“အတင်းအဖျင်းစကား”
by Soe Min on Saturday, September 8, 2012 at 7:28am ·
“မမ၊ ကော်ဖီလေး သောက်လိုက်ပါဦး။”
“အေးကွယ်။ ညီမရယ်။ ကျေးဇူးပါ။”
“…..”
“ညီမ၊ မမကလေ သူများအတင်းအဖျင်းဆိုရင် ဘယ်တုန်းကမှ မပြောတတ်တဲ့မိန်းမ။ အခုဟာက သားသမီးချင်းစာနာလို့ မဖြစ်သင့်တာ မဖြစ်ရအောင် သတိပေးရဦးမယ်။ အဲသည် @#$% ဆိုတဲ့ကောင်လေးဟာလေ ……………။”
အခုလောက်ဆိုရင်တော့ ဘယ်သီချင်းဆက်ဆိုရမယ် သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ဒေါ်ခင်လေးဆွေ နဲ့ ဒေါ်ထားတို့ကိုလည်း မျက်စိထဲမြင်ယောင်ပြီးလောက်ရောပေါ့။ မောင်စံဖားကလေးကိုလည်း တချို့က အဲသလိုပဲ မြင်နေသလားတော့ မပြောတတ်ပါဘူး။ မပြောဘူး မပြောဘူးနဲ့ ဘာမှကို မကျန်ဘူး။ အကုန်ဖော်တော့တာ မဟုတ်လား။ ကွယ်ရာအတင်းတုပ်တဲ့သူချင်းအတူတူ မျိုးမျိုးခိုင်ကသာ သွေးပုချိ သွေးပုချိ ချိုးချိုးနီ တောင်းပန်ရတာ။ မမနာနာကတော့ ပြောတုန်းက သူမပါခဲ့သလို “ပြောတာတွေ ဟုတ်မဟုတ် သိတဲ့အခါ ဟုတ်တာတွေ ပြောမပြောလည်း သိကြလိမ့်မယ်။” လို့ ဒေါင်းဖဲလေး ကိုင်စောင့်နေခဲ့သလိုမျိုး ဖြစ်နေဦးတော့မှာပဲ။ ဒေါ်မြလေးလေသံနဲ့ “မပြောချင်ဘူး။ မပြောချင်ဘူး။ နည်းနည်းလေးမှကို မပြောချင်ဘူး။” လို့ နိဒါန်းပျိုးနေပြီဆိုရင် တစ်ခုခုပြောတော့မယ်ဆိုတာ အန်ဒါစတွတ်ပေါ့။ ၀င်းဦးရှစ်ကိုယ်ခွဲကားထဲက ဗလစ်ဗလစ်ချစ်ချစ်ကြီးလို၊ မုန်းပါတယ်မောင့်ကိုထဲက ပဲပြုတ်သည်မစန်းကြီးလို သူ့ဆီရောက်သွားတဲ့ သတင်းမှန်သမျှ အင်တာနက်ပေါ် အကုန်တင်တော့မှာဆိုပြီး လူမြင်တာနဲ့ အချင်းချင်း “အဟမ်း” သံပေး၊ မျက်စကလေးပစ်ပြပြီး ပြောလက်စ စကားဖြတ်ကုန်ကြတော့မယ် ထင်ပါရဲ့။ သည်ကဖြင့် သူများအကြောင်းလည်း မပြောတတ်ပါ။ စပ်မိစပ်ရာ ကွိစိကွစ လောက်ကလေးတင်ပါဗျာ။
အရပ်ထဲမှာ အတင်းတုပ်ကြပြီဆိုရင်တော့ မိန်းမတစ်ယောက်ကခြေဆင်းထိုင်၊ သူ့နောက်မှာ နောက်တစ်ယောက်က ဘီးကလေးတစ်ချောင်းနဲ့ ဆံပင်လေးတွေရှင်းလိုက်၊ သန်းကလေးတွေတုပ်လိုက်နဲ့ ဟောတစ်ကောင် ဟောတစ်ကောင် အင့်ကနဲအင့်ကနဲ စကားတပြောပြော လေတွေဖောရတာ ဘယ်လောက် အရသာရှိတယ် မှတ်သလဲ။ ၀ဲဆိုတာ မြင်တဲ့သူအတွက်သာ ရွံစရာကောင်းတာ၊ ကုပ်တဲ့သူအတွက် ပိုက်ဆံမကုန်ပဲ ရတဲ့စည်းစိမ်တဲ့။ အတင်းတုပ်တာလည်း သိပ်တော့ ကွာမှာ မဟုတ်ပါဘူး။ ဆရာဝန်တွေ အချင်းချင်း အဲသလို အတင်းတုပ်ကြရင်ကော ဘယ့်နှယ်များနေမှာပါလိမ့်နော်။ ဂျူတီကုတ်ကြီးထဲလက်နှိုက်၊ နားကြပ်ကလေး ပုခုံးပေါ်တင်ရင်း “အိုင်ဆေး ကိုနှင်းမောင်။ ခင်ဗျား မနေ့ကသတင်း ကြားပြီးလောက်ပြီ မှတ်တယ်။” ဆိုတာမျိုး၊ “ယူ့ကိုခင်လို့ အိုင်ပြောပြမယ်။ အိုင်ကပြောတယ်လို့ ဘယ်သူ့ကိုမှ မပြောပြရဘူးနော်။ ပရောမစ်။” ဆိုတာမျိုး ဖြစ်နေမလား မသိပါဘူး။ အတင်းအဖျင်းဆိုတာ အားအားယားယား ရှိနေသူတွေသာ သူများအကြောင်း စိတ်ဝင်တစား ပြောနိုင်ဆိုနိုင်ကြတာဆိုတော့ ကိုယ့်ဘာသာကိုယ် ယားလို့တောင် မကုပ်အားတဲ့ ဆရာဝန်တွေအဖို့ များသောအားဖြင့် နောက်အကျဆုံးမှ သတင်းရပြီး “သည်လို အဖြစ်အပျက်မျိုး ရှိတယ်။ ဟုတ်လား။” လို့ အတင်းအသိုးကြီးတွေကိုပဲ တအံ့တသြ လိုက်ကြားရတာမျိုးပါ။ သူတို့ကလည်း အလုပ်ထဲမှာ အချင်းချင်း ဖော်ဝဒ်လုပ်တာကလွဲလို့ ထီးဖြူဖိနပ်ပါးအောင် အရပ်တကာလည်ပြောနိင်ဖို့ မလွယ်ပါဘူး။ သို့သော်လည်း ကိုယ့်လိုဘယ်သူမှမပြောပဲ ဖေ့စ်ဘုတ်ထဲ လာရေးနေတာမျိုးကတော့ သစ်ခေါင်းထဲမှာ တိတ်တိတ်လာလာအော်တဲ့ နှမ်းဖတ်ချဉ်စားသူ ရှင်ဘုရင်ကြီးထက်စာရင် လူသိရှင်ကြားဖြစ်ကုန်မှာ မလွဲပါဘူး။
အဲလိုဆိုတော့ လက်ခံသည်ပဲဖြစ်စေ၊ လက်မခံသည်ပဲဖြစ်စေ၊ အများကထင်ထားတဲ့အတိုင်း ကိုယ့်ကို သတင်းစုံတဲ့ ကသင်းထုံလို့ ခေါ်ချင်လည်းခေါ်ကြပါစေတော့။ မေးကွမ်းရှိ မေးကွမ်းရှိပါ။ ဘာကိုပဲရေးရေး ပုဂ္ဂိုလ်ရေးတွေ တတ်နိုင်သမျှ ရှောင်ရုံပဲ ရှိပါတော့တယ်။ ကိုယ့်ပြောစကား ဆိုစကားများဟာလည်း ဆိုရေးရှိက ဆိုအပ်လှစွာ ဖြစ်မဖြစ် အဖန်ဖန်စိစစ်ပြီးရေးတာ အကောင်းဆုံးပေါ့။ “ဟုတ်တာပြောတာလေ။ မခံနိုင်ဘူးလား။” ဆင်ခြေကလေးတစ်ခွန်းနဲ့ သူများအကြေးလှန် ဖနောင့်နင်းလုပ်ရာမရောက်အောင် ဟုတ်မှန် အကျိုးမရှိ ၀ဇီဒုစရိုက်ကင်းအောင် နေရမှာပေါ့။ မပြောတော့ဘူးဆိုတာ “မသိဘူး၊ မရှိဘူး၊ မဟုတ်ဘူး” လို့ ဆိုလိုတာ မဟုတ်တဲ့အတွက် လိုအပ်လာတဲ့အခါမှာတော့ မပြောမပြီး မတီးမမြည် ၀င်ဝင်ညှော်မိတာကလည်း အကြိမ်ပေါင်း နည်းမှ မနည်းတော့တာ။ ဒီအတိုင်းနေလို့တော့ မဖြစ်သေးပါဘူး။ ဘယ်လိုအရာမျိုးကို ပြောသင့်တယ်။ ဘယ်လိုအရာမျိုးကို မပြောသင့်ဘူးဆိုတာ ပြတ်ပြတ်သားသား ပရိုတိုကောလ်တစ်ခုလောက် ထုတ်ထားမှ တော်ပါတော့မလေ။ နို့မို့ ပြောချင်တာလည်း သူ့အပြင်မရှိပဲနဲ့ သက်သက်မဲ့ ပဲခံနေတာလို့ ထင်နေမစိုးလို့။
ပထမတစ်ချက်အနေနဲ့ ကိုယ်က ဆရာဝန်တစ်ယောက်ဖြစ်နေတဲ့အတွက် ကိုယ့်ဆရာဝန်တွေ မကောင်းကြောင်း အတင်းအဖျင်းတွေ မပြောမိအောင် နေတာ အကောင်းဆုံးပေါ့။ ဘယ်လို ဘယ်လို ဘယ်လို။ နားရှိလို့သာ ကြားရ။ ဟုတ်ပါ့မလား မောင်ကာဠုရယ်။ ရှေ့မှာရေးလာတာတွေက ဘယ်သူတွေ အကြောင်းမို့ပါလိမ့်။ ဘယ်သူ့အကြောင်းလို့မှ ပြောမထားပါဘူး။ စနေ၊ အင်္ဂါ၊ တနင်္လာ၊ ရာဟု ဘာအက္ခရာလေးနဲ့ စ တဲ့သူလို့တောင် ပြောမထားဘူး။ ရပ်ကွက်ထဲမှာ သည်လိုပဲ ရှိတယ်။ အဲဒါ ကောင်းတယ် မကောင်းဘူး ကိုယ့်ဘာသာ စဉ်းစား။ မဟုတ်ကဟုတ်ကတော့ လာမပြောလေနဲ့။ နင့်ဘကြီးက နင့်ထက်တောင် ပြောတတ်သေး။ ဒီလောက်ပဲ။ ဆရာဝန်အချင်းချင်း အတင်းပြောတာ ကျင့်ဝတ်နဲ့မညီဘူးဆိုတာမျိုးက သည်လိုဗျ။ လူနာတွေ လူနာရှင်တွေဆီသွားပြီး “ဟယ်။ ဖြစ်မှဖြစ်ရလေ။ အဲသည်ဆရာဝန်နဲ့မှ သွားကုရသလား။ နင်တို့မသိဘူးလား။ အဲသည်ဆရာဝန်က ..@#$&” အဲလိုစကားမျိုး မပြောအပ်ဘူး။ “ခင်ဗျားတို့ ကုနေတဲ့ဆရာဝန်က ဘယ်လိုဆရာဝန်မျိုးလဲ သိသလား။ ကျွန်တော်ပြောတယ်လို့တော့ ပြန်မပြောနဲ့နော်။ သည်လိုဗျ။” အဲဒါမျိုးလည်း မပြောသင့်ဘူး။ ကိုယ်ပြောမယ့်စကားဟာ သွေးထွက်အောင် မှန်နေပစေဦး။ သူနဲ့ သူ့လူနာအကြားမှာရှိတဲ့ ယုံကြည်မှုကို ပျက်ပြားစေတာမို့ ဂုံးချောစကားထဲမှာပဲ သတ်မှတ်ရမယ်။ “သေသွားပြီ မဟုတ်လား။ ငါအစကတည်းက ထင်သားပဲ။ နင်တို့က အဲသည်ဆရာဝန်နဲ့မှ သွားကုတာကိုး။ သူက … ။” လုံးဝ မပြောသင့်ဘူး။ “ကဲ။ ငါမပြောဘူးလား။ နင်တို့ ငြိမ်ခံမနေနဲ့။ တရားစွဲ။ တိုင်စာရေး။ ဂျာနယ်လစ်တွေ ခေါ်ပေးမယ်။” ပို၍ မပြောသင့်ပါ ခင်ဗျာ။ အများက မောင်းအဖြစ် သတ်မှတ်ထားတဲ့ မောင်စံဖားကလေးတောင် အဲသလို စကားမျိုးတွေကို ဘယ်တုန်းကမှ မပြောခဲ့ဖူးပေါင်ဗျာ။ အဲသည်လို အဓိပ္ပါယ် သက်ရောက်သွားစေမယ့် စာမျိုးတွေလည်း ဘယ်နေရာမှာမှ မရေးဖူးပေါင်ဗျာ။ ဒါပေသိ အဲသည်စကားမျိုး ပြောတဲ့သူတွေက ပြောခဲ့လို့ မကြာခဏဆိုသလို မီးခိုးကြွက်လျှောက် ဒုက္ခရောက်ရတာကလည်း တခါတလေ မဟုတ်ဘူးနော့။ မီးမရှိပဲ မီးခိုးဘယ်ကလာမတုန်း။ လောင်ထားတဲ့မီးကို လေကလေးကပင့်မှ မီးခိုးကလေးကတန်းလာမှာပေါ့။
ဒီလိုဆိုရင် လူနာတွေ ဘယ်လောက်ပဲ နစ်နာသည်ဖြစ်ပစေ၊ ကိုယ့်ဆရာဝန်အချင်းချင်းမို့လို့ ရေငုံနှုတ်ပိတ်ပြီး မသိချင်ယောင်ဆောင်နေရတော့မလို ဖြစ်နေမှာပေါ့။ အဲသလိုဆို “မမှီဝဲနဲ့ ကင်းအောင်နေ” တုန်းက ရေးခဲ့သလို “အလုပ်ထဲတွင် သင်၏လုပ်ဖော်ကိုင်ဘက်တစ်ဦးက ကျင့်ဝတ်သိက္ခာနှင့်မညီသော အပြုအမူကို လုပ်ဆောင်နေလျှင် …” ဆိုတဲ့မေးခွန်းအတွက် အဖြေကို “မသိချင်ယောင်ဆောင်နေမည်။” လို့ ဖြေရာရောက်သွားပြီ။ ပြောပြန်လည်းတစ်ပြစ် မပြောပြန်လည်းတစ်ပြစ်။ ဘယ်ဘက်ကမှလည်း မလွတ်ဘူး။ အဲဒါဆိုရင် ကိုယ်က ဘယ်နေရာမှာ ရောက်နေတာလဲ လို့ ပြန်ကြည့်လိုက်ပါ။ အရေးအကြီးဆုံးက ကိုယ်က ပြောရေးဆိုခွင့်ရှိတဲ့နေရာမှာ ဟုတ်မဟုတ် ဆန်းစစ်ရပါမယ်။ ဥပမာ လူနာနဲ့ဆွေနီးမျိုးစပ်တော်နေရင်၊ မိတ်ဆွေရင်းချာဖြစ်နေရင်၊ လူနာဘက်က ပြောရေးဆိုခွင့်ရှိတာပေါ့။ ဆရာပေးတဲ့ ကုသမှုကို မခံယူလိုပါဘူး လို့ ငြင်းလို့ရတာပေါ့။ ဒါဆိုလည်း အားမနာပဲ ပြတ်ပြတ်သားသား ငြင်းလို့ရပါတယ်။ လူ့အသက်ထက် ဘယ်ဟာမှ ပိုအရေးမကြီးဘူး။ နောက်ထပ် ပြောရေးဆိုခွင့်ရှိသူတွေကတော့ သူကျင့်ဝတ်ချိုးဖောက်တဲ့အရပ်ဟာ ကိုယ့်ရဲ့လုပ်ငန်းခွင်ဖြစ်နေတဲ့အခါမှာပါ။ ဥပမာ ခွဲစိတ်ခန်းထဲမှာ စည်းကမ်းအတိုင်း ပိုးကင်းစင်အောင် ကာကွယ်မှုမလုပ်ဘူးဆိုရင် ဆာဂျင်အကြီးကြီးတွေကိုလည်း မေ့ဆေးဆရာဝန်ကလေးက ပြောခွင့်ရှိပါတယ်။ သူနာပြုဆရာမလေးတွေက သတိပေးခွင့်ရှိပါတယ်။ ကျင့်ဝတ်မညီတာကိုလည်း ကိုယ့်လုပ်ငန်းခွင်မှာ အဖြစ်မခံနိုင်တဲ့အကြောင်း သိစေသင့်တာပေါ့။ သူပိုင်တဲ့ ရုံးခန်းထဲကကိစ္စကို လိုက်မပြောရင် ပြီးတာပဲ။ ကိုယ်ကတာဝန်ရှိတဲ့ ဌာနအကြီးအကဲဖြစ်နေတယ်ဆိုရင်တော့ မပြောပဲ မသိချင်ယောင်ဆောင်နေခြင်းဟာ အမှုတွဲထဲပါတယ်လို့သာ သဘောထားပါ။ သူတို့ကျတော့ အမှန်တကယ် မသိလိုက်ပါဘူးဆိုရင်တောင် ကိုယ့်ဝတ္တရားပေါ့လျော့ရာရောက်တာပေါ့။
လူနာနဲ့လည်း ဘယ်လိုမှ မပတ်သက်ဘူး။ သူလုပ်နေတဲ့ လုပ်ငန်းခွင်ကလည်း ကိုယ်နဲ့ အဝေးကြီး။ မနီးစပ်ဘူး။ သူ့ဆရာနဲ့သူ့လူနာကလည်း ကြေကြေနပ်နပ်ကြီး ကုနေတယ်။ သေချင်သေနိုင်တယ်။ သေဖို့များတယ်။ သိနေပြီးသားတောင်မှ အလကားနေရင်း ၀င်ပြီး ကြားလေသွေးမယ်ဆိုရင်တော့ ကိုယ့်ဘက်က ဖောင်းဖြစ်ပါတယ်။ သူပြုတဲ့အမှုဟာ သူ့အကုသိုလ်သာဖြစ်သလို ခံရသူလူနာမှာလည်း သူနဲ့ အတုန့်အလှည့်ရေစက်ပါလို့သာ ဖြစ်တယ်။ ကိုယ့်အလုပ်တာဝန်ဟာ ဆရာဝန်တွေ စည်းကမ်းထိန်းသိမ်းပေးဖို့၊ ကျင့်ဝတ်နဲ့ညီမညီ စောင့်ကြည့်ဖို့ဆိုရင်တော့ အရေးယူဆောင်ရွက်ရမှာပေါ့။ မဟုတ်ပဲနဲ့တော့ ကိုယ့်အလုပ်လား။ သူကုသမျှလူနာတွေ လိုက်တောခြောက်ထုတ်ဖို့ဆိုတာက ရာမခရစ်သျှနားကြီးရဲ့ ပုံပြင်ထဲက ပြည့်တန်ဆာအိမ်ဝမှာ လူတစ်ယောက်ဝင်တိုင်း ကျောက်ခဲတစ်လုံး ကောက်ကောက်ပုံတဲ့ ရသေ့ကြီးလိုပဲ သေတဲ့အခါ ငရဲကျရမှာက ကိုယ်ဖြစ်နေပါ့မယ်။ အလားတူ အဖြစ်အပျက်မျိုးမှာ ဘယ်လိုလုပ်တာ အကောင်းဆုံးလဲ ဆိုတာကိုတော့ ကမ္ဘာ့အခင်းအကျင်းအသစ်စာအုပ်ထဲမှာ ဖတ်လိုက်ရပြီး အမှတ်မထင် အတုယူလိုက်မိပါတယ်။ သူ့မိတ်ဆွေတစ်ယောက် ဆေးကုရင်းကုရင်း သေလုမြောပါးဖြစ်နေခိုက်မှာ အိမ်လာလည်တဲ့ဆရာဝန်က ဆေးမှတ်တမ်းတွေဖတ်ပြီး ကုနေတဲ့ဆရာဝန်ကို သိတဲ့အခါမှာ ဘာတစ်ခွန်းမှ မပြောတော့ပဲ “ဆရာပြောင်းကုလိုက်ပါ။ ပြောင်းဖြစ်အောင် ပြောင်းပါ။” အဲသည်တစ်ခွန်းပဲ ပြောပြီး ဘာကိုမှ ရှင်းမပြပါဘူးတဲ့။ လူနာအသက်ချမ်းသာရာရသွားတဲ့အခါမှာတောင် ဘာကြောင့်ညာကြောင့် ပြောမပြပဲ ဆရာဝန်အချင်းချင်း အတင်းမတုပ်တဲ့ အဲသည်ဆရာကို လေးစားသွားပါတယ်။ ကြားကနေ ကျေးဇူးအတင်ခံချင်လို့လည်း မဟုတ်သလို၊ တဘက်သားဆရာဝန်ကို အပုပ်ချတဲ့သဘောလည်း မမည်ဘူး။ လူနာရဲ့အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ရာလည်း ရောက်တယ်။ တော်ရောပေါ့ အဲလောက်ဆို။
တကယ်တော့ အလုပ်ထဲက ဆရာဝန်အချင်းချင်းဟာ လမ်းလည်ခေါင်ထိပ်တိုက်တွေ့တဲ့ ပုရွက်ဆိတ်ကလေးများလိုပဲ အင်တင်နာချင်း ထိလိုက်တွေ့လိုက်ရုံနဲ့ ရှည်ရှည်ဝေးဝေး ပြောစရာမလိုပဲ တစ်ယောက်အကြောင်းတစ်ယောက် ဓါတ်ပေါက်ကြတာများပါတယ်။ အပြင်လူတွေထက်စာရင် မြွေမြွေချင်း ခြေမြင်တာလည်း သဘာဝမကျပေဘူးလား။ ဈေးထဲမှာ “အပြောကတော့ ရွှေမန်း” ဆရာဝန်တွေ ၀က်ဝက်ကွဲ နံမယ်ကြီးချင်ကြီးမယ်။ ကိုယ်ချင်းကိုယ်ချင်းကြတော့ သူဘယ်လို က မယ်ဆိုတာ မြင်ဖူးပြီးသားဖြစ်တဲ့အတွက် သူများဖိုးစိန်တိုင်း လိုက် မစိန်ကြပါဘူး။ သို့သော်လည်း ကိုယ်မမြင်ချင် မကြည့်ရုံပဲရှိတယ်။ နင်တို့မင်းသား ဘယ့်နှယ်ညာ့နှယ်တော့ မပြောဘူးပေါ့။ နို့မို့ ကိုယ်ကပဲ မနာလိုတိုရှည် စိတ်ပုပ်ရာကျဦးမယ်။ တကယ်ကောင်းတဲ့ တော်တဲ့သူတွေဆိုလည်း ဘယ်လောက်ပဲ ရွက်ပုန်းသီးဖြစ်ဖြစ် အပွေးမြင် အပင်သိမို့ ကြော်ငြာဝင်နေစရာ မလိုဘူး။ အရေးအကြောင်းရယ်လို့ ကိုယ့်အိမ်မှာ သေကောင်ပေါင်းလဲ နာရေးဖျားရေး ရှိတဲ့အခါ ဘယ်သူ့ဆီ ဘယ်လိုသွားရမယ်ဆိုတဲ့ အကြံဥာဏ်ကို သူတို့နဲ့တိုင်ပင်တာ မမှားပါဘူး။ အပြင်လူတွေကတော့ အဲလိုအချိန်မှာ အမှားနဲ့တွေ့ရတာဟာ ဈေးအကြီးဆုံး၊ လူကြိုက်အများဆုံး၊ နံမယ်အကြီးဆုံးတွေသာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယုံကြည်ရွေးချယ်ကုသကြပြီး အခန့်မသင့်လို့ တလွဲတချော်ဖြစ်ပြီဆိုတာနဲ့ သည်လောက်ပိုက်ဆံအကုန်ခံထားရတာ သည်လိုဖြစ်စရာလား လို့ ယူကြုံးမရ ဖြစ်ကြမှာပေါ့။
ဒီနေရာမှာတော့ ကိုယ်နဲ့နည်းတူ အစိုးရအလုပ်ဝင်မိလို့ လူလုံးမလှ ချွတ်ခြုံကျရပါတယ်ဆိုတဲ့ ဆရာဝန်မောင်မယ်များကို အားပေးစကားပြောချင်ပါတယ်။ သည်ကနေ့ခေတ်မှာ ပိုက်ဆံဘယ်လောက်ပဲရှိရှိ၊ မိသားစုထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လာပြီဆိုရင်တော့ ကိုယ်တိုင်လည်း ကုသပေးနိုင်သလို လိုအပ်လာတဲ့အခါမှာလည်း အသင့်တော်ဆုံး ဆရာကြီးသမားကြီးတွေဆီမှာ မျက်နှာလေးတစ်ခု အရင်းပြုပြီး ဆွေးနွေးနှီးနှောတိုင်ပင် အကြံဥာဏ်များတောင်းခံနိုင်တယ် မဟုတ်ဘူးလား။ လူကိုယ်တိုင် လက်လှမ်းမမီဦးတော့ ကိုယ်ပါဝင်နေတဲ့ ကျန်းမာရေးကွန်ယက်ထဲကနေ တတ်နိုင်သလောက် ချိတ်ဆက်လို့ အဝေးရောက်စောင့်ရှောက်မှုတွေ ပေးနိုင်ပါသေးတယ်။ အစိုးရအလုပ်ကို စိတ်နာနာနဲ့ထွက်ပြီး အပြင်ရောက်သွားမှ နာရဖျားရတဲ့အခါ ဘယ်လောက် အားငယ်စရာကောင်းသလဲ သိပါလိမ့်မယ်။ ကိုယ်တိုင်အလုပ်ဝင်လုပ်နေတဲ့ ကျန်းမာရေးမိသားစုအကြောင်းကို ကိုယ်သာလျှင် အသိဆုံးမို့လို့ လူနာအတွက် လူမှန် နေရာမှန်မှာ ကုသမှုအမှန်အကန် ရရာရကြောင်း အကြံကောင်း အဆက်အသွယ်ကောင်းတွေလည်း ရနိုင်တာပေါ့။ ဘာရောဂါဖြစ်ရင် ဘယ်သူ့ဆီညွှန်းပို့တာ အဆင်ပြေဆုံးဖြစ်မယ်ဆိုတာလည်း နားလည်တယ်လေ။
အင်္ဂလန်၊ ဥရောပ၊ အမေရိက မှာ ဘယ်လိုစံနစ်မျိုးရှိသလဲဆိုတာ မရောက်ဖူးသေးလို့ မသိပါဘူး။ စင်္ကာပူမှာတော့ အထူးကုဆရာဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် တခြားဆရာဝန် တစ်ယောက်ယောက်က အဲသည်ဆရာဝန်ကြီးရဲ့ ကုသမှု အကြံဥာဏ်ကို တောင်းခံတဲ့ လွှဲစာပါမှ ကြည့်ပေးတယ်လို့ ပြောကြပါတယ်။ “ထူးထူးရှယ်” မှာကတည်းက ကိုယ့်ဆီမှာလည်း အဲသလို ညွှန်းပို့ပြသစံနစ် (Referral system) တစ်ခု လိုအပ်နေတဲ့အကြောင်း ပြောခဲ့ဖူးပါတယ်။ ဆရာဝန်အငယ်တွေဘက်ကလည်း “ကော်မရှင်ရတဲ့ဆရာကြီးဆီလွှဲမှာပေါ့။ တို့ကို ခွဲခန်းထဲ အကူခေါ်ရင် လွှဲပေးမယ်လေ။” ဆိုတာမျိုး မရှိပဲ သမာသမတ်ကျကျ ကိုယ့်ဆရာသမားတွေရဲ့ ပညာကို သိက္ခာကို လေးလေးစားစား ညွှန်းပို့တဲ့အခါ၊ အကြီးတွေဘက်ကလည်း “ကြည့်စမ်း။ သည်ကောင်လေးတွေ ဘာမှလည်း မတတ်ဘူး။ ဘာမလုပ်ထားဘူး။ ဘာတွေ လျှောက်လုပ်ထားတယ်။” ဆိုတာမျိုး လူနာရှေ့မှာ အတင်းမတုပ်ပဲ ဆရာဝန်ချင်း လေးစားသမှုနဲ့ လက်ခံကုသပေးတဲ့အခါ၊ လူနာတွေဘက်ကလည်း ဆရာဝန်အချင်းချင်းကြားမှာ ဟိုဆရာကတော့ ဘယ်လို သည်ဆရာကတော့ ဘယ်ဝါ ဘုရားတကာ ရန်တိုက် မလုပ်ကြတော့တဲ့အခါ၊ တော်တော်စိတ်ချမ်းသာစရာ ကောင်းလိမ့်မယ် ထင်ပါရဲ့။
လူဆိုတဲ့သဘောဟာ သူများကိစ္စတွေမှာ စပ်စုတတ်မြဲ ဓမ္မတာမို့ အတင်းပြောတယ်ဆိုတာလည်း ၀ါသနာပါသူတွေအတွက် အောင့်ထားလို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး။ စာရေးတဲ့သူတွေက ပိုဆိုးတော့တာပေါ့နော်။ “ပြောပြစရာတွေကလည်း တပုံကြီး ကျန်သေးတယ်ရှင့်” “မကျည်းတန်ရေ ပြောတော့မယ် နားထောင်” “ပြောရမှာပေါ့ မခင်ကျော့ရယ်” “ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ” “ပြောချင်လွန်းလို့” အစရှိတဲ့ ပင်တိုင်ဆောင်းပါးတွေအားလုံးဟာ သူများအကြောင်းတွေ ပြောတယ်ဆိုတာထက် ကိုယ့်အမြင်ကိုယ့်အတွေးကို ပြောတယ် လို့ မယူဆဘူးလား။ အခုပြောတဲ့ဆောင်းပါးတွေကို ဘယ်သူတွေရေးသလဲ သိသလား။ ဖတ်ဖူးသလား။ မသိသေးရင် ရှာဖတ်ထားဦးနော်။ တော်တော်ကြာ PSC အင်တာဗျူးကျ အမေးခံရရင် မဖြေနိုင်ပဲနေဦးမယ်။ အဟက် အဟက်..။

1 comment:
ကျော်ဟိန်း ဖီလော်ဆိုဖီ
အခုသီချင်းဗွီဒီယိုကို ဝေမျှရတဲ့ အကြောင်းရင်းကတော့ ကျော်ဟိန်းရဲ့ ဒဿန ဖီလော်ဆိုဖီတွေကို သိစေချင်လို့ ဖြစ်တယ်။ သူ့ရဲ့ ဖီလော်ဆိုဖီတွေကတော့...... ၁။ တန်ဖိုးအကြီးဆုံးအရာက ဘယ်ဥစ္စာမှ အကြာကြီး မဟုတ်ဘူး... ဘာကိုမှ မပိုင်ဘူးဆိုတဲ့ ဒဿနဘဲ... စိတ်ကို ပစ္စုပ္ပန်မှာ တည့်တည့်ထားရင် မတည်မြဲခြင်းနဲ့ မပိုင်ဆိုင်ခြင်းတွေကို ကိုယ်တိုင် တို
က်ရိုက် သိနိုင်တယ်။ အဲဒါ အမှန်တရားဘဲ... ၂။ သေမင်းကို ကြောက်စရာမလိုဘူး... သေမင်းဆိုတာ ငါတို့ အားလုံးရဲ့ ဘော်ဒါကြီးဘဲ.... ပြေးလွတ်မလွတ်နိုင်ဘူး... ပုန်းနေရင်လည်း တွေ့မှာဘဲ.. ကျော်ဟိန်းရဲ့ ယုံကြည်ချက်ကို ပြောရမှာ.. (က) သူ့ဘ၀ကို ပစ်စလတ်ခတ် ဖျက်ဆီးပစ်လည်း ဂရုမစိုက်ဘူး... (ခ) သူ့မျက်လုံးတွေ မမြင်ရအောင် ဖောက်ထုတ်ပစ်လည်း ဂရုမစိုက်ဘူး.. (ဂ) သူ့တကိုယ်လုံးကို ရိုက်ချိုးပစ်လည်း ဂရုမစိုက်ဘူး... (ဃ) သူ့ပါးစပ်က ဘာမှ ပြောလို့ မရအောင် ပိတ်ပစ်ထားလည်း ဂရုမစိုက်ဘူး... (င) သူ့နားနှစ်ခုစလုံးကို ထိုးဖောက်ပစ်လည်း ဂရုမစိုက်ဘူး (စ) သူ့နှလုံးသားကို ခံစားလို့ မရအောင် နင်းချေပစ်လည်း ဂရုမစိုက်ဘူး... (ဆ) သူ့တစ်ယောက်တည်းကိုဘဲ ၀ိုင်းသမနေလည်း ဂရုမစိုက်ဘူး... (ဇ) သူယိုင်လဲရင် ပြန်ထပြီး ဆက်လျှောက်မယ်... အရှုံးမပေးဘူး... (ဈ) သူရေးခဲ့တဲ့ သူ့သမိုင်းစာမျက်နှာတွေက တစ်ရွက်ပြီး တစ်ရွက်....မင်းရော ရေးပြီးပြီလား... မင်းဘာတွေ လုပ်ပြီးပြီလဲ... မလုပ်ရသေးရင် လုပ်လိုက်ပါတော့... အချိန်မရှိဘူး... နောင်ဘ၀ဆိုတာတွေက မသေချာဘူး...ထပ်ပြောမယ်... ဒါအားလုံးကို ပြောတာ.. မြန်မာနိုင်ငံကြီးကို ကျေးဇူးတင်တယ်.. လူသားအားလုံးကို လေးစားတယ်... ကဲ... အခု ကျော်ဟိန်း သီချင်းဗွီဒီယိုကို ကြည့်ပြီးတဲ့ သူငယ်ချင်း ညီအကို မောင်နှမတွေရော ကိုယ့်သမိုင်းမှာ ဘာတွေ လုပ်ပြီးပြီလဲ.....ကျော်ဟိန်း ပြောသလို မလုပ်ရသေးရင် လုပ်လိုက်ပါတော့လို့ တိုက်တွန်းပါရစေဗျာ..
Post a Comment