Monday, May 11, 2009

Burmese NEWS

Monday, 11 May 2009
ဒေါ်အောင်ဆန်းစုကြည် ဆေးကုသခွင့် ပြန်ရပြီ
AP သတင်းဌာန
မေ ၁၀၊ ၂၀၀၉
မြန်မာစစ်အာဏာပိုင်တို့က ထိန်းသိမ်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ထံသို့သွားပြီး ဆေးကုသနိုင်ရန် ဆရာဝန်တဦးကို ယနေ့ ခွင့်ပြုလိုက်သည်။ ဒေါ်စုသည် ခန္ဓာကိုယ် ရေဓာတ် ခမ်းခြောက်ကာ၊ သွေးပေါင်ချိန် ကျနေကြောင်း ပြီးခဲ့သည့်အပတ်က စတင် တွေ့ရသည်။

ဒေါ်စု၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူများ၏ အဆိုအရ ဒေါက်တာပြုံးမိုအိသည် ယနေ့နေ့လည်တွင် ဒေါ်စုထံ သွားခွင့် ရသည်ဟု ဆိုသည်။ ဒေါ်စု၏ ကျန်းမာရေးအတွက် ဆေးကုသမှု ထပ်မံ လိုအပ်ကြောင်း အဖွဲ့ချုပ်က ကြေညာချက် ထုတ်ထားသည်။

အာဏာပိုင်တို့က ဒေါ်စု၏ ဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို စစ်ဆေးမေးမြန်းရန်အတွက် ပြီးခဲ့သည့် ကြာသပတေးနေ့မှ စပြီး ဖမ်းဆီး ထိန်းသိမ်းထားသည်။ ဒေါ်စု၏ အိမ်မှ ပြန်လာသည့် အမေရိကန် နိုင်ငံသား တဦးကို ဖမ်းမိထားကြောင်း ကြေညာချက် ထွက်ပေါ်လာပြီးနောက်တွင် ထိုသို့ ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။

ဒေါက်တာပြုံးမိုအိသည် သောကြာနေ့က ဒေါ်စုထံသို့ သွားရောက်ပြီး အကြောဆေး သွင်းကာ ကုသမှု ပေးခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် စနေ တနင်္ဂနွေနေ့များတွင် ဒေါ်စုထံ ထပ်မံ သွားရောက်ခွင့် မရခဲ့ပါ။ ယနေ့မှ ခွင့်ပြုချက် ရခြင်း ဖြစ်သည်။

“ဒီနေ့ ဒေါ်စုဆီကို ဆရာဝန် သွားခွင့် ရတယ်လို့ ကျနော်တို့ ကြားပါတယ်။ ဒါကို ကျနော်တို့ ကြိုဆိုပါတယ်။ ဆေးကုခွင့် ရတဲ့အတွက် ကျနော်တို့ ၀မ်းသာပါတယ်” ဟု အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ထိုစဉ်က ဒေါ်စုသည် အစာမစားနိုင်သည်မှာ သုံးလေးရက် ရှိပြီ ဖြစ်ကြောင်း ဒေါက်တာပြုံးမိုအိ ထံမှ သိရသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်စု၏ ဆရာဝန် ဒေါက်တာတင်မျိုးဝင်း၏ အခြေနေနှင့် ပတ်သက်ပြီ မသိရသေးကြောင်း၊ အလွန် စိုးရိမ် ပူပန်ပါကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

စစ်အစိုးရကမူ ဒေါက်တာတင်မျိုးဝင်းကို ဖမ်းဆီးထားခြင်း နှင့် ပတ်သက်ပြီး ထုံးစံအတိုင်း ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

No comments: