Friday, May 15, 2009

Burmese NEWS

NEJ / ၁၅ မေ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုရန် အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းလိုက်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက နအဖစစ်အစိုးရအား တိုက်တွန်းလျက်ရှိသည်။ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ခြံဝင်းအတွင်း နိုင်ငံခြားသားတဦး တရားမ၀င် ရေကူးဝင်ရောက်ခဲ့သည့်ကိစ္စအား သက်ဆိုင်ရာသို့ အကြောင်းမကြားခဲ့သည့် အမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့ မေ (၁၄) တွင် အင်းစိန်ထောင်သို့ပို့ကာ ထောင်တွင်းအထူးတရားရုံးတွင် တရားစွဲဆိုခဲ့သည်။ယင်းသို့တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းက အထူးစိုးရိမ်မိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားနိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ကြေညာသည်။မြန်မာနိုင်ငံတွင် စစ်အစိုးရနှင့် အတိုက်အခံများကြား အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ကန့်သတ်ချက်များ မပါဘဲ အမြန်ဆုံးပြုလုပ်ပေးရန်လည်း မစ္စတာဘန်ကီမွန်းက ယနေ့ ထပ်မံတောင်းဆိုလိုက်သည်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်မံစွဲဆိုထားမှုနှင့်ပတ်သက်၍ စစ်အစိုးရတွင်သာ တာဝန်ရှိကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။၎င်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို လုံခြုံရေးအစောင့်တွေက စောင့်ကြပ်ကြည့်ရှုနေတာကြောင့် အခုလို ကျူးကျော်ဝင်ရောက်မှု မဖြစ်အောင်ကာကွယ်ရမှာက သူတို့ရဲ့တာဝန်ပဲ” ဟု ပြောသည်။စစ်အစိုးရ၏လုပ်ရပ်သည် တရားဥပဒေနှင့်မညီသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ (၂) ဦးတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း မစ္စတာကင်တားနားက တောင်းဆိုလိုက်သည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာအစိုးရ၏ အခြေအမြစ်မရှိသည့် စွဲဆိုမှုကို အလွန်စိတ်ပျက်မိကြောင်း၊ စစ်အစိုးရက အကြောင်းရှာပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ချုပ်နှောင်ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။ဗြိတိန်၊ ပြင်သစ်နှင့် အခြားအနောက်နိုင်ငံများကလည်း ဒေါ်အောင်ဆန်းစုကြည်အား ထပ်မံထိန်းသိမ်း အမှုဖွင့်ခဲ့သည့်အပေါ် ပြစ်တင်ရှုတ်ချလိုက်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် မသင့်လျော်သည့်လုပ်ရပ်ဟု ပြောဆိုလိုက်သည်။လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးရေးကြိုးပမ်းရန်အတွက် ကုလလုံခြုံရေးကောင်စီကို တောင်းဆိုလိုက်သည်။အာရှနိုင်ငံများအနက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အခြေအနေများကို အထူးသတိထားစောင့်ကြည့်နေကြောင်း မြန်မာစစ်အစိုးရကို ပြောကြားခဲ့ကြောင်း သိရသည်။မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှ ၀န်ကြီးချုပ် အဘီဆစ်ကလည်း မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ နိုင်ငံရေး လမ်းညွှန်ချက်များအတိုင်း အကောင်းဘက်သို့ ဦးတည်ဆောင်ရွက်သွားရန်နှင့် နိုင်ငံရေးဖြစ်စဉ်များတွင် အားလုံးပါဝင်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

No comments: