Wednesday, November 23, 2011

အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်

ရန်ကုန်မြို့၏ နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ဂျပန်၊ ပြင်သစ်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား စသောကုမ္ပဏီများမှ ဆက်တိုက်လာရောက်ဆွေးနွေး
Wednesday, 23 November 2011 10:49
ရန်ကုန်မြို့၏ နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ပြည်ပနိုင်ငံများမှ ဆက်တိုက် လာရောက်ဆွေးနွေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။  
၂၀၁၁ ခုနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း ပြည်ပနိုင်ငံခြောက်ခုမှ ကုမ္ပဏီများမှ လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဂျပန်၊ ပြင်သစ်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားစသည့် နိုင်ငံများဖြစ်ကြောင်း သိရသည်။
''ရန်ကုန်မြို့ရဲ့ နေ့စဉ်ထွက်ရှိတဲ့ အမှိုက်တွေထဲကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက် ပြည်ပနိုင်ငံကကုမ္ပဏီတွေ လာရောက်ဆွေးနွေးသွားတာ ရှိပါတယ်။ အဲဒီထဲမှာ ဂျပန်၊ ထိုင်း၊ ပြင်သစ်နိုင်ငံဆိုရင် တရားရေးဝန် ဦးစီးတဲ့ ကုမ္ပဏီက လာတယ်။ ပြီးတော့ ဗီယက်နမ်။ နောက်ဆုံးလာဆွေးနွေးသွားတာတော့ မလေးရှားနိုင်ငံကပါ။  သူတို့က ရန်ကုန်မြို့ရဲ့ တစ်နေ့အမှိုက်တန်ချိန် ဘယ်လောက်ထွက်တယ်၊ ဘယ်အမှိုက်တွေ အများဆုံး ပါဝင်တယ် စသဖြင့် အမှိုက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ယူတယ်။ သူတို့ကိုယ်တိုင်မြေပြင်ကို လေ့လာတယ်။ Servey လုပ်တယ်။ ပြီးတော့ ပြန်သွားကြတယ်။ ရရှိသွားတဲ့ အချက်အလက်တွေအပေါ် ပြန် သုံးသပ်ပြီး လုပ်နိုင်တဲ့ အခြေအနေတွေရှိရင်တော့ လုပ်ဖြစ်မယ်လိုတော့ ပြောသွားတယ်'' ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
ယခင်ကလည်း ပြည်ပနိုင်ငံများမှ အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် လာရောက်ဆွေးနွေးခဲ့ဖူးသော်လည်း ကန့်သတ်ချက်များရှိခဲ့ခြင်းကြောင့် မလုပ်ဖြစ်ခဲ့ကြောင်း၊ အထူးသဖြင့် မြေအသုံးချမှုအပိုင်းတွင် အဓိက ကန့်သတ်ချက်ဖြစ်ခဲ့ကြောင်း သိရှိရသည်။
''ဒီလုပ်ငန်းအတွက်ကို အရင်ကလည်း ပြည်ပနိုင်ငံတွေက လာရောက်ဆွေးနွေးခဲ့ဖူးတာ ရှိပါတယ်။ ဒါပေမယ့် ဒီဘက်မှာ ကန့်သတ်ချက်တွေများနေတော့ ပြန်သွားကြတယ်။  ရင်းနှီးမြှုပ်နှံမှုလည်းများတယ်လေ။ အခုတော့ ကုမ္ပဏီတွေက ဒီမှာလာ လုပ်ချင်ကြတယ်။ ဒီဘက်ကသာ အဆင့်သင့်ဖြစ်မယ်ဆိုရင် ၀င်လာမှာ။ လုပ်ဖြစ်သွားရင်တော့ သူတို့ဆီ က နည်းပညာရမယ်။ လျှပ်စစ်ဓာတ်အားရမယ်။ လျှပ်စစ်ဓာတ်အားဆိုတဲ့ နေရာမှာလည်း ၀ယ်သုံးရမှာပေါ့။ ပြီးတော့ ကိုယ့်နိုင်ငံကလူတွေလည်း အလုပ်ရမယ်။ ပြီးတော့ အမှိုက်ကနေ ထုတ်မှာဖြစ်တဲ့အတွက် အမှိုက်ပုံတွေကနေထွက်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ၊ မီးသိန်းဓာတ်ငွေ့တွေ လေထုထဲကို ရောက်တာ နည်းသွားမှာဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုနည်းသွားမယ်'' ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောပြခဲ့သည်။
၂၀၀၉ ခုနှစ်က နောက်ဆုံး ကောက်ယူခဲ့သော အမှိုက်စစ်တမ်းအရ ရန်ကုန်မြို့၏ အမှိုက်ထွက်ရှိမှုနှုန်းမှာ တစ်နေ့လျှင် တန် ၁၅၄၀ ဖြစ်ပြီး  မြို့နယ် ၂၆ ခု တွင် ခေါင်းလောင်းတီး အမှိုက်သိမ်းစနစ်ဖြင့် အမှိုက်သိမ်းဆည်း ပေးလျှက်ရှိပြီး ကျန်ရှိသည့်မြို့နယ်များတွင်မူ သတ် မှတ်ထားသည့်နေရာတွင် အမှိုက်စွန့်ပစ်ရန် အုတ်ကန်များထားရှိ သတ်မှတ်ပေးထားကာ အမှိုက်စွန့်ပစ်စေသည်ဟု သိရသည်။ ယင်းအမှိုက်များကို သိမ်းဆည်းစုစည်းကာ နောက်ဆုံးအမှိုက်ပုံဖြစ်သော ထိန်ပင် သုသာန်တွင် သွားရောက်စွန့်ပစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

 #9 radar 2011-11-23 23:02
မြန်မာပြည်မှာ နိုင်ငံတကာက ရင်းနှီးမြုပ်နှံမှု့တွေ ဝင်လာစေဖို့ ခေတ်နဲ့မလျှော်ညီတဲ့ ကန့်သတ်မှု့တွေ ချုပ်ကိုင်မှု့တွေကို ပြန်သုံးသပ် ပြင်ဆင်ဖို့ လိုနေပါတယ် (လဒ်ပေးလဒ်ယူနဲ့ ခွင့်ပြုသူ ချည်းကပ်အချောင်နှိုက်တဲ့ ကုမ္မဏီအဖွဲ့အစည်းများကိုလည်း သေချာစီစစ်ဖို့လိုပါတယ်) ဆိုင်ရာလုပ်ငန်းတစ်ခုခြင်းစီ တကယ်တက်ကျွမ်း နားလည်တဲ့ ပြည်တွင်း ပြည်ပမှ အတက်ပညာရှင်များကို စီမံခန့်ခွဲ ဦးဆောင်ခွင့်ပြုသင့်ပါတယ် ကိုယ်မလေ့လာ မသင်ကြား နားမလည်ထားတဲ့ ကိစ္စတွေကို ဦးဆောင်လမ်းညွန်ခဲ့ကြလို့ အစိုးရစီမံကိန်းတွေ လုပ်ငန်းတွေ မအောင်မြင် နှစ်ပေါင်းများစွာ အရှုံးပေါ်ခဲ့ကြတာ သင်ခန်းစာယူသင့်ပါပြီ အလုပ်တစ်ခု အောင်မြင်ဖို့ စိတ်ဆန္ဒတခုတည်းနဲ့မရပါဘူး ကျွမ်းကျင်နားလည်ဖို့လည်း လိုအပ်ပါတယ် မြန်မာပြည်တိုးတက်ဖို့ နိုင်ငံသားအားလုံး ကိုယ်ကျွမ်းကျင်တဲ့ လုပ်ငန်းကို တက်နိုင်သည့်ဖက်မှ တာဝန်အသိစိတ်နဲ့ ပူးပေါင်းပါဝင်ဖို့ လိုအပ်သလို ကိုယ့်ထက်နားလည်ကျွမ်းကျင်တဲ့ သူတွေကို နေရာပေးတဲ့ ဦးစားတဲ့ စိတ်တွေမွေးကြရပါမယ် ဒီကိစ္စနဲ့ပတ်သက်လာရင် မြန်မာပြည်မှာ ကျွန်တော်သာလျှင် အသိဆုံး အတက်ဆုံးဟုဆိုသူ (အာဝါဒါး) များကို နေရာပေးထားလို့ကတော့ ကျိန်းသေပြောရဲပါတယ် နောက်အနှစ် ၅၀ နေလဲ ဘာမှဖြစ်လာမှာ မဟုတ်ပါ
 
 
phoehtet 2011-11-23 18:38
လျှာရှည်ခွင့် ပြုပါ..ကြားမိ သိမိထားတာလေး ဝေမျှပါရစေ..အဲဒီ အမှိုက်ကနေ လျှပ်စစ်စွမ်းအင် ထုတ်ပေးတဲ့ power plant ကြီးတွေကို WTE (waste to energy) plant တွေလို့ ခေါ်ကြပါတယ်။ အမှိုက်တွေ လာသမျှကို အဲဒီစက်ရုံကို ပို့ပြီး အဲဒီစက်ရုံထဲမှာ ပြန်ပြီး recyle လုပ်လို့ရတာသပ်သပ်၊ မီးရှို့ပြစ်သင့်တာကို မီးရှို့၊ မြေဆွေးလုပ်သင့်တာကို လုပ် ပါတယ်။ မီးရှို့ပြီး Boiler ကြီးတွေနဲ့ turbine ကိုမောင်းပြီး လျှပ်စစ်ထုတ်သလို အမှိုက်တွေက ထွက်တဲ့ ဓာတ်ငွေ့ကနေပြီးတော့လဲ အထူးပြုလုပ်ထားတဲ့ Generator ကြီးတွေ ကို မောင်းပြီး လဲ လျှပ်စစ်မီး ထုတ်ယူပါတယ်။ ပြီးတော့ အဲဒီ plant ကြီးတွေက ထွက်တဲ့ မြေဆွေးတွေဆိုရင် အရမ်းကောင်းပြီး သိပ်အသုံးဝင်ပါတယ်..ကမ္ဘာအနှံ တတ်နိုင်တဲ့ နိုင်ငံတွေမှာ အဲဒီလို plant တွေ ဆောက်ထားကြပါတယ်။ အာရပ်သူဌေး ကာတာနိုင်ငံမှာဆိုရင် အဲဒီလို Plant ကြီးတစ်ခု USD 1.7 Billion အကုန်ခံပြီး ကန်ထရိုက်ပေးပြီး ဆောက်နေတာ Operation တောင်စနေပါပြီ။ အဲဒီ Operation ကို မြန်မာတွေ အဓိက ဦးဆောင်ပါတယ်။ ကာတာက ဘုရင်အုပ်ချုပ်တာပါ။ ဘုရင့်မိသားစုကဘဲ စီးပွားရေးကြီးတွေကို အုပ်ချုပ်ပါတယ်။ ဒါပေမယ့် သူ့ပြည်သူ ပြည်သားတွေအပေါ်မှာ စိတ်စေတနာကောင်းကောင်းထားပြီး အဲဒီ Plant ကြီးက ထွက်တဲ့ မြေဆွေးနဲ့ နောက် ရေဆိုးကနေ ပြန်သန့်စင်လို့ရတဲ့ ရေတစ်ချို့တစ်ဝက်နဲ့ သူ့နိုင်ငံကို စိမ်းလန်းအောင် လုပ်ဖို့ ရည်ရွယ်ချက်ပါ။ နောက် ကျနော်သိသလောက် အဲဒီလို Plant ကြီးတွေက Maintenance စရိတ်အရမ်းကြီးပါတယ်။ အဆွေး၊ အပုတ်တွေနဲ့ အလုပ်လုပ်ရတော့ စက်တွေက သေသေချာချာ Maintain လုပ်ရပါတယ်။ အဲဒီအတွက် တွက်ချက်သလား။ နောက် နည်းပညာ အခြေခံပြီးသား နိုင်ငံကဘဲ လုပ်သင့်ပါတယ်။ သေချာတာကတော့ Plan ကောင်းကောင်းချပြီး နောင် အရှည်ကို စဉ်းစားတတ်တဲ့ ပညာရှင် အဖွဲ့ဖွဲ့ပြီး လုပ်သင့်ပါတယ်။ ပိုက်ဆံပေးလိုက်၊ လုပ်ခွင့်ပေးလိုက် ပြီးပြီလို့ ထင်ရင် အကြီး အကျယ်မှားပါမယ်။ စစ်သားက စစ်တိုက်၊ အင်ဂျင်နီယာက အင်ဂျင်နီယာ အလုပ်လုပ်၊ စာရင်းကိုင်က စာရင်းအင်း နိုင်အောင်လုပ်..သူ့နေရာနဲ့သူ သူ့ professional နဲ့ သူမှ အလုပ်တွေက မှန်မှန်ကန်ကန်အောင်မြင်မှာပါ။ ဖဲကြိုးဖြတ်ဖွင့်ပြီး နောက် ၆ လလောက်ဆို သုံးမရတဲ့ စက်ရုံတွေ၊ လမ်းတွေကို ကြည့်ပြီး ပညာရှင်ဦးစီးတဲ့ Management လိုတာ သဘောပေါက်နိုင်ကြပါစေဗျာ..ကျနော်သိထားတာလေး ကျနော် ပြောတာပါ။ အမှားပါရင် ၀င်ရောက် မျှဝေခဲပါခင်ဗျာ..
 
 
ဒီလို ကမ်းလှမ်းမှုမျိုးကို ဘာတွေကန့်သတ်နေတာလဲ မသိဘူး။ အခုက အမှိုက်တောင်နိုင်အောင်မသိမ်းနိုင်ပဲနဲ့။ စီမံကိန်းသာ လုပ်ဖြစ်ရင် အမှိုက်တောင် ပျောက်သလောက်ဖြစ်အောင် ဟိုကသိမ်းတော့မှာ။ တစ်ချက်ခုတ် ၂ချက်ပြတ်အစီအစဉ်ကို သေချာပေါက်လုပ်သင့်ပါတယ်။
 
 
 
 

No comments: