Friday, May 22, 2009

ဘန်ကီမွန်း မြန်မာနိုင်ငံသွားမည်

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မေလ 22 2009 11:12 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင် အတွင်း၌ ဖမ်းဆီး တရားစွဲဆိုနေသည့် ကိစ္စနှင့် ပတ်သက်၍ စစ်အစိုးရ ခေါင်းဆောင်များနှင့် ဆွေးနွေးရန် မြန်မာနိုင်ငံသို့ မကြာမီ သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယင်းသို့ တရားစွဲဆိုနေသည့် ကိစ္စနှင့်ပတ်သက်၍ အလွန် စိုးရိမ်မကင်းဖြစ်ရပြီး သူမအပါအဝင် အခြား နိုင်ငံရေး အကျဉ်းသားများကို အမြန်လွှတ်ပေးရန် နအဖ စစ်ခေါင်းဆောင်များကို ဆက်လက် တိုက်တွန်းသွားမည် ဖြစ်ကြောင်း မစ္စတာဘန်ကီမွန်းက စီအန်အန် CNN ရုပ်သံဌာနနှင့် သီးသန့် မေးဖြေခန်းတခုတွင် ပြောခြင်းဖြစ်သည်။

“ကျနော် မြန်မာနိုင်ငံကို ဖြစ်နိုင်သရွှေ့ အမြန်ဆုံး သွားပါမယ်။ မြန်မာအစိုးရနဲ့ အရေးတကြီး၊ အလေးအနက် ဆွေးနွေးစရာတွေ ပေါ်လာပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် တခြားအစိုးရ အရာရှိတွေနဲ့လည်း ဆွေးနွေးမှာ ဖြစ်ပါတယ်” ဟုပြောသည်။

သို့သော် မြန်မာနိုင်ငံသို့ သွားရောက်မည့် ရက်အတိအကျကို ပြောဆိုခြင်း မရှိသကဲ့သို့ ပြည်ဝင်ခွင့်ဗီဇာ ရမရ ကိုလည်း ပြောသွားခြင်းမရှိပေ။

ဒေါ်အောင်ဆန်းစုကြည်အမှုကြားနာသည့် တတိယမြောက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကုလကိုယ်စားလှယ်တဦးလည်း ရန်ကုန်အခြေစိုက် နိုင်ငံခြား သံတမန်များနှင့်အတူ တရားရုံးအတွင်း ဝင်ရောက်ခွင့် ရခဲ့သည်။

ကုလကိုယ်စားလှယ်ထံမှ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ကောင်းကြောင်းသာ သိရှိရသဖြင့် တရားစီရင်မှု ပုံစံနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း မစ္စတာဘန်ကီမွန်းက ပြောသည်။

ထို့အပြင် ဒီမိုကရေစီကို ယုံကြည်သူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ အင်းစိန်ထောင် အတွင်းရှိ အိမ်တအိမ်အတွင်း ထိန်းသိမ်းထားခြင်း၊ နှစ်ရှည် နေအိမ်အကျယ်ချုပ် ချထားခဲ့ခြင်းတို့သည် လက်ခံနိုင်စရာ မရှိကြောင်း သူကဆက်ပြောသည်။

“ကျနော်တို့ သူ့ကို အပြည့်အဝ ထောက်ခံအားပေးပြီး ယုံကြည်မှုလည်း အပြည့်အဝ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးရေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်” ဟု သူကပြောသည်။

မစ္စတာဘန်ကီမွန်းသည် နာဂစ်ဆိုင်ကလုံးမုန်တိုင်း ကျရောက်ခဲ့သည့် ပြီးခဲ့သည့်နှစ် မေလက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး အကူအညီများ ပေးအပ်ကြရန် နိုင်ငံတကာသို့ တိုက်တွန်းခဲ့သည်။

No comments: