Sunday, November 13, 2011
လက်ရှိ တိုင်းပြည်၏နိုင်ငံရေးအခြေအနေအပေါ်အမြင်သဘောထား
အပေးအယူမမျှတမှု
          လက်ရှိ အနေအထားကိုပြန်ကြည့်ရင် အပေးအယူ မျှတမှု မရှိဘူးဆိုတာ သိပ်ကိုရှင်းတယ်၊ ဖွဲ့စည်းပုံကို အနည်းငယ်လေးပြင်ပေးလိုက်ရုံနဲ့ NLD ဟာ ရွေးကောက်ပွဲဝင်ဘို့ဆုံးဖြတ်ချက်ချတော့မဲ့ အနေအထားဖြစ်လာတယ် ၊ တကယ့်အရေးကြီးပြီးသော့ချက်တွေဖြစ်တဲ့စစ်တပ်ကလွတ်တော်ထဲမှာ အမြဲတမ်း၂၅% နေရာယူမဲ့ကိစ္စတွေ ၊ စစ်တပ်ကဒီမိုကရေစီမကျပဲအာဏာသိမ်းနိုင်တာတွေ ၊ စစ်ရေး အခြခံရှိသူများသာသမ္မတဖြစ်ပိုင်ခွင့်ရှိသည်ဆိုတဲ့အချက်တွေကိုမေ့ထားပြီးရွေးကောက်ပွဲဝင်မယ်ဆို တာ အလွန်ကိုသဘာဝမကျတဲ့ကိစ္စပဲဖြစ်တယ် ။ စစ်အစိုးရက ဒီအခွင့်အရေးအားလုံးကိုဆက်လက်ရ ရှိမှာဖြစ်တဲ့အပြင် ကိုယ်ဖက်က ၂၀၀၈ အခြေခံဥပဒေကိုရော ၂၀၁၀ ဦးသိန်းစိန်အစိုးရကိုရောတပြိုင် နက်ထောက်ခံပေးလိုက် ပြီးသားဖြစ်သွားတယ်၊ ကိုယ့်ဘက်ကမဖြစ်စလောက်လေးရလိုက်တာတွေ က နိုင်ငံရေးအကျဉ်း သားတစ်ချို့လွှတ်ပေးတာနဲ့ရွှေးကောက်ပွဲကော်မရှင်ဥပဒေတချို့ ကိုအနည်းငယ် လေးပြင်ပေးလိုက်ရုံလောက်ပဲရလိုက်တယ်၊ ပြောရမယ်ဆိုရင် သူတို့ကအပေါ်စီးကသူတို့ဖြစ်ချင်တာ တွေကိုရအောင်ယူသွားတဲ့ သဘောပါပဲ၊ ကိုယ့်ကိုသူတို့ပေးတာတွေက ဘာမှအာမခံချက် မရှိဘူး၊
သူတို့ရသွားတွေက တကယ်ကို ကြီးကြီးမားမားတွေပဲလေ ၊ ဒါ့အပြင် ရလာမဲ့ နောက်ဆက်တွဲအခွင့် အရေးတွေက အာစီယမ်မှာဥက္ကဌဖြစ်လာမယ်၊ Sanction ပြုတ်သွားမယ်၊ ကမ္ဘာ့ဘဏ်ကပိုက်ဆံတွေ၊ ဂျပန်ကပေးမဲ့ ODA ကငွေတွေလှိမ့်ဝင်လာမယ်၊ တရားဝင်အစိုးရဖြစ်သွားသလို တရားဝင်ဖွဲ့စည်းပုံကို လည်းကမ္ဘာသိမြန်မာသိ ရယူသွားတဲ့သဘောပါပဲ ။
သူတို့လိုချင်တာရဘို့အတွက်ပြန်ပေးနိုင်သလောက်ပေးတဲ့သဘော
          စစ်ဗိုလ်ချုပ်တွေဆီကဘယ်လို ခိုင်မာတဲ့ ဂတိက၀တ်တွေ ရထား ပြီးပြီလဲလို့ နောက်ထပ် ပါတီမှတ်ပုံတင်မဲ့သူတွေ၊ ကြားဖြတ်ရွေးကောက်ပွဲဝင်မဲ့သူတွေကို မေးကြည့်ချင်ပါတယ်၊ ကတိက ၀တ်တွေကိုထပ်ခါတလဲလဲ ဖောက်ဖျက်နေတဲ့ စစ်ဗိုလ်ချုပ်တွေဆီက နောက်ထပ်ရမဲ့ဂတိတွေက ကော စိတ်ချရပါ့မလားဆိုတာပါပဲ ၊ ပြည်သူ့လူထုကို မိမိတို့ဘက်ကဘာမှအာမခံချက် မပေးနိုင်ပဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံနဲ့ လူထုရဲ့ လွတ်လပ်မှုကို ချည်နှောင်ခွင့်ပေးလိုက်ရင် ( ၂၃ ) နှစ်လုံးလုံး လုပ်ထားခဲ့တာတွေ အားလုံး တရက်ထဲနဲ့ ရေစုန်မျောသွားနိုင်တယ် ၊ ရန်သူ ကိုအယုံမလွယ်ပါနဲ့ ၊ သူတို့လိုချင်တာ ရဘို့အတွက်ပြန်ပေးနိုင်သလောက် ပေးတဲ့ သဘောပါပဲ၊ သူတို့ယူတာ အဆ မတန်အောင်ပိုများတာကိုတော့သတိထားသင့်ပါတယ် ။
ကာရာအိုကေ ဒီမိုကရေစီ ပဲရလိမ့်မယ်
          စေ့စပ်ဆွေးနွေးတဲ့နေရာမှာ အရေးတဲ့ အချက်တစ်ချို့ ကိုလည်း မေ့ထားလို့ မရဘူး ၊ ဥပမာ - လူထုက သူတို့လုပ်ထားတာတွေကို ဘယ်လိုမှခွင့်မလွတ်နိုင်ဘူးဆိုတာ အာဏာရှင်တွေကသိထား တယ်ဆိုတဲ့အချက်ကိုလည်း ပြန်စဉ်းစားသင့်တယ်၊ ဆိုလိုချင်တာက သူတို့ဟာအာဏာမရှိပဲမနေရဲ ဘူး ၊ ဒီတော့ အာဏာရဲ့ ၁၀၀ ရာခိုင်နှုန်း မဟုတ်တောင်( ၈၀ ) ရာခိုင်နှုန်း လောက်ကိုကိုင်ထားမဲ့သ ဘောပဲ ၊ ( ၂၀ ) ရာခိုင်နူန်းလောက်ကိုတော့ တတိယအတွေးအခေါ်ရှိသူတွေ ( သို့ ) စစ်အစိုးရကို အထင်ကြီးပြီး လူထုတိုက်ပွဲကို အထင်သေးသူတွေ ၊ ခေတ်ပျက်အမတ်ဖြစ်လိုသူတွေကိုဖြစ်ခွင့်ပေး ထားမယ် ၊ လူထုကသူ့တို့ကို မဆန့်ကျင်အောင်အပျော်အပါး  တွေကိုဖန်တီးထားပေးမှာဖြစ်သလို ၊ မူးရစ်ဆေးဝါးတွေကို အလွယ်တကူရအောင် မျက်ကွယ် ပြုထားမှာ ကြိမ်းသေပါတယ်၊ လူတွေကို မကောင်းမှု နွံထဲမှာ သွတ်သွင်းထားပြီး ၊ နိုင်ငံရေးကို စိတ်မ၀င်စားအောင်လုပ်ထားမယ် ။       
          သူတို့ကတော့ တိုင်းပြည်ရဲ့ ဘဏ္ဍာတွေကို သုံးဖြုန်းပြီး ဇိမ်ကျနေဦးမှာပဲဆိုတာတွက်ဆ      ကြည့်လို့ ရနိုင်ပါတယ် ၊ ဒီတော့ သူတို့ပေးမဲ့ ဒီမိုကရေစီမျိုးက ကာရာအိုကေ ဒီမိုကရေစီမျိုးပဲ
ဖြစ်မှာပေါ့ ၊ လူထုတွေက အကျင့်တွေပျက် ၊ ယဉ်ကျေးမှုတွေပျက်စီး ၊ ခေတ်ပျက်သူဌေးတွေက ချမ်းသာသထက်ချမ်းသာလာပြီး ၊ ကျနော်တို့ခင်ဗျားတို့လို ဆင်းရဲတဲ့ပြည်သူတွေ သာမန်လူတန်း စားတွေကနေဆင်းသက်လာတဲ့ နှမငယ်တွေကနေ သူတို့ကို ဖျော်ဖြေပေးရမဲ့ ကာရာအိုကေ ဒီမိုကရေစီ ခေတ်ကို ရောက်သွားမှာ အမှန်ပဲ ။
ဒါဟာ နောက်ဆုံးပေါ် နိုင်ငံရေး လှည့်စားကွက်ဖြစ်တယ်၊
          NLD က လူထုကိုယ်စား ခွင့်လွတ်ပေးလို့ မရဘူးဆိုတဲ့ အချက်ကလည်း မစဉ်းစားလို့
မရဘူး ၊ ဒါတွေဟာ ခံစားချက်နဲ့ပြောနေတာ မဟုတ်ဘူး၊ ပကတိအနေအထားကိုက ဒီလိုပဲဖြစ်      နေတယ် ၊ ဒီတော့ အာဏာရှင်တွေက ဒေါ်အောင်ဆန်းစုရဲ့  ပူးပေါင်းဆောင်ရွက်မှု အပေါ် မုချ
မသွေ အသုံးချဖို့ ကြိုးစားမယ်ဆိုတာ ရှင်းပါတယ် ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်တော်ထဲ
ညှပ်ထည့်ထားပြီး ၊ ဘာမှလုပ်လို့ မရအောင် အများစုဖြစ်ကြတဲ့ ကြံ့ဖွတ်အမတ်တွေနဲ့ တမတ်
သား စစ်ဗိုလ်ချုပ် တွေကနေ ပြီးတော့ ထိန်းချုပ်ပြီးသွားမဲ့ အစီအမံပဲဆိုတာ သိပ်ကိုရှင်းတယ် ၊ ဗိုလ်ချုပ်တွေက ဒေါ်စုသာ လွတ်တော်ထဲမှာပါခဲ့ရင် လူအများစုက ထောက်ခံမှာပဲဆိုတာကို သိ 
ထားတယ် ၊ ဒါကြောင့် ဒေါ်စုက သင်ပုန်းချေရေးကို ဇောင်းတင် ပြောလာတဲ့အခါ သူတို့က ဒီ
အပေါ်မှာ ၊ နောက်ဆုံးပေါ် နိုင်ငံရေး လှည့်စားကွက်ကို ဖန်တီးလိုက်တာပါပဲ ၊ တချက်ခုတ် နှစ်
ချက် ပြတ်ဆိုပါတော့ ၊ လမ်းပြမြေပုံ လည်းပြီး ၊ အာဏာလည်း လက်လွက်စရာမလိုဘူး ၊သူတို့
အတွက် သားရွှေ အိုးထမ်း လာပြီပေါ့ ။
သင်ပုန်းချေချင်တိုင်း ချေလို့ လွယ်ပါ့မလား
          ဗိုလ်ချုပ်ကြီးတွေရဲ့ အဓိကလိုအပ်ချက် ကတော့ သူတို့ရဲ့ အသက် အိုးအိမ် စည်းစိမ်
လုံခြုံမှုပါပဲ ၊ တိုင်းပြည်ဘဏ္ဍာာထဲကနေ မတရားခိုးယူထားတဲ့ ပိုင်ဆိုင်မှုတွေ အားလုံး သားစဉ်    
          သေချာတာတစ်ခုက ပြည်သူ့လူထုက ခွင့်လွတ်မှသာ သင်ပုန်းကျေမယ် ဆိုတာပါပဲ ၊ ပြည်သူလူထုက ခွင့်လွတ်လာချင်အောင် ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင်က  မလုပ်ပဲ NLD နဲ့ 
ဒေါ်အောင် ဆန်းစုကြည် တို့ကို တံတိုင်းသဘွယ်ထားပြီး အကာအကွယ်ယူဖို့ကြိုးစားတာတွေ
ကလည်း တကယ့်ကို သဘာဝမကျတဲ့ ကိစ္စပဲဖြစ်တယ် ။
ကျနော်တို့ကိုယ်တိုင် စစ်အာဏာရှင်စနစ်ကို မြေတောင်မြှောက်ပေးလိုက်သလို မဖြစ်နေဘူးလား
          ပြီးတော့ မအောင်မြင်ခဲ့ရင် ဘာလုပ်မှာလည်း ၊ အချိန် ဘယ်လောက်ယူပြီး စေ့စပ်ရေး ကိုလုပ်သွား မှာလဲဆိုတဲ့ အချက်ကိုလည်း လူထုသိအောင်လုပ်ပေးဘို့ဟာ အလွန် အရေးကြီး 
ပါတယ် ၊ ဒီလိုမလုပ်ပဲ ဦးအောင်ကြည်တို့ပြောသလို တလှမ်းချင်း သွားရမယ်ဆိုပြီး နောက်ထပ်  
ဆယ်လို့ရမှာ မဟုတ်တော့ဘူး ၊ ၂၀၀၈ ကိုလည်း လျှော့ပေးလိုက်ရပြီ  ၊ ၂၀၁၀ အစိုးရကိုတိုင်း 
ပြည် ကိုအုပ်ချုပ်ခွင့် ပေးလိုက်ရပါပြီ ၊ အာဏာသိမ်းခွင့်လည်း ပေးထားရတယ် ၊ သမ္မတ လည်း
ဗိုလ်ချုပ်တွေပဲ အမြဲတန်းလုပ်မယ်ဆိုတော့ ၊ ကျနော်တို့ကိုယ်တိုင် စစ်အာဏာရှင်စနစ်ကိုမြေတောင်
တယ်၊ လာဘ်ပေးလာဘ်ယူ အချာင်သမားများကြီးစိုးရေးခေတ်သစ်ကြီးရောက်ပြီးမှတော့ ဒီမိုကရေစီ
ဆိုတာကလည်း ခေတ်ပျက် ဒီမိုကရေစီဖြစ်လာဖို့များနေပါတယ် ။
ရန်သူအကြောက်ဆုံးက ဘာလဲ
          တကယ်တန်း ပြောရမယ်ဆိုရင် ရန်သူအကြောက်ဆုံးက လူထုဖြစ်တယ် ၊ လူထုတိုက်ပွဲ
ဖြစ်တယ်၊ NLD မဟုတ်ဘူး ၊ အာဏာရှင်ကျဆုံးခန်းတွေကို လေ့လာကြည့်မယ် ဆိုရင်လည်း သူတို့
ပြုတ်ကျတာတွေအားလုံးက လူထုတိုက်ပွဲကြောင့်ပဲဖြစ်တယ်ဆိုတာ ကျနော်တို့ငြင်းလို့မရဘူး ၊ စေ့ စပ်ရေးကနေပြီး အခြေအနေကောင်းတွေဖြစ်လာဘို့ဆိုတာ အခွင့်အလမ်းအင်မတန်ကို နည်း နေပါ တယ် ၊ ဒါကြောင့် လိုအပ်ရင်လူထုတိုက်ပွဲကို မလွဲမသွေ ဆင်နွဲရအုံးမှာပဲ ၊  ဒါ ရှောင်လွှဲလို့ ရနိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး ၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကလည်း လူထုတိုက်ပွဲကို ယုံကြည်မှုရှိဖို့ လိုပါလိမ့်မယ် ၊ ရန်သူက လိမ်သွားပြီးဆိုရင် လူထုကတော့ ခံနေမှာမဟုတ်ဘူး ။
လူထုတိုက်ပွဲကို NLDက ဦးဆောင်ပေးမှာလား
          ဒီမေးခွန်းကို မဲဆန္ဒရှင်တွေဖြစ်ကြတဲ့ပြည်သူတွေက မေးလာတော့မှာဖြစ်တယ် ၊ သူတို့က
ရင်ကြားမစေ့နိုင်ခဲ့ဘူးဆိုရင် ပြည်သူတွေရဲ့ ဘ၀က ဘာမှထူးလာမှာမဟုတ်ဘူး ၊  ဒုံရင်း ဒုံရင်းဖြစ်နေ
မယ် ၊ ငတ်မြဲ ငတ်နေမယ် ၊ မစားနိုင်မသောက်နိုင် မ၀တ်နိုင်တဲ့ ဘ၀မှာ ပြည်သူတွေက ရေရှည်
သည်းခံ နေနိုင်မှာမဟုတ်ဘူး ၊ တစ်နည်းတစ်ဖုံနဲ့ မကျေနပ်မှုတွေ တိုးပွါးလာမယ် ၊ အဲဒီ အခါမှာ
လူထုတိုက်ပွဲတွေဖြစ်လာနိုင်တယ် ၊ အဲဒီအချိန်မှာ အန်အယ်ဒီက ကိုယ်နဲ့မဆိုင်သလိုနေလို့ မရနိုင်
ဘူး ၊ ဦးဆောင်ပါတီတရပ်အနေနဲ့ လူထုတိုက်ပွဲဦးဆောင်မှု ပေးကို ပေးရပါလိမ့်မယ် ၊ ပေးရမဲ့တာဝန်
လည်းရှိနေပါတယ် ၊ ဒီနေရာမှာ လူထုတိုက်ပွဲကို NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှု ပေးမှာ
လားလို့   ပြန်ဆန်းစစ်ကြည့်တယ် ၊  ၅၀%-၅၀% ပြောရင် နည်းနည်း များသွားလိမ့်မယ် ၊ ဘာဖြစ်
လို့ လဲ ဆိုတော့ NLD ခေါင်းဆောင်အများစုက လူထုတိုက်ပွဲကို ဦးဆောင်ဖို့အတွက် စိတ်မ၀င်စား
ကြလို့ပဲ ၊ သူတို့က နိုင်ငံတကာ ဖိအားကို အလွန်အကျွံ ယုံကြည်ထားကြတယ် ၊ ကုန်ကုန်ပြောရမယ်
ဆိုရင် NLD ဟာလူထုတိုက်အတွက် ဘယ်တော့မှအဆင်သင့်မရှိဘူး ။
သူတို့ အဓိကဖြစ်ချင်နေတာက သိက္ခာရှိရှိ အာဏာခွဲဝေ ယူရေးလို့ ဆိုရမယ်၊
          ဒါပေမဲ့ဖြစ်နေတာက သူတို့ဖြစ်ချင်နေတာနဲ့တခြားစီ ၊ ဗိုလ်ချုပ်တွေက NLDနဲ့ ဒေါ်အောင်
ဆန်းစုကြည်ရဲ့ ဘ၀ကို ရစရာမရှိအောင် နိုင်ငံရေးသတ်တဲ့မြင်ကွင်းမျိုးလိုဖြစ်နေတယ် ၊ ကျနော် စဉ်း
စား ကြည့်တယ် ၊ ဒါကို NLD ကမမြင်လို့ပဲလား ၊ သိရက်သားနဲ့ ဇွတ်တိုး နေတာပဲလား ၊ ဒါမှမဟုတ်
ဖြစ်လို ဖြစ်ငြား စမ်းကြည့်တာပဲလား ၊ ပြည်တွင်းပြည်ပနဲ့ နယ်စပ်ဒေသမှာရှိတဲ့ အခြေအနေ အရပ်
ရပ် ကိုစိတ်ပျက်လို့ပဲလား ၊ ဦးအောင်ကြည် ကပဲ တော်လို့ပဲလား ၊ မိမိတို့ ဖက်ကပဲ အလျှော့ပေးလွန်
နေအကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုသလို ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီး  ရွေး
ကောက်ပွဲဝင်လိုတဲ့ သဘောထားတွေပြလာတော့ မယုံနိုင်အောင်ပါပဲ ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေ ကိုလက်ခံခြင်းဟာ ပူးပေါင်းဆောင်ရွက်သင့်တဲ့အရာ မဟုတ်တာတော့ကြိမ်းသေပါတယ် ။
အခြေခံဥပဒေကနေပြီး ထွက်ပေါက်ရှာတယ် ဆိုတာကလည်း အာမခံချက် မရှိဘူး
          ကျနော့် အနေနဲ့ ပြောရရင် ရင်ကြားစေ့ရေး လုပ်တာကို မူအားဖြင့် လုံးဝ မဆန့်ကျင်ဘူး ၊ အဓိက အားဖြင့် ( Time Frame ) ထာြး့ပီး လုပ်သွားဖို့ လိုသလို ၊ အပြန်အလှန် အပေးအယူ မျှဖို့ 
အောင် မလုပ်ယူပဲ အခြေခံဥပဒေကနေပြီး ထွက်ပေါက်ရှာတယ်ဆိုတာကလည်း အာမခံချက်မရှိဘူး
ဆိုတာကို သူတို့ အင်မတန်နားလည်သင့်တယ် ၊ သူတို့ထွက်ပေါက်လိုချင်ရင် လူထုခွင့်လွတ်ချင် လာ အောင်လုပ်ရမယ် ၊ လူထုကိုအာဏာပြန်အပ်ပြီး တိုင်းပြည်က ငွေတွေကို လူထုလက်ထဲ ပြန်ရောက်
အောင် ပေးမှသာ သူတို့ထွက်ပေါက် ရနိုင်မှာဖြစ်တယ် ၊ ဒီလိုမှသူတို့ဘက်က မလုပ်ဘူး ဆိုရင်တော့
အမှန်တကယ်လိုနေပါပြီ ။
ဦးဆောင်ပါတီ ဆိုတာ ဘာလဲ၊
          နိုင်ငံရေးအကျဉ်းသားတွေ အားလုံးမလွတ်ပဲ ရွေးကောက်ပွဲဝင်တာကို လုံးဝ နားမလည်နိုင်
ဘူး ၊၂၀၀၈ ခု ဖွဲ့စည်းပုံကို မပြင်ပဲ ရွေးကောက်ပွဲဝင်တာဟာ လူထုကို သစ္စာဖေါက်တယ်လို့ မြင်မိ
တယ် ၊ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေဘို့ ကိုယ်တိုင် ထောက်ခံပေးလိုက်သလို ဖြစ်နေ 
တယ် ၊ ရာဝတီမြစ်ဆုံ စီမံကိန်းကိုလည်း လုံးဝရပ်ဆိုင်းတယ်လို့ မပြောသေးဘူး ၊ ထပ်ပြီးညာဦးမှာ
ပဲ ၊ ပြီးတော့ NLD ဟာ တွေ့ဆုံဆွေးနွေးရေးကို ( Time Frame ) မရှိပဲနဲ့ လုပ်သလိုဖြစ်နေတယ် ၊
ဘာမှဖြစ်မလာဘူးဆိုရင် ဘာလုပ်မလဲဆိုတာ ( Time Frame ) ကို အခြေခံထားပြီး လူထုပြောပြဖို့
သင့်တယ် ၊ ဒါမှ ဦးဆောင်ပါတီတရပ်အနေနဲ့ တို့ မကြောက်ပါဘူး ၊ ရရင်ရ မရရင်ချမယ် ဆိုပါမှ
လူထုကအား ရှိမှာပေါ့ ၊ ရရင်ရ မရရင်ဆက်ပြီး ခံပြီးရင်း ခံနေရင် ဦးဆောင်ပါတီ မဟုတ်တော့ဘူး ။
၈၈ တုန်းကလည်း ငါတို့တတွေ ဒုတ္ခရောက်မှာစိုးလို့ မွေးမိခင်အမေတွေက တားတာ
တောင် မရဘူး၊
          လူထုက သူ့အခွင့်အရေး မရမချင်း ဆက်တိုက်နေမှာပဲဆိုတာ လူထုတိုက်ပွဲကလာတဲ့ သူ
တွေတိုင်း နားလည်သဘောပေါက်ပါတယ် ၊ သေကြကုန်မယ် ၊ မလုပ်ကြပါနဲ့ လို့ ဘယ်သူမှ တားလို့
မရပါဘူး ၊ ဘယ်သူကမှ ငါလုပ်နိုင်တယ်ဆိုပြီး လူထုတိုက်ပွဲကို ဖန်တီးယူလို့မရဘူး ၊ လူထုတိုက်ပွဲ
ဆိုတာ ဖြစ်ချိန်တန်လို့ပဲဖြစ်ဖြစ် ၊ ဖြစ်ဖို့ အကြောင်းဖန်လာလို့ပဲဖြစ်ဖြစ် ၊ ဖြစ်ကိုဖြစ် လာမှာပဲ ၊ ကုန်
ဈေးနှုန်း တိုက်ပွဲကိုပဲကြည့်ကြည့် ၊  ရွှေဝါရောင်ကိုပဲကြည့်ကြည့် ဖြစ်ဖို့ အကြောင်းဖန်လာတာပဲ  မ ဟုတ်လား ၊ ၈၈ တုန်းကလည်းငါတို့တတွေ ဒုတ္ခရောက်မှာ စိုးလို့ ၊ မွေးမိခင် အဖေ အမေတွေ က တားတာတောင် မရဘူး ၊ တကယ်လို့ ရှစ်လေးလုံးလို ၊ ရွှေဝါရောင်လို နောက်ထပ် လူထုတော်လှန် ရေး တစ်ခုသာ ပေါ်လာခဲ့ရင်လည်း ၊ ဦးဆောင်ပါတီတစ်ခု ခုကဖြစ်ဖြစ် ၊  ခေါင်းဆောင်ကြီးတစ်ဦးက
ဖြစ်ဖြစ်  သေကျေ ဒုက္ခ ရောက်ကုန်ကြမယ်ဆိုပြီး ၊ မလုပ်ကြပါနဲ့ လို့ ၀င်တားဆီးလို့ သင့်တော်ပါ့ မ
လား ၊ တားရင်ကော ရမှာတဲ့လား ၊ ဒါကြောင့် လူထုကိုလည်း လျှော့မတွက်နဲ့ ၊ လူထုတိုက်ပွဲ မရှိပဲနဲ့ အာဏာရှင်ကို မဖြုတ်ချနိုင်ပါဘူး ၊ ကမ္ဘာ့အာဏာရှင်တွေ အားလုံးဟာလူထုတိုက်ပွဲကြောင့်ကျဆုံး ခဲ့ရတာကြီးပါပဲ ၊ သဘောကောင်းကောင်းနဲ့ အာဏာကို စွန့်လွတ်သွားတဲ့ အာဏာရှင်ဆိုတာ ဒီနေ့ အထိ ကမ္ဘာမှာ မမွေးသေးကြောင်းပါခင်ဗျာ ။
တောင်းဆိုသင့်တာတွေ ၊ လုပ်သင့်တာတွေက ဘာတွေဖြစ်လာနိုင်ပါသလဲ၊
          အပေးအယူ မျှတတဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခုဖြစ်လာဖို့ ဆိုတာ
(၁) နှစ်ဦးနှစ်ဘက် ရည်မှန်းချက် တူညီရမယ် ။
(၂) နှစ်ဖက်စိုးရိမ်မှုတွေ ၊ လိုလားချက်တွေကို ပွင့်ပွင့်လင်းပြောပြီး စုပေါင်းဖြေရှင်းရမယ် ။
(၃) တိုင်းပြည်အတွက် လက်တွေ့ကျကျ ကိုယ်ကျိုးစွန့်မှု ရှိရပါမယ် ။
(၄) အမှန်တကယ်ကို ရိုးသားပွင့်လင်းမှု ရှိရပါမယ် ။
(၅) ဘ၀လုံခြုံမှုကို အာမခံနိုင်အောင် ပူးပေါင်းလုပ်ဆောင်ရမယ် ။
(၆) အချိန် အကန့်အသတ်ရှိရမယ် ။
(ရ) ရရှိလာသောသဘောတူညီချက်များကို လူထုအားအမြန်ဆုံးဖေါ်ပြရမယ် ။
(၈) အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံး အကောင်အထည်ဖေါ်ရမယ် ။
(၉) အပစ်အခတ် ရပ်စဲရေးကိုချက်ချင်းအကောင်အထည်ဖေါ်ရမယ် ။
(၁၀) လက်တွေ့အကောင်အထည်ဖေါ်ရာမှာ ကုလသမဂ္ဂ ( သို့ ) သြဇာအာဏာကြီးတဲ့ နိုင်ငံကြီး     တွေကိုကြားခံထား ဆောင်ရွက်သွားရမယ် ။
လက်ခတ် မလွှဲဖြစ်လိမ့်မည် ။
လက်ရှိတွေ့ဆုံဆွေးနွေးအဖြေရှာရေးအပေါ်မှ ပေါ်ပေါက်လာခဲ့သည့် NLD ၏ကြားဖြတ်ရွေး ကောက်ပွဲဝင်သင့်မ၀င်သင့်ဖြစ်လာရသည့်အပေါ်မိမိ၏အမြင်ကို ပါတီစွဲပုဂိုလ်စွဲလုံးဝမပါပဲ
အရှိကိုအရှိအတိုင်း အမြင်ကိုအမြင်အတိုင်း ရိုးသားစွာရေးသားထားခြင်းသာဖြစ်ပါသည်၊
ပြည်သူလူထု၏အကျိုးစီးပွါးကိုဦးထိပ်ထားကာ မိမိ၏အမြင်ကိုတင်ပြရသည်ဖြစ်လက်ခံ
နိုင်သည်များလက်မခံနိုင်သည်များရှုထောင့်အသီးသီးမှပေါ်လာမည်ကိုလည်းကြိုဆိုပါသည်၊
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
ကိုကိုဦး(ရှစ်ဆယ့်ရှစ်)
Fort Wayne, Indiana
နိုဝင်ဘာလ(၁၁)ရက်နေ့
No comments: