Thursday, November 24, 2011

ထေရ၀ါဒ ဗုဒ္ဓဘာသာ နဲ့  မဟာယာန ဗုဒ္ဓဘာသာ

Thursday, November 24, 2011

ကျွန်တော်တို့  တိုင်းပြည်က မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ရှိတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့  ဆံတော်မြတ်တွေ ဓါတ်တော်မွေတော်တွေ ဘယ်နားသွားထားနေကြပြီလည်း။




























































မြန်မာပြည်ဟာ ထေရ၀ါဒ ကျင့်သုံးတဲ့ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံက မဟာယာန ကျင့်သုံးတဲ့ ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်ပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံက နောက်ဆုံးမှာ တရုတ်အစိုးရကို အဖေခေါ်ချင်နေကြတဲ့ နလပိန်းတုံးတွေကြောင့် မဟာယာန၀ါဒ လွှမ်းမိုးခံရမလား၊ တရုတ်အစိုးရရဲ့  နေရာတကာမှာ ၀င်ရောက်လွှမ်းမိုးဖို့  အမြဲလုပ်နေတာမို့  နိုင်ငံရေး ယဉ်ကျေးမှုတင်မက ဘာသာရေးအထိပါ ၀င်ရောက်ထိုးဖောက် လွှမ်းမိုး ခံရတော့မလားဆိုတာ အခြေအနေတွေက အတော့်ကို စိုးရိမ်စရာပါဘဲ။

























ထေရ၀ါဒဆိုတာ မြတ်စွာဘုရားရှင် ဟောကြားအပ်သော တရားတော်တွေကို စုပေါင်း ရွတ်ဆိုပြီး၊ အရှင် မဟာကဿပ အစရှိတဲ့ ရဟန်းတော်တွေမှ အစဉ်အဆက် လက်ဆင့်ကမ်း ယူလာတာတွေကို မူရင်းအတိုင်း မပြုပြင်ပဲ လက်ခံကျင့်သုံးတဲ့ ထေရ၀ါဒ ဖြစ်တယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ ထေရ၀ါဒနိုင်ငံဖြစ်တယ်။ တရုတ်နိုင်ငံဟာ မဟာယာန - ကြီးစွာသော ယဉ်လို့ အဓိပ္ပါယ်ရပြီး - လူတိုင်းကို ဘုရားဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ကြီးမားတဲ့ ယဉ်ကြီးနဲ့ တူတယ်ဆိုတာမျိုး ဖွင့်ဆိုချက်ထားပြီး မူရင်းဗုဒ္ဓဘာသာကို ပြင်ဆင်ပြီး ကျင့်သုံးနေတဲ့ မဟာယာနကျင့်သုံးတဲ့ နိုင်ငံဖြစ်တယ်။

မြန်မာနိုင်ငံမှာ ကျင့်သုံးတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာဟာ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ ) ခုနှစ် ကဆုန်လပြည့်နေ့မှ နောက် ၃ လလွန်မြောက်ပြီးသောအခါမှာ အရှင်မဟာကဿပ ဦးဆောင်တဲ့ ရဟန္တာမထေရ် ၅၀၀ တို့ က ရာဇဂြိုလ်မြို့မှာ ဘုရားရှင်ရဲ့  တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြတာ ဖြစ်တယ်။ မြတ်စွာဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) လို့  သတ်မှတ်တာပါ။

မဟာယာန၀ါဒက မူရင်း ဗုဒ္ဓဘာသာ ထေရ၀ါဒကို ပြင်ချင်သလို ပြင်ပြီးလုပ်တာမို့  ဗုဒ္ဓဘာသာကို များစွာထိခိုက်ပျက်စီးစေတာတွေ ရှိပါတယ်။ တရုတ်နိုင်ငံဟာ ဒီ မဟာယာန၀ါဒကို ကျင့်သုံးတဲ့နိုင်ငံပါ။

(ထေရ၀ါဒနဲ့  မဟာယာန ကွဲပြားမှုကို သိလိုရင် http://www.dhammaweb.net/notes/view.php?id=222 မှာ ဖတ်ရှူနိုင်ပါတယ်)။

တရုတ်အစိုးရဟာ အာဏာရှင်အစိုးရမို့  လူထုရဲ့  ယုံကြည်ကိုးကွယ်မှုတွေအပေါ် ခုတုံးလုပ် ဖန်တီးပြီး သူတို့ အာဏာရှင်တွေ အကျိုးရှိအောင် အသုံးချတတ်ကြပါတယ်။ မြန်မာနိုင်ငံအပေါ် မြန်မာတိုင်းသူပြည်သားတွေအပေါ် တရုတ်အစိုးရရဲ့  အမြတ်ထုတ်မှုတွေကတော့ တောတောင်ရေမြေ သယံဇာတတွေတင်မက လူရော လူမျိုးရော နောက်ဆုံး အခု ဘာသာတရားအပေါ်မှာပါ ခုတုံးလုပ်လာကြပြန်ပြီ။

တရုတ်ပြည်က စွယ်တော်ကို သန်းရွှေတို့  သိန်းစိန်တို့  ကြီးကြီးကျယ်ကျယ် ကြိုဆိုနေတာနဲ့  ပါတ်သက်ပြီး တရုတ်ပြည်က စွယ်တော်ကို ဖူးမှ ကုသိုလ်အထူးရမယ်လို့  အယူသည်းနေကြတာ ကျွန်တော်တို့  တိုင်းပြည်က မြတ်ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအ၀င် ပုဂံက သမိုင်းဝင်ဘုရားတွေကအစ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ရှိတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့  ဆံတော်မြတ်တွေ ဓါတ်တော်မွေတော်တွေ ဘယ်နားသွားထားနေကြပြီလည်း။

















































































နောက် မြန်မာနိုင်ငံမှာကြတော့ သာသနာတော် ညိုးမှိန်စေတဲ့ လုပ်ရပ်တွေကို လုပ်၊ ဗုဒ္ဒသားတော်တွေကို ရိုင်းစိုင်းစွာ စော်ကားသတ်ြဖတ်၊ ဘုန်းတော်ကြီးကျောင်းတွေ ဗုဒ္ဓရုပ်ထုတွေကို ဖျက်ဆီးနဲ့  အခု တရုတ်ပြည်ကလာတဲ့ ဗုဒ္ဓစွယ်တော်ကြတော့ နေပြည်တော်က ကြိုဆို၊ တရုတ် မဟာယာနဘုန်းကြီးတွေကိုကြတော့ ထိုင်ကန်တော့ပြ လက်ဆောင်ပေးပြနဲ့  အတော့်ကို လွဲချော်နေတာပါဘဲ။














































































































တရုတ်ပြည်က စွယ်တော် မြန်မာပြည်ကို ရောက်ရှိလာတာနဲ့  ပတ်သက်ပြီး - ကိုကိုလတ်ရဲ့  ဆောင်းပါးရေးသားချက်လေးဟာလည်း အင်မတန်ကောင်းမွန်လို့  အများသူငှာ ဖတ်ရှူရအောင် ဖေါ်ပြပေးလိုက်ပါတယ်။

မြန်မာတွေရဲ့ ဘာသာရေးယုံကြည်သက်ဝင်မှုကို တရုတ်တို့  အသုံးချတော့မှာလား....
ဧရာဝတီရဲ့ သွေးကို သောက်သုံးကြဖို့  မြတ်စွာဘုရား၏ အရှိန်အ၀ါကို ခုတုံးလုပ်ဖို့  သူတို့  ကြံစည်ကြတော့မှာလား။

ကျနော် ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ မိဖညီအစ်ကို မောင်နှမတွေလည်း ဘာသာရေး ကိုင်းရှိုင်းကြပါတယ်။ ကျနော် ကိုယ်တိုင်လည်း ငယ်စဉ်ကထဲက ဘုရားသွား ကျောင်းတက်ခြင်း အမှုကို မိမိဆန္ဒ အတိုင်း လူကြီးတွေနဲ့  တန်းတူ ပါဝင် လုပ်ကိုင်ခဲ့တဲ့သူပါ။ လက်ရှိအချိန်မှာလည်း ကျနော် ဗုဒ္ဓ ဘာသာဝင် တစ်ယောက် လုံးဝ (လုံးဝ) ဖြစ်နေတုန်းပါပဲ။ လက်ရှိအချိန်မှာ မြန်မာလူမျိုး မျိုးချစ်စိတ်ရှိသူ မှန်သမျှဟာ ကျနော်တို့ နိုင်ငံရဲ့ အသက်သွေးကြော ဖြစ်တဲ့ ဧရာဝတီမြစ်ကို တရုတ်တို့  ဖောက်သောက်ပစ်မယ့် အရေး ရင်လေးနေကြတဲ့ အချိန်ပါ။

ကျနော့ အတွေး မှန်ချင်မှ မှန်မယ်။ ကျနော် အစွန်းရောက်စိုးရိမ်မှု လွန်ကဲတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ကျနော် ဒီပိုစ့်ကို ရေးမယ်လို့  အကြိမ်ကြိမ် စဉ်းစားပြီးမှ ရေးချခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ဧရာဝတီမြစ်ကို တရားပြုကျင့်ဖို့  ကြိုစားနေတဲ့ အချိန်မှာ မြန်မာ အစိုးရနဲ့  တရုတ်တို့  ပူပေါင်းပြီး (လက်ဝါးနှစ်ဖက် ပြိုင်တူတီးမှ အသံမြည်ပါတယ်) မြန်မာလူမျိုးတွေကို တိုက်ကွက်ဟောင်းကြီးနဲ့  လှည့်စား ဖို့ ရာ စတင်ပြင်ဆင် လာနေပါပြီ။ မြန်မာ့အသံ နဲ့  မြ၀တီက လာတဲ့ သတင်းတွေ၊ ကိုရီးယားကားတွေ ကလွဲလို့  ရွေးချယ် ကြည့်စရာ မရှိတဲ့ ပြည်တွင်းက လူထုကို ဟိုးအရင်က အကွက်ဟောင်းကြီးနဲ့  ဆိုက်ဝါး ဆင်ဖို့  ကြံကြပြန်ပါပြီ။

ကဲ... မြန်မာ အစိုးရနဲ့  တရုတ်တို့ ရဲ့ လှည့်ကွက်ဟောင်း၊ ဆိုက်ဝါးသွင်းမယ့် အကွက်ဟောင်းကြီးက ဘာပါလဲ။

တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ပင့်ဆောင်ကာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် အပူဇော်ခံမည်။ (ကလစ်နှိပ်ပြီး ဖတ်ရှုပါ)

ဘာသာရေးကို စော်ကားတယ်။ မိုက်ရိုင်းတယ် လို့ ပဲ ပြောချင်ပြောကြပါတော့။ ဒါဟာ လူတွေကို ဘာသာရေး မှိုင်းသွင်းပြီး တရုတ်ကို အမြင်ကြည်လင်အောင် လုပ်တဲ့ အရူးကွက်၊ အကွက်ဟောင်းကြီးပါပဲလို့  ကျနော် ဆိုချင်ပါတယ်။ ကျနော် ဒီလိုပြောတယ်လို့  အမေသာ သိသွားရင် ကျနော့ကို ကြိမ်လုံးနဲ့  ထဆော်မှာ ကျိမ်းသေပါပဲ။

“မြန်မာနိုင်ငံသို့ ဗုဒ္ဓမြတ်စွယ်တော် ကြွချီအပူဇော်ခံခဲ့သည်မှာ သုံးကြိမ် ရှိခဲ့ဖူးကြောင်း၊ ပထမအကြိမ်ကို ၁၉၅၅ ခုနှစ်တွင် ပင့်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ရှစ်လကြာ အပူဇော်ခံခဲ့ ကြောင်း၊ ဒုတိယအကြိမ်ကို ၁၉၉၄ ခုနှစ်တွင် ပင့်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၄၅ ရက်ကြာ အပူဇော်ခံခဲ့ကြောင်း၊ တတိယအကြိမ်ကို ၁၉၉၆ ခုနှစ်တွင် ပင့်ဆောင်ပြီး ရက်ပေါင်း ၉၀ ကြာ အပူဇော်ခံခဲ့ကြောင်း သိရှိရသည်” ........ (အထက်ပါလင့်မှာ ဖတ်ကြည့်နိုင်ပါတယ်)

ကဲ..... အဲ့သည်မှာ ကြည့်ကြပါဦး။ ကျနော့်မှတ်ဥာဏ်ထဲ ခုထိစွဲဝင်နေတာ တစ်ခုက ကမ္ဘာအေး မဟာ ပါသန လှိုင်ဂူတော်မှာ မြတ်စွာဘုရားရဲ့ စွယ်တော် တရုတ်ပြည်က ကြွချည်လာပြီး ကိန်းဝတ်တော်မူ နေတာကို ၁၉၉၄၊ ၁၉၉၆ အဲ့သည်နှစ်ကာလ တွေမှာ ရုပ်သံသတင်းက တော်ကြာနေ ဗိုလ်ချုပ်ဘယ်သူက လာရောက်ဖူးမျှော်ပြန်ပြီ။ တော်ကြာနေ ဘယ်သူဌေးမင်းက လာဖူးသွားပြန်ပါပြီ။ ဒီနေ့ တော့ လူတွေ ဘယ်လောက်တောင် စွယ်တော်ကို လာရောက် ဖူးမျှော်ကြပါတယ် စသည်ဖြင့် အဲ့သည်ကာလက နိုင်ငံရေး စီးပွားရေး မငြိမ်သက်တဲ့ ကာလမှာ လူတွေ ဘယ်အရာကိုမှ စိတ်မ၀င်စားနိုင်အောင် ၊ “မြန်မာတွေရဲ့ မြတ်စွာဘုရားကို ကြည်ညိုမှု၊ ဘာသာရေးကို အလေးထားမှု၊ ကိုးကွယ်ယုံကြည် သက်ဝင်မှုတွေ အပေါ် အခွင့်ကောင်းယူ ပျော့ကွက်နင်းပြီး” လှည့်စားခဲ့ကြပါတယ်။

မယုံမရှိပါနဲ့  ။ အဲ့သည်ကာလ မှာ လူတွေဟာ ဒေါ်စုလည်း စိတ်မ၀င်စားနိုင်ကြပါဘူး။ အမေရိကန်လည်း မသိပါဘူး။ နယ်စပ်က စစ်ပွဲတွေလဲ စိတ်မ၀င်စားနိုင် ကြပါဘူး။ “လျှပ်စစ်မီးလေး စိတ်ကောင်းဝင်တဲ့ချိန် ၂ လိုင်းထည်းသော တီဗွီဖန်သားပြင်က လာသမျှ မကြိုက်လည်းကြည့် ကြိုက်လည်း ကြည့်” နဲ့  လူတွေကို မှိုင်းတိုက်ခဲ့ပါတယ်။

ကျနော့အမေတို့ ၊ ကျနော်တို့  ပတ်ဝန်းကျင်က ကြီးတော်ကြီးတွေ၊ အဘိုးအဘွားတွေဟာ တီဗွီဖန်သားပြင်ပေါ် မှာ တရုတ်ပြည်ကြီးက “ချစ်ခင်သနား သောအားဖြင့်” ပူဇော်ကြစေဖို့  ကြွချီရောက်ရှိ လာလေသော မြတ်ဗုဒ္ဓရဲ့ စွယ်တော်ကို (ကမ္ဘာအေးလောက်ကိုပင် ကိုယ်တိုင် မသွားနိုင် ကြလေတော့) တီဗွီရှေ့ လက်အုပ်လေးချီလို့  တရုတ်ကလာတဲ့ တရုတ်တီဗွီကို ထိုင်ရှိခိုးစေဖို့  ဆိုက်ဝါးသွင်းတာ ခံခဲ့ကြရ ပါတော့တယ်။ တရုတ်ရှိခိုး သွားမကြိုးပေါ့ဗျာ။

သတင်းမှာ ဘယ်လက်နက်ကိုင်က ပစ်ခတ်လိုက်လို့  ဘယ်နေရာမှာ သေကြပြန်ပြီ ဆိုတာမျိုးတွေ နဲ့  ရှည်ကြော နေတဲ့ခါ ဦးလေးက “ငါလခွီးပဲ ကြာထှာ” လို့  ထအော်မိတဲ့ချိန် “ယနေ့  ကမ္ဘာအေး မဟာ ပါသန လှိုင်ဂူတော်မှာ ကိန်းဝတ်စံပယ်နေတဲ့ တရုတ်ပြည်က မြတ်ဗုဒ္ဓ စွယ်တော်ကို..........” လို့  တီဗွီသတင်းက ပြောင်းသွားတဲ့ အခါ၊ အဘွားက လက်အုပ်လေး ချီလိုက်ပါပြီ။ အဲ့ဒီအခါမှာ အမေ့ဆီက ယပ်တောင်ဖြစ်ဖြစ် သနပ်ခါးတုံး ဖြစ်ဖြစ်ဟာ ဦးလေးဆီကို ပျံဝဲသွားတတ်ပါတယ်။ “ကဲ..... ဟိုမှာ မြတ်စွာဘုရားရဲ့ စွယ်တော် သတင်း... တီဗွီကို မဆဲနဲ့  သတင်းကို မဆဲနဲ့  တရုတ်ကို မဆဲကြနဲ့ ပေါ့လေ..”။ အင်း........ ဘာတတ်နိုင်မှာတုန်း။

လက်ရှိချိန်ထိ ကျနော့ မှတ်ဥာဏ်ထဲမှာ စွဲမြဲနေတာတစ်ခုက အဲ့သည်ကာလမှာ တီဗွီကြည့်သမျှ ရခဲ့တာဟာ ကျနော်တို့ ရဲ့ အဓမ္မ ဆွေမျိုးတွေဖြစ်ကြတဲ့ ပေါင်ချိန်၊ ကျန်ကျောင်း၊ ပိုင်ဝှေ့ ၊ ဟုမ်မေယွမ်၊ ကျန်းဝူကျိ၊ ရွှေခြင်္သေ့မင်း ရှက်စွန်း၊ နတ်ကလျာ (ဒါက ၂၀၀၀ ခုနှစ်ကျော်နောက်ပိုင်း) ဒါတွေက ရသပိုင်း၊ သတင်းပိုင်းမှာ တရုတ်ပြည်က ကြွချီလာတဲ့ ကမ္ဘာအေး လှိုင်ဂူတော်မှာ သတင်းသုံးနေတဲ့ မြတ်ဗုဒ္ဓရဲ့ စွယ်တော်၊ ရွှေတိဂုံ စောင်းတန်းတွေ ပြင်ခြင်းအကြောင်း၊ မြန်မာနိုင်ငံ နေရာ အနှံ့  ထီးတင်နေတဲ့ စစ်ဝတ်စုံဝတ် ကိုးယိုးကားယား လူပျက်တွေ အကြောင်း၊ စပါးစိုက်ခြင်း၊ ခေတ်မမှီတမှီ စပါးစိုက်၊ ရိတ်၊ ချွေလှေ့ ခြင်းများ အောင်မြင်နေပါကြောင်း စသည်တို့ သာ ရွေးချယ်စရာ မရှိ အမှားအမှန် မသိ ၀င်နေခဲ့ပါတယ်။ ဒါကို မဟုတ်ဘူး ငြင်းချင်ကြတဲ့ အစ်ကို အစ်မ များ ရှိရင်လည်း ငြင်းကြပါ။ ကျနော်ကတော့ ဒီအတိုင်းပဲ မြင်ပါတယ်။

ပေါင်ချိန် ကျန်ကျောင်းတွေရဲ့ လွှမ်းမိုးမှုမှာ ကျနော်တို့  ကလေးတွေ ကစားတဲ့အခါ၊ “၀ယ်............. ၀ူ......... ” ဆိုပြီး ထထ အော်တတ်ကြတာ သမာသမတ် အလွန်ကျတဲ့..... (တရုတ်ပြည်က ဇတ်ကောင်) ပေါင်ချိန် တရားရုံးဆင့်ခေါ်ချိန် နောက်က ၀န်ထမ်းတွေ အော်တဲ့ အသံပါပဲ။ ပိုင်ဝှေ့  ဇတ်လမ်းရဲ့ လွှမ်းမိုးမှုက မိန်းကလေးတွေ ပိုင်ဝှေ့  အကျီင်္ဆိုပြီး ၀တ်ခဲ့ကြတာ မှတ်မိကြမှာပါ။

ဟုမ်မေယွမ်တို့  ဇတ်လမ်း “အထူးရဲကွန်မန်ဒို” ကိုအားကျပြီး ကလေးတွေ ဂျွမ်းတွေပြစ်ကြ၊ တရုတ်ဂျက်မတွေ ဂျက်ထီးတွေ လုပ်ပြီးကစားကြတာ ကျနော်လည်းပါခဲ့ပါသေးတယ်။ ကျန်းဝူကျိတို့ ၊ ရွှေခြင်္သေ့တို့  ကိုအားကျပြီး ကလေးတွေ လက်ဝါးချင်းရိုက်ကြ အတွင်းအားတွေ ပြိုင်ကြတာ (အဲ့သာ ကျနော်မပါဘူး) အမှတ်ရပါတယ်။

နတ်ကလျာပါတဲ့... သူရဲကောင်းတို့  ဒဏ္ဍာရီမှာ ငယ်ပါကိုဖြတ်ပြီး လေ့ကျင့်မှ အောင်မြင့်တဲ့ သိုင်းပညာ အကြောင်းခုထိ မှတ်မိနေပါသေးတယ်။ မျက်နှာအမျိုးမျိုး ပြောင်းပြီး တိုက်ခိုက်တဲ့ သရဲ ဂိုဏ်းချုပ် အကြောင်းလည်း စွဲမှတ် နေပါသေးတယ်။ ကဲ.... လိုရင်းက စွဲခွာလာပြန်ပြီ။ ဆိုချင်တာကတော့........

ခုလို တရုတ်၊ ဧရာဝတီ၊ လူထု၊ အစိုးရသစ် လေးပွင့်ဆိုင်ကြတဲ့ ဇတ်လမ်းမှာ... မြတ်စွာဘုရားကို ခုတုံး လုပ်ကြတော့မယ့် ကိစ္စပါ။ မြန်မာပြည်တွင်းမှာ ရှိနေတဲ့ ကိန်းဝတ် စံပယ်နေတော် မူကြတဲ့ မြတ်စွာဘုရားရဲ့ အခြား ဓါတ်တော် မွေတော်တွေဟာ ရှိခိုးဖို့  မသင့်တော် ကြတော့လို့  လား၊ ဒါမှမဟုတ် ရှိခိုးကိုးကွယ်ဖို့  ငြီးငွေ့  လာကြလို့  လား၊ ဒါမှမဟုတ် မြတ်စွာဘုရားရဲ့ ဘယ်အစိတ်အပိုင်းကို ရှိခိုးမှ ဦးချမှ ကုသိုလ်ပိုရမယ်၊ ယုံကြည် သက်ဝင်မှု ပိုရှိလာမယ် လို့  များ ဘယ်ကျမ်းဂန်တွေမှာ ဟောကြားထားတာ ရှိခဲ့လို့ ပါလဲဗျာ။

တရုတ်တွေဟာ သူတို့  ရဲ့ တစ္ဆေတွေ ၀ိဥာဉ်တွေကို သာ ယုံကြည်ကြတာမို့ ၊ မြတ်စွာဘုရားရဲ့ စွယ်တော်ကို မြန်မာပြည် ပင့်ချင်တာ ဆိုရင်လည်း တရုတ်နဲ့  ဒီလောက် ပင်းနေတာပဲ ကျုပ်တို့  အပိုင်ပေး ကိုးကွယ်ပါ .... ကျုပ်တို့ ဆီက သရဲ တစ္ဆေ ဖုတ် ဘီလူး မှန်သမျှ ခင်ဗျားတို့  အကုန်သာ သယ်နိုင်သလောက် သယ်သွားကြ လိုချင် ဧရာဝတီပါ ပေးမယ် ဆိုရင် တရုတ်တွေ အဲ့သည် မြတ်စွာ ဘုရားရဲ့ စွယ်တော်ကို အာမခံ စာချုပ်တောင် ချုပ်မှာ မဟုတ်ဘူး၊ ရော့အင့်...... လုတို့  စွီတော်ယူ ၀တို့  ဧရာဝလီယူမယ်၊ ဧရာဝတီ ငါပိုင်သည် ဆိုပြီး ချက်ချင်းကို ပေးဦးမယ် လို့  ကျနော်ထင်ပါတယ်။ အဲတစ်ခု သတိထားရမှာက အတု အပတော့ သတိပြုကြပေါ့ဗျာ။

ကျနော်တို့  ကိုးကွယ်ရာ ဗုဒ္ဓဘာသာ ကို အကြောင်းပြုပြီး အစိုးရက အမှောင်ချထားခဲ့ တာ အတော်လေး ကြာမြင့်ခဲ့ပါပြီ။ တီဗွီမှာ စပါး၊ တံတား တွေနဲ့  ရှုပ်ရှက်ခတ်နေအောင် ပြပြီးတာနဲ့  လူတွေ စိတ်ညစ်ညူးလာရင် ဘုရားတွေ လှည့်ပတ်ပြပြီး ဒေါသကို ရိုက်ရိုက်ချတတ်တဲ့ ဆိုက်ဝါး အစီ အစဉ်တွေကို လက်ရှိချိန်မှာ လုံးဝ မသုံးသင့်တော့ပါဘူး။ အထူးသဖြင့် ဗုဒ္ဓဘာသာ ကို ကိုးကွယ်နေတဲ့၊ မြ၀တီရုပ်သံ မြန်မာ့ အသံကို ထိန်းချုပ်တဲ့ စစ်တပ်က ဗိုလ်ချုပ်တွေ၊ အရပ်ဝတ်လဲတွေဟာ ကိုယ့်ရဲ့ အကုသိုလ်ကို မြင်ကြပြီး ဒီအလုပ်တွေကို ရပ်တန်းက ရပ်ကြဖို့  သင့်ပါပြီ။

လက်ရှိ ခေတ်လူငယ်တွေ ဧရာဝတီရဲ့ အဆိပ်ကို စားသုံးနေကြတဲ့အချိန်၊ စိုးရိမ်ပူပန်နေကြတဲ့ အချိန်မှာ လူတွေကို ဘုရားရဲ့ အရှိန်အ၀ါနဲ့  ကိုင်ပေါက်ဖို့  စွယ်တော်ကို ဘယ်လောက် ကြာကြာ သတင်းသုံးစေမလဲ၊ ရန်ကုန်၊ မန္တလေး လို မြို့ကြီးတွေမှာ တရုတ်ပြည်က စေတနာ ဗလပွနဲ့  ခွင့်ပြုလို့  ပြည်သူတွေ ဗုဒ္ဓမြတ်စွာဘုရားရဲ့ စွယ်တော်ကို ဖူးမျှော်ရတာပါ ဆိုပြီး ဧရာဝတီရဲ့ လက်ထပ်စာချုပ်မှာ အသိသက်သေ လက်မှတ်ထိုးစေဖို့  လုပ်ကြတော့မှာ သေချာပါတယ်။

၁၉၉၆ လို မငြိမ်မသက်ကာလမှာ ရက် ၉၀ (သုံးလ) ကြာ စွယ်တော်ကို ပင့်ဆောင်ပြီး မြို့ကြီးတွေက လူတွေကို ချွမ်းအုပ်ခဲ့တာ တကယ်ကို အောင်မြင်ခဲ့ပါတယ်။ ခုလည်း ရက် (၉၀ မက) ပင့်ဆောင်ပြီး လူတွေကို ဘုရားရိုက်မယ်...... နင်တို့  တရုတ်ကို ကျေးဇူးမကန်းနဲ့  လို့  လုပ်မယ့် အရူးကွက်ကြီးကို ခင်းကြပါဦးမယ်။

ကမ္ဘာမှာ ဘယ်နိုင်ငံမှ မတီထွင်နိုင်သေးတဲ့ “မျက်ရည်” လက်နက်နဲ့  ကြောက်စရာ ကောင်းလှပါတယ် ဆိုတဲ့ မီဒီယာ တွေကို တိုက်ခိုက်လိုက်တဲ့ လူတစ်ယောက် သတင်းကိုလည်း လူတိုင်းသိကြမယ်လို့  ပဲ ထင်ပါတယ်။ ဒီလိုလက်နက်က အတော်လေး အရှက်အသိက္ခာ ကိုယ့်ဖာသာ ချပြီးမှ တီထွင် တိုက်ခိုက်နိုင်တယ် ဆိုတာ လူတိုင်းသိပါတယ်။ ဒါလည်း အရူးကွက် ကလေးကွက်ပါပဲ။ နောင်ဆို ကမ္ဘာ့  ခေါင်းဆောင်တိုင်း အကျဉ်းအကြပ် ရောက်တဲ့ခါ ဒီလက်နက်နဲ့  ပြန်တိုက်ခိုက်ဖို့  မျက်ရည်ညှစ်ဆေးတွေတောင် ထုတ်နေလောက်ပြီထင်ပါရဲ့ဗျာ။ ဆိုလိုချင်တာ... သူတို့ လိုချင်တာ ရအောင်လုပ်ယူမှာပဲ အရှက်လည်း ရှိမှာ မဟုတ်လို့ ပါ။

ကဲ.... တရုတ်ပြည်က စွယ်တော်ကို ပင့်ဆောင်မှသာ ဖြစ်တော့မှာလား၊ မြန်မာပြည်အနှံ့ မှာ ရှိနေကြတဲ့ ကိန်းဝတ် စံပယ်တော် မူနေကြတဲ့ ဓါတ်တော် မွေတော်တွေကို မရောက်နိုင်တဲ့၊ ရောက်ဖို့  ခက်ခဲတဲ့ အရပ်ဒေသတွေကို ပင့်ဆောင်ပေးပြီး လူတွေကို ကုသိုလ် ယူခိုင်းရင် ကော မဖြစ်ချေဘူးလား။ ရန်ကုန်မှာနေပြီး မန္တလေးက ဘုရား မဖူးမျှော်ဖူးသေးတဲ့ သူတွေ တစ်ပုံကြီးပါ၊ ရန်ကုန်ကို မရောက်ဖူးတဲ့၊ ရန်ကုန်က အထင်ကရ ရုပ်ပွားတော် တွေကို မဖူးမျှော်ဖူးသေးတဲ့ သူတွေ နယ်မှာ တစ်ပုံကြီးပါ။

မြန်မာပြည်မှာနေပြီး ကျိုက်ထီးရိုး ဆံတော်ရှင် ရွှေတိဂုံဘုရား တွေကို မဖူးမျှော်နိုင်တဲ့သူတွေ အများကြီးပါပဲ။ ဒါတွေ အတွက်မစဉ်းစားပဲ တရုတ်ပြည်က မြတ်ဗုဒ္ဓရဲ့ စွယ်တော်ကိုမှ ဒီလို အရေးပေါ်ကာလမှာ ပင့်ဆောင်မယ် ဆိုတာ လူတွေကို လှည့်စားဖို့  ဆိုတဲ့ အကြောင်းပြချက်က လွဲပြီးကျနော် စဉ်းစားလို့  မရနိုင်တော့တာ အသေအချာပါပဲဗျာ။

မှတ်ချက်။...............။ ဤပိုစ့်သည် ကိုးကွယ်ယုံကြည်မှုအား ဆွေးနွေးရန် တင်သည့် ပိုစ့်တစ်ခု လုံးဝ လုံးဝ မဟုတ်ပါ။ မြန်မာလူမျိုးများရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူရန် ကြိုးစားလျက်ရှိသော ဂုတ်သွေးစုတ် ချယ်လှယ်နေသည့် တရုတ်ပြည်၏ ပြည်ဖျက် အစီအစဉ်အား ကျနော်မြင်သည့် ရှု့ ထောင့်မှ တစ်တပ် တစ်အား ဖော်ထုတ်ကြည့်ခြင်းသာ ဖြစ်ပါသည်။

အလင်းစက်များ (ကိုကိုလတ်) ။

(http://www.justice999burma.com မှ ရေးသားချက်အား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။

ဗုဒ္ဓမြတ်စွာဘုရားတော်ကို ကြည်ညိုကိုးကွယ်ကြဆိုရင် ဗုဒ္ဓတရားတော်တွေကို လေ့လာလိုက်နာကျင့်သုံးမှသာ၊ ဗုဒ္ဓမြတ်စွာဘုရားတော်ရဲ့  သွန်သင်လမ်းပြဆိုဆုံးမတဲ့ ဘာသာတရားဆိုင်ရာတွေကို လက်တွေ့ လိုက်နာကျင့်ကြံကြမှသာ စစ်မှန်သော တရားတော်မြတ်တွေကို ရရှိမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာတရားတော်ကို ထိခိုက်နစ်နာ ပျက်စီးစေနိုင်တဲ့ အယူဝါဒလွဲမှားမှုများကို အတုအစစ် ခွဲခြားမမြင်ဘဲ ဘာသာတရား ခုတုံးလုပ် ကိုယ်ကျိုးရှာအမြတ်ထုတ်တာတွေကို ယုံလွယ်လွန်းတယ်ဆိုရင် သာသနာတော်လည်း ကွယ်ပျောက်မယ် ဘာသာတရားလည်း ပျက်သုန်းမယ် တိုင်းပြည်နဲ့ လူမျိုးလည်း နစ်နာဆုံးရှုံးမယ်ဆိုတာ အသိတရား သတိတရားနဲ့  သုံးသပ်ဆင်ခြင်ကြဖို့  အထူးလိုအပ်ပါတယ်။

ယခုလည်း ရေသန့် ဗူးမှာ စွယ်တော်မြတ်ပုံရိပ်ပေါ်တယ် မြင်ရတယ်ဆိုပြီး ဖြစ်ပေးနေမှုတွေဟာလည်း ဒီလိုအချိန်အခါမျိုး တရုတ်ပြည်မှ စွယ်တော်ရောက်လာချိန်မှာမှ ဖြစ်တာမို့  အင်မတန် ဆန်းပြားနေပါတယ်။ ရေသန့် ဗူးရဲ့  တံဆိပ်ကပ်လွှာနေရာမှာ ပေါ်တာမို့ ၊ နောက် အိမ်တစ်အိမ်မှာ မီးပျက်ပြီးမှ ပြန်လင်းလာချိန်မှာ ဘုရားစင်သောက်တော်ရေဖန်ခွက်အတွင်း စွယ်တော်ပုံမီးရောင်လင်းနေတာတို့ ဟာ တရုတ်အစိုးရက ပို့ ဆောင်လိုက်တဲ့ စွယ်တော် မြန်မာပြည်ရောက်ရှိနေချိန် သန်းရွှေလည်း ပျောက်ကွယ်နေရာကနေ ထွက်ရှိခိုး၊ သိန်းစိန်တို့ ကလည်း ကြီးကျယ်ခမ်းနားစွာ လက်ခံကြိုဆိုနေချိန်မှာမှ အဖြစ်အပျက်တွေ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လွန်းနေတာမို့ မြန်မာပြည်ရဲ့  ဗုဒ္ဓဘာသာအစစ်အမှန် ထေရ၀ါဒအတွက် စိုးရိမ်မိပါတော့တယ်။

တရုတ်ပြည်က စွယ်တော်ကို သန်းရွှေတို့  သိန်းစိန်တို့  ကြီးကြီးကျယ်ကျယ် ကြိုဆိုနေတာနဲ့  ပါတ်သက်ပြီး တရုတ်ပြည်က စွယ်တော်ကို ဖူးမှ ကုသိုလ်အထူးရမယ်လို့  အယူသည်းနေကြတာ ကျွန်တော်တို့  တိုင်းပြည်က မြတ်ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအ၀င် ပုဂံက သမိုင်းဝင်ဘုရားတွေကအစ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ရှိတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့  ဆံတော်မြတ်တွေ ဓါတ်တော်မွေတော်တွေ ဘယ်နားသွားထားနေကြပြီလည်း။

No comments: