Wednesday, May 13, 2009

Burma VS USA




အမေရိကန် စာနယ်ဇင်းသမား နှစ်ဦး မြန်မာနိုင်ငံမှ နှင်ထုတ်


မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ 13 2009 15:53 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ မန္တလေးတွင် ဆောင်းပါး ရေးသားနည်းနှင့် ဓာတ်ပုံပညာ သင်ကြားပို့ချနေသည့် အမေရိကန် စာနယ်ဇင်းသမား နှစ်ဦးကို အာဏာပိုင်များက မြန်မာနိုင်ငံအတွင်းမှ မကြာသေးခင်က နှင်ထုတ်ခဲ့သည်။ ယခုလ ၆ ရက်နေ့ ညနေပိုင်းက ဂျယ်ရီရက်ဒ်ဖန်းမ်နှင့် ကယ်ရင်ကုတ်စ်ကို မန္တလေးရှိ သူတို့ နေထိုင်သည့် တည်းခိုခန်းမှ ဖမ်းဆီးခဲ့၍ ရန်ကုန်သို့ ရထားဖြင့် ပို့ဆောင်ကာ၊ နောက်တရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ လေယာဉ်ဖြင့် တင်ပို့ခဲ့ခြင်း ဖြစ်သည်။ ယခုလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည့် သူတို့နှစ်ဦး၏ ကြေညာချက်ထဲ၌ မြန်မာ သင်တန်းသားများအား ဖြစ်ရပ်မှန် ဆောင်းပါးများ ရေးသားနည်းနှင့် ဓာတ်ပုံပညာ သင်ကြားပေးခြင်းကို ရန်ကုန်မြို့ရှိ အမေရိကန်စင်တာမှ စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံ စာပေစိစစ်ရေးအဖွဲ့ (ဆင်ဆာဘုတ်) ကလည်း ခွင့်ပြုထားပြီးဖြစ်သည်ဟု ဆိုထားသည်။ ''ယခုလ ၆ ရက်နေ့ ညစာစားပြီးချိန်မှာ ကျနော်တို့ကို ဟိုတယ်မှာ လာဖမ်းတာပါ။ သူတို့ပြောတာကတော့ ကျနော်တို့ သင်ကြားမှုအဆုံး၊ နောက်ဆုံးသင်တန်းအပြီး နာရီဝက်လောက်မှာ နေပြည်တော်က ဖမ်းဖို့ အမိန့်ရတယ်လို့ ပြောတာပါပဲ“ ဟု ကြေညာချက်ထဲတွင် ပြောသည်။ မြန်မာနိုင်ငံ၏ နေပြည်တော်ဟု တရားဝင် နာမည်ပေးထားသော တောထဲတွင် တည်ရှိသည့် စစ်အစိုးရ ရုံးစိုက်ရာ မြို့တော်သစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေး အရာရှိများသည် ဟိုတယ်ဧည့်ခန်းသို့ ၆ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာပြီး၊ သူတို့၏ ပစ္စည်းများကို သိမ်းဆည်းခိုင်းကာ ဖမ်းဆီးခဲ့ကြောင်းနှင့် နောက်ဆုံးတွင် သူတို့နှစ်ဦးအား ညနေပိုင်း ရထားဖြင့် အရာရှိနှစ်ဦးက လိုက်ပါကာ ရန်ကုန်သို့ ပို့ဆောင်ခဲ့သည်။ လာရောက်ဖမ်းဆီးသူ အရာရှိများသည် ဖမ်းဆီးရခြင်း၏ အကြောင်းရင်းမှန်ကို ပြောမပြကြဘဲ၊ အများစုမှာ ကိုယ်တိုင်ပင် သိရှိပုံမပေါ်ကြောင်း သူတို့ နှစ်ဦးက ပြောသည်။ “ဘာကြောင့် ဖမ်းတယ်ဆိုတာ မပြောကြဘူး။ တော်တော်များများက ပြောတာတော့ ကျနော်တို့ကို ဘာကြောင့် ဖမ်းသလဲဆိုတာ သူတို့လည်း မသိဘူးတဲ့။ သူတို့က ကျနော်တို့ကို ဘာမှလည်း မမေးဘူး။ ဘာမှလည်း မပြောဘူး။ ဘာမှလည်း မရှာ၊ ဘာမှလည်း မယူကြဘူး။ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာ၊ ကိုင်တွယ်တာလည်း မခံကြရပါဘူး“ ဟု သူတို့က ဆိုထားသည်။ မြန်မာနိုင်ငံတွင် ဓာတ်ပုံပညာနှင့် ဖြစ်ရပ်မှန် ဆောင်းပါးများ ဆန်းသစ်ရေးသားနည်း သင်ကြားခဲ့ပြီး၊ ထိုကိစ္စမှာလည်း စာပေစိစစ်ရေးနှင့် အထူးရဲတပ်ဖွဲ့က ခွင့်ပြုထားပြီးဖြစ်ကြောင်းလည်း ဆိုသည်။ “ကျနော်တို့ မြန်မာပြည်ကို သွားလို့ ရနိုင်ပါတော့မလားလို့ စဉ်းစားမိရင် တော်တော်ခံစားရပါတယ်။ ဒါပေမယ့် ဒါက ဒီခရီးစဉ်တွေမှာ ကျနော်တို့ကို ကူညီပေးခဲ့တဲ့ လူတွေရဲ့ လုံခြုံရေးအတွက် စိတ်ပူရတာနဲ့စာရင် ဘာမှ မဟုတ်ပါဘူး“ ဟု သူတို့က ပြောသည်။နိုင်ငံတွင်းမှ နှင်ထုတ်ရခြင်း၏ ဖြစ်နိုင်သော အကြောင်းပြချက်ကို မသိရှိရှိကြောင်း ဆိုထားသလို၊ သူတို့ကို အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ၏ ထောက်လှမ်းရေး အေးဂျင့်များ ဖြစ်သည်ဟု ပြောကြားသော ကောလာဟလများကိုလည်း ကြေညာချက်ထဲတွင် သူတို့က ငြင်းဆိုထားကြသည်။မြန်မာစစ်အစိုးရအား ဆန့်ကျင်၍ အားနည်းချက်များကို လှောင်ပြောင်သော ပြက်လုံးများကြောင့် လူသိများသော မန္တလေးမှ မုတ်ဆိတ်ညီအကိုများဟု နာမည်ကြီးသော လူရွှင်တော်များ အပါအဝင် နိုင်ငံရေးအရ ပြဿနာ ရှိနေသော သူများနှင့် တွေ့ဆုံခဲ့သည်။ ဘုန်းကြီးကျောင်းများတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် တွေ့ဆုံခဲ့သည် ဟူသော ကောလာဟလများကိုပါ သူတို့က ငြင်းဆိုထားကြသည်။ သို့သော် အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အင်းလျားကန်ကို ရေကူးဖြတ်ကျော်ခဲ့သည့် ဖြစ်ရပ်အပြီးတွင် သူတို့ကို ဖမ်းဆီးမှုနှင့် နှင်ထုတ်ခြင်း ဖြစ်လာခဲ့သည်ဟု ဆိုသည်။ မြန်မာအာဏာပိုင်များက ယခုအချိန်အထိ ဖမ်းဆီးနှင်ထုတ်မှုနှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသလို၊ ရန်ကုန်ရှိ အမေရိကန် စင်တာကလည်း ထိုကိစ္စကို မှတ်ချက်ပေးရန် ငြင်းဆိုသည်။

No comments: