Thursday, September 13, 2012

ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း



အိန္ဒိယ-မြန်မာဆက်သွယ်မယ့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေ ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းခွင်က ထွက်လာတဲ့ တုန်ခါမှုအသံတွေဟာ ပတ်ဝန်းကျင်ကို များစွာထိခိုက်မှုရှိနေတဲ့ အတွက် အဲဒီအသံတွေကို လျှော့ချပေးဖို့ စစ်တွေအခြေစိုက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးအဖွဲ့ (ရခိုင်ပြည်နယ်) က ဒီစီမံကိန်းကို အဓိကအကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ အိန္ဒိယနိုင်ငံအခြေစိုက် ESSAR ကုမ
္ပဏီကို စက်တင်ဘာလ ၁၃ ရက် မနေ့က တောင်းဆိုလိုက်ပါတယ်။

ဒီတောင်းဆိုချက်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးမောင်လှဝင်းက RFA ကိုပြောရာမှာ-
ဆိပ်ကမ်းတည်ဆောက်တဲ့နေရာက အသံတွေကြောင့် မြို့လူထုက မခံနိုင်ကြကြောင်း၊ ဒါ့အပြင် ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းဟာ ဆေးရုံနဲ့လည်း ကပ်ရက်တည်ရှိကြောင်း ပြောပါတယ်။ ဆူညံသံများထွက်ပေါ်စေမယ့် လုပ်ငန်းတွေကို အထူးသဖြင့် ညပိုင်းတွေမှာ ရပ်နားစေလိုကြောင်း ပြောပါတယ်။

အဲဒီဆိပ်ကမ်းလုပ်ငန်းခွင်က ထွက်လာတဲ့ အသံတုန်ခါမှုတွေဟာ ပတ်ဝန်းကျင်ကို ထိခိုက်မှု ကြီးမားတဲ့ အတွက် လျှော့ချပေးဖို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က မြို့ခံလူထု ၁၂၀ ကျော် လက်မှတ်ထိုးပြီး ဆိပ်ကမ်းအာဏာပိုင်တွေကို တင်ပြခဲ့ကြပေမယ့် တစုံတရာ ထူးခြားမှု မရှိကြောင့် အခုလို ESSAR ကုမ္ပဏီကို တိုက်ရိုက် တောင်းဆိုလိုက်ရတာ ဖြစ်တယ်လို့လည်း ဦးမောင်လှဝင်းက ဆိုပါတယ်။

အခုလက်ရှိ အခြေအနေအရ စစ်တွေမြို့ပေါ်မှာ ပုဒ်မ-၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့အတွက် ဆိပ်ကမ်းတည်ဆောက်မှု လုပ်ငန်းခွင် အတွင်းက ထွက်ပေါ်လာနေတဲ့ ပိုင်ရိုက်သံတွေဟာ မြို့ခံလူထု အပေါ် အထိတ်တလန့် ဖြစ်စေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်တွေဆိပ်ကမ်း တည်ဆောက်မှု လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ဆိုင်ရာတွေကို လျှော့ချပေးသွားဖို့ အတွက် စစ်တွေမြို့ခံလူထုက တရားဝင်ဆန္ဒပြသွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

အိန္ဒိယ-မြန်မာဆက်သွယ်မယ့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းကို ၂၀၁၀ နှစ်ကုန်ပိုင်းက စလို့ အမေရိကန်ဒေါ်လာ သန်း ၁၂၀ အကုန်အကျခံ တည်ဆောက်နေတာဖြစ်ပြီး အဲဒီစီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေ ဆိပ်ကမ်းကို လာမယ့် ၂၀၁၃ ခုနှစ်မှာ အပြီးသတ်မယ်လို့ ခန့်မှန်း ထားပါတယ်။

No comments: