Saturday, September 8, 2012

ခွပ်ဒေါင်းသို့ပန်ကြားချက်


ခွပ်ဒေါင်းသို့ပန်ကြားချက်
တင်မိုး

(၁)

မင်းသားကြီး မလုပ်ရရင်
ပတ်မကြီး ထိုးဖောက်မယ်ဆိုတဲ့
ညစ်ကျယ်ကျယ် လူစားတွေ
တို့ပြည်မှာ အများသားကလား
ဟိုနားမှာတွေ့ သည်နားမှာတွေ့
ဟိုကွေ့မှာကြုံ သည်ကွေ့မှာကြုံ
တပုံတပင်ကြီးပါကလား၊
ခေါင်းဆောင်က တရာနှစ်ရာ
ငယ်သားက တယောက်နှစ်ယောက်
မျက်စိနောက်စရာ ပါလားနော်။

(၂)

ကိုယ်ကသာ ဘာမှမဟုတ်
လူတွင်ကျယ် လုပ်ချင်တယ်
ပုပ်လိုက်တဲ့ စိတ်ဓာတ်
စုတ်ပြတ်လိုက်ပါဘိ။
ပါးစပ်နဲ့ အလုပ်လုပ်
ခွတုတ်တဲ့ လူမျိုး
လက်ညှိုးတချောင်းနဲ့ လူရာဝင်
သူသာလျှင် အရေးပါသတဲ့
ပညာကလဲ မရှိ
အသိအမြင်ကလည်း ကျဉ်းမြောင်း
စိတ်ကောင်းကလဲ မမွေး
ကလေးစိတ် မိန်းမစိတ်
အတိတ်လဲ မဝေဖန်
ပစ္စုပ္ပန်လဲ မသုံးသပ်
အနာဂတ်လဲ မတွေးရှု
အရေးတခုရယ်လို့ သဘောမထား
တောသားအချင်းချင်း
ကျောပြားကို နင်းချင်တယ်
ရိုင်းပင်းမယ်လို့တော့ စိတ်မကူး
လက်ဦးအောင် ဖျာခင်း
အာဏာပြင်းလှချည့်
ရာဇာမင်းဂုဏ်နဲ့ မတန်
နုံနဲ့ဟန် ပေါက်လိုက်ပုံက
သဘောက်မသား
သူရမ်းကားတွေပါလားဟေ့။

(၃)

သမိုင်းစာမျက်နှာကို
အိမ်သာသုံးစက္ကူသဖွယ်
အသုံးပြုခဲ့ကြတယ်။
လိုရာကို ဆွဲသုံး
အမဲတုံး ခွေးဆွဲသလိုပေါ့လေ
ရေလဲနဲ့သုံးခဲ့တယ်။
ဗလောင်းဗလဲစကား
အပြောင်းအလဲက များသနဲ့
ချောင်းထဲကငါး ရေကူးမြန်သလို
မမှန်မကန်တွေကို
မြန်မြန်ဆန်ဆန် ပြောကြတယ်
ကြားသူတိုင်း ရှုတ်ထွေးပြီး
အလိုလေး တ, ရအောင်
ပါးစပ်က ကျည်ဆန်ထွက်
ထွီထွမ်ခွက် ပက်လက်မျောစရာ
စကားနာ စကားလိမ်
စကားသိမ် စကားဖျင်း
စကားတင်း စကားယုတ်
စကားပုတ် စကားလှည့်
စကားရွဲ့ စကားစောင်း
အကြောင်း အမျိုးမျိုးပြပြီး
မတိမကျ ပြောခဲ့ကြတယ်
ပြောသူ မရှက်
ကြားသူ ရှက်ရပါကလား။

(၄)

ဒီမိုး ဒီမြေ ဒီလူတွေနဲ့
ဒီအခြေ စခန်းသွားရင်
လမ်းမှားတွေရောက်
ဂျောက်ပေါက်တွေ တိုးမှာသေချာတယ်။
တန်ရာတန် မလုပ်ရင်
ရွာနာတယ်ဆိုတဲ့ ဆောင်ပုဒ်အရှိသား
အဟုတ်ကိုဘဲ ရွာနာခဲ့ပြီ။
မြန်မာပြည် သည်ပုံမျိုးနဲ့ဆိုရင်
အမျိုးပျောက်ရလိမ့်မယ်။
သူခိုးက လူလူဟစ်
မချစ်သူက မေတ္တာစကားဆိုတော့
ဘယ်လိုမှ မကောင်းနိုင်
ခွပ်ဒေါင်းရေ……. ကယ်ပါအုံးလို့
ပြည်လုံးကျွတ် အော်ချင်လှပြီ
မကောင်း အညစ်တွေကို
ပြောင်းပစ်မှ နေရာကျပြီး
ပြည်ရွာလှလိမ့်မယ်။

(၅)

အို …… ခွပ်ဒေါင်း
လွတ်ကြောင်းအတွက်
ခွပ်လက်ပြင် ခွပ်လက်သွေးကာ
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့။ ။


[ဗုဒ္ဓနှင့်တွေ့ဆုံခြင်း နှင့် အခြားကဗျာများ စာအုပ်မှ ကူးယူဖော်ပြပါတယ်]

No comments: