Friday, May 15, 2009

Burmese NEWS

ဒေါ်စု ဖမ်းဆီး တရားစွဲဆိုမှုကို နိုင်ငံတကာ အသိုင်းအဝိုင်း၏ အမြင်များ

အင်တာဗျူး
ကိုဝိုင်း
သောကြာနေ့၊ မေလ 15 2009 18:28 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေဖြင့် တရားစွဲဆိုကာ အင်းစိန်ထောင်၌ ချုပ်နှောင်ထားသည့်အပေါ် မြန်မာ့နိုင်ငံရေး အင်အားစုများ သာမက နိုင်ငံတကာ အစိုးရများ၊ လူ့အခွင့်အရေး အဖွဲ့များကလည်း လက်ခံခြင်း မရှိဘဲ သူမ အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန် ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ကြသည်။ နိုင်ငံတကာမှ တောင်းဆိုချက်များကို သိရှိနိုင်ရန် မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက စုစည်း တင်ပြထားသည်များကို တင်ပြလိုက်ပါသည်။


ဟယ်လာရီ ကလင်တန်(နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်ပြည်ထောင်စု)

“မြန်မာအစိုးရက အောင်ဆန်းစုကြည်ကို အခြေအမြစ်မရှိတဲ့ ရာဇဝတ်မှုနဲ့ ဖမ်းထားတာကြောင့် အင်မတန်မှ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ သူ့ရဲ့ ၆ နှစ်ကြာ နေအိမ်အကျယ်ချုပ် ကျခံနေရတာ ပြည့်ခါနီးလေးမှာတင် ဒီဖမ်းဆီးမှု ဖြစ်လာတာပါ။ ဒီကိစ္စဟာ မြန်မာနဲ့ နိုင်ငံတကာ ဥပဒေကြောင်းအရရော၊ အာဆီယံ ပဋိညာဉ်စာချုပ်အရရော ကိုက်ညီခြင်း မရှိပါဘူး။ ပြီးတော့ အမျိုးသား ရင်ပြန်လည်ကြားစေ့ရေး ဖြစ်မြောက်အောင် ကြိုးစားနေတယ်ဆိုတာနဲ့လည်း မကိုက်ညီပါဘူး။ ဒီလိုကိစ္စမျိုး အခြေအမြစ်မရှိဘဲ မတရားတဲ့ စွပ်စွဲမှုတွေနဲ့ တင်းကျပ်မှုတွေ ထပ်လုပ်နေတာကို ကျမတို့ ဆန့်ကျင်ပါတယ်။ အဲဒါကြောင့် မြန်မာ အာဏာပိုင်တွေအနေနဲ့ အောင်ဆန်းစုကြည်ကိုရော၊ သူ့ရဲ့ ဆရာဝန်ကိုရော၊ ပြီးတော့ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ဦး ကျော်ကိုရော ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကျမတို့ တောင်းဆိုပါတယ်။ အောင်ဆန်းစုကြည်ဟာ သူ့တိုင်းပြည်ကို ချစ်မြတ်နိုးသူ တယောက်ဖြစ်ပြီး၊ သူ့ရဲ့ အနစ်နာခံ ပေးဆပ်မှုတွေအတွက်လည်း လေးစားခံရသူဖြစ်ပါတယ်”


ဂေါ်ဒန် ဘရောင်း(ဗြိတိန်ဝန်ကြီးချုပ်)

“အောင်ဆန်းစုကြည်ကို ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ပြစ်ဒဏ်ပေးဖို့ အခုလိုလုပ်ဆောင်တာတွေအတွက် ကျနော် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ မြန်မာအစိုးရဟာ သူ့ကို တရားမဝင် ထိန်းသိမ်းထားတာကို အချိန်ပိုတိုးဖို့ မတရားတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီလို လုပ်နေတာပါ။ ဒီကိစ္စဟာ တကယ်ကို တရားနည်းလမ်းမကျ၊ မှန်ကန်တဲ့ တရားစီရင်ရေးလည်း မဟုတ်ပါဘူး။ ၂ဝ၁ဝ ခုမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ မျှတပြီး ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုရင် အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးပြီး ပါဝင်စေရမှာ ဖြစ်ပါတယ်။ အဲဒါမှသာ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ပြီး အေးချမ်းတည်ငြိမ် ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်”


ဒေးဗစ် ကမ်ရွမ်း(ပါလီမန်အမတ်၊ ဗြိတိန် အတိုက်အခံ ခေါင်းဆောင်)

“အောင်ဆန်းစုကြည်နဲ့ သူ့ဆရာဝန်ကို အင်းစိန်ထောင်ကို ပို့လိုက်တယ်ဆိုတဲ့သတင်းနဲ့ သူ့ကို အရေးပေါ်လိုအပ်နေတဲ့ ဆေးကုသမှုကို ခွင့်မပြုဘူးဆိုတဲ့သတင်း ကြားရလို့ တအံ့တသြ ဖြစ်သွားရပါတယ်။ မြန်မာအာဏာပိုင်တွေက အပြစ်မရှိတဲ့ သူ့ကို တရားမဝင် ထိန်းသိမ်းထားတာ အနည်းဆုံး ၁၃ နှစ် ရှိပါပြီ။ မြန်မာနိုင်ငံသားတွေလိုပဲ သူဟာလည်း လွတ်လပ်မှု မရှိပါဘူး။ အခုလို အင်းစိန်ထောင်မှာ ဖမ်းထားတာဟာ သူ့ကို ယုံကြည်ကိုးစားတဲ့ ပြည်သူအားလုံးနဲ့ အဆက်ဖြတ်လိုက်တာဖြစ်ပြီး၊ မြန်မာ့ဒီမိုကရေစီအရေးကို ဖိနှိပ်တဲ့ လုပ်ရပ်တခုပါပဲ။ သူ့ကို ချက်ချင်းလွှတ်ပေးဖို့၊ ကုလသမဂ္ဂနဲ့ အာဆီယံက အထူး ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို အမြန်လွှတ်ဖို့၊ တရားမျှတမှုမရှိတဲ့ တရားစီရင်ရေး အမြန်ဆုံး ချုပ်ငြိမ်းအောင်လုပ်ဆောင်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်”


ဥရောပသမဂ္ဂ ကြေညာချက်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အကူမိသားစုတို့ကို ဖမ်းဆီးပြီး (ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ကြောင်း ကုလသမဂ္ဂက သတ်မှတ်ဖော်ပြထားသည့်) နေအိမ်အကျယ်ချုပ် ဥပဒေအား ချိုးဖောက်မှုဖြင့် တရားစွဲဆိုလိုက်သည့်အတွက် လေးနက်စွာ စိတ်မကောင်း ဖြစ်ရသည်။ ယခုအဖြစ်အပျက်သည် သူ၏ နေအိမ်အကျယ်ချုပ် ကျခံနေရသည့်ကာလ ကုန်ဆုံးတော့မည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကျယ်ပြန့်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် ဥရောပသမဂ္ဂက မြန်မာအစိုးရအား ပြင်းထန်စွာ တိုက်တွန်း တောင်းဆိုသည်။


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း၏ ထုတ်ပြန်ချက်


“ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်သို့ ပြောင်းရွှေ့၍ တရားစွဲဆိုခြင်းအပေါ် အထူးစိုးရိမ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးပွဲများအတွက် မရှိမဖြစ် ပုဂ္ဂိုလ်တဦး ဖြစ်သည်။ ယင်းကဲ့သို့ အရေးကြီးသည့် ဆွေးနွေးပွဲများကို ထိခိုက်စေမည့် မည်သည့်အပြုအမှုမျိုးကိုမျှ ဆက်လက် မလုပ်ဆောင်ရန် မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံအနာဂတ် ကောင်းကျိုးအတွက် လုပ်ဆောင်နေသူ အားလုံးကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးရန် လိုအပ်သည်”


သောမတ်စ် အိုဂျေ ကွင်တားနား(မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်)

“အောင်ဆန်းစုကြည်ရဲ့ အိမ်ကို လုံခြုံရေးအစောင့်အကြပ် ချထားတဲ့ အချိန်ကစပြီး ဒီလိုမျိုးကိစ္စတွေ မဖြစ်ဖို့အတွက် လုံခြုံရေး ယူထားတဲ့ သူတွေမှာ တာဝန်အပြည့်ရှိပါတယ်။ ဒါကြောင့် ဒီကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ကူညီနေသူတွေအပေါ်မှာ တာဝန်မရှိပါဘူး။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ကူညီနေသူတွေကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆို တိုက်တွန်းပါတယ်”


ကုလ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းထံသို့ ချက်သမတနိုင်ငံ သမတ ဗားကလဗ် ဟာဗဲ ၏ အိတ်ဖွင့်ပေးစာ

အိတ်ဖွင့်ပေးစာအတွင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အကူ ၂ ဦးအား အင်းစိန်ထောင်သို့ ခေါ်သွားပြီး နေအိမ် အကျယ်ချုပ် ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲ၍ တရားစွဲဆိုသည်ကို သိရသောကြောင့် တုန်လှုပ်သွားရကြောင်း ဖော်ပြသည်။ ပြီးခဲ့သည့် နှစ် ၂၀ က ကျင်းပခဲ့သည့် လွတ်လပ်ပြီး၊ တရားမျှတသော ရွေးကောက်ပွဲရလဒ်အား မြန်မာစစ်အစိုးရက လျစ်လျူရှုခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်သာမက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ၁၃ နှစ်ခန့် ထိန်းသိမ်းထားခဲ့ပြီး၊ ထိန်းသိမ်းထားစဉ်လည်း ဆေးဝါးကုသမှု၊ ပြင်ပလောက၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အဆက်ဖြတ်ထားခြင်း ခံခဲ့ရသည်။ ပြီးခဲ့သည့် ၆ နှစ်ကာလက လုပ်ကြံခံရလုနီးပါးပင် ဖြစ်ခဲ့ရကြောင်းလည်း ဖော်ပြထားသည်။ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ဥပဒေများကို လိုက်နာရန်နှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရန် စစ်အစိုးရကို တောင်းဆိုခဲ့သည်မှာလည်း အောင်မြင်မှု မရှိခဲ့ပေ။ သိန်းနှင့်ချီသည့် ဒုက္ခသည်များ၏ အရေးကိုလည်း ဖြေရှင်းနိုင်ခြင်း မရှိပေ။ ယခုလ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသူ ၃ ဦးတို့အား ကြားနာစစ်ဆေးမည်ဖြစ်ပြီး အကယ်၍ တရားရုံးက တရားမျှတမှု မရှိသည့် စီရင်ချက်ချပါက ထောင်ဒဏ် ၅ နှစ် အထိ ကျခံရဖွယ် ရှိနေသည်။ မြန်မာနိုင်ငံမှ ထောင်များ၏ အခြေအနေမှာ ဆိုးရွားသဖြင့် သူ၏ အသက်အန္တရာယ် စိုးရိမ်ရသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အမြန်လွတ်မြောက်ရေးအတွက် အထွေထွေအတွင်းရေးမှူး၏ လုပ်ပိုင်ခွင့်ကို အသုံးပြု၍ အစွမ်းကုန် ဆောင်ရွက်ရန် သမ္မတကြီးက တိုက်တွန်းလိုက်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သာမက နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ဦးကျော် ရှိသေးကြောင်းနှင့် ထို့ကြောင့် အတွင်းရေးမှူး၏ ပုဂ္ဂိုလ်ရေးအရ ဝင်ရောက်ဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေကြောင်း တိုက်တွန်းဖော်ပြထားသည်။


မာရေး မက်ကာလီ(နိုင်ငံခြားရေးဝန်ကြီး၊ နယူးဇီလန်)

“အောင်ဆန်းစုကြည် ကျူးလွန်တဲ့ အမှားဆိုတာက သူ့ပြည်သူတွေ ဖိနှပ်ခံနေရတာကနေ လွတ်ကင်းဖို့ ရပ်တည်တောင်းဆိုတာပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့် မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေ နောက်တလှမ်း ဆုတ်သွားရမှပါ။ ပြီးတော့ ၂ဝ၁ဝ မှာ တရားမျှတပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ပါ့မလားဆိုတဲ့ သံသယစိတ်တွေကို ပိုပြီးကြီးထွားလာစေမှာပါ။ မြန်မာအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးကို လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်”


ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် သွေးစည်းညီညွတ်ရေး အဖွဲ့ (စီအက်စ်ဒဗလျူ)

စီအက်စ်ဒဗလျူ အကြီးအကဲ မာဗင် သောမတ်စ် Mervyn Thomas က “မြန်မာစစ်အာဏာရှင်တွေရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဒီလိုဆက်ဆံတာဟာ လူသားမဆန်ပါဘူး။ ဒီနေ့တင်တဲ့ စွဲချက်ဟာလည်း စစ်အစိုးရအတွက် အင်မတန်မှ ရှက်စရာ ကောင်းပါတယ်။ ဖိတ်ခေါ်တာလည်း မရှိဘဲ၊ မမျှော်လင့်ဘဲ ရောက်လာတဲ့ အမေရိကန်ကိစ္စနဲ့ ပတ်သက်ပြီးတော့ကလည်း သူ့မှာ ဘာတာဝန်မှ မရှိပါဘူး။ သတင်းတွေအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ဒီလူ့ကို ပြန်ထွက်သွားဖို့ ပြောပေမယ့် သူ့ဘာသာသူ ဆက်နေတာပါ။ ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် တရုတ်နဲ့ အိန္ဒိယတို့လို နိုင်ငံတကာအသိုင်းအဝိုင်းက အောင်ဆန်းစုကြည်ရယ်၊ သူနဲ့ ပတ်သက်နေသူ အားလုံးကို ပြန်လွတ်လာရေးအတွက် လုပ်ဆောင်ရမှာဖြစ်တယ်။ သူဟာ ဘယ်လို ရာဇဝတ်မှုမှ ကျူးလွန်တာ မရှိဘူး။ သူ့ကို ဖမ်းထားတာဟာလည်း နိုင်ငံတကာဥပဒေကို ဖောက်ဖျက်နေတာပဲ ဖြစ်တယ်” ဟု ပြောသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်း၌ ဖမ်းဆီးထားမှုကို ကန့်ကွက်ရန် မြန်မာနိုင်ငံသို့ အထူး ကိုယ်စားလှယ်များ စေလွှတ်ပေးရေးအတွက် စီအက်စ်ဒဗလျူက ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့ကို တောင်းဆိုလိုက်သည်။


နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (AMNESTY INTERNATIONAL)

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း ကုလလုံခြုံရေးကောင်စီ၊ တရုတ်၊ ဂျပန်နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်မှ လွတ်မြောက်ရေးအတွက် အရေးပေါ် ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်သည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ မြန်မာ့အရေးကျွမ်းကျင်သူ ဘန်ဂျမင် ဇာဝက်ကီ Benjamin Zawacki က “မြန်မာအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရမယ်။ ပြီးတော့ နေအိမ်အကျယ်ချုပ် ကနေလည်း လွှတ်ပေးရမှာဖြစ်တယ်။ ဒေါ်ခင်ခင်ဝင်းနဲ့ သူ့သမီး၊ ဒေါက်တာတင်မျိုးဝင်းတို့ဟာလည်း နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ထဲမှာ စာရင်းဝင်သွားပြီ။ တခြား နိုင်ငံရေးအကျဉ်းသားတွေလိုပဲ သူတို့ဟာလည်း နှိပ်စက်ညှဉ်းပမ်းတာတွေကို ခံရမယ့် အန္တရာယ်ရှိနေပြီ။ မြန်မာနိုင်ငံက ထောင်တွေဟာ တော်တော်ကို ဆိုးရွားပြီး ထောင်သားတွေရဲ့ ကျန်းမာရေးအတွက် အလွန်စိုးရိမ်စရာ ဖြစ်ပါတယ်။ နိုင်ငံတကာက အသံတသံတည်း မထွက်သရွေ့တော့ မြန်မာအစိုးရက လူ့အခွင့်အရေး ဆက်ပြီး ချိုးဖောက်နေမှာပဲ” ဟုပြောသည်။


လောရန့် ကန်နွန်း(နိုင်ငံခြားရေး ဝန်ကြီး၊ ကနေဒါ)

“အောင်ဆန်းစုကြည်ကို အခုလို စွတ်စွဲလိုက်တာနဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံက အလွန်စိုးရိမ်နေပါတယ်။ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးနဲ့ မြန်မာလူထုရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားဖို့ တောင်းဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး မကောင်းတဲ့ကြားက ထောင်ထဲပို့ခံရတဲ့အတွက်လည်း အထူးစိုးရိမ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချက်ချင်း လွှတ်ပေးဖို့၊ ထောင်သားအားလုံးကိုလည်း သင့်လျော်ကောင်းမွန်တဲ့ ဆေးကုသမှုပေးဖို့တို့ကို ကနေဒါအစိုးရအနေနဲ့ တောင်းဆိုတိုက်တွန်းပါတယ်။ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဥပဒေစိုးမိုးရေးတို့ဟာ ကနေဒါအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒ အခြေခံ သဘောထားတွေပဲ ဖြစ်ပါတယ်။ ဒီမိုကရက်တစ် အင်အားစုများ၊ တိုင်းရင်းသားများနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေလုပ်ဖို့ ဆက်လက် တောင်းဆိုလိုက်ပါတယ်”


ဆာကရော့ ဆုရှင်များ အစုအဖွဲ့

Sakharov Network ဥရောပ ပါလီမန်က လွတ်လပ်စွာ တွေးခေါ်သူများအား ပေးအပ်သည့် ဆာကရော့ဆုကို ၁၉၉ဝ ခုနှစ်တွင် ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည့်ကိစ္စနှင့် ပတ်သက်၍ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း စုစုပေါင်း ၁၆ ဖွဲ့ ပါဝင်သော ဆာကရော့ ဆုရှင်များ အစုအဖွဲ့ကလည်း စိုးရိမ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။ “ဥရောပဆိုင်ရာ ခေါင်းဆောင်များ အထူးသဖြင့် ဥရောပသမဂ္ဂရဲ့ လက်ရှိအလှည့်ကျတာဝန် ယူထားသော ချက်သမ္မတနိုင်ငံ အစိုးရအနေဖြင့် ဆာကရော့ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် လိုအပ်သည့် ကိစ္စမှန်သမျှဆောင်ရွက်ရန် တောင်းဆိုသည်။ ဆာကရော့ဆုရှင်များအနေဖြင့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အထူး စောင့်ကြည့်နေမည်ဖြစ်ပြီး လွတ်မြောက်ရေးအတွက် ကြားဝင်ဆောင်ရွက်ပေးရန်လည်း အဆင်သင့်ရှိနေသည်” ဟု ကြေညာချက်အတွင်း ဖော်ပြထားသည်။


ပြင်သစ်အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့

(FIDH)အဖွဲ့ကြီးက အာဆီယံ အတွင်းရေးမှူး ဆူရင်း ပစ်ဆူဝမ်နှင့် ကုသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းတို့အနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်ကို အသုံးပြု၍ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အရေးပေါ် ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျင်းပရန် ပြင်ဆင်နေသည့် မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ထားသည့် နေအိမ်အကျယ်ချုပ်သက်တမ်း ကုန်ဆုံးတော့မည့်အချိန်နှင့် နီးကပ်ပြီး ယခုကဲ့သို့ ဖမ်းဆီးခြင်းဖြစ်ကြောင်းလည်း တောင်းဆိုချက်အတွင်း ဖော်ပြသည်။ ထို့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရရှိရန် အာဆီယံအနေဖြင့် မြန်မာစစ်အစိုးရ၊ နိုင်ငံရေးပါတီများ တိုင်းရင်းသား အုပ်စုများအကြား လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ရလဒ်များပေါ်ထွက်လာစေရန် ဆောင်ရွက်ပေးရမည့် အချိန်ဖြစ်ပြီး ဆောင်ရွက်မည်ဟုလည်း ယုံကြည်ကြောင်း ဖော်ပြသည်။ တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်အတွက် မရှိမဖြစ် အရေးကြီးသည့် ပုဂ္ဂိုလ်ဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လုံခြုံရေးကောင်စီမှတဆင့် အရေးပေါ် အရေးယူဆောင်ရွက်မှု ပြုလုပ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းကိုလည်း တောင်းဆိုထားသည်။

No comments: