Monday, November 14, 2011

အိပ်ဖွင့်ပေးစာ

 


အရှေ့ဆီမှာရောင်နီတွေသန်းလို့လာပြီ
 
သြဘာသံတွေပြည့်လျှံ
ဟော....ဟိုရှေ့နားက လူအုပ်စုရဲ့အသံ
We love ဒေါ်အောင်ဆန်းစုကြည်
ဒေါ်စုကျမ္မာပါစေ ချမ်းသာပါစေ
အန်တီစု သက်တော်ရာကျော် ရှည်ပါစေ
ကျမလည်း ပြည်သူကိုချစ်ပါတယ်
ဒေါ်စုနဲ့ ပြည်သူ
ရင်တွင်းဖြစ်စကားတွေ အပြန်အလှန်ဆိုကြနေလေ...ရဲ့။
ယုံမကြည်နိုင်လောက်အောင်ပါပဲ
မလွတ်ခင်ကလည်းကြို
လွှတ်ပြီးတော့လည်း ပိုလာတာဟာ
သူမရဲ့ မေတ္တာအစွမ်း
ကမ္ဘာကိုလွှမ်းတာ ပြသလိုက်သလိုပါပဲ။
တချို့.....ကင်မရာတွေ တကိုင်ကိုင်နဲ့
မီဒီယာတွေနဲ့ စကားတွေဆို
တချို့.....ဝမ်းသာလွန်းတော့ စကားမဆိုနိုင်
တချို့.....ပါးပြင်ထက်မှာ မျက်ရည်တွေစို
ဒီလူတွေနဲ့ ဒေါ်စုရဲ့ချစ်ခြင်း
ဘယ်သူခွဲခွဲ ကွဲရိုးတဲ့လား။
မိခင်တယောက်လို အားကိုး
ဖခင်နေရာမှာ အစားထိုးခံခဲ့ရတဲ့ ဒေါ်စု
အောင်ဆန်းရဲ့လမ်းစဉ် ဗိုလ်ချုပ်ရဲ့ခွန်အားတွေ
သူမဆီမှာ အပြည့်ရှိတယ်။
ဟော....ဟိုရှေ့ဆီမှာ
ရောင်နီတွေ သန်းလို့လာပြီ
ငါတို့အားလုံး စိတ်သစ်အားမာန်နဲ့
အမေ့ကိုလက်တွဲ NLD ကိုဝိုင်းရံပြီ
ပန်းတိုင်ဆီကို မရောက်အရောက်လျှောက်လှမ်းကြပါ...စို့။
                                                                 အမေ့သား(ဒိန်းမတ်)
                     
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ လက်ရှိသွားနေသော နိုင်ငံရေးအား ဝေဖန်နေသူများနှင့် အကြံ့ပုနေသူများသို့  အိပ်ဖွင့်ပေးစာ

မိတ်ဆွေများခင်ဗျား -
မိမိကိုယ်မိမိ အရင်ဆုံး ပြန်လည်သုံးသပ်ခြင်းအားဖြင့် တိုင်းပြည်၏ အကျိုးစီးပွားတိုးတက်ရေးကိုဝေဖန်ခြင်းနှင့်သုံးသပ်ဆုံးဖြတ်ချက်ပေးခြင်းများကို လုပ်သင့်ပါတယ်လို့  ဦးစွာပထမပြောလိုပါတယ်။
ပြီးဆုံးခဲ့တဲ့ အတိတ်ကာလများက အကျိုးဆောင်ခဲ့တဲ့ ကိစ္စများအတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒါပေမဲ့ - အခုလက်ရှိ အခြေအနေနဲ့  အခုလက်ရှိ မိမိဘယ်နေရာမှာနေပြီး ဘာတွေလုပ်နေသလဲဆိုတာကို သတိလက်လွတ်မဖြစ်စေချင်ပါ။

သို့ ဖြစ်၍ --
၁။ မိမိ၏ နိုင်ငံရေးအကျင့်သိက္ခာ၊ သမာဓိ၊ စွန်လွတ်အနစ်နာခံမှု၊ အဂတိလိုက်စားမှု တွေဘယ်လောက်ရှိသလဲ မိမိကိုယ်ကိုမိမိ ပြန်လည် သုံးသပ်ဝေဖန်မှုပြုရန်။

၂။ မိမိကိုယ်မိမိ လက်နက်ကိုင် လမ်းစဉ်ကို ယုံကြည်ပါသလား?  ယုံကြည်တယ်ဆိုရင် မိမိက ဘယ်လောက်များ လက်နက်ကိုင် လမ်းစဉ်အတွက် အခုအချိန်မှာ ပံ့ပိုးမှု ထောက်ပံ့မှုတွေလုပ်နေပါသလဲ? ပြီးခဲ့တဲ့ ကာလအချိန် အပိုင်းအခြားကာလတွေမှာ မိမိနေထိုင်ရာ ရပ်ဝေးနိုင်ငံခြားကနေပြီး လက်နက်ကိုင် တော်လှန်နေသူများအတွက် ဘယ်လောက်များပံ့ပိုးမှုတွေလုပ်ခဲ့ပါသလဲ?

၃။ လူထုအားဖြင့်တိုက်ပွဲဝင်မည်ဆိုလျှင် မိမိသည်ပြည်တွင်းထဲရှိ နိုင်ငံရေးအဖွဲ့ အစည်း၊ လူမှုရေးအဖွဲ့  အစည်းများ၊ နိုင်ငံရေးအကျဉ်းသားမိသားစုများ၊ အား ပံ့ပိုးမှုတွေ မည်မျှ လုပ်ခဲ့ပြီးပြီလဲ? ပြည်တွင်း ရှိ ပြည်သူ များအား မိမိက ဘယ်လောက်အထိစည်းရုံးထားနိုင်သလဲ?

၎။ ဒီမိုကရေစီနှင့်ဆင်းရဲနွမ်းပါသောပြည်သူများကိုအခြေပြု၍ အခွင့်အရေးများရယူနေသော နိုင်ငံရေးအကျင့် ပျက်ချစားနေသူများအား မိမိက ဘယ်လောက်အထိ ပြတ်ပြတ်သား ထုတ်ဖေါ် ဝေဖန်ထောက် ပြရဲခဲ့သလဲ?

ဤကဲ့သို့  အထက်ပါအကျိုးအကြောင်းအချက်အလက်များဖြင့် မိမိကိုယ်မိမိတိုင်းတာပြီးမှ ပြည်တွင်းတွင်စွန့်  လွှတ် အနစ်နာခံနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို  ဝေဖန်ခြင်း၊ အကြံပေးခြင်း၊ သတင်းမီဒီယာများ အင်တာနက်များ မှတဆင့် ကြေညာချက်ထုတ်ပြန်ခြင်းများကို ပြုလုပ်သင့်သည်။

အနှစ် (၂၀) အတွင်း ကိုယ်ကျိုးစွန့်  အနစ်နာခံကာ ယခုအချိန်အထိ တိုက်ပွဲဝင်နေသော အကျဉ်းကျခံကျောင်း သားခေါင်း ဆောင်၊ နိုင်ငံရေးခေါင်းဆောင်များက ဝေဖန်သုံးသပ်လျှင် ဆီလျှော်သင့်မြတ်ပါသည်။

အကယ်၍ ထို အနစ်နာခံသည့် နိုင်ငံရေးအကျဉ်းသားများ ထွက်လာကာ လူထုအကျိုးစီးပွားကို မဖေါ်ဆောင်နိုင်သည့် ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ ကို  တိုက်ပွဲဝင်နေသော ဒေါ်စု  လမ်းစဉ်အတိုင်း လက်တွဲတိုက်ပွဲဝင်ခဲ့ပြီဆိုပါက မည်သို့ ဝေဖန်ကြအုံးမည်နည်း။  

ထို့ ကြောင့် တိုင်းပြည်အတွက် သတ္တိရှိရှိဖြင့် ကိုယ်ကျိုးမဖက် စွန့် လွတ်အနစ်နာခံပေးဆပ်ပြီး သိက္ခာရှိရှိဖြင့် လုပ်ဆောင်နေသူ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့အဆင့်အတန်းနှင့်အညီ နိုင်ငံရေး လမ်းစဉ်များကို ဖေါ်ဆောင်နေရာတွင် မိမိ၏ အဆင့်အတန်း၊ မိမိ၏ သိက္ခာများနှင့်အညီ သုံးသပ်ဝေဖန်နိုင်ဖို့  အသိပေး လိုက်ပါသည်။

မူးသာ
ABSDF (ရဲဘော်ဟောင်း)
14 November 2011

 
ကိုမောင်မောင်အေး စာဖတ်သူအားလုံးသို့-
    တောင်းဆိုချက်အတိုင်း အခုလို တင်ပြအကြံဥာဏ်ပေးပါတယ် တော်လှန်ရေးလုပ်နေသူအတွက် လေသမားမဖြစ်အောင်
ဒီမိုကရေစီရေးပေါ်တွင် အခြေခံ၍ မေးမြန်းသူ ရှိလို ဖြေရခြင်းဖြစ်ပါတယ်။ နိုင်ငံရေးသမား၏ စည်းကမ်းအရဖြစ်သည်။
ဒေါ်စု နှင့် အင်အယ်ဒီပါတီ လက်ရှိ လုပ်ပေးသင့် အချက်များ။
(၁) အများသဘောတူ အဆုံးဖြတ်ယူပြီး ပါတီ တရားဝင် လုပ်သင့် မလုပ်သင့် ကို ဆုံးဖြတ်ပေးကြပါ။
(၂) အင်အယ်ဒီ ပါတီ စတင်ထူထောင်စဉ် ခါမှ စပြီး ဗိုလ်နေ၀င်း၏ တပြည့် မဆလခေတ် တော်လှန်ရေး စစ်ကောင်စီ ၀င် များအချို့
အင်အယ်ဒီပါတီတွင်း သတ်ရှို ၀င်ရောက် လမ်းပျက် အောင် ၀င်လုပ်နေသူများ- အမည်ဖေါ်စရာမလိုအများသိပြီးသား ကြီးကြီးများအားပါတီမှအနားပေးရန်။
(၃) ၉၀-ခုနှစ်ရွေးကောက်ပွဲ အဖြေကို ဆက်လက်တောင်းဆို မနေရန်- တောင်းနေလို့လည်း ပေးမှာမဟုတ်တဲ့ အပြင် စစ်အာဏာရှင်
နှင့် ဗိုလ်သိန်းစိန် တို့ မျိုးဆက်တစ်ခုလုံး အသက်ပေးကာကွယ်မည်ဖြစ်သော တောင်းဆိုချက်ဖြစ်၍။
(၄) အင်အယ်ဒီပါတီ စာရင်းအသစ် ပြန်တင်ပြီးနောက် နိုင်ငံခြား တိုင်းပြည်နှင့် ဆက်သွယ်မှု လုံးဝ ရပ်ဆိုင်းထားရန်။
     (က) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ တရားဝင်ပါတီ အဖြစ်မှ ပြန်လည်ရပ်စဲ နိုင်ခြင်း။
      (ခ) ပါတီ ဗဟိုလ် အလုပ်အမှု ဆောင်နှင့် ပါတိဗဟိုကော်မီတီများအား အချိန်မရွေး ပြန်လည်ဖမ်း ဆီးထိမ်းသိမ်းနိုင်ခြင်း။
(၅) ဖွဲံ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) ခုနှစ်အား ပြန်လည်ပြင်ဆင်ခွင့်အား အမြန်ဆုံး အကောင်ထည်ဖေါ်ပေးရန်။
      (က) စစ်တပ်မှ ဗိုလ်ချုပ်များ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တွင် ၈၀% ခိုင်နှုန်း ပါပြီးသားဖြစ်၍
            စစ်ဝန်ထမ်း ၂၅% ခိုင်နှုန်းအား ပြန်လည်ပြင်ဆင် ပေးရန် ( ကမ္ဘာ့အမြင်တွင် ကြည့်မကောင်း၍)
      (ခ) ပါလီမန် လွှတ်တော်အပေါ်တွင် ကြိုးကိုင်နေသည့် စစ်အာဏာရှင် ရှစ်ဦးအား ဖျက်သိမ်းပေးခြင်း-လွှတ်တော်အား စစ်အုပ်ချုပ်ရေးဟု မမြင်စေရန်။
      (ဂ) စစ်ဦးစီးချုပ်နှင့် စစ်ကောင်စီ် များ အချိန်မရွေး လွှတ်တော်အား ဖျက်သိမ်းပိုင်ခွင့် ဥပဒေ အား အမြန်ဆုံးပြန်လည်ပြင်ဆင်ရန်။
(၆) မြန်မာတပ်မတော် အား ပြည်သူ့ တပ်မတော် အဖြစ် အမှန်တကယ် ကြေငြာပြီး တပ်မတော်သည် လွှတ်တော်နှးင့် အစိုးရ၏ လက်အောက်၌ထားရှိခြင်း။
(ရ) မြန်မာ အစိုးရသည် ပြည်ထောင်စု အစိုးရဖြစ်၍ တပ်မတော်သည် မည်သည့်ပုဂ္ဂိုလ် တဦးတယောက်၏ လက်အောက်၌ မရှိရဘဲ။ပြည်ထောင်စု
အစိုးရ ကာကွယ်ရေးဝန်ကြီး လက်အောက်၌သာ ရှိစေခြင်း။
(၈)ကြံ့ ခိုင် ဖွံ့ဖြိုးပါတီသည် နိုင်ငံရေးပါတီတစ်ခု သာဖြစ်၍ တိုင်းပြည်လုံခြု့ရေးနှင့် အုပ်ချုပ်မှု ကော်မတီ အာဏာ အား ပေးထားခြင်းမှ ချက်ခြင်း
ပယ်ဖျက်ပေးရန်။
(၉)  တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော နိုင်ငံတော် ဖြစ်နေ၍ လူမျိုးခွဲခြားသော သဘောကင်းသည့် ဗဟိုလ်အုပ်ချုပ်မှု စံနစ်မှ
ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးစံနစ် ဖြစ်သည့် (အာဏာနှင့် ဘတ်ဂျက်)များအား ဒေသဆိုင်ရာ အုပ်ချုပ်ရေးမူ တခု အဖြစ်သတ်မှတ်ပြီး
ဒေသအလိုက် ကျေးရွာကော်မတီ မြို့နယ်ကော်မတိ ခရိုင်ကော်မတီ အဆင့်ဆင့်သာ အုပ်ချုပ်ရေးစံနစ် ဖြစ်စေကြရမည်။
             အထက်ပါ (၉) ချက်အတိုင်း အင်အယ်ဒီ ပါတီ နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ နိုင်ငံရေးသဘောအရ ဦးသိန်းစိန်နှင့်
လက်ရှိ အစိုးရ နှင့် ပူးပေါင်း ဆောင်ရွက်လိုပါက -ယခုကဲ့သို့ ပြန်လည်တင်ပြ ဆောင်ရွက်ခြင်းဖြစ်။ လူထုအတွက်လည်းကောင်း
တိုင်းပြည်အတွက်လည်းကောင်း တိုင်းရင်းသာလူများ အားလုံး တန်းတူ ညီတူ နှင့် ဒီမိုကရေစီ အခွင့်အရေး ကို ရကြပါမည်ဖြစ်ကြောင်း။
တင်ပြပေးလိုက်ပါသည်။
ခတ္တိယ သိလ   (ပါလီမန် ဒီမိုကရေစီပါတီ-လွတ်လပ်နယ်မြေ)
 
ကိုမောင်မောင်အေး ဂျပန်
 
ကိုမောင်မောင်အေးနဲ့ ဂျပန်က နိုင်ငံရေးတော်လှန်ရေးသမားတွေ ဒေါ်စုနဲ့ အင်အယ်ဒီရဲ့ အမာခံထောက်ခံသူတွေ လုပ်နိုင်တာကို ကျွန်တော်ပြောပြပါမယ်။
 
ကိုမောင်မောင်အေးတို့ အလုပ်နားတဲ့ရက် ဒါမှမဟုတ် ထမင်းစားချိန်တွေမှာ မြန်မာ၊ တရုတ်၊ အိန္ဒိယ အမေရိကန် နဲ့ အီးယူ အာစီယံ နိုင်ငံကသံရုံးတွေမှာ နေ့စဉ်မဟုတ်တောင် တပါတ်တခါ ဒေါ်စုတို့ လိုနေတာကို သွားရောက် ဆန္ဒပြတောင်းဆိုနိုင်ပါတယ်။
 
ကိုမောင်မောင်အေး တို့လိုဂျပန်မှာနေပြီး ၀င်ငွေရှိသူများက မိမိတို့ရဲ့ အသားတင်ဝင်ငွေရဲ့ ၅၀ သို့ ၇၅ ရာခိုင်နုန်းကို အင်အယ်ဒီဗဟိုကို ထောက်ပံ့နိုင်ပါတယ်။ (အင်အယ်ဒီနဲ့ ဒေါ်စုကို လုံးဝထောက်ခံအားပေးသူများ ဆိုရင်ပြောတာပါ။ အခြားအဖွဲ့များကို ထောက်ခံအားပေးတယ် ဆိုရင်လည်း အခြားအဖွဲ့များကို ထောက်ပံ့ပါ)
 
နိုင်ငံရေးဆန္ဒပြမည့်သူများ အင်အယ်ဒီကို မိမိလုပ်အားခထဲမှ ထောက်ပံ့မည့်သူများ များပြားလာအောင် ကိုမောင်မောင်အေးတို့ စည်းရုံးနိုင်ပါတယ်။
 
ဂျပန်နိုင်ငံမှာရှိတဲ့ စစ်အာဏာရှင်များနဲ့ သူတို့ရဲ့နောက်လိုက် အပေါင်းအပါများ၏ ဆွေမျိုး သားချင်းများကို ဖေါ်ထုတ်ပြီး ဂျပန်အစိုးရကို အကြောင်းကြားကာ ဂျပန်နိုင်ငံမှ နှင် ထုတ် အောင် ပြုလုပ်နိုင်ပါတယ်။
 
နာမည်ကြီးနိုင်ငံရေးသမားများ၏ မွေးနေ့များကိုလည်း ပြုလုပ်လိုကပြုလုပ်နိုင်ပါတယ်။
 
ဒါတွေကတော့ ဂျပန်နိုင်ငံမှာ ရှိသော ကိုမောင်မောင်အေးတို့လို နိုင်ငံရေးစိတ်ဝင်စားသူများ လုပ်လိုကလုပ်နိုင်သည်များဖြစ်ပါတယ်။
 
အခြား တတိယနိုင်ငံမှာ ရှိနေသူများလည်း အလားတူ လုပ်ဆောင်နိုင်ပါတယ်။
 
ကျွန်တော်မှမဟုတ်ပါဘူး အင်အယ်ဒီနဲ့ ဒေါ်စုက တရားဝင် အကူအညီတောင်းခံလာရင် နည်းပေးလမ်းပြ အကြံဉာဏ်ပေးနိုင်မည့်သူများ အများကြီးပါ။
 
ကိုမောင်မောင်အေး ကိုယ်စိတ်နှဖြာ ချမ်းသာပါစေ
 
မောင်ဂဏန်း
 
အခုလိုရေးသားဝေဖန်ပြတဲ့ အတွက်ကျေးဇူးတင်ပါတယ်
ခင်ဗျာတို့ ဆီမှ
ဒေါ်စုနဲ့ ပြည်တွင်းNLD ထက်ပိုကောင်းမွန်တဲ့
အစီအစဉ်တွေ လမ်းစဉ်တွေ လုပ်ငန်းတွေ ရှိရင်
လဲရေးပြပါအုံး
ကျနော်တို့ လဲ စဉ်စားလို့ ရအောင်ပါ
 လေ  တော်လှန်ရေး မဖြစ်အောင်ပါ
ဘာမှာမရှိဘူး မရေးနိုင်ဘူးဆိုရင်
ခင်ဗျာတို့ လဲ     လေ   တော်လှန်ရေးပဲ

ကျေးဇူးတင်စွာဖြင့်
မောင်မောင်အေး
ဂျပန်
 


No comments: