
ကျနော့်ကို ၁၉၆၂ ခုနှစ် ဇွန်လမှာမွေးတာ။ ကျနော့်ကိုမွေးတော့ ဗမာပြည်က အမှောင်ကျသွားရှာပြီ။ ဘာဖြစ်လို့လည်း ဆိုတော့ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ ဗမာ့တပ်မတော်က ၁၉၆၂ ခုနှစ်မတ်လ ၂ ရက်နေ့မှာ ဒီမိုကရေစီနည်းကျ ရွေး ချယ်တင်မြောက်ထားတဲ့ ဦးနု အစိုးရဆီကအာဏာကို သိမ်းလိုက်တာ ၄ လ ရှိသွားပြီ။
တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံးသာလို့တော့လို့လို့ သူကဆိုတယ်။ သူဆိုလိုတာက တိုင်းရင်းသားတွေပြည်ထောင် စုက ခွဲထွက်တော့မယ်။ ဗမာပြည်က အစိတ်အစိတ်အမွှာမွှာဖြစ်တော့မယ်လို့ ဆိုလိုတာ။
တကယ်ကမဟုတ်ဘူး။ တိုင်းရင်းသားတွေနဲ့ဗမာတွေ ပိုပြီးနားလည်းမှုရလာတာ။ ဖယ်ဒရယ် ပြည်ထောင်စုစနှစ်ကို ကျင့် သုံးဖို့ သူတို့နားလည်မှုရသွားကြတာသာ ဖြစ်တယ်။ ဒီအကြောင်းကို ဦးနုရဲ့ တာတေစနေသားထဲမှာ ရှင်းထားတယ်။ ဒီ ထဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ မှတ်ချက်တွေလည်းပါတယ်။
ကျနော့်ကိုမွေးပြီး တပတ်အကြာ ၁၉၆၂ ဇူလိုင် ၇ ရက်နေ့ မှာ သမိုင်းဝင် ကျောင်းသားသမဂ္ဂကြီးကိုလည်း မိုင်းဗုံးတွေတပ် ပြီး ဖြိုခွဲချလိုက်တယ်။ သမဂ္ဂအဆောက်ဦကြီးလည်း မြေပေါ်မှ ပြားပြားဝပ်ကျသွားတယ်။ ကျောင်းသားတရာကျော် အ သတ်ခံခဲ့ရတယ်။
နောက်များမကြာမီမှပဲ နိုင်ငံရေးပါတီအသင်းပင်းတွေ သတင်းစာလွတ်လပ်ခွင့်တွေ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပင်ခဲ့တယ်။ မြန်မာပြည်ကို ဆိုရှယ်လစ်လမ်းစဉ်နဲ့ အုပ်ချုပ်တော့မယ်လို့ တော်လှန်ရေးကောင်စီက ကြေညာခဲ့ရာက တိုင်းပြည်တခုလုံးဘေး ဒုက္ခပေါင်းစုကို တွေကြုံရတော့မဲ့ ခေတ်ဦးအစကြီး ဖြစ်လာတော့တယ်။
ကမ္ဘာ့နိုင်ငံရေးကိုကြည့်ရင်လည်း အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ဆိုဗီယက် အယူဆရေးရာ ထိပ်တိုင်ရင်ဆိုင် မှုကြောင့် ကမ္ဘာတလွားမှာ တင်းမာမှုတွေ ဖြစ်နေတယ်။ အာရှတိုက်မှာဆိုရင် ဗီယက်နမ်စစ်။ ကိုးရီးယားကျွန်းဆွယ် ပြဿနာ။ လာအို ကမ္ဘာဒီယားတွေမှာ ပြည်တွင်းစစ်တွေ ခြိမ်းခြိမ်းသဲသဲ ဖြစ်နေတော့တာပေါ့၊ တရုပ် အမေရိကန် အား ပြိုင်မှုက ဒေသဆိုင်ရာမှာ တင်းမာမှုတွေဖြစ်နေချိန်၊ ဒေသဆိုင်ရာ ကွန်မြူနစ်လှုပ်ရှားမှုတွေကို တရုပ်နိုင်ငံက အားပေးနေ ချိန် ဖြစ်တယ်။
ဒီအချိန်မှာ နိုင်ငံတကာမှာရှိတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက ဒီမိုကရေစီ အမျိုးသားအစိုးရတွေဆီက အာဏာသိမ်းမှုတွေက ဆက်တိုက်ဆိုသလို ဖြစ်နေတယ်။ ကျနော်တို့ အိမ်နီးနားခြင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုးနီးရှား ဖိလစ်ပိုင်တွေမှာလည်း စစ်တပ်က အာဏာသိမ်းမှုတွေ အပြိုင်အဆိုင် ဖြစ်နေတယ်။
ကမ္ဘာနိုင်ငံရေးမှာ ဒီမိုကရေစီရေး လူအခွင့်အရေးဆိုတာထက် အုပ်စုချင်းအားပြိုင်းမှုတွေဖြစ်နေတော့တယ်။ လူထုတွေရဲ့ လွတ်လပ်မှုတွေ ဖျက်သိမ်းခံနေရတဲ့ အချိန်ပဲပေါ့၊ ဒီ ဂယက်တွေက ဗမာပြည်ကို ရိုက်ခတ်နေတယ်။ ဒီလိုအမှောင်ခေတ် ကြီးအစမှာ ကျနော့်ကို မွေးတာပဲ။
ကျနော့် မိဘတွေက ဦးမျိုးမြင့်နဲ့ ဒေါ်ညွန့်မေ ပါ၊ မွေးချင်းမောင်နှမ ခြောက်ယောက်ရှိတယ်။ ကျနော်က စတုထ္တမြောက်၊ ကျနော့် အဖေက စစ်သား၊ ဗမာ့တပ်မတော်မှာ တပ်ကြပ်ကြီးအထိ အမှုထမ်းခဲ့တယ်။ ဘီအိုင်အေတပ် ဝင်လာတော့ သူ စစ်ထဲဝင်လိုက်တယ်။ သူက ဖျာပုံဇာတိ၊ မြစ်ဝကျွန်းပေါ်က၊ သူတို့ နယ်က ဗိုလ်ချုပ်ကြီးလက်ယာက ဘီအိုင်အေ တပ်မှာ ခေါင်းဆောင်ဖြစ်တော့ သူ့ကိုအားကျပြီး စစ်ထဲဝင်ကြတာ။
နိုင်ငံရေးတွေဘာတွေ သိလို့မဟုတ်ဘူး။ မျိုးချစ်စိတ်ရယ် နယ်သားဆိုတဲ့အစွဲရယ်ကြောင့် စစ်ထဲဝင်တာ၊ စစ်ထဲဝင်တော့ အသက် ၁၅ နှစ်ပဲရှိသေးတယ်လို့ ဆိုတယ်။ သူစစ်တပ်ထဲတုန်းက တိုက်ပွဲထူးချွန်ဆု တခုရခဲ့တယ်။ ဆုမှာ ဗိုလ်မှူးကြီး နေဝင်း စစ်ဥပဒေချုပ်လို့ လက်မှတ်ထိုးထားတာကိုတွေ့ရတယ်။ ဦနေဝင်းက ဒီတုန်းက ရုံးအုပ်ကြီးကွလို့ အဖေက ပြောပြ တယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေ လုပ်ကြံခံရတော့ သူက တပ်ကြပ်ကလေးဖြစ်နေပြီ၊ ဈပနမှာ လုံခြုံရေး အ စောင့် တာဝန်ယူခဲ့ရတယ်။
အာဇာနည်ကြီးတွေ ရုပ်ကလပ်ကို ရန်ကုန်မြို့ ဂျူဗလီဟောမှာထားတယ်လို့ဆိုတယ်။ ဂျူဗလီဟောက ရွှေတိဂုးဘုရားနား မှာပေါ့၊ ဈာပနကို လူထုအလေးပြုပွဲတွေ လုပ်တယ်။ ဒီမှာတင် အဖေက အမေကိုတွေ့ဆုံခဲ့ကြတယ်။ အမေက ညနေတိုင်း အာဇာနည်ကြီးတွေကို လာအလေးပြုတယ်။ သူ့မိဘတွေက ဘုရားလမ်းမှာတင်နေတော့ နီးတယ်လေ၊ ဈာပနပြီးတော့ သူတို့ လက်ထပ်လိုက်ကြတယ်။
လက်ထပ်ပြီးကာစ ဇနီးမောင်နှံက သိပ်ကြာကြာ အတူမနေလိုက်ရဘူးလို့ ဆိုတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရ တော့ တိုင်းပြည်က ဝါးအစည်းပြေသလိုဖြစ်လာတယ်။ လွတ်လပ်ရေးရပြီး ၆၃ ရက်အတွင်းမှာ ပြည်တွင်းစစ်ဖြစ်လာလို့ပဲ။
လွတ်လပ်ရေးကအတုလို့ ကွန်မြူနှစ်ပါတီကဆိုတယ်။ ကရင်အမျိုးသားအစည်းအရုံးက ပြည်ထောင်စုက ခွဲထွက်မယ်လို့ ကြွေးကြော်တယ်။ ပူပူနွေးနွေး ဗမာအစိုးရက စိန်ခေါ်မှုတွေကိုရင်ဆိုင်ရတယ်။ ကွန်မြူနစ်ပါတီနဲ့ နီးစပ်တဲ့ တပ်တချို့က တောခိုကုန်ပြီး အစိုးရကိုပြန်တိုက်တယ်။ အလုပ်သမားတွေက သပိတ်မှောက်တယ်။ တတိုင်းပြည်လုံးဖရိုဖရဲ ဖြစ်သွား တယ်။ ပြည်တွင်းစစ်ဖြစ်လာတော့ ကျနော့် အဖေက အစိုးရဘက်က တိုက်ရတော့တာပေါ့။
ပြည်တွင်းစစ်ဆိုတာ အချင်းချင်းတိုက်ရတာပါကွာလို့ အဖေက ပြောလေ့ရှိတယ်။ အဖေတို့လိုအောက် ခြေစစ်သားတွေ ဆိုတော့ နေရာအနှံမှာတိုက်ခဲ့ရတယ်။ တိုက်ပွဲမှာ ဒဏ်ရာတွေလည်းမကြာခဏရခဲ့တယ်။ တချို့ကျဉ်ဆံတွေက ကိုယ်ထဲ မှာရှိတုန်း။ ကျနော်တို့ငယ်ငယ်တုန်းက သူကိုယ်ကြည့်ပြီး သိပ်အားကျတာ၊ သူ့လိုစစ်တိုက်ချင်တယ်။ သူတိုက်ခဲ့တဲ့ တိုက် ပွဲတွေ အကြောင်းကိုသူက ပြောပြလေ့ရှိတာကိုး၊ သူတိုက်ဖူးတဲ့နယ်မရှိဘူးလို့ပြောတယ်။ ရှမ်းပြည်ကချင်ပြည် အထက် ဗမာပြည် မြစ်ဝကျွန်းပေါ်အစုပဲ၊ သူကစစ်သားဆိုပေမဲ့ ကျနော်တို့ညီအကိုတွေကို စစ်ထဲမဝင်မှာကိုသူကမကြိုက်ဘူး၊ ကြိုက်တာလုပ်စားကွာ စစ်ထဲတော့မဝင်ကြနဲ့လို့ သူပြောလေ့ရှိတယ်။ စစ်ကို သူမုန်းလာပုံရတယ်။
သူတပ်က ခဏခဏ နယ်ပြောင်းရွေ့တာဝန်ကြတော့ ကျနော်တို့မောင်နှမတွေလည်း တယောက်တနယ်မွေးတယ်။ ကျနော်က ဖဒိုရွာမှာ မွေးတယ်။ ဖဒိုဆိုတာက ရန်ကုန်ကနေ သိပ်မဝေးဘူး၊ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှာပါတယ်။ အလွန် ဆုံးရှိမှာ မိုင် ၇ဝ လောက်ပေါ့၊ လမ်းကောင်းရင် ၃ နာရီ ၄ နာရီ သာသာပါ။
ဖဒို ဆိုတာ ကရင်နာမည်၊ လူကြီး သို့မဟုတ် ခေါင်းဆောင်လို့ အဓိပါယ်ရှိတယ်။ ကရင်တွေများတယ်။ ဒါကြောင့် ကျနော် အမေက နင်က ရင်သေလို့ဝင်စားတာ ဖြစ်မယ်လို့ နောက်လေ့ရှိတယ်။ ကျနော်ကို ဒီလိုပြောရင် ကျနော်ကလည်း သိပ် ဝမ်းသာတာ။
ဖဒိုက ရန်ကုန်ကနေမဝေးလှပေမဲ့ လမ်းပန်းဆက်သွယ်ရေးမကောင်း။ ခေတ်က မတည်မငြိမ်ဖြစ်နေတာကတကြောင်း ကြောင့် ရန်ကုန်နဲ့ ဖဒိုက နီးရက်နဲ့ဝေးတယ်။ ဒီခရီးလေးကို ၂ရက် ၃ ရက်သွားရတယ်လို့ အမေကပြောဖူးတယ်။
ကျနော်ကိုမွေးတော့ ဖဒိုမှာ၊ ဆေးဝါးရှားတော့ အမေက ရန်ကုန်မှာသွားပြီး မွေးချင်တာ၊ ဒါကြောင့် ရထားနဲ့ ရန်ကုန်ကို တက်ဖို့ ဘူတာကိုဆင်းလာတယ်။ ညနေမှာ အဖေက ကမန်းကတမ်းလိုက်လာပြီး သူပုန်တွေ ရထားကိုမိုင်းထောင်မယ် လို့ သတင်းရတယ်။ မညွန့်မေ ရေ မသွားပါနဲ့ ဦးဆိုပြီး ညဖက်မှာ ပြန်ခေါ်လာတယ်။ ဒီညမှာပဲ ကျနော်ကို မွေးတော့တာ ပဲ။
ဇွန်လဆိုတော့ ဝါဆို ဝါခေါင် ရေဖေါင်ဖေါင်ဆိုတဲ့အတိုင်း မိုးက ဝုန်းဒိုင်းကြဲအောင်ရွာနေတယ်။ မိုးသီးတွေ တဗြုန်းဗြုန်း ကျနေတယ်။ ဝမ်းဆွဲလုပ်ပေးတဲ့ အမေ့သူငယ်ချင်း အဒေါ်မစိန်တင်ကြီးက အမလေးတော် မိုးကလည်းကောင်းလိုက်တာ ဒီကလေးကို မိုးသီး လို့သာ နာမည်ပေးလိုက်ပါတော့လားဆိုပြီး ပြောသတဲ့။ အမေက မစိန်တင်ရယ် မလုပ်လိုက်ပါနဲ့ ကျုပ်သားလေး လူဆိုးဖြစ်သွားပါဦးမယ်လို့ပြောတယ်။ မိုးသီးဆိုတာ ဇာတ်တွေထဲမှာ လူဆိုးတွေပေးလေ့ရှိတဲ့နာမည်ကိုး။ အမေ့စိုးရိမ်မှုက မပြေပြောက်ခဲ့ဘူး။ နောက် ၂၆ နှစ်အကြာမှာ ကျနော်ကို မဆလ အစိုးရက လူဆိုးစာရင်းသွင်းသဗျ။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာမှာ ကျနော်ကို နိုင်ငံတော်ကို လက်နက်ကိုင်ပုန်ကန်မှုနဲ့ သေဒဏ်ပေးခဲ့လို့ပဲ။
(ဆက်လက်ရေးသားပါဦးမယ်)
မိုးသီးဇွန်
No comments:
Post a Comment