Monday, November 21, 2011

NCGUB အမျိုးသားညွန့်ပေါင်းအစိုးရ


အမေစုနဲ့ထပ်တူ ချီတက်မည်

တိုင်းပြည်အတွက် ပြည်သူအတွက်
အသက်ကိုပေးပေး အသွေးကိုယူယူ
ကြည်ဖြူပေးဆပ် အကုန်အပ်မဲ့
မွန်မြတ်ပေးဝေ ဒို့မေမေ။

အမေ့ကိုဒိုင်းသဖွယ် အကာကွယ်ယူ
ကြည်ဖြူလို့မဟုတ် မလှုပ်သာ
မယှက်သာ အရှက်ကမ္ဘာမှာ
မျက်နှာမပြရဲရှာ။

ဆုပ်လဲစူး ရှူလဲမူး
စားလဲရူးမယ့် ပဒိုင်းသီးကို
တစ်ပိုင်းပြီးတစ်ပိုင်း ပိုင်းပိုင်းပြီးပေး
သိုင်းသိုင်းပြီးကျွေးလှာလိမ့်မယ် အမေ။

အပြင်မှာဖြောင့် အတွင်းမှာကောက်နေတဲ့
ခွေးမြီးကောက် ကျည်ထောက်စွပ်တွေကို
လွှတ်လွှတ်ပြီး မယုံနဲ့
အာဂုံဆောင် ကောင်းပေမဲ့
ပြာပုံတောင် ထောင်းမဲ့အကောင်တွေ
အပြောင်းလဲ တစ်ရွေးသားလုပ်တဲ့
ဗလောင်းဗလဲ ခွေးဝဲစားယုတ်တွေဟာ
အကြောင်းမလွဲ ပြေးဆွဲထားမဲ့နုံငတိ
ဂုဏ်မရှိအောင်လုပ်ကြပါလိမ့်မယ်။
ပုံတွေကိုကြည့်ပါလား
လိုလားလျှင်တစ်မျိုး မလိုလားလျှင်တစ်ဖုံ
အမျိုးစုံအောင် ပြောင်းတဲ့
ဖွတ်လောင်းလူဝင်စား
ဖွတ်ကျားမျိုးပါတကား။
ယုံကြည်မှုနဲ့အမှောင်ကျ
ထောင်ချထားတာမဟုတ်
ပုဒ်မဥပဒေအဖုံဖုံ အကုန်အစုံပြစ်မှား
ကျူးလွန်ထားလို့ ဖမ်းထားပါသတဲ့
နိုင်ငံရေးအကျဉ်းသားဖမ်းမထားပါဖူးတဲ့။

မျက်စိပိတ်ပြီအိပ်သည်မဟုတ်
မျက်စိဖွင့်ပြီးအိပ်ပြလိုက်ပါပြီ အမေ။

သူတို့အလိုကျ အာဆီယံဥက္ကဌလဲဖြစ်
ပိတ်ပစ်ထားတဲ့စီးပွားရေးပိတ်ဆို့မှုလဲအသင့်
ဖွင့်ပေးသွားတော့မှာ မနှေးမို့
ငြမ်းဆင်ပေးတဲ့ ငြမ်းကလေးတွေကို
အလှမ်းဝေးအောင်ဖျက်ပစ်တော့မယ် အမေ။

ကျားဂူထဲမ၀င်ဘဲ ကျားရဲမဖမ်းနိုင်တာမှန်ပေမဲ့
အကြံများ ဥာဏ်ကစားတတ်တဲ့
သားရဲတို့ရဲ့ဘုရင် အာဏာရှင်မြွေအခွံကျွတ်တွေကို
ရွှေဘ၀င်အကုန် ညွတ်မပေးနဲ့ အမေ။

လွတ်ရာအဝေး ကျွတ်အောင်ပြေးနိုင်ဖို့
ရေးထားတဲ့ ၂၀၀၈ ဥပဒေ
တစ်ခုမသွေ ပြန်လှန်စစ်
အဖန်အဖန် အတန်တန်ပြင်ပစ်ရလိမ့်မယ်။

အမေ့ဥာဏ်အား အမေ့စွမ်းပကားကို
သားတို့တတွေ မသွေမုချ
ယုံကြည်ကြပါတယ် အမေ။

အမေနဲ့ထပ်တူ ခွပ်ဒေါင်းအလံထူပြီး
ကြည်ဖြူမပျက် အတူချီတက်ကြပါမယ် အမေ။
အမေ့ကိုအကြွင်းမဲ့ဝန်းရံမဲ့သား။

ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ၁၁-၂၁-၁၁

                                    စစ်ကြောင်းမမှန် ခေတ်ပြောင်းပြန်

ဒီခေတ် နဲ့ ဒီစံနစ်အောက်မှာ
                                အဖြစ်ပျက်မှန်သမျှ
                                ပြောင်းပြန်စဉ်းစားရ
                                ဂွကျတဲ့သူတွေက
                                လှပတဲ့နေရာရ
                                ဖြိုးကြွ အမျိုးလှတဲ့လူတွေက
                                ဆိုးလှ ပိုးထတဲ့ထောင်မှာကျ။

                                အမှောင်ထဲကသူ အလင်းရောက်
                                အလင်းကလူ အမှောင်မှာစောင့်
                                ထွက်ပေါက်တွေ ပိန်းပိတ်
                                အသက်ပျောက်မယ့် ကိန်းလှိမ့်။

                                မှန်ပါ့ဘုရားထူးသူ အထက်ရောက်
                                အမှန်တရားကျူးသူ အသက်ပျောက်
                                ကြောက်ရမဲ့အရူးတွေ ပွေးထိ
                                ပေါက်ကြတဲ့နဖူးတွေ  ဆေးမရှိ
                                ဘေးမိလို့ ကယ်ပါအော်
                                        ပြေးကြည့်လို့ မလွယ်ပါသနော်
                                အမေကျော်လို့ ဒွေးတော်လွမ်း
                                အဖေခေါ်လဲ သွေးမတော်စတမ်း
                                လူကြမ်းတွေ မင်းသားဖြစ်
                                လူညစ်တွေ ပလ္လင်ထိုင် ဘ၀င်ကိုင် အနိုင်ချဲ
                                ဖင်ထိုင်ကာ ခွေယိုင်လဲ
                                ထူးတဲ့ခေတ်ပဲ  ရူးမဲ့စစ်ပွဲ။

                                ကိုကိုအောင်(ဆန်ဖရန်စစ္စကို)
                                နိုဝင်ဘာ ၂၀ ၂၀၁၁
                               





 အဝေးရောက် ညွန့်ပေါင်းအစိုးရ ဆက်ရှိဖို့ မလိုတော့ကြောင်း ဒေါက်တာစိန်ဝင်းပြော
2011-11-20
ဒီကနေ့ မြန်မာပြည်တွင်း နိုင်ငံရေးဖြစ်စဉ် တိုးတက်ပြောင်းလဲမှုတွေအရ ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ NCGUB အနေနဲ့ ဆက်လက် ရပ်တည်စရာ မလိုတော့ကြောင်း ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ပြောပါတယ်။
RFA
အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတခုတွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း မိန့်ခွန်း ပြောကြားနေစဉ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာလိုက်တဲ့အတွက် ပြီးခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB ဟာ ဆက်လက် ရပ်တည်စရာ မလိုအပ်တော့ဘူးလို့ ဒေါက်တာစိန်ဝင်းက သူ့အမြင်ကို ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောတာတော့ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်။ လာမယ့် ရွေးကောက်ပွဲကိုမှ ဝင်ရောက်ယှဉ်ပြိုင်တဲ့နောက်တော့ ၁၉၉ဝ ရွေးကောက်ပွဲရလာဒ်ကို ဆက်ပြီးတော့ ဖြစ်ရမယ်ဆိုတဲ့ ပုံစံမျိုး လုပ်လို့ မရဘူးပေါ့။ ကျနော်တို့ အနေနဲ့ကတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုရင်တော့၊ တကယ်လည်း စပြီး ယှဉ်ပြိုင်ပြီ ဆိုရင်တော့ အဝေးရောက်ညွန့်ပေါင်းအစိုးရ NCGUB အနေနဲ့ ဆက်လက်ပြီးတော့ တည်ရှိဖို့လိုမယ်လို့ မထင်ဘူး”

ဒါပေမယ့် လုပ်ထုံးလုပ်နည်းအရ ပြည်ပရောက် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ MPU ခေါ် လွှတ်တော်အမတ်များ သမဂ္ဂ ကနေ NCGUB အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်တွေကို ရွေးချယ်ထားတာဖြစ်တဲ့အတွက် MPU အဖွဲ့ကသာ ဆုံးဖြတ်ရမှာ ဖြစ်ကြောင်း ဒေါက်တာစိန်ဝင်းက ပြောပါတယ်။

အဝေးရောက် ညွန့်ပေါင်းအစိုးရ NCGUB အဖွဲ့ကို ပေါက်ခေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်ဝင်း ဦးဆောင်ပြီး ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ အမတ်တွေနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဌာနချုပ်ရှိရာ မာနယ်ပလောစခန်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ထောက်ခံမှုနဲ့ ၁၉၉ဝ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။



Monday, November 21, 2011

အပြောင်းအလဲကို မျက်ခြေမပြတ်ကြည့်ပြီး ဝေဖန်သုံးသပ်ကာ ဆုံးဖြတ်ချက်တွေ မမှားစေဖို့.....

21 November 2011

အပြောင်းအလဲကို မျက်ခြေမပြတ်ကြည့်ပြီး ဝေဖန်သုံးသပ်ကာ ဆုံးဖြတ်ချက်တွေ မမှားစေဖို့.....
ဒီမိုကရေစီကျင့်စဉ်မှာ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်များရှိတယ်ဆိုပေမယ့် ရည်ရွယ်ချက် ၊ခံယူချက် ၊ ယုံကြည်ချက်တူသူများ လက်ရှိနိုင်ငံရေး အခင်းအကျင်းပေါ် ကောက်ချက်ချမှုများ လွဲချော်ကာ သဘောထားကွဲလွဲတတ်ပေသည် ။ နိုင်ငံရေး ဖြစ်စဉ်များက နေ့ချင်း ညချင်း ပြောင်းလဲ ဖြစ်ပေါ်နေပြီး သဘောတရားကြေညက်မှသာ မှန်ကန်သော ဆုံးဖြတ်ချက်ကို အနီးစပ်ဆုံး ချမှတ်နိုင်ပေမည် ။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး အင်္ဂလိပ် ကိုလိုနီလက်အောက်မှ မြန်မာပြည်လွတ်လပ်ရေး ရယူဖို့ ကြိုးစားသောအခါ ဗိုလ်ချုပ်အနေဖြင့် အင်္ဂလိပ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းဆွေးနွေးပြီးရယူမည့်လွတ်လပ်ရေးအပေါ် လွတ်လပ်ရေးတိုက်ပွဲဝင်ကာလအတွင်းမှ လုပ်ဖော်ကိုင်ဖက်များ၏ ဆန့်ကျင်ကန့်ကွက်မှုများရှိခဲ့သည့် သာဓကများလည်း သမိုင်းတွင်ရှိခဲ့ပေသည် ။ အမေရိကန် ထိပ်တန်းအရာရှိများသည် ပင် လစ်ဗျားခေါင်းဆောင် ကဒါဖီနှင့် အနီးကပ်ဆွေးနွေးမှုများရှိကြောင်း အထောက်အထားများ ရှိခဲ့ပေသည် ။ မည်သို့ပင်ဆိုစေကာမူ သမိုင်းဘီးသည် အဆက်မပြတ်လည်ပတ်နေပြီး အမှန်အမှားကို အချိန်တရားသူကြီးက ဆုံးဖြတ်ပေလိမ့်မည် ။
ယခု လက်ရှိ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတခု ဖြစ်သော NLD ပါတီ၏ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်မည့် ဆုံးဖြတ်ချက်ထွက်ပေါ်ပြီးနောက် လက်ရှိဦးသိန်းစိန်အစိုးရ အပါအ၀င် ပြည်တွင်းပြည်ပ အတိုက်အခံ အဖွဲ့အစည်းများ ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်း နှင့် မြန်မာပြည်သူလူထုကြားတွင် ထောက်ခံသူများရှိသလို ဝေဖန်ကန့်ကွက်သူများလည်း ရှိပြီး အသံများ ဆူဆူညံညံထွက်ပေါ်နေပေသည် ။
အမျိုးသားသင်ြ့မတ်ရေး၊ ငြိမ်းချမ်းရေးတို့ကို အမြန် တည်ဆောက်ပြီး ဒီမိုကရေစီ နိုင်ငံတော်ကို တက်ညီလက်ညီ အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း (၉၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြချက်ဟာ သဘောတရားလွဲပြီး ညီညွတ်ရေး ပြိုကွဲမှုကို အထူးစိုးရိမ်ဖွယ်အဖြစ် မီးမောင်ထိုးပြလိုက်တာ ဖြစ်ပါသည် ။
မြန်မာပြည်တွင် ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေး တို့ကို လှုပ်ရှားဆောင်ရွက်နိုင်ရန် NLD အနေဖြင့် တရားဝင် မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲတွေမှာ ဝင်ဖို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်ခြင်းဟာ ပြည်သူလူထုအပါအ၀င် ပြည်တွင်းပြည်ပ အတိုက်အခံအုပ်စုများ အနေဖြင့် တူညီသည့်ရည်ရွယ်ချက်များကို NLD ကိုဝန်းရံပြီးဖြစ်စေ လက်တွဲပြီးဖြစ်စေလုပ်ဆောင်နိုင်ပေမယ့် ညီညွတ်ရေးပြိုကွဲစေမည့် ဝေဖန်ထိုးနှက်ချက်များကို ပြုလုပ်ဖို့တော့အလွန်ပင်စောသေးကြောင်းထင်မြင်ယူဆမိပါသည် ။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲမှာသမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေနဲ့ တွေ့ဆုံပြောကြားရာတွင် ပါတီမှတ်ပုံတင်ခြင်းနှင့် နောက်လာမဲ့ ရွေးကောက်ပွဲတွေအတွက် တရားဝင် နေ့ရက်သတ်မှတ်ခြင်းပင်မရှိသေးကြောင်းနှင့်နိုင်ငံရေးအကျဉ်းသားတွေကို ရာဇ၀တ်သားတွေနဲ့ နှိုင်းယှဉ်ပြောခဲ့လို့  နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာနိုင်မှုအပေါ်မှာလည်းစိုးရိမ်ဖွယ် အခြေအနေတွင်ပင် ရှိနေသေးခြင်းကြောင့် လူထု၏ အားပေးထောက်ခံမှု အရရှိဆုံးပါတီဖြစ်သည့် NLD ပါတီ နှင့် ပြည်တွင်းပြည်ပ အတိုက်အခံ အင်အားစုကြား ညီညွတ်ရေးပြိုကွဲမှုကို မဖြစ်ပေါ်သင့်ပေ
ဒီမိုကရေစီလမ်းကြောင်းကို ပြုပြင်ပြောင်းလဲဖော်ဆောင်မည်ဟု အတိအလင်းပြောကြားခဲ့သော ဦးသိန်းစိန်အစိုးရအနေဖြင့် ၂၀၁၄ တွင် အာဆီယံဥက္ကဌ ရာထူးကို တရားဝင် လက်ခံရရှိပြီးနောက် လေသံပြောင်းသွားမည်ကို နိုင်ငံတကာက စိုးရိမ်နေကြောင်း ပြောဆိုဝေဖန်မှုများရှိနေစဲဖြစ်သည် ။ လက်ရှိ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အတော်များများ ရှိနေတာကို အသိအမှတ်ပြု ကြိုဆိုပေမဲ့လို့ ဆက်ပြီး လုပ်စရာတွေ အတော်လေး ကျန်သေးတယ်လို့ သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာ ဂေးလက် (Julia Gillard) က ပြောလိုက်သလို အမေရိကန်သမ္မတ အိုဘားမား အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းမှလည်း ပြုပြင်ပြောင်းလဲမှုများယခုထက်တိုးပြီးလုပ်ဆောင်ဖို့ အတိအလင်းတိုက်တွန်းထားပါသည် ။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီးမွန်းမှ မြန်မာပြည်တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ကိုင်ရန် အချိန်မဆွဲသင့်ကြောင်း တိုက်တွန်းပြောကြားချက်လည်း ထွက်ပေါ်ခဲ့ပြီးဖြစ်သည် ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီအနေဖြင့် ယခင်က အကြီးမားဆုံး ဆန့်ကျင်ဖက်အုပ်စုဖြစ်သော စစ်အုပ်စုအသွင်ပြောင်း လက်ရှိ ဥိးသိန်းစိန်အစိုးရနှင့် တူညီတာကို တွဲလုပ်ပြီး မတူညီတာကို ခွဲလုပ်မည်ဟု ပြောဆိုထားခဲ့ရာ မြန်မာပြည်တွင် ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေး တို့ကို ဘယ်လောက်အတိုင်းအတာထိ လုပ်ဆောင်နိုင်ခွင့်ရှိမည်ကိုတော့ အဓိက ထားစောင့်ကြည့်ရမည်မှာ အသေအချာဖြစ်ပါသည် ။
လူထု၏လိုလားချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လိုသည့် အတိုက်အခံအင်အားစုများ၏ ရည်ရွယ်ချက်တွင်လည်း စစ်မှန်သောပြည်တွင်း ငြိမ်းချမ်းရေးမြန်မာပြည်တွင်ဖြစ်ပေါ်ရေးသည်လည်း အဓိကအချက် တစ်ချက်ဖြစ်သလို မတရားဥပဒေဖြစ်သော ၂၀၀၈ ဥပဒေကိုပြင်ဆင် ပြောင်းလဲရေးသည်လည်းအခြေခံလိုအပ်ချက်ဖြစ်နေပေသည် ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများရှိပေမဲ့ တခြားတဖက်တွင် တရားဝင် အပစ်အခတ်ရပ်စဲရေးမရှိပဲ ပြည်တွင်းစစ်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ လွတ်လပ်မှု ၊ တရားမျှတမှု နှင့် ငြိမ်းချမ်းရေးများ ပျောက်ဆုံးနေသော အမိမျြေမှာ တရားဥပဒေစိုးမိုးရေးကလည်း အပူတပြင်းလိုအပ်နေသည်မှာ အထင်အရှားဖြစ်သည်မို့ အနာဂတ်တွင် ညီညီညွတ်ညွတ်ပူးတွဲလုပ်ဆောင်ရမည့် အချက်အလက်များက အများအပြားရှိနေပေသေးသည် ။
လမ်းတလမ်းကို ဖောက်လုပ်ရာတွင် လမ်းခင်းသူကခင်း ၊ ခြုံရှင်းသူကရှင်း ၊ မြေဖို့သူကဖို့ ၊ မြေသယ်သူကသယ် ၊ အလုပ်ကို ညီညွတ်စွာ တာဝန်ယူခွဲခြားလုပ်ကိုင်ခြင်းဖြင့်အနာဂတ်လမ်းသည် ဆူးညှောင့်ခလုတ် ကင်းရှင်းပြီး သာယာလှပပေမည် ။
NLD ပါတီ၏ မဟာဗျူဟာ ရည်ရွယ်ချက်သည် အတိုက်အခံအင်အားစုများ၏ ရည်ရွယ်ချက် မဟာဗျူဟာနှင့်တထပ်တည်းကျနေပြီး နည်းဗျူဟာအရ လုပ်နည်းလုပ်ဟန်ကို ရောက်ရှိရာနေရာဒေသ၏ အခြေအနေ အချိန်အခါပေါ်တွင် အကောင်းဆုံးဖြစ်အောင် ဆုံးဖြတ်လုပ်ကိုင်ရခြင်းကိုလည်း အထူးသတိထားရမည့်အချက်လည်းဖြစ်ပါသည် ။
မိမိ၏ဆန္ဒ ၊ အဖွဲ့အစည်း၏ ဆန္ဒ ထက် တိုင်းပြည်၏အကျိုးစီးပွား နှင့်လူထု၏ အကျိုးစီးပွားကို လုပ်ဆောင်ရာတွင် ကိုယ့်ဖက်ကပေးဆပ်ရသည့်အရာများရှိသလို လုပ်ဆောင်ရမည့်အရာထက် လုပ်သင့်လုပ်ထိုက်သည်ကို ဦးစားပေးလိုက်ရသည့်အခါများလည်းရှိကြောင်း ကောင်းကောင်းသဘောပေါက်သင့်ပေသည် ။
အချုပ်ဆိုရသော် နိုင်ငံတကာ အသိုင်းအ၀န်းနှင့် မြန်မာ ပြည်သူလူထု အမြင် တွင် အတိတ် စစ်အစိုးရ လက်ထက်အဆက်ဆက်တွင် နိုင်ငံတကာသို့ အစိုးရကိုယ်စားလှယ် အသီးသီးကို ကိုယ်စားပြုစေလွှတ်ရာတွင် ရပ်ကွပ် ဘော်လုံးအသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲကို စေလွှတ်သလိုဖြစ်နေပေသည် ။ ရပ်ကွပ်ဘော်လုံးအသင်းက ညံ့ရသည့်အထဲ ခေါက်ဆွဲပါစားထားသဖြင့် ခွက်ခွက်လန်ရှုံးခဲ့သည့်အပေါ်သင်ခန်းစာယူရမည့် အချိန်အခါဖြစ်ပါသည် ။ အဓိက ပြောလိုသည်မှာ မသေခင်စပ်ကြား အချင်းချင်း အငြင်းပွားဖို့ အချိန်မရှိပဲ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ဖို့ အားလုံးလက်တွဲပြီး လုပ်ဆောင်ရမည့် အချိန်အခါပင်ဖြစ်ပါကြောင်း မျိုးချစ်စိတ်ဖြင့်အကြံပြုတိုက်တွန်းနှိုးဆော်လိုက်ရပါသည် ။
အောင်ခိုင်မြင့်
21 November 2011


No comments: