Monday, May 11, 2009



မင်းနိုင်သူ / ၁၁ မေ ၂၀၀၉
line


ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းအား မည်သည့်နေရာတွင် ထိန်းသိမ်းထား သည်ကို ယခုအချိန်အထိ မသိရသေးကြောင်း အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါက်တာတင်မျိုးဝင်းသည် မေ (၇) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ပုံမှန်ဆေးစစ်မှုများ ပြုလုပ်ရန် သွားရောက်ခဲ့သော်လည်း တွေ့ဆုံခွင့်မရခဲ့ဘဲ ညနေပိုင်းအိမ်သို့ ပြန်အရောက် အာဏာပိုင်များက လာရောက်ခေါ်ဆောင် ထိန်းသိမ်းသွားခဲ့သည်။

ဒေါက်တာတင်မျိုးဝင်းကို ခေါ်ဆောင်သွားပြီးနောက် ၎င်းနေ့စဉ်သုံးစွဲသည့် ဆေးဝါးနှင့်အ၀တ်အစားများကို အာဏာပိုင်များက နှစ်ကြိမ်တိုင်တိုင် လာရောက်ယူဆောင်သွားကြောင်း သိရသည်။

“အခုထိ ကျနော်တို့ ဘာမှရေရေရာရာ မသိရသေးပါဘူး။ ဒေါက်တာဒေါ်ပြုံးမိုအိ ထပ်မံတွေ့ဆုံခွင့်တောင်းတာလည်း မရဘူးလို့ကြားပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

လစဉ် ပထမပတ်ကြာသပတေးနေ့တိုင်း ဒေါ်အောင်ဆန်းစုကြည်အား ဆေးစစ်ပေးနေရသော ဒေါက်တာတင်မျိုးဝင်း ကို အာဏာပိုင်များက ထိန်းသိမ်းလိုက်ပြီးနောက် တွဲဖက်ဆရာဝန်တဦးဖြစ်သူ ဒေါက်တာဒေါ်ပြုံးမိုအိက ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သော သောကြာနေ့၌ ဆေးစစ်ပေးခဲ့ရသည်။

“ကျနော်တို့ ပြန်သိရတာကတော့ ဒေါ်အောင်ဆန်းစုကြည် သွေးပေါင်ကျတယ်။ အားနည်းနေတယ်။ နောက် အရေပြားခန်းခြောက်တဲ့ လက္ခဏာရှိတယ်လို့ ပြောတယ်။ အဲဒီနေ့မှာပဲ လိုအပ်တဲ့ ကုသမှုတွေလုပ်ပေးခဲ့တယ်။ ဒါပေမယ့် နောက်ရက်မှာ ရလဒ်ကို ပြန်ကြည့်ဖို့အတွက် ထပ်မံတွေ့ဆုံခွင့်တောင်းတာ မရခဲ့ဘူးလို့ သိရတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါက်တာတင်မျိုးဝင်းတို့ ဆေးစစ်ပေးမည့် ယခုလ (၇) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အိမ်အတွင်းသို့ အမေရိကန်နိုင်ငံသားတဦး ၀င်ရောက်နေထိုင်ခဲ့ကြောင်း စစ်အစိုးရသတင်းစာများက သတင်းထုတ်ပြန်ခဲ့သည်။

ယင်းအခြေအနေနှင့်စပ်လျဉ်း၍ နောက်ဆက်တွဲ သတင်းများ ထုတ်ပြန်ပေးရန် အန်အယ်လ်ဒီဘက်မှ တောင်းဆိုခဲ့သော်လည်း ယခုအချိန်ထိ တစုံတရာအကြောင်းကြားမှုများ မရှိသေးကြောင်းသိရသည်။

No comments: