Sunday, November 13, 2011

ရှော့ခ်ရှိလာသော Sponsor



ပျော်တာပေါ့ အမေရယ်
 
ဒီနေ့.......ဒီရက် ကို
စောင့်နေတာ ကြာခဲ့ပေါ့....အမေရယ်။
အမေဟာ...တမျိုးသားလုံးမြောက်ရေးအတွက်
စံပြုထိုက်တဲ့ စံပြပုဂ္ဂိုလ်ဖြစ်ခဲ့ပေမယ့်
ကျနော်တို့ ကတော့
အမေ အားထားလောက်တဲ့
စံပြပုဂ္ဂိုလ်တွေ မဖြစ်ခဲ့ကြဘူး။
အမေ့ရဲ့ ပြရုပ်
အမေ့ရဲ့ အားထုတ်တဲ့ကြိုးစားမှု
အမေ့ရဲ့ စွန့်လွှတ်အနစ်နာ ခံမှု
အမေ့ရဲ့ တည်ကြည်ရိုးသား ဖြောင့်မတ်မှု
အမေ့ရဲ့ မွန်မြတ်တဲ့စေတနာ မှန်တွေဟာ
ကျနော်တို့အတွက် ခွန်အားတွေပါ။
နောက်တွန့် ကြောက်ရွံ့မှု စိုးစဉ်းမှမရှိ
ရေအဆန်မှာ လေထန်လည်း
ရေအဆန်ကို ခရီးဆက်မယ့်
အံ့လောက်တဲ့သတ္တိ အမေ့ဆီမှာရှိတယ်။
အမှန်တရားကို ကျောပိုးထားတဲ့
အမေ့ရဲ့ ရဲရင့်ခြင်းတိုက်ပွဲတွေကို
စောကြွေခဲ့တဲ့ တမလွန်ရောက်ဝိဥာဏ်တွေ
သောင်းသောင်းဖြဖြ ပါပဲ
လက်ခုပ်သြဘာတီးပြီး
ကြိုဆိုသမှုပြုနေကြတယ်....အမေ။
မရေရာတဲ့ အတွေးက
တခါတလေ ပိုပြီသေချာနေသလို
ရင်တွင်းခံစားမိတဲ့ အချိန်တွေဆို
ကျနော်တို့ တတွေ
အမေနဲ့ ပြန်ဆုံနိုင်ပါ့မလား...လို့
လွန့်လူးနေတဲ့ အတွေးကွန်ခြာထဲ
စိုးရိမ်ကဲနေမိတယ်။
ကဲ...တွေဝေငေးမောခြင်းကို စွန့်ကြ
ငါတို့အားလုံး အမေနဲ့အတူ
အာဏာရှုးတွေ ကျဆုံးတဲ့အထိ
ငါတို့ရဲ့ ခန္ဒာတွေ
သေစမ်းပါစေ ကြေစမ်းပါစေ
ရဲရင့်ခြင်းနဲ့ ရန်သူ့ကို
ဘယ်တော့မှ အရှုံးမပေးဘူး
တွေဝေခြင်းနဲ့ ငါတို့တတွေ
ငေးမောလက်ပိုက်ကြည့်နေမယ် ဆိုရင်
စောကြွေတဲ့ တမလွန်ရောက်ဝိဥာဏ်တွေ
ငါတို့ကို ဆဲဆိုနေကြလိမ့်မယ်။
ကဲ...ငါတို့ဟာ ငါတို့ရဲ့
ရဲရင့်ခြင်း ဇွဲမာန်ဟုန်နဲ့
ချောက်နက်နက်ထဲ ခုန်ဆင်းနေတဲ့
အာဏာရှုးတွေကို
သင်္ဂြိုလ်စက်ထဲ အမြန်ပို့ကြမယ်။
ပျော်တာပေါ့ အမေရယ်
အကြားချင်ဆုံးစကား
အကြားချင်ဆုံးသတင်း
အဲဒီနေ့ အဲဒီရက်
အမေလွတ်ရက်စေ့တဲ့ နေ့ကိုပေါ့
အမေ သက်တော်ရာကျော်ရှည်ပါ....စေ။
                                              အမေ့သား(ဒိန်းမတ်)၁၃.၁၁.၂၀၁၀
၁ နှစ်ပြည့် အထိမ်းအမှတ်

ရှော့ခ်ရှိလာသော Sponsor
ဒီကနေ့ ခေတ်မှာ ရေပန်းစားလာတဲ့ စကားလေးတခုကတော့ Sponsor ဆိုတဲ့ စကားလေးပါ။ စီးပွားရေးလောက၊ အနုပညာလောက မကျန် ရပ်ထဲ ရွာထဲတောင် sponsor ဆိုတဲ့ စကားလေးက တိုးဝင်ရောက်ရှိလာပါတယ်။ တကယ်တော့ sponsor ဆိုတဲ့ စကားလေးက ပံ့ပိုးကူညီမှု။ ကူညီသူလို့  ယေဘူယျ အားလုံးနားလည် ထားတာပါ၊ ဒါပေမယ့် အခုတော့ ဟိုမင်းသမီးက sponsor ရှိလို့  လက်ကိုင်ဖုန်းကိုင်နိုင်တယ်။ သူ့  sponsor က ကားဝယ်ပေးထားတယ်ဆိုတာမျိုးတွေအပြင် ရပ်ကွက်ထဲမှာ ကောင်မလေးမှာ sponsor ရှိတယ်ကွ။ ဆိုတာမျိုးတွေက တိုးတိုးတမျိုး ကျယ်ကျယ်လောင်လောင်တမျိုး ကြားလာရပါတယ်။

မြန်မာပြည် အနှိပ်ခန်းက ကောင်မလေးတွေမှာတောင် sponsor ဆိုတဲ့ စကားက ဂုဏ်ယူသလိုမျိုး ပြောလာတာကတော့ တော်တော်လေးလွန်သွားပြီလို့ ပြောရမလောက်အောင်ပါပဲ။
ကျနော်နေထိုင်တာက အမေရိကားမှာပါ ဘာဖြစ်လို့  မင်းက မြန်မာပြည်က အမျိုးသမီးတွေအကြောင်း sponsor အကြောင်းပြောနေတာလဲ။ မဆိုင်လိုက်တာလို့  ဝေဖန်နိုင်ပါတယ်။
ဘာလို့ လဲဆိုတော့ မြန်မာပြည်ကို ကျနော်ချစ်လို့ ပါ။ မြန်မာပြည်က အမျိုးသမီးကောင်းလေးတွေ ရေလိုက်မလွဲစေချင်တာ။ အမျိုးကောင်းသားလေးတွေ စာရိတ္တယိုင်မသွားစေချင်တာ ကျနော့် ဆန္ဒပါ။
ဒီစာလေးရေးဖြစ်တဲ့အကြောင်းက sponsor အများဆုံး မင်းသမီးလေးရွှေစင်အကြောင်းရေးထားတဲ့ ဧရာဝတီမှာတင်လိုက်တဲ့ postလေးတခုကြောင့်ပါ။ ဒီ့မတိုင်ခင်က အမျိုးသမီးဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့  ဆောင်းပါးလေးတခုကို ဖတ်ဖူးပါတယ်။ sponsor ဆိုတဲ့  စကားလုံးလေးနောက်ကွယ်မှာ မြန်မာအမျိုးသမီးထု ရေလိုက်မလွဲကြဖို့  သတိပေးထားတဲ့ စာလေးပါ။
အဲဒါနဲ့ တဆက်တည်း ကျနော့်ညီနဲ့  ဖုန်းပြောရင်း အနှိပ်ခန်းက ကောင်မလေးတွေကို sponsor ပေးနေတဲ့ အသက်ကြီးကြီး အိမ်ထောင်ရှင် အမျိုးသားကြီးများအကြောင်းကြားလိုက်ရတော့ တကယ်ကို shockဖြစ်သွားခဲ့ပါတယ်။ အခုတော့ တကယ်ပဲ ကျနော်တို့  မြန်မာပြည်က အမျိုးသမီးထုကြားမှာ ဆယ်ကျော်သက်တွေကြားမှာ sponsor ဆိုတဲ့စကားလုံးဟာ ရှော့ခ် ရှိလာပါပြီ။
မြန်မာပြည်မှာ ဒုက္ခရောက်မယ်ဆိုရင် ရှော့ခ်ရှိတယ် သွားမလုပ်နဲ့ ဆိုတာ လက်သုံးခေတ်စကားပါ။ အခု ဒီအတိုင်းပါပဲ တကယ်ရှော့ခ်ရှိတယ်။ ရှော့ခ်က အကြီးကြီးပါ။ နိုင်ငံနဲ့ ဆိုင်ပါတယ်။ ဘာလို့ နိုင်ငံနဲ့ ချီစကား ပြောရသလဲဆိုရင်--ကျနော် ဒီလိုရှင်းချင်ပါတယ်။

နိုင်ငံတနိုင်ငံ လူမျိုးတမျိုးမှာ နိုင်ငံရဲ့ သိက္ခာ။ လူမျိုးရဲ့ သိက္ခာဆိုတာ အရမ်းအရေးကြီးပါတယ်။ နိုင်ငံသိက္ခာဆိုတာလည်း အဲဒီနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်သူတွေရဲ့  စာရိတ္တပိုင်းဆိုင်ရာတွေနဲ့  ပတ်သက်ဆက်နွယ်နေပါတယ်။ နိုင်ငံတခုဆိုတာ မိသားစု အိမ်ထောင်စုတစုချင်းဆီနဲ့  စုစည်းပေါင်းစပ်ထားတာမို့  မိသားစုဝင်တိုင်းရဲ့  ဂုဏ်သိက္ခာတွေနဲ့ လည်း နှီးနွယ်နေပါတယ်။ အဲတော့ ကျနော်တို့  အမျိုးကောင်းသားအကြီးကြီးတွေ အသေးလေးတွေက ဒီလူ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းသောအားဖြင့် မဟုတ်မဟတ် sponsor တွေကို မပေးသင့်ပါဘူး။ တကယ် အလှူရှင် (sponsor)တွေဖြစ်သင့်ပါတယ်။ ကျနော်တို့ နိုင်ငံမှာ မတော်မတရားကိစ္စတွေကို ဥပဒေပိုင်းဆိုင်ရာကနေ တားဆီးပိတ်ပင်သင့်ပါတယ်။ အနောက်နိုင်ငံတွေမှာ sponsor ကုမ္ပဏီတွေက သူတို့ ကုမ္ပဏီအမှတ်တံဆိပ်တွေကို ကြော်ငြာဖို့  မင်းသမီးတွေ မင်းသားတွေကိုချဉ်းကပ်တယ်။ အဆိုတော်တွေကို ချဉ်းကပ်တယ်။ ငွေကြေးမယူပဲ သူတို့  ကုမ္ပဏီလုပ် ပစ္စည်းတွေကို သုံးစွဲစေတယ်။ မသုံးစွဲရင်တောင် အခကြေးငွေပေးပြီး ကြော်ငြာစေတယ်။ ဒါဟာ အားလုံးနားလည်ထားတဲ့ ကြော်ငြာလုပ်ငန်းများရဲ့  အကြမ်းဖျဉ်း sponsor ပုံစံပါ။

အခု ကျနော်တို့  မြန်မာနိုင်ငံမှာက အမြီးရှည်ရှည် အကောင်ကြီးကြီများနဲ့  အလျဉ်းသင့်သူများ။ လုပ်ပိုင်ခွင့် အလွဲသုံးစားယူထားသူများ။ အသပြာတတ်နိုင်သူများက အနုညာရပ်ဝန်းထဲမှာ။ ကာရာအိုကေဆိုင်မှာ။ ဘီယာဆိုင်တွေမှာ။ အနှိပ်ခန်းတွေမှာ။ စားသောက်ဆိုင်တွေမှာ sponsor ပေးတယ်ဆိုပြီး အသပြာနဲ့  တဏှာလဲလှယ်ယူနေတာက အမျိုးသားရေးဂုဏ်ထိခိုက်ပါတယ်။ စက်ဆုပ်စရာလည်းကောင်းပါတယ်။ ရောင်းသူရှိလို့  ၀ယ်သူရှိတယ်လို့  အတွန့် တက်နိုင်ပေမယ့် တကယ်တော့ ၀ယ်သူမရှိရင် ရောင်းချမယ့် ဈေးကွက်လည်း ပျက်တာပါပဲ။
ကျနော် တဘက်ထဲကိုပဲ ဖိမပြောချင်ပါဘူး။ အမျိုးသမီးထုတွေ အကျင့်ပျက် sponsor ရှင်များကို ရှောင်ကြပါလို့  ပြောချင်သလို။ အမျိုးသားထုကလည်း စေတနာမှန်တဲ့  sponsor လေးတွေနဲ့  ကိုယ့်အမျိုးကောင်း သားသမီး တွေကို စောင့်ရှောက်ပေးကြပါလို့ သာ တိုက်တွန်းလိုပါတယ်။

မီဒီယာသမားများကလည်း ကိုယ့်ပြည်သူကို ဘယ်လိုသတင်းအချက်အလက် ပေးချင်သလဲဆိုတာ စဉ်းစားချင့်ချိန်သင့်ပါတယ်။ သတင်းတခုလုပ်လိုက်တယ်ဆိုတာထက် မိမိတင်လိုက်တဲ့ သတင်းလေး ပြည်သူ့ ထံကို ရောက်သွားရင် ပြည်သူအတွက် အကျိုးဖြစ်ထွန်းမှု ဘယ်လောက်ရှိတယ် မရှိတယ်ဆိုတာလေးကို ချင့်ချိန်စဉ်းစားပေးကြဖို့  မေတ္တာရပ်ခံအပ်ပါတယ်ဗျာ။ ကျနော့်တို့ နိုင်ငံမှာ အစစ်အမှန် ဒီမိုကရေစီမရှိသေးသလို ပြည်သူတွေမှာလည်း လေ့လာနိုင်စရာ အချိန်၊ ဗဟုသုတ ပြည့်စုံခြင်းမရှိသေးလို့  လက်လှမ်းမှီရာလေးတွေ ဖတ်နေ နားထောင်နေရတာလေးကို နားလည်စာနာသောအားဖြင့် တည့်မှန်တဲ့ ဗဟုသုတလေးတွေ ပြည်သူဆီကို ရောက်အောင် ပို့ ပေးကြပါလို့  အနူးအညွတ်တောင်းပန်အပ်ပါတယ်ဗျာ။

ဖိုးဇီဝ
(အမေရိကန်ပြည်ထောင်စု)
နိုဝင်ဘာ (၁၃)ရက်။ ၂၀၁၁ခုနှစ်၊

No comments: