Saturday, November 26, 2011

2011-11-26 သတင်း

ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံဖို့ ဦးစိန်လှဦး တိုက်တွန်း

2011-11-26
နိုင်ငံရေး အကျဉ်းသားဟောင်းနဲ့ အင်န်အယ်လ်ဒီ ခေါင်းဆောင်ဟောင်း စာရေးဆရာ ဦးစိန်လှဦးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆောင်ရွက်ချက် တွေကို ကြိုဆိုလိုက်ပြီး သူ လက်ရှိ ပါဝင်နေတဲ့ NDF ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်း ဆောင်ရွက်လိုကြောင်း ပြောကြားလိုက်ပါတယ်။
AFP
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီခေါင်းဆောင်တချို့ကို အခမ်းအနားတခုတွင် တွေ့ရစဉ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အရေးအတွက် အင်မတန် အရေးကြီးတဲ့ ကာလတခုကို ရောက်ရှိနေပြီလို့ ဦးစိန်လှဦးက ပြောဆိုရင်း သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ထပ်မံ တွေ့ဆုံဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။

ဦးခင်မောင်စိုးနဲ့ ဦးစိန်လှဦး ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

 

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော်ကို ရာထူးက ဖယ်ရှား

2011-11-26
မြန်မာစစ်အစိုးရ လက်ထက် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) တဦး ဖြစ်ခဲ့သူ ဒု-ဗိုလ်ချုပ်ကြီးဟောင်းခင်ဇော် ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်း တနင်္သာရီ တိုင်းဒေသ ဝန်ကြီးချုပ် ဦးခင်ဇော် ဖြစ်လာခဲ့ပြီး အာဏာ အလွဲသုံးစားလုပ်မှု၊ လာဘ်စားမှုတွေနဲ့ ရာထူးက ဖယ်ရှားခံလိုက်ရပြီလို့ သိရပါတယ်။
အရင်က မန္တလေးတိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဝန်ကြီးချုပ် ဦးခင်ဇော်ဟာ ဆန်စပါး အထွက်နည်းတဲ့ တနင်္သာရီတိုင်းကို ဆန်တင်ပို့ခွင့် ပါမစ် ထုတ်ပေးရာမှာ မန္တလေးမြို့ အခြေစိုက် ‘အောင်မြင်သူ’ ကုမ္ပဏီ တခုတည်းကိုသာ နယ်ကျော် တင်သွင်းခွင့် ပေးထားတာကြောင့် မြိတ်၊ ထားဝယ်၊ ကော့သောင် ဒေသက ဆန်ကုန်သည်တွေ ဆန်ဖြန့်ဖြူးရာမှာ အခက်ကြုံရသလို တနင်္သာရီတိုင်း ဒေသခံ ပြည်သူတွေလည်း ဆန်ကို ဈေးကြီးပေး ဝယ်စားနေရတယ်လို့ ဒေသခံ ကုန်သည်တွေက RFA ကို ပြောပါတယ်။

ဒါ့အပြင် ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတဲ့ တခြား ကဏ္ဍတွေမှာလည်း အာဏာကို အသုံးပြုပြီး လက်ဝါးကြီးအုပ် လုပ်ကိုင်နေတာကြောင့် ဒါကို မကျေနပ်ကြတဲ့ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်အမတ်တွေက နေပြည်တော်ကို တိုင်ကြားရာက အခုလို ရာထူးက အဖယ်ရှားခံရကြောင်း သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးခင်ဇော်နဲ့ နီးစပ်တဲ့ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေကို ဆက်သွယ်မေးမြန်းပြီး ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။

No comments: