Thursday, November 24, 2011

ဂင်းနက်စ် စံချိန်ချိုးနိုင်သည့် ကြက်ဥတွေ့ရှိ စည်သူလွင်

ဂင်းနက်စ် စံချိန်ချိုးနိုင်သည့် ကြက်ဥတွေ့ရှိ

စည်သူလွင်
အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)

မနောသုခသက်တော်ရှည်ကျောင်း ဆရာတော်က ကြက်ဥ ငယ်လေးများကို ငွေအကြွေစေ့နှင့် နှိုင်းယှဉ်ပြသနေစဉ်။
ဓာတ်ပုံ - စည်သူလွင်
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အရိပ်မထွက်ဘုရား မြောက်ဘက်ရှိ မတ္တရာတိုက်၊ မနောသုခသက်တော်ရှည် ကျောင်းမှ မွေးမြူထားသော ကြက်မှ ဥသည့်ကြက်ဥမှာ တရုတ်နိုင်ငံမှ ဂင်းနက်စ်စံချိန်တင်ထားသော ကြက်ဥ ထက် ပိုမိုသေးငယ်ကြောင်းသိရသည်။
တရုတ်နိုင်ငံ ဟန်ဒန်မြို့ရှိ မွေးမြူရေး ကြက်ခြံမှ ဂင်းနက်စ် စံချိန်တင် ထားသော ကြက်ဥ၏ အရှည်မှာ ၂ ဒသမ ၁ စင်တီ မီတာရှိကြောင်း စက်တင်ဘာလ ၂၃ ရက် နေ့ ၂၀၁၁ ခုနှစ်ထုတ် မြန်မာ့အလင်း နေ့စဉ်သတင်းစာတွင် ဖော်ပြထား ခဲ့သည်။
ယခုတွေ့ရှိသော ကြက်ဥ၏ အရှည်မှာ ၁ ဒသမ ၇ စင်တီမီတာ ရှိပြီး စံချိန်တင်ကြက်ဥထက် ပိုသေးသည်။
"ကျောင်းကို ယတြာချေတဲ့အနေနဲ့ ကြက်တစ်စုံလာလွှတ်သွားတာ။အဲဒီ ကြက်တွေကနေ ပေါက်ပြီးအကောင် တွေများလာတယ်။ ကြက်တွေကများတော့ ဘယ်ကောင်က ဥမှန်းမသိဘူး။ ဥခြင်းတွေကလည်း များတယ်လေ။ ဒီကြက်ဥလေးတွေရတာ နှစ်တော် တော် ကြာပြီ။ အားလုံးပေါင်း ငါးလုံးရ တာ။တစ်လုံးကတော့ ဒကာတစ်ယောက် ကိုစွန့်လိုက်တယ်။ ပထမဦးဆုံး သုံးလုံး ရတယ် အတော် ကြာမှ နောက်ထပ် ကြက်ဥနှစ်လုံးထပ်ရတာ။ အမှတ်တမဲ့ပဲ သိမ်းထားတာ။ သတင်းစာထဲမှာ ဂင်းနက်စ်တင်တဲ့ ကြက်ဥအကြောင်းကို ဖတ်လိုက်ရမှသိမ်းထားတဲ့ ကြက်ဥလေး တွေကို ပေတံနဲ့တိုင်းကြည့်တော့ သူ့ထက်သေးတဲ့ ကြက်ဥလေးတစ်လုံး ပါတယ်ဆိုတာကို သိရတယ်။
"လက်ရှိရှိတဲ့ ကြက်ဥလေးလုံးမှာ အငယ်ဆုံးအလုံးက ၁ ဒသမ ၇ စင်တီ မီတာ၊ ကျန်တဲ့သုံးလုံးကတော့ ၂ ဒသမ ၃ ရယ်၊ ၂ ဒသမ ၄ နဲ့ ၂ ဒသမ ၈ စင်တီ မီတာရှိတယ်။ ဒကာတစ်ဦးကို စွန့်လိုက် တဲ့ ကြက်ဥရဲ့ အတိုင်းအတာကိုတော့ မသိရဘူး"ဟု မနောသုခ သက်တော်ရှည် ကျောင်းမှ လူမှုထူးချွန် တတိယဆုရ ဥူးကေသရက ပြောသည်။
ကြက်ဥလေးများကို လွန်ခဲ့သည့် ခြောက်နှစ်ခန့်မှ ရရှိကာ စတင်ရရှိချိန် တွင် ရေထဲသို့ ချပြီး စမ်းသပ်ကြည့်ရာ နစ်မြှုပ်ပြီး ယခု လက်ရှိအချိန်တွင် ကြက်ဥ လေးများမှာ အက်ကွဲခြင်းမရှိဘဲ ပေါ့သွားကာ ရေမနစ်မြုပ်တော့ပေ။
"ဒီ ကြက်ဥလေးကို ဘုန်းကြီးက စွန့်တာ ငါးနှစ်လောက်တော့ရှိပြီ။ ရပြီးကတည်းက ရွှေချပြီးသိမ်းထားတာ။ ဘာမှ ပြောင်းလဲသွားတာ မရှိဘူး။ ထူးခြားတာ ကတော့ ဒီကြက်ဥလေးရပြီးတော့ အလုပ်အကိုင်ကတော့ အဆင်ပြေလာတယ်"ဟု မဟာမြိုင်ရပ်ကွက်တွင် နေထိုင်သော ကိုမော်မော်က ပြောသည်။

No comments: