေးအရ အကြီးဆုံး၊အရေးအပါဆုံး နိုင်ငံတွေကစုပေါင်း ဖြေရှင်း ရတဲ့ အဖြစ်ရောက်ရှိနေကြပါပြီ။

အရင်းရှင်စီးပွားရေးစနစ် နှင့် ဈေးကွက်စနစ်

တချို့က အရင်းရှင်စီးပွားရေးစနစ် နှင့် ဈေးကွက်စနစ် (Free Market) ကိုရော သုံးကြတယ်။ အမှန်က ဈေးကွက်စနစ် ဆိုတာက အရင်းရှင်စနစ် အထဲက ဂွင်းဆက် စပ်ဆက် (Subset) တခုသာဖြစ်တယ်။

စစ်အေးကာလ (Cold War) တုန်းက အနောက်ဖက်ကမ္ဘာက နိုင်ငံတွေမှာ လစ်ဖရယ်ဒီမိုကရေစီနဲ့ အရင်းရှင်စနစ်ကို ကျင့်သုံးကြပြီး အရှေ့ဖက်ကမ္ဘာကနိုင်ငံ တွေက ကွန်မြူနစ်စနစ်အောက်မှာ မာ့က်စ်ရဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ် ကိုကျင့်သုံးကြတော့ ခွဲခြားရတာလွယ်ပါတယ်။

တိန်လျောက်ပိန်တက်လာပြီး ကွန်မြူနစ်အုပ်ချုပ်ရေးအောက် မှာ ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံး နိုင်တယ် ဆိုလိုက်တော့မှ ရှုပ်ကုန်တယ်လို့ ခံစားရမိတယ်။ အခုတော့ တိန်လျောက်ပိန်ရဲ့ ရှေ့ပြေး အတွေးက ရုပ်လုံးပေါ်လာပါပြီ။ တိန်က နိုင်ငံရေးအာဏါကို ကွန်မြူနစ်ပါတီကပဲ ဆက်ကိုင်ထားပြီး စီးပွားရေးအရ ဈေးကွက်စီးပွားရေးကိုကျင့်သုံးတာကြောင့် တိန်ရဲ့ မူဝါဒကို State Capitalism လို့ သတ်မှတ် ခေါ်ဝေါ် နေကြပါပြီ။

အရင်းရှင် စနစ် မျိုးစုံ

အရင်းရှင်စနစ်ကို ပုံဖေါ်တဲ့ အပေါ်မူတည်ပြီး အရင်းရှင်ပုံသဏ္ဍန် အမျိုးမျိုးပေါ်ပေါက်လာပါတယ်။

အမေရိကန်

အမေရိကန်ပုံသဏ္ဍန် က အရင်ဘရာဇီး ဘောလုံးကန်တာနဲ့တူပါတယ်။ ပီလီခေတ်က ဘရာဇီး ဘော်လုံးအသင်း ဟာတိုက်စစ်အားအလွန်ကောင်းတာကြောင့် ခံစစ်ကိုအားမထားလှပါ။ ပြိုင်ဖက် အသင်းက တစ်ဂိုးသွင်းရင် ပီလီတို့ နှစ်ဂိုးပြန်သွင်းပြပါလိမ့်မည်။ အမေရိကန် အရင်းရှင် စနစ်ကလည်း ထိုနည်း၎င်းပဲ အမေရိကန်ပြည် ကိုကြိုက်တဲ့သူ လာအရင်းအနှီးလုပ်၊ အဟန့်အတားမရှိပါ။ အလွပ်လပ် ဆုံးအရင်းရှင်စနစ်ဖြစ်တယ်။ ထို့ပြင် အမေရိကန်ပုံသဏ္ဍန်က စီးပွားရေးတိုးတက်မှု ကိုဦးစားပေးတာ ကြောင့် တချိုကလည်း Growth-based economy လို့လည်းခေါ်ကြပါတယ်။ အမေရိကန်ပုံစံက စီးပွားရေးအကြပ်အတဲတွေ့ရင် growth ကြီးထွားမှုနဲ့ရှင်းတာပဲ။


ဥရောပ

ဥရောပကတော့ ဒီမိုကရေစီး နည်းနဲ့ ဆိုရှယ်လစ်စနစ်ကို သွားမယ် ဆိုတဲ့ Democratic Socialism နဲ့ပို နီးတာကြောင့် အခွန်ပိုကောက်သလို အစိုးရထိန်းချုပ်မှု တွေပိုများပါတယ်။ တနည်းအားဖြင့် Wealth Distribution ပိုအားများပါတယ်။ စကင်တီ နေဗီးယား လို့ခေါ်တဲ့ နော်ဝေး၊  ဒင်းမတ်၊ ဆွီဒင်တို့မှာ ၀မ်းဗိုက်အတွင်းမှ သေသည်အထိ…. From Womb to Tomb အစိုးရကတာဝန်ယူတဲ့ စနစ်ကိုကျင့် သုံးကြပါတယ်။ အခွန်တိုးကောက်၊ ထိန်းချုပ်မှု regulation တွေပိနေတာကြောင့် ဥရောပ ပုံစံက growth ကြီးထွားမှုနေးကွေးတယ်။

ဂျပန်

ဂျပန်ကတော့ ပဒေသရာဇ် အငွေ့အသက်တွေ လုံးလုံးမကုန်သေးတာကြောင့် ပဒေသရာဇ် ဆန်ဆန် အရင်းရှင်စနစ်ကိုအသုံးပြုကြတယ်။ ဂျပန်လို ကီရက်စု keiretsu (系列) လို့ခေါ်တဲ့ စီးပွားရေးအုပ်စု တွေရှိတယ်။ ဥပမာ Mitsui - Mitsubishi စတဲ့ အုပ်စုတွေရှိကြတယ်။ ဥပမာ မစ်စူဘီရှီဘဏ်၊ မစ်စူဘီရှီ အကြီးစားစက်မှုလက်မှု၊ မစ်စူဘီရှီ ကူသန်းရောင်းဝယ်ရေးစသည်ဖြင့် ကုမ္ပဏီပေါင်းများစွာပါဝင်တဲ့ မစ်စူဘီရှီအုပ်စုရှိသလို မစ်စူအီ Mitsui အုပ်စုလည်းရှိပြန်တယ်။ ဒီကုမ္ပဏီတွေရဲ့ စတော့ နဲ့ ရှယ် (Stocks & Shares) တွေကို အချင်းချင်းပြန်ဝယ်ထားကြတယ်။ စတော့ဈေးအတက်အကျ ကိုထိန်း နိုင်အောင်နဲ့ တခြားသူတွေဝင်ရောက် မသိမ်းနိုင်အောင်ကာကွယ် ထားကြတယ်။ ဒါမှရေရှည်အတွက် ပလင်လုပ်နိုင်အောင်လို့ဆိုတယ်။ ကိုရီးယားပဲ ဂျပန်ပုံစံကို အတုခိုးတာကြောင့် Samsung ဆန်ဆမ် အုပ်စု ၊ Hyndai ဟွန်ဒေးအုပ်စု ဆိုပြီးပေါ်လာတယ်

ဒီပုံစံက အမေရိကန်ပုံးစံနဲ့ ပြောင်းပြန်ပဲ။ အမေရိကားမှာ သူဌေးတဦးထဲ (သို့) ကုမ္ပဏီတခုထဲက မအုပ်စီးထားနိုင်အောင် Anti Trust ဥပဒေရှိတယ်။ အုပ်စုဖွဲ့ပြီးဈေးမကစားနိုင်အောင်ပါ။ ကုမ္ပဏီ တခုဟာ သိပ်ကြီးလာပြီး ဈေးကွက်ကို မတရားစိုးမိုးထားပြီဆိုရင် အစိုးရက အစိုးရအာဏါနဲ့ ပြိုခွဲ ဖြစ်လိုက်လို့ရတယ်။ ဥပမာ Standard Oil  နဲ့ AT&T တို့ကိုအစိုးရက ဥပဒေနဲ့ ခွဲပြစ်လိုက်တယ်။ ပြိုင်ဖက်မရှိ အဖြစ်မခံဖူး။ နောက်အမေရိကန် ကုမ္ပဏီ တွေဟာ ရည်တို သုံးလပတ် အမြတ်အတွက်ပဲ ကြည့်လွန်းတယ်လို့အစွပ်စွဲခံရတယ်။ သုံးလ တခါ မိမိတို့ရဲ့ လုပ်ငန်းအခြေအနေ ကိုတင်ပြရတယ်။ ဒီတင်ပြချက် အပေါ်မှာ စတော့သုံးသပ်သူ (Stock Analyst) တွေက ဝေဖန်ချက်ပေးပြီး စတော့ တန်ဖိုး ကိုဖြတ် အတက်အကျ ကိုကစားကြတာကိုး။

တရုတ်

တရုတ်ပုံစံကတော့ တချို့ နေရာတွေမှာ အမေရိကန်ပုံစံ လွပ်လပ်မှုရှိပေမဲ့ အဓိကကွာတဲ့ (၂)ချက်က တရုတ်က သွားမဲ့ရေရှည် ပလင်ကို မက်ကရို အဆင့်မှာ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် တွေကပဲ ဆုံးဖြတ်ပြီး တကယ့်ထုတ်လုပ်မှုကိုတော့ ပုဂ္ဂလိက ကုမ္ပဏီတွေကိုပဲ ထုတ်လုပ်စေတယ်။ နောက် အရေးကြီးတဲ့ ကုမ္ပဏီတွေရဲ့ အကြီးအကဲကို ရွေးတဲ့နေရာမှာ အစိုးရရဲ့ချယ်လယ်မှု နဲ့မကင်းဖူး။

မာ့က်စ် ရဲ့ဆိုရှယ်လစ် စီးပွားရေးစနစ်မှာ အရင်းအနှီးတွေကိုပိုင်တာလည်း အစိုးရပဲ၊ ပလင်လုပ်တာ လည်း အစိုးရပဲ၊ ထုတ်ကုန်ကိုဖေါ်ထုတ်တာ၊ဖြန့်ဝေတာ အားလုံးအစိုးရပဲ။ ပကထိထိန်းချုပ်မှုအောက်မှာ ဆိုရှယ်လစ် စီးပွားရေးစနစ်ကြီး အသက်မရှူနိုင်ပဲ အသက်ငင်ခဲ့ရတယ်။

တိန်လျောက်ပိန်ချသွားတဲ့ စီးပွားရေးစနစ်မှာ ပိုင်ဆိုင်မှုနဲ့ ထုတ်လုပ်မှုဟာ ပြည်သူတွေလက်ထဲမှာ။ ဒီထုတ်လုပ်မှု ကြောင့် သန်း၃၀၀ ကျော်ကိုဆင်းရဲတွင်းက ဆွဲတင်နိုင်ခဲ့တာ။ ချီးကျူးစရာ ကောင်းတာက တရုတ်ကွန်မြူနစ် ပါတီက တရုတ်လုပ်ငန်းရှင်တွေ ချမ်းသာလာကြတာကို မနာလို မဖြစ်ကြ။ ဘာ ကြောင့် လည်းဆိုတော့ ဒီလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းအောင်မှ သာမန်တရုတ်တွေ အလုပ် ရကြမယ် ၊ ဒါကိုကောင်းကောင်းသဘောပေါက်တယ်။ သန်းကြွယ်သူဌေးတွေကနေ အခု တရုတ်ပြည် မှာ ဘီလျံ နယ် တွေတဖြေးဖြေးများလာပြီ။

ရုရှားမှာ ကွန်မြူနစ်စနစ်က အရင်းရှင်စနစ်ကိုပြောင်းတော့ အမေရိကန် စီးပွားရေးပညာရှင်တွေရဲ့ စကားကို နားထောင်ပြီး အခြေခံအုပ်မြစ်မရှိပဲ ၀ုန်းတိုင်းကြီးပြောင်းတော့ ရုရှားပြည်စီးပွားရေးဟာ ဖရိုဖရဲ ဖြစ်၊ ထုတ်ကုန် GDP  ၄၀%အထိထိုးကျ ၊ လူတွေအလုပ်လက်မဲ့ဖြစ်၊ ရုရှမလေးတွေ ပျက်စီးနဲ့ အတော် ဒုက္ခရောက်ကြတယ်။ သေသေခြာခြာစဉ်းစားထားတာမရှိပဲ ရယ်ဆင် (Yeltsin) ဟာသူနဲ့နီးစပ်တဲ့ သူ တွေကို အစိုးရပိုင်လုပ်ငန်း (SOE) တွေကို နှစ်ပြားတပဲနဲ့ရောင်းချတော့ သန်းကြွယ်သူဌေးမက ခေတ် ပျက် ဘီလျံနယ် တွေပေါ်လာပြီး အရင်းရှင်စနစ်အစား လက်ရင်းအရင်းရှင်စနစ် (Crony Capitalism) ဘ၀ကို ရောက်သွားရတယ်။

ဒါကိုကြည့်ပြီး တရုတ်ခေါင်းဆောင်တွေက ရုတ်တရက်မပြောင်းပဲ ဖြေးဖြေးချင်းပြောင်းတဲ့ ပေါ်လစီကိုချ မှတ်ခဲ့ကြတယ်။ တိန်လျောက်ပိန်ကိုယ်တိုင်ကလည်း မလျှောက်ဖူးတဲ့လမ်းကို လမ်းထွင်လျှောက် ကြရ တာမို့ မြစ်ကိုကူးရင်ခြေတလမ်းချင်းမိမှနောက်တလှမ်း၊ လှမ်းသလိုဖြေးဖြေးကူးကြလို့မှာခဲ့တာကိုး။ ဥပမာ အစိုးရပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကပြောင်းတဲ့နေရာမှာ အစိပ်အပိုင်းတစ်ခုချင်း (Sector by sector) ဖြေးဖြေးချင်းပြောင်းတယ်။ ဥပမာ လျှပ်စစ်လုပ်ငန်း ၊ ဆက်သွယ်ရေး ၊ ပြီးမှ retail ၊ ဖရုတ် ဖရက်မဖြစ်ရအောင် စနစ်တကျစီစဉ်ပြီးမှ အစိုးရပိုင်တွေကို ပုဂ္ဂလိကကို ပြောင်းတာ။ အနှစ် ၂၀ ကျော်လုံးလုံး တရုတ်ရဲ့ GDP တိုးတက်မှုဟာကြောက်ခမန်းလိလိပဲ။ ဥပမာ ပလင်လုပ်ရာမှာလည်း လျှပ်စစ်လိုအပ်ချက်ကို (၄ဆ) တိုးပြီး လိုအပ်ချက်ကိုရေရှည်အတွက် ၊ အမျှော်အမြင် ကြီးစွာနဲ့ ကြိုတင် တည်ဆောက်တာတောင် လောက်ရုံလေးပဲရှိတယ်။ တရုတ်တွေဥါဏ်ရှိတာ ..ချီးကြူးအတု ယူစရာပဲ။

တရုတ်တွေက တိုင်ဝမ်တရုတ်ကို နိုင်ငံရေးအရသာဘာဘာညာညာပြောနေကြတာ စီးပွားရေး နဲ့ ပတ် သက် လာရင် တရုတ်တွေပဲ ဖြစ်သွားတယ်။ ဥပမာ ကလင်တန်လက်ထက်မှာ မြောက်အမေရိက လွပ် လပ်စွာရောင်းဝယ်မှုစာချုပ် ဆိုပြီး ကနေတာ၊ အမေရိကန်၊ နဲ့မက်စီကို တို့စာချုပ်ရေးသဘောတူကြပြီး အမေရိကန် စက်ရုံအချို့ လုပ်အားခ ပေါတဲ့ မက်စီကို ၊ ကိုရွှေ့ သွားကြလို့ ၀ိုင်းအော် လိုက်ကြတာ။ နောက်သိပ်မကြာလိုက်ဖူး လူမသိသူမသိ တရုတ်ပြည်ကိုရောက်ကုန်ကြပြန်ရော။ ကြားပွဲစားတွေက ဘယ်သူထင်ပါသလဲ၊ တိုင်ဝမ်တရုတ်တွေ။ ထို့နည်းတူစွာပဲ အဝေးရောက်တရုတ် (Overseas Chinese) တွေစီက အကူအညီအများကြီးရကြတယ်။ အတုယူစရာပါ။

အရင်းရှင်စနစ်ကိုကျင့်သုံးပါတယ်ဆိုပေမဲ့ မိမိရဲ့ ယဉ်ကျေးမှု ၊ အတွေးအခေါ် နဲ့ လိုက်ဖက်တဲ့နည်းကို ရွေးကြရတာပဲ။ ဒါကြောင့်

အမေရိကန်ပုံစံ -     Growth-Based စီးပွားရေးတိုးတက်မှုကိုအားကိုးတယ်။ ယုန်လိုပေါ့။ မြန်မြန်ပြေး ၊
                             လဲကျ ၊ ပြန်ထ ၊ ပြန်ပြေးပဲ

ဥရောပ -                ဆိုရှယ်လစ်အဖြစ်ဆုံးပဲ။ safety net လို့ခေါ်တဲ့ အစိုးရ အစောင့်အရှောက် အများ
                             ဆုံး။ အခွန်တွေကောက်လွန်းတော့ growth သိပ်နှေးတယ်။ ပက်ကြိပဲ။

ဂျပန် -                    ပဒေသရာဇ်သြဇာမပျောက်သေးဖူး။ အများက လခစားတွေ။ ချမ်းသာတာက
                              ကုမ္ပဏီကြီးတွေ။ Japan Inc.။ ဖါးတပိုင်းငါးတပိုင်း။

တရုတ် -                  ဖြေးဖြေးနဲ့မှန်မှန်။ လိပ် အစစ်။ သူလည်း Growth-Based စီးပွားရေးပဲ။

ဒီကြားထဲမှာ စင်ကာပူ၊ အိန္ဒြိယ၊ ဘရာဇီး၊ ကိုရီးယားကွာတာတွေရှိသေးတယ်။

အခုလို ပုံစံ ခွဲပြောရတဲ့ အကြောင်းအရင်းက နိုင်ငံတိုင်းဟာ သူ့ယဉ်ကျေးမှု၊ အတွေးအခေါ် အပေါ် မူတည် ပြီး  အရင်းရှင်စနစ်ကို ပုံဖေါ် ကြတာကြောင့့်် စီးပွားရေးကျဆင်းတဲ့ အချိန်အခါ မှာ ကိုင်တွယ် ကြတာ ချင်း မတူ ကြလို့ပါ။

ဥပမာလေးတင်ပြပါရစေ။

၁၉၈၀ ခုနှစ်ပတ်ဝန်းကျင်လောက်၊ ရောနယ်ရီကင်ခေတ်မှာ တရှိန်ထိုးစီးပွားရေးကြီးထွားမှု Boom နှစ်နေရာမှာဖြစ်တယ်။ Real Estate လို့ခေါ်တဲ့ အိမ်ရာမြေ နယ်ပယ်နဲ့ Thrift Banks လို့ခေါ်တဲ့ ဘဏ် အသေး စားတွေမှာပါ။ Mortage ဆိုတဲ့ အိမ်ယာမြေငွေခြေးမှု ကိုဦးစားပေးတဲ့ နယ်ပယ်ဘဏ် အသေး စား လေးတွေပါ။ တချို့ကလည်း Saving and Loans လို့ခေါ်ကြပါတယ်။

တချိန်ထဲမှာ ဂျပန်မှာလည်းပဲ အိမ်ရာမြေ နယ်ပယ် Real Estate Boom ဖြစ်ပါ တယ်။

ဝုန်းဆို Bust ပေါက်ကွဲမှုလည်းဖြစ်ရော အမေရိကန် လွှတ်တော်က ဒီဘဏ်တွေမှာ ချေးငွေကို ကြား ကန် ပေးဖို့ နောက်ခံငွေသား ဘယ်လောက်ရှိရမယ်ဆိုပြီးဥပဒေထုတ်၊  Resolution Trust Corp. (RTC) ကိုငွေရင်း (မ)တည်ပေးပြီး ဒီပြဿနာကို RTC လက်ထဲတဲ့လိုက်တယ်။ RTC က ပြဿနာ မရှိတဲ့ Thirfts တွေကိုချန်ထားပြီး ငွေရှုံးနေတဲ့ Thirfts တွေကို အရှုံးခံပြီးရောင်းထုတ်ပြစ်လိုက်တယ်။

အနာတည်နေတဲ့ ပြီပုတ်တွေကို ညှစ်ထုတ်လိုက်သလိုပေါ့။ အချိန်တိုတို အတွင်းမှာ ဒီပြဿနာရှင်း သွားတော့ နိုင်ငံရဲ့စီးပွားရေးတခုလုံးကို လာဒုက္ခ မပေးတော့ဖူး။ ဒီနယ်ပယ်ကလူုတွေတော့ အလုပ် တွေပြုတ် ၊ ဖရိုဖရဲပေါ့။ ဒါပေမဲ့ ကျန်တဲ့နယ်ပယ်တွေမှာ အလုပ်အသစ်ရှာကြပြီး ဘ၀သစ်ထူထောင် အသက်ဆက်ကြပေါ့။ ဒီပြဿနာရှင်းသွားတော့ RTC ကိုဖျက်ပြစ်လိုက်တယ်။ အမေရိကန်နည်းက ရက်စက်တယ်။ သို့သော် ထိရောက်မှုရှိတယ်။

တချိန်ထဲမှာလိုလို ဂျပန် နိုင်ငံမှာလည်း Real Estate Bust ဖြစ်တယ်။ အမေရိကန်နည်းတူ ချေးတာတဲ့ ငွေတွေ ၀င်ငွေမရှိပဲ ငွေမလည်တော့တဲ့ ပြဿနာပေါ်တယ်။ ဂျပန်ယဉ်ကျေးမှုကပိုင်ဆိုင်မှုတွေ ဆက်စပ် နေတယ်။ အားနာမှု တွေရှိတယ်။ အစုလိုက် အပြုံလိုက် အလုပ်ဖြုတ် အပြတ်ရှင်းလို့မရဖူး။ ဒါကြောင့် မျက်နှာနာမှာကို စိုးရိမ်ပြီး တအိအိကျိပ်ရှင်းနေကြတာ အနှစ် ၂၀ နီးပါးကြာသွားတယ်။ ဂျပန် နိုင်ငံရဲ့ စီးပွားရေးပြန်ခေါင်းထောင်လာတာ မကြာသေးဖူး။

ဒါကြောင့် နိုင်ငံရဲ့ အတွေးအခေါ် ၊ ယဉ်ကျေးမှုတွေက ၊ နိုင်ငံရဲ့ ပြဿနာတွေကိုရှင်းတဲ့ အခါ အရေးပါ လာတယ်လို့ ဆိုနိုင်ပါတယ်။ ယနေ့တွေ့ကြုံ နေရတဲ့ စီးပွားရေး ဒုက္ခ တွေကို လေ့လာတဲ့ အခါ ပိုထင်ရှား လာပါလိမ့်မည်။

ဆက်ရန် အပိုင်း (၃)
by Bo K Nyein on Friday, June 8, 2012 at 5:38am ·
အပိုင်း (၃)


Wall St နှင့် ငွေကြေးကဏ္ဍ


အရင်းရှင်လောကအတွက် ငွေရင်း (capital) ဟာအရေးအကြီးဆုံးပဲ။


 သာမာန်အားဖြင့်တော့ ငွေလိုချင်ရင် ဘဏ်တွေမှာချေးပေါ့။


အမှန်က ငွေကြေးနဲ့ ပတ်သက်တာအားလုံးကို Financial Sector ငွေကြေးကဏ္ဍ လို့ခေါ် ပါတယ်။
ငွေကြေးကဏ္ဍ အတွင်းမှာမှ ငွေရင်းဖေါ်ထုတ်တဲ့၊ ငွေရင်း (မ)တည်တဲ့ ဈေးကွက်သက်သက်ကိုမှ Capital Market ငွေရင်း ဈေးကွက် လို့ခေါ်သလို နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်သက်သက်ကိုမှ FOREX (Foreign Exchange) Market လို့ခေါ်ပါတယ်။ တချိန်ထဲမှာ ဆန်ကဲ့သို့ အစားအစာ၊ ရွှေ ၊ သံမဏိ ကဲ့သို့ တွင်းထွက် ပစ္စည်း စတဲ့ကုန်ကြမ်း နဲ့ ရေနံကဲ့သို့ အဓိကထွက်ကုန် တို့ကိုလဲလှယ်ရာ Comomodity Market လူသုံးကုန်ဈေးကွက် နဲ့ ဈေးကစားရာဈေးကွက် Option market ဆိုပြီး ဆိုင်ရာဆိုင်ရ ဈေးကွက် အသီးသီးရှိကြပါတယ်။


ဘဏ်ဆိုတိုင်းလည်း


အများသိကြတာက ဘဏ် ဆိုတာနဲ့ မိမိတို့ငွေအပ်နှံရာ ဌါန နဲ့ မိမိလုပ်ငန်းအတွက် ငွေခြေးနိုင်တဲ့ ဌါနလို့ပဲ မြင်မိကြမယ်လို့ထင်မိတယ်။ ဒါကို ရောင်းဝယ်ရေး ဘဏ် Commercial Banks လို့ခေါ်ပါ တယ်။ ဒီ ဘဏ် တွေရဲ့ လုပ်ငန်းစဉ်က ရှင်းရှင်းလေးပါ။ လူတွေက ငွေလာအပ်နှံ ထားကြတယ်။ ဘဏ် က အတိုးနဲနဲပေးတယ်။ မထုတ်ပဲ ကြာကြာထားရင် အတိုးများများရတယ်။ ဒီငွေကို စုပြီး ဘဏ်တွေက ငွေလိုတဲ့ လုပ်ငန်း (Businesses) တွေကို ငွေချေးတယ်။ ဘဏ်ကအတိုးရတယ်။ ဒီလိုငွေလည် သွား တော့ အရင်းအနှီး တွေပိုလာတယ်။


အမေရိကား နဲ့ တိုးတက်ပြီး နိုင်ငံအများစု မှာ တော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြီးမာတဲ့ဘဏ် တွေအပြင် ဒေသ၊ တိုင်းဒေသဘဏ် (Regional Banks) ဆိုတာတွေရှိသလို Saving and Loans လို့ခေါ်တဲ့ Mortage အဆောက်အဦးအကြွေး လည်း လုပ်တဲ့ ဘဏ်တွေရှိပြန်တယ်။


အရင်းအနှီးဘဏ် (Investment Banks)


အရေးအကြီးဆုံးက Investment Banks လို့ခေါ်တဲ့ ရင်းနှီးမှုဘဏ် ဆိုတာတွေရှိတယ်။ ဒီဘဏ်တွေက ရိုးရိုးပြည်သူတွေ အတွက် မဟုတ်၊ လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီ ကြီးတွေ ငွေရင်းလိုတဲ့ အခါ (ငွေရင်း) ရှာဖို့နဲ့ ငွေရှိသူတွေ ရင်းနှီးဖို့ (Investment) အတွက်ဖြစ်တယ်။ ဥပမာ စတော့ (Stocks) နဲ့ ဘွန်း (Bonds) တွေထုတ်ပေးတယ်။ Brokerage လို့ခေါ်တဲ့ (ပွဲစား) အလုပ်လည်းလုပ်တယ်။ Private Banking လို့ခေါ်တဲ့ ငွေရှင်တွေအတွက် ရင်းနှီးမှုကိုလည်း တာဝန်ယူပေးတဲ့ အလုပ်ကိုလုပ်တယ်။ မိမိကိုယ်တိုင်းလည်း Stocks & Bonds ကို အရောင်း/ အ၀ယ် လုပ်တယ်။


ကုမ္ပဏီကြီးတခုက နောက်ကုမ္ပဏီ တခုကိုဝယ်ချင်ရင် ဒါကို (M&A) Merger & Acquisition  ပေါင်းစပ်ခြင်းနဲ့ သိမ်းယူခြင်း လို့ခေါ်ပါတယ်။ ဒီလို (M&A) လုပ်ရင် ၀ယ်ချင်တဲ့ ကုမ္ပဏီက ပြစ်မှတ် ကုမ္ပဏီ ရဲ့ အကြောင်းနဲ့ Stock history စတော့ ရာဇ၀င်အားလုံးကိုသိဖို့လိုပါတယ်။ နောက်ဝယ်ရင် Public ကုမ္ပဏီဖြစ်ရင် ပြစ်မှတ်ကုမ္ပဏီရဲ့ စတော့တန်ဖိုးဘယ်လောက်ရှိတယ်၊ ဘယ်ဈေး ပေးဝယ်မယ်က အစ ဒီ Investment Banks ရဲ့လက်အပ်ရတာပဲ။ ၀ယ်ရင်လည်း မြန်မာနိုင်ငံမှာလို ငွေအလုံးအရင်း ပေးဝယ်တာမဟုတ် Stocks နဲ့ခြေတာများပါတယ်။


တခါတရံလည်း Public ကုမ္ပဏီကို Private လုပ်တာတွေရှိတယ်။ Public ကုမ္ပဏီဆိုတာက Public လူထုကို Stocks တွေထုတ်ရောင်းထားတဲ့ အတွက် သုံးလ တခါ မိမိရဲ့ ငွေစာရင်းအခြေအနေ ကိုရှင်းပြရ ပါတယ်။ ငွေကြေးရှင်းတန်း Financial Statement လို့ခေါ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး Stocks Analyst လို့ခေါ်တဲ့ စတော့လေ့လာသူတွေက ဝေဖန်ကြပြီး ဒီစတော့ ရဲ့ တန်ဖိုးဟာ ဒီ ၃လ၊၆လ၊ တနှစ် အတွင်း ဘယ်လောက်တက်နိုင်တယ်၊ ကျနိုင်တယ်ဆိုပြီး ထင်မြင်ချက် ပေးကြတယ်။ အရင်းနှီးပြုသူ Investors တွေက ဒီ ရီပေါ့တွေကို ကြည့်ပြီး ၀ယ်/ရောင်း မယ်ဆိုတာကို ဆုံးဖြတ်ကြရတယ်။ Private ဆိုတာက ပုဂ္ဂလိက ပိုင်ဆိုင်တာကြောင့် စတော့ ထုတ်ရောင်းစရာလည်း မလို သလို ၊ ၃လ ပတ်ရှင်းထမ်း လည်းထုတ် စရာ မလိုပါ။ ရှုံးရှုံး မြတ်မြတ် ပိုင်ဆိုင်သူနဲ့သာ ဆိုင်တာကိုး။


စတော့ နဲ ဘွန်း (Stocks & Bonds)


စတော့ နဲ ဘွန်း (Stocks & Bonds) ဆိုတာတွေကတော့ တကယ်တော့ ငွေရှာ/ ငွေခြေးတာပါပဲ။


အရင်းရှင်စနစ်မှာ အဓိက အကျဆုံးက (၀င်ငွေ) ရှိဖို့ လိုအပ်ပါတယ်။


အလုပ်သမားက အလုပ်ရှိရင် (၀င်ငွေ) ရှိတယ်။ လစာ (Salary) လို့ခေါ်ပါတယ်။


Blue Collar သမားက နာရီနဲ့ရတာများတယ်။ White Collar အလုပ်သမားက လစာ ရ ကြတယ်ပေါ့။
အမေရိကား မှာတော့ နှစ်ပတ် တခါ လစာထုတ်ကြတာများတယ်။


အလုပ်ရှင်တွေ၊ ကုမ္ပဏီ တွေလည်း (၀င်ငွေ) ရှိတယ်။ လုပ်ငန်းကုန်ကျငွေ ဟာ ၀င်ငွေထက်နဲရင် (အမြတ်) ရှိတယ်။ သုံးငွေ နဲ့ ၀င်ငွေ မမျှရင် (အရှုံး) ပေါ်တာပေါ့။ Financial Statement က ကုမ္ပဏီ ရဲ့ ငွေကြေး အခြေအနေကို သာမာန် အားဖြင့် ပေါ်ပြကြပါတယ်။


အရင်းရှင် ငွေကြေးစနစ်က ၀င်ငွေပြနိုင်ရင် ဒီဝင်ငွေအပေါ်မူတည်ပြီး (အကြွေး) ယူနိုင်တယ်။ အကြွေး ယူရင် (အတိုး) ပေးရတယ်။ ဒီ (အတိုး) က ဘဏ်နဲ့ ငွေခြေးရာဌါန (Financial Institution) အတွက် (၀င်ငွေ) လာဖြစ်တယ်။


ငွေခြေးပြီးပြန်စပ်တော့ ပေးစပ်သူက (အတိုး) နဲ့ (အရင်း) ပေါင်း ပြီး တလဘယ်လောက် သွင်းဆိုပြီး ပြန်စပ်ရတယ်။ ဘာကြောင့်ပြန်စပ် နိုင်တာလဲ။ လစဉ် လစာရှိရင်ရှိ မရှိရင် (၀င်ငွေ) ရှိရမယ်။ ဥပမာ ရင်းနှီးမှု (Investment) ကနေ ၀င်ငွေ ရှိချင်ရှိမယ်။ ပင်စင် လာစာရချင်ရမယ်။


နောက်ဆုံးတော့ (၀င်ငွေ) ရှိရင် ငွေလည် သွားပြီး (ငွေ) ကို အသေ မထားဖူး (အရှင်) ထားတယ်။ ဒီတော့ (ငွေ) က (ငွေ) ကိုပြန်ဖေါ်တာပဲ။


ကျနော်တို့ ဗမာနိုင်ငံမှာတော့ မို့ရာအောက်သိမ်း၊ ဟိုသိမ်းဒီသိမ်း၊ ဟိုမြှုပ်ဒီမြှပ် လုပ်ကြတာ ဘယ် လောက် (နာ) တယ် ထင်ပါသလဲ။(စနစ်) မရှိတာပါ။ ကြားထဲ ခိုးလို့ဖြစ်စေ၊ ဓါးပြအတိုက်ခံရ လို့ဖြစ်စေ ဆုံးရှူံးမှုတွေ ရှိတယ်။


Leverage လုပ်တယ်ဆိုတာဘာလဲ


အရင်းရှင်စနစ်မှာ ငွေကို အသေမထားရဖူး


ဒါကြောင့် (၀င်ငွေ) ရှိရင် ဒါကို (အရင်း) ပြုပြီး ငွေဖေါ်ရမယ်။ ဒါကို Leverage လုပ်တယ်ခေါ်ပါတယ်။
တနည်းအားဖြင့် ၀င်ငွေရှိတဲ့ လုပ်ငန်းကို (အပေါင်) ထားပြီး ငွေဖေါ်တာပါပဲ။


ဥပမာ ကျနော်က ရန်ကုန် / မန္တလေးအဝေပြေး ခရီးသည် ဘတ်စကားးလိုင်း ထောင်ချင်တယ် ဆိုပါ တော့။ ယမုံနာ အဝေးပြေးကား ကုမ္ပဏီလို့ ခေါ် ကြရအောင်။


ဘတ်စကားတွေဝယ်ရမယ်။ ကားမောင်းသမားငှါးရမယ်။ လက်မှတ်အရောင်းစာရေးတွေခန့်ရမယ်။ ကားပျက်ရင်ပြင်ဖို့ ငွေရှိရမယ်ပေါ့။ အလုပ်သမားလစာပေးတာတို့၊ နေ့စဉ် လက်မှတ် ရိုက်တာတို့စတဲ့ ကုန်ကြ စရိတ်တွေရှိတယ်။ ဒါကို Operating Cost ၊ လည်ပတ်မှု အတွက်ကုန်ကျစရိတ် လို့ခေါ်ပါတယ်။


နောက်လုပ်ငန်းအောင်မြင်လို့ တိုးချဲ့ဖို့ ကားအသစ်တွေဝယ်ရမယ်။ကားပြင်ဖို့ hydraulic တွေဝယ်ရမယ်၊ ကားပြင်ဖို့ စက်ကရိယာတွေ၊ ကွန်ပြူတာတွေ ၀ယ်ရမယ်ဆိုပါစို့။ ဒါတွေကို Capital cost ၊ ငွေရင်းလို တာ မို့ ငွေရင်းငွေ လို့ခေါ်ပါတယ်။ လုပ်ငန်းတိုင်းမှာ Operating Cost နဲ့ Capital cost ဆိုတာ ရှိ ကြ ပါတယ်။


မြန်မာနိုင်ငံမှာ ဆိုရင် ငွေရင်း ဘယ်ကရမှာလဲ။ ဘဏ်ဆိုတာ က collateral လို့ခေါ်တဲ့ ပိုင်ဆိုင်မှု အပေါင်ပစ္စည်းရှိမှ ပြန်ရစရာ အိုးအိမ်နဲ့ စိန်ရွှေရတနာရှိမှ ငွေချေးမှာကိုး။ ငွေချေးရင် အတိုးပေးရတယ်။တနှစ်လောက် အကြာမှာ စာရေးသူရဲ့ လုပ်ငန်းက ပုံမှန်ဝင်ငွေရှိလာပြီ။ တိုးချဲ့ချင်တယ်ဆိုပါစို့။ ငွေရင်းဘယ်က ရမှာလည်း။ ဘဏ်က ခြေး ၊ အတိုးပေးချဲ့ ရုံပဲရှိတယ်။


အရင်းရှင် နိုင်ငံမှာ တော့ မိမိ လုပ်ငန်း ၀င်ငွေရှိပြီ။ ဒါကို leverage ယူပြီး Stock တွေထုတ်ရောင်းလို့ ရပါတယ်။  ဒါကို IPO (Initial Public Offering) လို့ခေါ်ပါတယ်။ ပထမဦးဆုံး Stock စရောင်းတာမို့ပါ။
တဖက်ကကြည့်ရင် Stock ရောင်းတယ် ဆိုတာက မိမိရဲ့ လုပ်ငန်းအောင်မြင်မှုကို Public လူအများနဲ့ share မျှဝေ ခံစားတာပဲ။ ငွေရှိတဲ့သူက အောင်မြင်တဲ့ လုပ်ငန်းရဲ့ တစိပ်တဒေသ ကိုငွေနဲ့ ၀ယ်ယူ တာ ပဲဖြစ်တယ်။ ကုမ္ပဏီဖက်ကကြည့်ရင် မိမိရဲ့အောင်မြင်မှု ကို အရင်းတည်ပြီး (leverage) လုပ်ပြီး ငွေဖေါ် တာပဲ။ Stock ရောင်းလို့ရတဲ့ ငွေနဲ့ Capital cost ကိုတိုးချဲ့နိုင်တာကြောင့် ကားအသစ်တွေဝယ်နိုင်မယ်၊ အလုပ်သမားသစ်တွေတိုး ငှါးနိုင်မယ်။ ဒါကြောင့် ရန်ကုန်/ မန္တလေးအပြင် ၊ မန္တလေး/ မေမြို့/ တောင်ကြီး လိုင်းသစ်တိုးချဲ့ နိုင်မယ်။ ဈေးကွက်ချဲ့ နိုင်တာကြောင့် ၀င်ငွေ တိုးမယ်။ ၀င်ငွေ မှန်မှန်တိုးပြီး လုပ်ငန်းပို အခြေကြ လာရင် လူတွေက ယမုံနာကုမ္ပဏီကို ပိုယုံကြည်လာပြီး stock ဈေးတက်တော့ ရင်းထားတဲ့ လူတွေလည်း အကျိုးရှိတာပေါ့။


ကုမ္ပဏီလည်း Stock တွေပိုထုတ်နိုင်သလို Bond ထုတ်ရောင်းရင် လူတွေဝယ်ကြတော့မှာပေါ့။ Stock ဆိုတာဟာ (ပိုင်ဆိုင်မှု) ပါလာပြီး အတက်အကျရှိတယ်။ စွန့်စားမှု Risk ရှိတယ်။ Bond ဆိုတာကတော့ (ငွေချေး) စာချုပ် သက် သက်ပဲ။ ရည်တို / ရည်ရှေ Bond ရှိတယ်။ အချိန်ကိုလိုက်ပြီး အတိုးအမျိုးစုံ ရှိ တယ်။ Bond ၀ယ်သူ က အတိုးစားရမယ်။ ၂ နှစ် Bond ဆိုရင် ၂ နစ် မှာငွေပြန်ရမယ်။ ၁၀နှစ် Bond ဆိုရင် ၁၀နှစ် မှာမှ အရင်းပြန်ရမယ်။ mature date လို့ခေါ်ပါတယ်။


ဒါတွေက အကြမ်းဖျင်းပဲရှိသေးတယ်။ Controlling Share ထိန်းချုပ်မှုရှယ် လို့ခေါ်ပါတယ်။ ဥပမာ ယနေ့ Rudolf Murdoch ရဲ့ News Corp ဆိုတာပြဿနာတွေပေါ်နေတယ်။ ဒါပေမဲ့ Murdoch ရဲ့ မိသားစု က Controlling Shares တွေကိုကိုင်ထားတဲ့ အတွက် Share Holders meeting ရှယ်ယာ ပိုင်ရှင်တွေ တွေ့ဆုံပွဲမှာ Murdoch မိသားစု ကို မကျော်နိုင်။


ဒါကြောင့် Stock & Share ထုတ်ဝေတော့မယ်၊ Bond ထုတ်ရောင်းမယ်ဆိုရင် ဒီ Investment ဘဏ်တွေကို ငှါးရတာပါပဲ။


ငွေအသေမခံ


အရင်းရှင် လောကမှာငွေ ကိုအရှင်ထားကစားတာပဲ။ ငွေကို အသေမခံချင်ကြဖူး။ Secondary Mortage နဲ့ Mortage Based Bonds တွေ အကြောင်း  ၂၀၀၇ ငွေကြေးပြဿနာ အကြောင်း ရေးတုန်း ကရေးပြပြီးပါပြီ။ ဥပမာ စားသုံးသူ Consumer လူထုဟာ ဘဏ်တွေက အကြွေးကဒ် (Credit Card) ထုတ်ပြီး အကြွေးစားသုံးကြတယ်။ အများက ဒီလ $ ၁၀၀၀ သုံးရင် အကုန်ပြန် မစပ်နိုင်ကြဖူး။ $၅၀၀ ပဲပြန်စပ်နိုင်တယ် ဆိုရင် $၅၀၀ အကြွေးတင်ရင် ဒီ $၅၀၀ အပေါ်မှာ အတိုးပေးတော့ပေါ့။ ဘဏ်တွေက ဒီ (Credit Card) အကြွေးတွေကို စုပေါင်းပြီး Bond ထုတ်ပြီးပြန်ရောင်းတယ်။ ဥပမာ ဘဏ်က စားသုံးသူစီ မှာ ၄% နဲ့ အတိုးယူရင် ၁% ပဲစားပြီး ၃%ကို Bond ၀ယ်သူကိုပေးစား လိုက် တယ်။ ၁% ပဲစားလို့ သူတော်ကောင်းလို့ မထင်လိုက်ပါနဲ့ ဘီလျံနဲ့ ချီတော့ အတိုးခ သန်းနဲ့ ချီရပါ တယ်။ ငွေပြန်ဖေါ်တာလေ။ တခါ ပေါ်လာတဲ့ (ငွေ) နဲ့ ပြန်ချေး ငွေထပ်ဖေါ်ပေါ့။


ကြံရည်ညှစ် သလို ဒီငွေကို အကြိမ်ကြိမ်ချေး ၊ အကြိမ်ကြိမ်  (၀င်ငွေ) ရအောင်လုပ်တာပါ။


ဒီလို့ Bond မျိုးစုံကို retail ပြန်ရောင်းတော့ လည်း ဒီ Investment Banks တွေကပဲပြန်ရောင်းပေါ့။


အစိုးရ ဘွန်း Bonds.


ရပ်ကွပ်၊ ပြည်နယ်၊ တိုင်းပြည် ကိုအုပ်စိုးရတဲ့ အစိုးရတိုင်းမှာလည်း (၀င်ငွေ) ဆိုတာရှိပါတယ်။ (အခွန်) TAX  ဆိုတာ အစိုးရတိုင်းအတွက် ၀င်ငွေ ပါပဲ။ ဒါကြောင့် ဒီဝင်ငွေ ကို leverage အရင်းတည်ပြီး ငွေချေးလို့ရပါတယ်။ Bond တွေထုတ်ရောင်းလို့ရပါတယ်။


Capital market ငွေရင်းရှာတဲ့ ဈေးကွက် မရှိတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ တံတားတွေဆောက် ချင် တယ်၊ လမ်းတွေဖေါက်ချင်တယ်ဆိုရင် ၊ အစိုးရဟာ မိမိတို့ရဲ့ ဘတ်ချက်ငွေက ငွေနဲ့ပဲ ဆောက်ရပါမယ်။ ကံကောင်းချင်တော့ မြန်မာနိုင်ငံဟာ သဘာဝ သံယာဇာတ ပေါကြွယ်တဲ့နိုင်ငံ ဖြစ်ပြီး သံယာဇာတ မှန် သမျှ အစိုးရပိုင်လို့ သတ်မှတ်တဲ့အတွက် ၀င်ငွေရှိတာကြောင့် ဘတ်ဂျက်ရှိပေမဲ့ ဒီငွေတွေကို အလုံး အရင်း မပေးရပဲ သတ်မှတ်ထားတဲ့ အတိုးနဲ့အရင်း ကို မျှပေးနိုင်ရင် သန်း ၁၀၀ သာတတ်နိုင်မဲ့ အစား သန်း ၂၀၀ သန်း ၃၀၀ တတ်နိုင်ရင် တိုးတက်မှု ပိုမမြန်နိုင်ဖူးလား။ မဆလ ခေတ်မှာ ဘာမှ မဆောက် နိုင် ခဲ့တာ ဘတ်ဂျက် မရှိလို့ မဟုတ်ပါလား။


တခြားနိုင်ငံတွေမှာတော့ မြူနီစပယ် အစိုးရက ငွေလိုချင်ရင်တောင် Bond ထုတ်ရောင်းကြ ပါတယ်။ မြူနီစပယ် Bond မို၊့ မြုနီ (Muni) လို့ခေါ်ပါတယ်။ ငွေချေးပြီး တည်ဆောက်ကြတာပါ။


အမေရိကန် နိုင်ငံမှာ အစိုးရကချေးတဲ့ Bond ကို Treasury Notes လို့ခေါ်ပါတယ်။ အမေရိကန် နိုငံရေးသမားတွေဟာ ကိုယ့်ပိုက်ဆံ မဟုတ်တိုင်း တိုင်းပြည်ပိုက်ဆံကို မတရား ဖြုန်းကြတယ်။ ယနေ့ အမေရိကားမှာ အခွန်ကလက်ငင်းရငွေ တလ ၁၇၀ ဘီလျံရှိပြီး သုံးငွေက ဘီလျံ ၃၀၀ ကျော်ပါတယ်။ အသုံးလျော့ဖို့ ၀ိုင်းပြောတာလဲ မရပ်နိုင်ကြ။ သမ္မတ ဘုဒ်ဟာ သူ့သက်တမ်း (ဂ) နှစ်မှာ ဒေါ်လာ (၄) ထီလျံ သုံးသွားတယ်။ အိုဘာမားက (၃) နှစ်ကျော်ကျော်လေးမှာ (၅) ထီလျံ ဖြုန်းပြီးပြီ။ စာရေးသူရဲ့ အမြင်အရ အိုဘားမားဟာ ရပ်ကွက် အက်တစ်ဗစ် အဆင့်ကနေ အီလီနွိုင် ပြည်နယ် အတွက် ဆီနေတာ သက်တမ်းပြီးအောင်တောင် တာဝန် မထန်းဆောင်ရသေးဖူး တရားအဟော ကောင်းတာနဲ့ အမဲကွဆိုပြီး လက်ဝဲ လစ်ဖရယ်တွေက ၀ိုင်းမြှေက်ထင်လိုက်ကြတာ သမ္မတဖြစ်လာပေမဲ့ အုပ်ချုပ် ရေးရော၊ နိုင်ငံခြားရေးရော နားမလည်သလို စီးပွားရေးအကြောင်းကို (ဂဃဏန) မသိ၊ အစက စသင် နေ ရတယ်။ ဟီရရီကလင်တန် နဲ့ တခြားစီပဲ။ ခုမှ လက်ဝဲတွေ လစ်ဖရယ်တွေ ဈေးဝယ်မှားတဲ့ နောက်တ Buyers Remorse ရနေကြပြီ။ အမေရိကန်နိုင်ငံဟာ လောလောတယ် အကြွေးဟာ ၁၅ ထီလျံ ကျော်သွားပြီ။ GDP က ၁၂ ထီလျံကျော်ကျော်။ အကြွေသိပ်ထူလာရင် အတိုးနှုံးတက်လာပြီး ဂရိနိုင်ငံ လို သူတောင်း စားနိုင်ငံ ဖြစ်မှာကို ဥါဏ်ရှိသူတွေက တွေးပူနေကြရပြီ။


ဒီအစိုးရ Bond တွေထုတ်ရောင်းတာအတွက် ရော Treasury Notes တွေရောင်းဖို့ ပွဲစားလုပ်တာ အားလုံး Investment နဲ့ Banks Brokerage တွေရဲ့လက်ထဲုပဲအပ်ရတာပဲ။ အမှန်တော့ ဒီ Investment Bankers တွေဟာ ကြားပွဲစားး အကြီးစားတွေပဲ။ ဟိုဖက်ဒီဖက် ..နှစ်ဖက် (ခွ) စားတာပဲ။ ဒါကြောင့် regulation လျော့သွားတဲ့ အခါ … လောဘ..မထိန်းနိုင်ပဲ .. (အစား) လွန်သွားတော့ … ၂၀၀၇ Financial Crisis့ ဖြစ်ရတာပဲ။


ဒီရစ်ဗစ်တစ်။ Derivatives


သင်္ချာဘာသာ ရဲ့ ကက်ကုလပ် Calculus ဘာသာရပ် မှာ မှီခိုတန်ဖိုး function တခုဟာ အမှီခံတန်ဖိုး Input ပြောင်းသွားရင် ၎င်း၏တန်ဖိုးဘယ် လိုပြောင်းသွားသလဲဆိုတာကို တိုင်းတာမှု ကို ဒီရစ်ဗစ်တစ် Derivatives လို့ခေါ်ပါတယ်။ ဥပမာ ရွေ့ရှားနေတဲ့ အရာဝတ္ထု ရဲ့ အချိန်နဲ့ ယှဉ်တဲ့ နေရာ (Position) ဟာ အဲဒီဝတ္ထုရဲ့ (အရှိန်) (velocity) ဖြစ်တယ်။ ထို့နည်းတူစွာပဲ စီးပွားရေးမှာလည်း သူ့ဟာသူ တန်ဖိုး မရှိပေမဲ့ အခြားအရာ ကနေ တန်ဖိုးဖြစ်လာတာကို Derivatives လို့ခေါ်ပါတယ်။ ဒါတွေကို Financial Instrument ငွေကြေးကရိယာ လို့ခေါ်ပါတယ်။ ဒါတွေကို လက်နက်အဖြစ် အသုံးပြုပြီး ငွေကြေး ကစားကြတယ်လို့ ခေါ်ပါတယ်။ နဲနဲ ရှုပ်ထွေးတဲ့ အတွက် လွယ်လွယ်ပြောရရင် နောက်ဆက်တွဲ ငွေရှာနည်း တွေ အများကြီးရှိတယ်လို့ ယျေဘူရ အားဖြင်သာ မှတ်သားထားစေချင်ပါတယ်။ ၂၀၀၇ ငွေကြေးပြဿနာ 2007 Financial Crisis အကြောင်းရေးခဲ့တဲ့ ဆောင်းပါးမှာ CDO နဲ့ (Collateralized debt obligations)  CDS တွေရဲ့အကြောင်းကို လုံးစေပတ်စေ့ ဖေါ်ပြပြီးခဲ့ပါပြီ။ CDS ဟာ Credit Derivatives အမျိုးအစားထဲမှာပါပါတယ်။


ဒါတွေဟာ တကယ်တော့ ရှုံးနိုင်တဲ့ စွန့်စားမှု Risk ပါလာပါတယ်။ ဒါကြောင့် ဒီလို ငွေကြေးကရိယာ Financial Instrument တွေဟာ လောင်းကစားဆန် လာတယ် ဆိုလည်းမမှားပါဖူး။ ဒါထက်ပိုဆိုးတာက ဒီ ကရိယာတွေဟာ ရှုပ်ထွေးလွန်းတာကြောင့် Investment Banks တွေကို အုပ်ချုပ်နေတဲ့ ထိပ်ဆုံး ပုဂ္ဂိုလ် CEO တွေတောင် အသးစိပ်သိကြသည်မဟုတ်။ မိုးကောင်းနေတုန်၊ ၀င်ငွေ များနေချိန်မှာ သတိရှိရန်လည်း မသိခဲ့ကြ။ ထို့ပြင် သမ္မတဘုဒ် က အသေးစိပ် ကိုဂရုစိုက်တတ်သည့် ဥါဉ်မရှိ။ အဲဒန်စမစ် စကားအတိုင်း ဈေးကွက်က တာဝန်ယူလိမ့်မည်ဟု သဘောထားသူ။ ဒါကြောင့် ပုဂ္ဂလိက ကဏ္ဍကိုထိန်းရမည့် အစိုးရထိန်းကွပ်သူ regulators များကို ခန့်ရာတွင် လောဘီရစ် Lobbyist တွေကိုဆွဲခန့်တော့ ကြက်အိမ် အထဲ မြေခွေး ထဲ့ပေးလိုက် သလို ဘဏ်သမား Bankers တွေအဖို့ သကာတွေ့ ကိန်းကြုံရပါတော့တယ်။ လောဘီရစ် Lobbyist ဆိုတာက မိမိ အကျိုးဆောင်ဖို့အတွက် အမတ်မင်းတွေကို ပေါင်းပြီး ရှေ့နေလိုက်ပေးသူများဖြစ်ကြပါတယ်။ ထို့ကြောင့် Lobbyist Firm အများစု ဟာ ၀ါရှင်တန် K St မှာရှိတဲ့ ရှေနေ ဥပဒေ အကျိုးဆောင် အုပ်စု တွေရဲ့ အစိပ်အပိုင်း အဖြစ်ရပ်တည်ကြပါတယ်။  နဂိုကမှ ရှုပ်ထွေးတဲ့ အရောင်း/အ၀ယ် ကိစ္စကြပ်ကြပ်မပ်မပ် ထိန်းပေးရမှာကို ထိန်းသိမ်းသူ regulator တွေက ကိုယ့်လူဖြစ်နေတာကြောင့် အထိန်းအကွပ်မရှိ လုပ်ချင်ရာလုပ်လာခဲ့ကြရာ ၂၀၀၇ ငွေကြေးပြဿနာ ပေါ်မှ အမေကယ်ပါ၊ အဖေကယ်ပါ ကိန်းဆိုက်ခဲ့ကြရတာပါ။


တခြားကရိယာတွေ


အရင်းရှင် စနစ်ဆိုတာ (လောာဘ) ကို အင်အား၊ လက်နက်သဖွယ် အသုံးပြုပြီး ခိုင်းစားတာကြောင့် ရေယိုပေါက်ရှာသလို ၊ ဘယ်နေရာက (အမြတ်) ရအလဲ ဆိုတာတွေကို အစဉ် စဉ်စား နေကြ သူ
များဖြစ်သည်။ ၁၉၈၀ ခုနှစ်များက သမ္မတ ရောနယ်ရီကင် လက်ထက်မှာ Junk Bonds ၊ LBO leverage Buy Out ၊ Arbitrage ဆိုတဲ့ ငွေကြေးကရိယာ Financial Instruments တွေဟာ ခေတ်စားခဲ့
ပါတယ်။ တခေတ်တခါ က Junk Bonds ဥါဏ်ရှင် Michael Milken ရဲ့ Drexel ကုမ္ပဏီ ဆိုတာ နံမည်ကျော်ပေါ့။ နောက်ဆုံး Drexel ကုမ္ပဏီ လည်းပျက်သွားပြီး Michael Milken  လည်း ထာဝရ ငွေကြေးနယ်ပယ် မှာ (မလုပ်ရ) ဆိုပြီး နယ်နှင်ခံရသလို ထောင်ဒဏ် (၁၀) နှစ် အပြစ် ပေးခံခဲ့ရပါတယ်။ ဒါက ဂ၀ ခုနှစ်က လွန်ကျွံမှု (Excesses) တွေပါ။ တခါ ၉၀ ခုနှစ်တွေမှာ Y2K, Tech Boom, Telecom Boom ဆိုတာတွေဖြစ်တော့ တခါ  Wall St မှာ ပျော်ကြ၊ ပါးကြ၊ စားကြ၊ ၀ါးကြ ပေါ့။ ၂၀၀၀ ခုနှစ် အကုန်လောက်မှာ Bust ဖြစ်တော့ ၀ုန်းဆို လူတွေအလုပ်ပြုတ်ကြ ၊ ငိုကြယိုကြ ပေါ့။ Enron တို့လို ကုမ္ပဏီ တွေရဲ့ လိမ်ငြာမှုတွေပေါ်ပြီး ပြုတ်ကုန်၊ ကုမ္ပဏီ လူကြီးတွေ တရားစွဲခံရ၊ ကုမ္ပဏီလည်းပြုတ်၊ စာရင်တွေဝိုင်းလိမ်ပေးတဲ့ နံမည်ကျော် Arthur Anderson လို ကုမ္ပဏီကြီးပါ လုံးလုံးပြုတ်ပေါ့။ Wall St က လူလယ်တွေက Bust ဖြစ်ပြီ ဆိုတာနဲ့ ရှိသမျှ အရင်ရောင်းပြီး ငွေပုံပေါ် ထိုင်နေကြတာ။ ၂၀၀၂ ကျော်တော့ ဟော Real Estate အိမ်ရောင်း/အိမ်ဝယ် ဈေးကွက်ကို ငွေဝင်ပုံအောကြပြန်ရော။ ဒီ Boom ကို လိုက်စီးဖို့ Country Wide Mortage လို ကုမ္ပဏီ မျိုးတွေပေါ်လာပြီး လှိမ့်စားကြပေါ့။ ဒီ Housing Boom လို့ခေါ်တဲ့ စီးပွားရေဖေါင်းပွမှု လှိုင်းကိုလှေကြုံ လိုက်စီးရင်း ငွေရွှင်ကြ ၊ ငွေပုံပေါ် စံကြပြန်တာ ပေါ့။


အမေရိကန် တည်ထွင်မှု ထိုးထွင်းဥါဏ်


အမေရိကန်လူမျိုးတွေ အလွန်ဂုဏ်ယူကြတာာရှိတယ်။ အဲဒါကတော့ အမေရိကန်ုတို့ရဲ့ တည်ထွင်မှု ထိုးထွင်းဥါဏ် လို့ပြောရမဲ့ American Ingenuity ပါပဲ။ အရေးကြုံလာလျှင် အဖြေရအောင်ရှာမယ် တီထွင်ယူမယ် လမ်းရှာမယ် ဆိုတဲ့စိတ်ဓါတ်ပါပဲ။ အမေရိကန်နိုင်ငံသားတွေ အင်မတန် ဂုဏ်ယူကြတဲ့ စိတ်ဓါတ်နောက်တစ်ခုက (Can Do Attitude) လို့ခေါ်ပါတယ်။ ရအောင်လုပ်ပြမယ်။ မဖြစ်ဖြစ်အောင် လုပ်ပြမယ်ဆိုတဲ့ စိတ်ဓါတ်ပါပဲ။ ရေဗူးပေါက်တာမလိုချင်ဖူး၊ ရေပါတာပဲ လိုချင်တာနဲ့ ခပ်စဉ်စဉ်ပဲလို့ပြောရမယ်ထင်ပါတယ်။ ဒီစိတ်ဓါတ်ကြောင့် ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ Venture Capital ဆိုတာ ပေါ် ခဲ့ရတယ်။ စစ်ကြီးအပြီး ပြန်လာတဲ့ စစ်ဗိုလ်စစ်သားတွေ ကုမ္ပဏီထောင်ပြီး အလုပ်လုပ်နိုင်အောင် စဉ်းစားကြရင်းက ပေါ်ပေါက်ခဲ့ရတာပါပဲ။


လူတစ်ဦး သို့မဟုတ် လူတစ်စု ဟာ ကုမ္ပဏီထောင်ဖို့ အလွန်ကောင်းတဲ့ အကြံဥါဏ် ရရှိကြတယ် ဆိုပါစို့။ ဒါဆို ကုမ္ပဏီထောင်ဖို့ ငွေအရင်းအနှီး လိုလာပြီ။ ဘဏ်ဆိုတာက ၀င်ငွေရှိမှ၊ ငွေပြန်ဖေါ်စရာ အပေါင်ရှိမှ၊ ငွေခြေးမှာကိုး။ ၂၀ရာစု ပထမပိုင်းမှာ Private Equity လို့ခေါ်တဲ့ အများကို စတော့ထုတ်မရောင်းတဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေမှာ ငွေရင်းစိုက်နိုင်တာ ရော်ကာဖယ်လာ (Rockefella) တို့ ဖေါ့ (Ford) တို့လို (ငွေ) ရှိပြီးသား သူဌေးကြီးတွေ ပဲရှိတာကိုး။ လူတိုင်းဒီ သူဌေးတွေနဲ့ ထိတွေ့နိုင်တာမှမဟုတ်တာ။ ဒါကြောင့် Venture Capital ဆိုတာပေါ်ခဲ့ရတယ်။ စွန့်စားရဲသော ငွေရင်း (မြှုပ်နှံမှု) လို့ပြော ရမယ်ထင်ပါတယ်။ စထောင်စ ကုမ္ပဏီတွေကို Startup Companies လို့ခေါ်ပါတယ်။ တနည်းအားဖြင့် အလားလာကောင်းသော၊ တိုးတက်မှုမြန်သော Startup Companies တွေကို အစပြိုးဖို့ အရဲစွန့်ပြီး စထောင်ဖို့ ငွေရင်းထုတ်ပေးသော လုပ်ငန်းကို Venture Capital လို့ခေါ်တာပါပဲ။


အရဲစွန့်တယ်ဆိုပေမဲ၊ အသားလွပ် လောင်းကစားသလို အရဲစွန့် ခြင်းမဟုတ်ပါ။ Calculated Risk လို့ခေါ်ရမဲ့ “တွက်ချက်ပြီး စွန့်စားခြင်း” ပါပဲ။


စွန့်စားရဲသော ငွေရင်း (မြှုပ်နှံမှု) Venture Capital ဆိုတာဘာလဲ။


နောင်တစ်ချိန်မှာ ထိပ်ဆုံးရောက်လာမဲ့ အင်တယ်လ် (Intel) ဆိုတဲ့ ကုမ္ပဏီ ဖြစ်ပေါ်လာပုံကို ဥပမာ အနေနဲ့ကြည့်ကြရအောင်။
ရောဘတ်နွစ် (Robert Noyce) နဲ့ ဂေါ်ဒွန်မော (Gordon Moore) ဆိုတဲ့အင်ဂျင်နီယာ နှစ်ယောက်က ၁၉၆၈ခုနှစ်မှာ Integrated Circuit ဆိုတာကို တည်ထွင်နိုင်ခဲ့ကြတယ်။ ဒီအခါမှာ သူတို့နှစ်ယောက်က ကုမ္ပဏီ အသစ်ထောင်ဖို့ဆုံးဖြတ်ကြတယ်။ သူတို့ နှစ်ယောက်နဲ့ အတူုမကြာခင်မှာပဲ အရင်အတူ အလုပ်လုပ်ခဲ့ကြတဲ့ ဟန်ဂေရီနိုင်ငံက ရေဖြူဂျီ (refugee) အနေနဲ့ ရောက်လာတဲ့ အင်ဒရူးဂရို့ Andrew Grove ဆိုတာကလာပေါင်းခဲ့တယ်။ အင်ဂျင်နီယာနှစ်ယောက်ဟာ သူတို့သိတဲ့ အာသာရော့က် Arthur Rock အမည်ရှိတဲ့ Venture Capitalist ကိုအစပြိုးဖို့ငွေရင်းရဖို့ ချဉ်းကပ်ခဲ့ကြတယ်။ ဒီနှစ်ယောက်ရဲ့ အရည်အသွေးကိုသိတဲ့ အာသာက ငွေရင်း ဒေါ်လာ ၂ သန်းထုတ်ပေးခဲ့တယ်။ စစချင်း စထောင်တဲ့သူတွေကို Founders လို့ခေါ်ပါတယ်။ ဒီ စတည်ထောင်သူတွေအတွက် မူလသဘောတူညီချက် အရ Founder’s Stocks လို့ခေါ်တဲ့ (စ)ထူထောင်သူ စတော့ တွေရပါတယ်။ အများအားဖြင့် ငွေရင်းစိုက်သူတွေက အများအပြား ယူကြတာပါပဲ။


သာမန်အားဖြင့် အရင်းရှင်စနစ်မှာ ဘယ်တော့မှ ဥအားလုံးကို ခြင်းတစ်ခုထဲ မထဲ့ရဖူး။ ကောင်းတယ်လို့၊ အောင်မြင်နိုင်စရာရှိတဲ့ အခွင့်အရေးတွေ့ရင် ကိုယ်ကဦးစီးပြီး အရင်းထဲ့ပြီး နီးစပ်ရာတခြား Venture Capitalist တွေကို စုပြီး (မ)တည်ငွေ အရင်းထောင် ပေးရတယ်။ ဒါကို Initial Round ပထမအရစ် အနေနဲ့ပေးရတယ်။ ဒီကမှ တဆင့် တခြားအင်ဂျင်နီယာနဲ့ အုပ်ချုပ်သူတွေ ငှားပြီး (စ) တည်ထွင် ရ တော့တယ်။ ဒီကမှတဆင့် တိုးတက်မှုရှိလာတယ်၊ ဖြစ်နိုင်စရာရှိတယ် ဆိုမှ ဒုတိယအရစ်၊ တတိယအရစ် စသည်ဖြင့် တိုးတက်မှု အပေါ်မှီပြီး ငွေကို လီပေးရတယ်။ ဒီငွေတွေထပ်တိုးတိုင်း စတော့ ကို ငွေရင်းအချိုးကျ ထပ်မံထုတ်ဝေပေးရပါတယ်။ ယျေဘူရ အားဖြင့် စတော့တစ်ခုကို (၅)ပြား၊ (၁၀) ပြား စသည်ဖြင့် (ပြား) ဂဏန်းနဲ့ရကြတာပါ။ သာမန်အားဖြင့် (၁၈)လ (သို့) တစ်နှစ်ခွဲ လောက်ဆို product လို့ခေါ်တဲ့ တီထွင်မှု ကရိယာ ဟာ ရုပ်လုံးပေါ်လာပါပြီ။ ဒီအခါမှာ အရောင်းသမား Sales Person တွေငှားပြီး မိမိတို့ကုမ္ပဏီ ပစ္စည်းကို စရောင်းနိုင်ပြီ။ ဒီတော့ (၀င်ငွေ) ရှိလာပြီ။ မိမိရဲ့ ပစ္စည်းဟာ ရောင်း ကောင်းပြီဆိုလာရင် မိမိတို့ကုမ္ပဏီကို ပုဂ္ဂလိကပိုင် မှ အများပိုင်သို့ပြောင်းနိုင်ပြီ။ မိမိတို့ကုမ္ပဏီရဲ့ စတော့တွေကို စတော့ဈေးကွက်မှာ တင်ရောင်းရင် အများပိုင် Public Company လို့သတ်မှတ်ပါတယ်။
ဒီလို မိမိတို့ကုမ္ပဏီရဲ့ စတော့ကို ပုဂ္ဂလိက ပိုင်မှ အများပြည်သူသို့ စတင်ရောင်းချခြင်းကို Initial Public Offering (IPO) လို့ခေါ်ပါတယ်။


ဒီလို အိုင်ပီအို (IPO) သွားတော့မယ်ဆိုရင် မိမိဘာသာလုပ်ဆောင်၍ မရပါ။ အရင်းပြုဘဏ် (Investment Banks) တွေလက်အပ်ရပါတယ်။ သူတို့က မိမိပစ္စည်းရဲ့ ဈေးကွက်၊ မိမိပစ္စည်း၏ရောင်းအား၊ နံမည်ရမှု အခြေအနေ တွေအားလုံးကို ကြည်ပြီးမှ စထွက်ဈေး ဘယ်လောက်ရှိသင့်တယ်လို့ သတ်မှတ်ပေးပါတယ်။ တစ်ချိန်ထဲမှာ စတော့ ဖြန့်ဝေမှု အလုံးစုံကို တာဝန်ယူပေးကြပါတယ်။ ဒီလို မသတ် မှတ်ခင် ၊ ငွေရင်းဈေးကွက်၏ ဘရာမင် များဖြစ်ကြကုန်သော၊ ငွေရှင်များဖြစ်ကြကုန်သော အာမခံကုမ္ပဏီများ၊ ပင်စင်ရံပုံငွေ (Pension Funds) ၊ မြူချယ်ဖန်း (Mutual Funds) များနဲ့ သီးသန့်ချမ်းသာသူများ (Independently Wealthy) များနဲ့ အမြို့မြိုမှာ ကုမ္ပဏီ အကြီးအကဲ (CEO) နဲ့တွေ့ဆုံပွဲတွေ လုပ်ပေးပါတယ်။ ဒီပွဲတွေမှာ မိမိကုမ္ပဏီကို ရောင်းပေတော့ပဲ။ နောက် (၆)လ၊ နောက်တစ်နှစ်မှာ ဘာတွေ ထပ်ထုတ်ဖို့ အစီအစဉ် တွေရှိပါတယ်။ မိမိတို့ရဲ့ ပစ္စည်း Product ဟာ ပြိုင်ဖက်တွေနဲ့ ဘယ်လောက်သာပါတယ် ဆိုပြီးရှင်းပြပေါ့၊ တစ်ဖက်ကလည်း သတင်းသမားတွေနဲ့ ပေါင်းပြီး မိမိပစ္စည်း ကောင်း ကြောင်း ဆောင်းပါးတွေရေးလာအောင် ချော့ပြီး ပေါင်း၊ Trade Show လို့ခေါ်တဲ့ ပညာရပ်ဆိုင်ရာ ပြပွဲတွေမှာ ပြပြီးကြော်ငြာပေါ့။ အကောင်းဆုံးသက်သေတွေကတော့ မိမိရဲ့ဖေါက်သည် Customers တွေပါပဲ။


မိမိရဲ့ပစ္စည်း ဈေးပွက်မှာ နံမည်ရပြီဆိုရင် IPO မထွက်ခင် စထွက်ထွက်ချင်းဈေးနဲ့ရဖို့ရာ ကြိုအော်ဒါမှာသူတွေဝိုင်းနေတာပေါ့။ ဒီဝယ်အားကိုကြည့်ပြီး အရင်းပြုဘဏ် (Investment Banks) တွေက စတော့ ဈေးသတ်မှတ်ကြတာပါ။


သာမန်အားဖြင့် ဒေါ်လာ ၂၀၊၃၀၊၄၀၊၅၀ စသည်ဖြင့် ဖွင့်ကြတာပါပဲ။ အောင်မြင်တဲ့ ကုမ္ပဏီတွေကြတော့ ဒေါ်လာ ၃၀၊၄၀ လောက်နဲ့ဖွင့်ပြီး ၀ုန်းဆို ရာကျော်သွားတာတွေရှိပါတယ်။ သာမန်အားဖြင့် (စ)ထောင်တဲ့ ဖေါင်ဒါတွေဟာ စတော့ သိန်းမက သန်းနဲ့ ချီရကြပါတယ်။ အများကတော့ Venture Capitalist တွေကပဲ ယူထားကြတာပါ။ ဒီတော့ ကုမ္ပဏီတစ်ခုအောင်မြင် သွားပြီဆိုရင် တခါတရံ သန်းနဲ့မဟုတ် ဘီလျံနဲ့ ချီ (ပွ)သွားကြပါတယ်။ ပြားဂဏန်းနဲ့ရထားတဲ့ စတော့တွေ ဆယ်ဂဏန်း၊ ရာဂဏန်း တက်သွားရင် (စား)ပေတော့ပဲ။ ဒါကြောင့် ကုမ္ပဏီတစ်ခုထဲကို ပုံမအော်ကြပဲ ကုမ္ပဏီ အများကြီးကို နဲနဲစီထဲ့ပြီး (ဝေစား) ကြတာပဲ။ ဒါ အရင်းရှင်စနစ် (ချမ်းသာမှုကိုဖေါ်ထုတ်ခြင်း) Wealth Creation ပါပဲ။


တကယ်တော့ အသေအခြာ လေ့လာကြည့်ရင် ဒီ Venture Capitalist ဆိုသူတွေဟာ ခေတ်သစ်ချစ်တီး တွေပါပဲ။
သို့သော် သူတို့ ရှိလို့လဲ ဒီလို အောင်မြင်မှု ကိုဖေါ်ဆောင်နိုင်တာလို့ ငြင်းချက်ထုတ်လာရင်လည်း အဖြေရအခက်သား


အဲလ်ပယ် (Apple) ထောင်ကာစ ကတည်းက ပါခဲ့တဲ့ လူတစ်ယောက်ဟာ မစွန့်စားရဲတာကြောင့် စတော့အားလုံးကို ရာဂဏန်းနဲပဲရောင်းပစ်ခဲ့တယ်။
အခုအထိ ဆက်ကိုင်ထားရင် ဘီလျံနဲ့ ချီတန်နေပြီ။
အရင်းရှင်စနစ် ဆိုတာ စွန့်စားရဲမှကိုး။


စတော့ကို ငွေကြေးအဖြစ် အသုံးပြုခြင်း


ဆိုရှယ်လစ် ဦးနေ၀င်းလက်ထက်မှာ ကြီးပြင်းခဲ့ရပြီး မာ့က်ဝါဒီသမား ဦးဘငြိမ်ရဲ့ ဆိုရှယ်လစ်စီးပွားရေး စနစ်အောက်မှာ ငတ်ခဲ့ကြရတဲ့ စာရေးသူ မြန်မာနိုင်ငံသားဟာ ဘယ်က စတော့ ဆိုတာ ကိုနားလည် မှာလဲ။ စာရေးသူ စီလီကွန်ဗယ်လီကို ပြူးတူးတူးကြောင်တောင်တောင် ရောက်သွားတော့ အဆင့်မြင့် အတတ်ပညာ ကုမ္ပဏီ (High Tech Firms) တွေဟာ စတော့ဝယ်ခွင့် (Stock Option) ကို ငွေစက္ကူ ပမာ Currency အဖြစ် အသုံးပြုနေကြပြီ။


စတော့ဆိုတာက ကုမ္ပဏီရဲ့ ရောင်အား နဲ့ အမြတ် အပေါ်မူုတည်ပြီး အတက်အကျ ဖြစ်တာကိုး။


သုံးလပတ်တစ်ခါ စာရင်းရှင်းတန်းအပြီးမှာ ကုမ္ပဏီအကြီးအကဲတွေဟာ Stock Analyst ဆိုတဲ့ စတော့လေ့လာသူတွေနဲ့ တယ်လီဖုံးကွန်ဖရင့် လုပ်ကြရပါတယ်။ ဒီမှာ နောင် (၃) အတွက်အခြေအနေ၊ ထွက်မဲ့ Product ပစ္စည်းအသစ်တွေနဲ့ မိမိထင်မြင်ချက်ကို တင်ပြကြလေ့ရှိပါတယ်။ ဒါကိုစတော့လေ့လာသူတွေက အသေအခြာသုံးသပ်ကြပြီးမှ ၀င်ငွေဘယ်လောက်ရနိုင်သလဲ ဆိုတာကိုသုံးသပ်ပြီး မှ စတော့ဈေးဘယ်လောက်ရှိသင့်သလဲ ဆိုပြီး ထင်မြင်ချက်ပေးလေ့ရှိတယ်။ စာရေးသူလုပ်ခဲ့ စစ္စကို Cisco လိုကုမ္ပဏီတွေက ကွက်တိ ပြောတဲ့အတိုင်းဖြစ်အောင် လိုက်ဆောင်ရွက်နိုင်ကြတယ်။ ဒီလို မှန်းချက်ကိုက်အောင် ဆောင်ရွက်နိုင်ရင် ဈေးကွက် ကယုံကြည်မှုရှိပြီး မိမိစတော့ဈေးတွေ ၊ တရိရိတက်ပြန်ရော။ ဒီလိုဖြစ်ဖို့ရာ အသုံးစရိတ်ကို သုံးရာမှာ စည်းကမ်းရှိဖို့လိုတယ်။ ဒါကြောင့် အောင်မြင်တဲ့ ကုမ္ပဏီတွေဟာ မိမိဝန်ထမ်းတွေကို လစာပေးရာမှာ တခြားသူတွေထက် ၁၀%လောက်လျော့ပေးတယ်။ အစစအရာရာ အသုံးစရိတ်မှာ ခြွေတာကြတယ်။ ဈေးကွက်ကမြှော်လင့်သလို (အမြတ်) များများရ အောင်ကြိုးစားကြတယ်။  အမြတ်များများရမှ မိမိတို့ကုမ္ပဏီ စတော့ တွေဈေးတက်မှာကိုး။


ဒီလို ကုမ္ပဏီ တစ်ခုလုံး ၀ိုင်းဝန်းလုပ်ဆောင်ကြတာက အလုပ်ကြိုးစားသူ တွေကို အုပ်ချုပ်သူတွေက စတော့ဝယ်ခွင့် Stock Option ပေးပိုင်ခွင့်ရှိကြတယ်။ တနည်းအားဖြင့် (ပိုင်ဆိုင်ခွင့်) သို့မဟုတ် ကုမ္ပဏီ ရဲ့အောင်မြင်မှု ကို ၀န်တမ်းးတွေအားလုံး ပါဝင်ခံစားခွင့်ပေးပြီး (ချည်) လိုက်တာပဲ။ တနည်းအားဖြင့်လည်း (ပိုင်ဆိုင်ခွင့်) ပေးပြီး (ငါ) ဆိုတာကို (ရစ်ပတ်ချည်နှောင်) ပေးလိုက်တာ။


စာဖတ်သူ လူငယ်လေးတွေကို သတိပြုစေချင်တာက အရင်းရှင်စနစ် အရ အောင်မြင်ဖို့အတွက် တစ်ဦးချင်းစွမ်းဆောင်နိုင်မှု (Individualism) ကိုအားပြုထားပေမဲ့ စတော့ ဆိုတာက အာလုံးနဲ့ ဆိုင်တယ်။ အားလုံးက ပါဝင်ထမ်းဆောင် မှ (အမြတ်) များများရမယ်။ ဒါကြောင့် (အကျိုး) အတွက်ကြတော့ (အများ) ဆိုတဲ့ Collectivism ကို ဆွဲချည် ပေးလိုက်တာ။ သိပ်လှတဲ့ သိပ်ပညာပါတဲ့ လုပ်ကွက်။ အတုယူသင့်တယ်။ American Ingenuity ဆိုတာဒါပါပဲ။


စတော့ကဘယ်လို အကျိုးရ မှာလဲ။


စာရေးသူ စစ္စကို ရောက်တော့ ကုမ္ပဏီက အထွဋ်အထိပ်ရောက်ချိန်လို့ပြောရမယ် ထင်တယ်။ သူ့ဈေးကွက်မှာ နံပတ်တစ်ပဲ။ ထိုစဉ်က အင်တာနက် တည်ဆောက်မှုမှာ စစ္စကို ပစ္စည်း Product 85% လောက်ကိုပါတယ်။ ပြိုင်ဖက် မရှိသလောက်ပဲ။ ဒါကြောင့် ထိုစဉ်က စစ္စကိုလိုကုမ္ပဏီ ကိုဝင်ဖို့ရာသိပ်ခက်တယ်။ စာရေးသူ ရောက်ခဲ့စဉ်က ၀န်ထမ်း ၃၅၀၀ လောက်ပဲရှိတယ်။ Startup လို့ခေါ်တဲ့ စစခြင်း အခြေအနေ သာသာလေးပဲရှိသေးတယ်။ တစ်ဖက်ကလည်း ကုမ္ပဏီတိုင်းဟာ လူတော်တွေကိုဝိုင်းလုရသလို၊ မိမိကုမ္ပဏီက လူတော်တွေကို တခြားကလာဆွဲမှာ စိုးရိမ်ရတယ်။ အကောင်းဆုံးနည်က စတော့ပေးပြီး မသွားနိုင်အောင် ဆွဲခြည်ထားလိုက်တာပဲ။


စာရေးသူတို့ အဆင့်မှာ ကုမ္ပဏီကို ၀င်ရင် sign-on bonus လို့ခေါ်တဲ့ တခြားကမိမိကုမ္ပဏီ ကိုဝင်ရောက်လာတဲ့ အတွက် ကြိုဆိုတဲ့ သဘောနဲ့ စတော့ အပိုရပါတယ်။ ဥပမာ စတော့ ၄၀၀၀ ရတယ် ဆိုပါစို့။ စတော့ကိုရော့ဆိုပြီးပေးလိုက်တာမဟုတ်ပါ။ စတော့ကိုအဲဒီအချိန်မှာ ရှိတဲ့ပေါက်ဈေးနဲ့ ၀ယ်ခွင့်ပြုလိုက်တာပါ။ စစ္စကိုကုမ္ပဏီ ကစတော့ဈေးကို ဒေါ်လာ ၄၀ နဲ့ ၈၀ အကြားထားကစားလေ့ရှိပါတယ်။ စတော့ဈေးသိပ်ကြီးသွားရင် ၀ယ်နိုင်သူနဲမှာ စိုးတာကြောင့် သာမန်အားဖြင့် ၄၀ ကတဖြည်းဖြည်းတက်လာလျှင် ၈၀ လောက်ရောက်ရင် split လုပ်တယ်ခေါ်ပါတယ်။ စတော့ ကို နှစ်ဆ၊ တစ်ဆ ခွဲဖြစ်လိုက် ပါတယ်။ နှစ်ဆ တစ်ဆ ခွဲရင် လက်ရှိ စတော့တစ်ခုဟာ နှစ်ခုဖြစ်သွားပြီး ဈေးက ၈၀ ကနေ ၄၀ ဖြစ်သွားပါတယ်။ ပြီး ကုမ္ပဏီရဲ့ ပစ္စည်းတွေရောင်းကောင်းရင် စစ္စကို စတော့ကို ၀ယ်ကိုင်ချင် သူတွေများတာ ကြောင့် စတော့ဈေးတွေထပ်တပ်ပေါ့။ ဒီလိုဖြစ်တာ အဲဒီချိန်က ဂလမှာ တစ်ကြိမ်လောက် စတော့က ကွဲတယ်။ Split ဖြစ်တယ်။ 


ဒီတော့ အလုပ်ဝင်ပြီး (၈) လမှာ စတော့ကွဲရင် မူရင်း စတော့ ၄၀၀၀ ဟာ ၈၀၀၀ ဖြစ်သွားပြီး မိမိက ၄၀ နဲ့ ၀ယ်ခွင့်ရထားခဲ့ရင် ၀ယ်ဈေး ၂၀ ဖြစ်သွားရော။ နောက်တပ် တစ်ခါ စတော့ ထပ်ကွဲရင် မိမိဝယ်ခွင့် ရထားတဲ့ စတော့ အရည်အတွက်က ၁၆၀၀၀ ဖြစ်သွားပြီး ၀ယ်ခွင့်ရတဲ့ဈေးက ၁၀ ဖြစ်သွားရော။ အကယ်၍ တစ်နှစ်ပြည့်တဲ့အချိန်မှာ စတော့ဈေးက ၅၀ ဆိုရင်၊ ၀ယ်ခွင့်ရတဲ့ ဈေးက ၂၀ ဒေါ်လာဆို တော့ကာ၊ စတော့ တစ်ခုကို ဒေါ်လာ ၃၀ မြတ်နေပြီ။ မိမိ ၀ယ်ပိုင်ခွင့် စတော့ ပေါင်း ၂၀၀၀ ဆိုရင် တစ်နှစ်အတွင်း အမြတ်ငွေ ဒေါ်လာ ၆၀၀၀၀ ရနေပြီ။ ကုမ္ပဏီတွေက စတော့ပေးပြီး လူတွေကို မိမိစီမှာ နေအောင် ဆွဲထားချင်တာကြောင့် စတော့တစ်ခါပေးရင် သက်တမ်းက (၄) နှစ်ပြည့်အောင်စောင့်ရမယ်။ ဆိုလိုတာက ဒီစတော့ကရမဲ့ အမြတ်ကို လိုချင်ရင် ဒီကုမ္ပဏီမှာ (၄) နှစ်နေမှ အပြည့်အ၀ ခံစား ခွင့်ရှိမည်။ တစ်နှစ်နေရင် ရပိုင်ခွင့်စတော့ ထဲက လေးပုံတစ်ပုံကို ခံစားပိုင်ခွင့်ရှိတယ်။ ၀င်ဝင်ချင်း စတော့ (stock) ရသလို တစ်နှစ် တစ်ခါ ကုမ္ပဏီက အလုပ်ကြိုးစားတဲ့သူတွေကို တစ်ခါ စတော့ ချီးမြှင့်ပြန်တယ်။


ဘယ်သူတွေရထိုက်တယ်ဆိုတာကို မန်နေဂျာေ�€



အပိုင်း(၃) အဆက်

by Bo K Nyein on Friday, June 8, 2012 at 5:43am ·
ဘယ်သူတွေရထိုက်တယ်ဆိုတာကို မန်နေဂျာတွေ လက်ထဲအပ်ထားတယ်။ လူတိုင်းမရ။ အလုပ်ကြိုးစားတယ်၊ လူတော်ဆိုရင်၊ မရတဲ့နှစ် မရှိပါဖူး။ ဒါ ၀န်ထမ်းတွေ အလုပ်ကြိုးစားအောင် မြူဆွဲထားတာပါ။
အလုပ်ပြီးအောင် လူတစ်ဦးချင်းအပေါ် မူတည်ပေမဲ့ စတော့ဈေးတက်ဖို့ကြတော့ အားလုံးနဲ လာဆိုင်တယ်။ တစ်ဦးချင်းအကျိုး (Individualism) ကို အများအကျိုး (Collectivism) နဲ့ စတော့ နဲ့ လာချိပ်ပေး ထားတာပါပဲ။

တခြားကုမ္ပဏီတွေကိုဝယ်တော့ကော

အမေရိကန် နိုင်ငံမှာ စက်မှုတော်လှန်ရေး (Industrial Revolution) လို့ခေါ်တဲ့ ရော့ကယ်ဖယ်လား (Rockefeller) တို့ ဖေါ့စ် (Ford) ခေတ်ကနေ ၊ အိုင်ဖီအမ် (IBM) ခေတ် အချိန်အထိ၊ အရင်းရှင်စနစ်ကို ထောင်လိုက် (Vertically) ထူထောင်ခဲ့ကြတယ်။ ဆိုလိုတာက လိုသမျှ ပစ္စည်းအားလုံးကို ငါတို့ကုမ္ပဏီ အတွင်းမှာပဲ ထွင်မယ်၊ တည်ဆောက်မယ်ပေါ့။ ဆိုးကျိုးက လူတွေအများကြီး ငှါးပြီးဆောင်ရွက် ရတော့ ၀န်ပိုလာတယ်။ တချိန်ထဲမှာ အလုပ်သမားအဖွဲ့အစည်း Unions တွေကတောင်းဆိုတာများတော့ အလုပ်သမားစရိတ်ကြီးပြီး cost of Business အလုပ်ဝန်ဆောင်ခ ကြီးလာတယ်။ တစ်ဖက်ကလည်း အားလုံး မိမိကုမ္ပဏီက ထွင်မှကောင်:မယ် ထင်တာကြောင့် research တီထွင်မှုစမ်းသပ်ခြင်းကို လည်းမိမိ ကုမ္ပဏီမှာပဲ လုပ်တာကြောင့် စရိတ် တက်လာတယ်။ အောင်မြင်တာလည်း ရှိသလို၊ မအောင်မြင် တာတွေလည်းရှိ မှာကိုး။ စီးပွားရေးကျတဲ့ အချိန်မှာဒီ စရိတ်တွေက ထောင်းလာတော့မယ်။

ဒါကြောင့် ဂလိုဖယ်လိုင်ဇေးရှင်း ခေတ်မှာ အရင်းရှင် စနစ်ဟာ ပုံစံပြောင်းပြီး ထောင်လိုက် ကနေ အလျားလိုက် (Horizontal) ပုံသဏ္ဍန် ကိုပြောင်းပြစ်လိုက်တယ်။ ဥပမာ ထုတ်လုပ်မှု (manufacturing) ကိုကြည့်ရအောင်။ မိမိကိုယ်တိုင် ထုတ်လုပ်ရင် အလုက်သမားတွေငှါးရမယ်။ ယူနီရန်တွေက လာရှုပ်ကြဦးမယ်။ ဒီတော့ ထုတ်လုပ်မှုကို ကျွမ်းကျင်တဲ့ ကုမ္ပဏီကို ၀ကွက်အပ်လိုက်တယ်။ ဒါကို ကွန်တရက် ပေး၍ထုတ်လုပ်မှု (Contract Manufacturing) လို့ခေါ်ပါတယ်။ အခုတော့ ဒါတွေအားလုံး တရုပ်ပြည် ရောက်ကုန်ပြီ။

တီထွင်မှု မှာလည်း စစ္စကိုက ကိုယ်တိုင် စမ်းသပ်စရာမလို။ စီလီကွန်ဗယ်လီ (Silicon Valley) မှာ Startup လို့ခေါ်တဲ့ စထွင်တဲ့ ၊ စပေါ်စ ကုမ္ပဏီ (Startup) တွေပြိုင်ပါစေ။ စစ္စကိုက အရင်း အနှီးပြု စရာမလို။ အနိုင်ရတဲ့ ကုမ္ပဏီ ၊ အောင်မြင်မှုရတဲ့ ကုမ္ပဏီကိုမှ စစ္စကိုစတော့ ကို (ငွေ) အဖြစ်သုံးပြီး ၀ယ်လိုက်ရုံပဲ။ စတော့သာမှန်မှန် တက်ပါစေ လိုချင်သူပေါတဲ့ စတော့ကို (ငွေ) အဖြစ်သုံးပြီ စပေါ်စ ကုမ္ပဏီ ငယ်လေးတွေကို ၀ယ်လိုက်ရုံပဲ။ သူများ စရိတ်နဲ့ ပြိုင်ခိုင်းပြီး အရင်းရှင်နည်းနဲ့ အနိုင်ရသူကို (ငွေ)နဲ့ ပေါက်ဝယ်လိုက်တာပဲ။

အောင်မြင်တဲ့ စတော့ (stock) တွေဟာ ငွေ စက္ကူထက် ပိုတန်ဖိုး ရှိပါတယ်။

ဆက်ရန် အပိုင်း (၄)

No comments: