Thursday, May 7, 2009

burmese news


ဒေါ်စု နေအိမ်သို့ အမေရိကန်နိုင်ငံသား ရေကူးသွား
မုံပီး
ကြာသပတေးနေ့၊ မေလ 07 2009 16 :44 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ) ။ ။ အမေရိကန် နိုင်ငံသားတဦးသည် အင်းယားကန် ရေပြင်ကို ကူးခတ်၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း ဝင်ရောက်သွားသည်ဟူသော အစီရင်ခံစာများအရ အမေရိကန် နိုင်ငံသား ဖြစ်ကြောင်း အတည်ပြုနိုင်ရန် သတင်း အချက်အလက်များ စုံစမ်းလျက်ရှိသည်ဟု ရန်ကုန်ရှိ အမေရိကန်သံရုံးက ယနေ့ ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအလံများ စိုက်ထူထားသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း။ ဓာတ်ပုံ- မဇ္ဈိမ။
အမေရိကန် နိုင်ငံသားတဦးသည် ယမန်နေ့က အင်းယားကန်ရှိ ရေကူးရန် တားမြစ်ထားသည့် နေရာကို ကျော်လွန်ကူးဖြတ်သဖြင့် အထိန်းသိမ်းခံရကြောင်း၊ ယနေ့ထုတ် စစ်အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ပဏာမ စုံစမ်းစစ်ဆေးမှုများအရ ဖမ်းဆီးခံရသူ၏ အမည်မှာ ဂျွန် ဝီလျံ ရက်တော် John William Yeattaw ဆိုသူဖြစ်ပြီး၊ ယခုလ ၃ ရက်နေ့ ညက အင်းယားကန်ဘောင်ဘေးရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း တိတ်တဆိတ် ရေကူး၍ ဝင်ရောက်ခဲ့ကြောင် သူက ဝန်ခံခဲ့သည်ဟု မြန်မာ့အလင်းတွင် ရေးသား ပါရှိသည်။

ထိုသူသည် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်၏ အိမ်အတွင်း ၂ ရက်ကြာ နေထိုင်ခဲ့ပြီးနောက်၊ မေလ ၅ ရက်နေ့ ညနေတွင် ပြန်လည် ထွက်ခွာလာခဲ့သည်။ မေလ ၆ ရက်နေ့ အင်းယားကန် အတွင်း၌ ရေကူးနေစဉ် အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း သတင်းစာက ဆိုသည်။

“ဒီနေ့မနက်ပဲ ဒီသတင်းကို ကျနော်တို့ တွေ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့က လူကိုယ်တိုင် မတွေ့ရသေးတဲ့အတွက် ဒါကို အတည်မပြုနိုင်သေးပါဘူး။ ဒီ့အတွက် ကျနော်တို့ ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ် မိုင် Richard Mei က ပြောသည်။

မြန်မာအာဏာပိုင်များမှ သတင်းစာထဲတွင် ဖော်ပြသည့် ဂျွန် ဝီလျံ ရက်တော် ဆိုသူကို ခွဲခြားဖော်ထုတ် အတည်ပြုရန် ယခုအချိန်တွင် ခက်ခဲနေသေးကြောင်း မိုင်က ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးသော မြန်မာအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သတင်းရရှိပြီးပါပြီ” ဟု မိုင် က ဆိုသည်။

ယခုသတင်း ပေါ်ထွက်နေစဉ် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူက သူတို့ခေါင်းဆောင်၏ လုံခြုံရေးအတွက် စိုးရိမ်နေကြောင်း ပြောသည်။

“ကျနော်တို့ ဘာကိုမှ ဂဃနဏ မသိသေးပါဘူး။ သတင်းစာအရပဲ သိရသေးတာပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ကျနော်တို့ စိုးရိမ်ပါတယ်” ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။


“လုံခြုံရေး အခြေအနေအရ ကန့်သတ်ထားသည့် နယ်မြေအတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သဖြင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ဖြစ်ကြောင်း” မြန်မာ့အလင်းက ဆိုထားသည်။

လွန်ခဲ့သည့် ၁၉ နှစ် ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တက္ကသိုလ်ရိပ်သာလမ်းရှိ သူ၏ နေအိမ်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ကျခံနေခဲ့ရသည်မှာ ၁၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ နေအိမ်ဝန်းကျင်တဝိုက် လုံခြုံရေးများ တင်းကျပ်ထားပြီး၊ သူ၏ ကျန်းမာရေးအား ကြည့်ရှု စောင့်ရှောက်ပေးနေသည့် မိသားစု ဆရာဝန်မှလွဲ၍ မည်သည့် ဧည့်သည်ကိုမျှ ဝင်ခွင့် မပြုပါ။

နိုင်ငံခြားသားတဦးမှ အကျယ်ချုပ် ကျခံနေရသည့် အတိုက်အခံ ခေါင်းဆောင်၏ နေအိမ်အတွင်း လျှို့ဝှက်စွာ ဝင်ရောက်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

No comments: