Saturday, May 30, 2009

ဘုရားပြို သန်းရွှေကျ၊ ဒေါ်ကြိုင်ကြိုင် ဒေါ်ကြိုင်ကြိုင်အရူးမ


ဘုရားပြို သန်းရွှေကျ၊ ဒေါ်ကြိုင်ကြိုင် ဒေါ်ကြိုင်ကြိုင်အရူးမ

ဒလမြို့နယ်အတွင်း ပြန်လည်ပြုပြင် တည်ဆောက်ဆဲ ဓနုတ်ဘုရားကြီး ခေါ် ဥာဏ်တော် ပေ(၁၈၀)ခန့် စေတီတော်ကြီး စနေနေ့ မွန်းလွဲပိုင်းက ပြိုကျမှုကြောင့် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ ရေတပ်သားများ အပါအဝင် ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့သည်။

ဒလမှ လက်ခုပ်ကုန်းသို့ သွားသော ကားလမ်းပေါ်တွင်ရှိသော ဘုရားကြီး၏ ဌက်ပျောဖူးနှင့် ခေါင်းလောင်းတော် အပါအဝင် အချို့ အစိတ်အပိုင်းများအား ပြန်လည် ပြုပြင်နေဆဲတွင် ပြိုကျမှု ဖြစ်သည်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိလာသူ ဦးရေ (၃၀) ထက်မနည်းကြောင်း တာဝန်ကျ ဝန်ထမ်းများက ပြောသည်။ ဒလနှင့် တွံတေး ဆေးရုံများသို့ တင်ပို့ထားသော လူနာများ ရှိနေသည်။

“ဖြစ်တာက နေ့လည် နှစ်နာရီကျော်လောက်ဖြစ်တာ။ ကျနော်က ငြမ်းပေါ်ကို တက်တုန်းပဲ ရှိသေးတယ်။ အပေါ်က ဝုန်းကနဲ အသံကြားလို့ ကြည့်တော့ ငှက်ပျောဖူးနေရာကစပြီး ပြိုကျ လာတာ။ အမြန်ပြန်ဆင်းပြေးတာ ကံကောင်းလို့ လွတ်သွားတယ်။ ကျနော်တို့ ငါးယောက်အဖွဲ့မှာ တယောက်က အရေးပေါ် တင်ထားရတယ်။ ” ဟု အန္တရာယ်မှ ကင်းလွတ်လာသူ ဆေးသုတ်အဖွဲ့မှ လုပ်သားတဦးက ပြောသည်။

လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ ဘုရားကြီး၏ ခေါင်းလောင်းတော်နေရာမှ စတင်ပြိုကျပြီးနောက် အချိန်ခဏမျှသာ ဆိုင်း၍ စေတီတော်ကြီး တခုလုံး ပြိုကျသွားကြောင်း သိရသည်။

“ဒီနေ့ လုပ်အားပေးတဲ့ စစ်သားတွေ (ရေတပ်သားများ) အားလုံး ၅၄ ယောက် ရှိတယ်။ ဆေးအဖွဲ့တွေရော၊ ငြမ်းအဖွဲ့တွေရော နောက်ပြီး ရွာကလူရောဆို စုစုပေါင်း ရာဂဏန်း နီးပါးလောက်ရှိတယ်။ ငြမ်းအဖွဲ့တွေကတော့ အမြင့်ဆုံးမှာ ရောက်နေတယ်။ ငှက်ပျောဖူးကငြမ်းကို ဒီနေ့ စဖြုတ်တုန်းမှာ ဖြစ်တာ။ ဒဏ်ရာရတဲ့သူတွေကို မရေနိုင်ဘူး.။ ကားလာထိုးတာနဲ့ ကိုယ့်အဖွဲ့ကလူကိုယ် ချက်ချင်းကောက်တင်ပြီး ကားနဲ့ လိုက်လာတာ။” ဟု ဆေးသုတ်လုပ်သားက ပြောသည်။

အခင်းဖြစ်ပွားချိန်တွင် ဆရာ ခင်ငြမ်းအဖွဲ့နှင့်အတူ ဘုရားလူကြီးတဦးနှင့် စစ်ဘက် အရာရှိ နှစ်ဦးခန့် ကြီးကြပ်နေခဲ့သည်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် စောင့်ကြပ်နေသူ ရေတပ်မှ တပ်ကြပ်တဦးက “ဒီကိုရောက်လာတဲ့ ရေတပ်သား စုစုပေါင်း (၁၇) ယောက်ရှိပြီ။ ဟိုကနေပို့နေတုန်းပဲ။ စုစုပေါင်း ဘယ်လောက်ထိလည်း မပြောတတ်သေးဘူး။ ဒလနဲ့ တွံတေး ဆေးရုံတွေကိုလည်း ပို့ထားသေးတယ်။” ဟု ယနေ့ ည ၇ နာရီခန့်တွင် ပြောသည်။

ရေတပ်သား လုပ်အားပေးများ အနေဖြင့် အရပ်သားများထက် ထိခိုက်ဒဏ်ရာရသူ ပိုမို များပြားပြီး ရေယာဉ်စု(၃၆) လုပ်အားပေးအဖွဲ့မှာ အခြေအနေ အဆိုးဝါးဆုံး ဖြစ်ကြောင်း သိရသည်။ ယင်းတို့အား ဆေးရုံကြီးတွင် အရေးပေါ် ကုသမှုများ ပြုလုပ်ပေးပြီးနောက် အမှတ် (၂) စစ်ဆေးရုံသို့ ဆက်လက် လွှဲပြောင်းပေးနေသည်ကိုလည်း တွေ့ရသည်။

နာဂစ်မုန်တိုင်းတွင် တစိတ်တပိုင်း ပြိုကျပျက်စီးခဲ့သည့် ဓနုတ်ဘုရားကြီးအား ပြန်လည်ပြုပြင်ပြီးနောက် မေလ(၈) ရက်နေ့တွင် ထီးတော်တင်လှူ ပူဇော်ခဲ့သည်။

“ဒီဘုရားက လူပြောများတယ်။ ဦးခင်ညွှန့် အိမ်မက်ပေးတယ်တို့၊ မိန်းမ ဦးစီးပြီး ပြန်ပြင်မှ ရမယ်တို့ အဲ့ဒီလိုတွေက ဒလ တမြို့လုံး ပြန့်နေတာ ကြာပြီ။ နောက်ပြီး ထီးတင်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် အိမ်မက်ပေးတာတို့ ခဏခဏ ကောလဟာလ ထွက်တယ်။ ကျမယောက်ျားက ဒီနေ့မှ လုပ်အားပေးတာ အခုအုတ်ပုံပိပြီး ခြေထောက်နှစ်ချောင်းလုံး ကျိုးသွားတယ်။ ” ဟု ဒဏ်ရာရရှိသူ ရွာခံလုပ်အားပေး တဦး၏ ဇနီးက မဇ္ဈိမသို့ ပြောသည်။

No comments: