Monday, May 11, 2009

Burmese NEWS

၇ နှစ်အရွယ် မိန်းကလေးငယ် အဓမ္မ ပြုကျင့်ခံရ
ငြိမ်းချမ်း
တနင်္လာနေ့၊ မေလ 11 2009 17:53 - မြန်မာစံတော်ချိန်


ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မောင်တောမြို့အပိုင် ကျောက်လဲကျေးရွာမှ ၇ နှစ်သမီးအရွယ် မိန်းကလေးတဦး ယခုလ ၇ ရက်နေ့က အဓမ္မ ပြုကျင့်ခံခဲ့ရသည်။

မောင်တောမြို့ မြောက်ဘက် ၆ မိုင်ခန့်အကွာရှိ ကျောက်လဲရွာတွင် နေထိုင်သူ မိန်းကလေးသည် ဆေးဝယ်ရန်အတွက် နေအိမ်မှ ည ၇ နာရီကျော်တွင် အပြင်ထွက်စဉ် ယခုလို အဖြစ်မျိုး ကြုံတွေ့ရကြောင်း ဒေသခံများက ပြောဆိုကြခြင်း ဖြစ်သည်။

“သူ့အဖေ နေမကောင်းလို့ ဆေးဆိုင်ကို ဆေးဝယ်ပြီး ပြန်လာတဲ့အချိန် ည ၇ နာရီ ခွဲလောက်မှာ မုဒိန်းကျင့်ခံရတာပါ။ ပြန်လာတဲ့အချိန် မှောင်နေတဲ့ စာသင်ကျောင်းထောင့်ကို ရောက်တဲ့အခါ စစ်သားတဦးက ပါးစပ်ကို ပိတ်ပြီးတော့ တောထဲကို ခေါ်သွားပြီး မုဒိန်းကျင့်လိုက်တာပါ” ဟု မောင်တောမြို့ ရွှေစားရပ်ကွက်မှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ပြန်ရောက်ချိန် နောက်ကျရာမှ ဆွေမျိုးသားချင်းများက ကလေးငယ်ကို လိုက်လံရှာဖွေရာ၌ ကျေးရွာ စာသင်ကျောင်းနှင့် ကိုက် ၃ဝဝ ခန့်အကွာရှိ တောအုပ်အတွင်းမှ ထိုနေ့ ည ၂ နာရီခန့်တွင် တွေ့ရှိခဲ့ကြောင်း ဆွေးမျိုး တော်စပ်သူ တဦးက ပြောသည်။

“ဆေးသွားဝယ်တဲ့ သမီး ပြန်မရောက်သေးလို့ ကျနော်တို့ကို လာပြောတာနဲ့ ည ၁ဝ နာရီလောက် ရွာက လူတွေနဲ့ လိုက်ရှာကြတယ်။ တွေ့တဲ့အခါကျတော့ တောစပ်တနေရာမှာ သတိမေ့ပြီး လဲနေတာကို တွေ့ရတယ်” ဟု သူက ဆိုသည်။

မိန်းကလေးကို မောင်တောဆေးရုံတွင် တင်ထားရပြီး ယနေ့ထိ ဆေးကုသမှု ခံယူနေရသည်။

“ဆေးရုံကို သောကြာနေ့ (အခင်းဖြစ်ပြီး နောက်တရက်) မှာ ရောက်လာတာ။ တရက်လောက် သတိမရဘူး။ အခုတော့ သတိရလာပါပြီ။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိတော့ဘူး” ဟု မောင်တော ဆေးရုံ ဝန်ထမ်းတဦးက ပြောသည်။

ကလေးငယ်၏ ပြောဆိုချက်အရ ကျေးရွာ စာသင်ကျောင်းတွင် အခြေချထားသည့် ဆောက်လုပ်ရေးတပ်ဖွဲ့မှ တပ်သားတဦး ဖြစ်နိုင်ကြောင်း ဆွေမျိုးတော်စပ်သူက ပြောသည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ မောင်တောမြို.နယ် အောင်ဗလကျေးရွာ အခြေစိုက် အမှတ် (၆) နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေးဌာန (နစက) မှ ဗိုလ်မှူး ကြည်အောင်ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ကြောင်းနှင့် အဓမ္မပြုကျင့်သူအား တွေ့ရှိခြင်း မရှိသေးကြောင်း နစကနှင့် နီးစပ်သူက ပြောသည်။

သူက “၁၀ ရက်နေ့က ကျောက်လယ်ရွာက ဆောက်လုပ်ရေး တပ်သားတွေနေတဲ့ အဲဒီ စာသင်ကျောင်းကို နယ်မြေမှူးကိုယ်တိုင် သွားတယ်။ ဘယ်ရဲဘော် လုပ်တယ်ဆိုတာ လက်သည် မပေါ်သေးဘူး” ဟု ပြောသည်။

ကျောင်းတွင် တပ်စွဲထားသည့် တပ်သည် စစ်တွေအခြေစိုက် ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ရင်းဖြစ်ပြီး၊ နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးခတ်ရန်အတွက် တပ်သားအချို့အား စေလွှတ်ထားခြင်း ဖြစ်သည်။

သက်ဆိုင်ရာသို့ တိုင်ကြားခြင်း မပြုလုပ်ရန်နှင့် ဆေးဖိုးဝါးခ ကုန်ကျစရိတ်နှင့် နစ်နာကြေးကို ထိုက်သင့်သလောက် ပေးမည်ဖြစ်ကြောင်း နစက နယ်မြေမှူးက အဓမ္မပြုကျင့်ခံရသူ၏ မိဘများကို ခေါ်ယူပြောဆိုထားကြောင်း နစက နှင့် နီးစပ်သူ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် လအတွင်းကလည်း မောင်တောမြို့နယ် သရီကုန်ဘောင်ကျေးရွာမှ အမျိုးသမီးငယ် တဦးကို စစ်တပ် အရာရှိတဦးက အဓမ္မ ပြုကျင့်ခဲ့သေးကြောင်း ရခိုင်သတင်းဌာန နိရိဉ္စရာ သတင်းတပုဒ်က ဆိုထားသည်။

No comments: