Friday, November 18, 2011

ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် (ပထမပိုင်း)


Suu closing speech at 18th Nov – NLD D-Day Meeting


နိုဝင်ဘာ ၁၈ ရက်နေ့ အန်အယ်ဒီ ဗဟိုဦးစီးအစည်းအဝေးနိဂုံးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် (ပထမပိုင်း)
Yangon PressInternational နိုဝင်ဘာ ၁၉၊ ၂၀၁၁ (YPI)
          ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ..ဒါဟာ ကျွန်မသဘောတူတဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ကျွန်မအမြင်မှာတော့ အရေးအကြီးဆုံး ကတော့ နံပါတ် ၁ ထားရမှာတော့ ဥပဒေ စိုးမိုးရေးပဲ ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေ စိုးမိုးရေး မရှိဘဲနဲ့ ကျန်တဲ့ကိစ္စတွေကို ကျွန်မတို့ဖြစ်မြောက်အောင် မလုပ်နိုင်ပါဘူး၊ ဥပမာ ဆိုပါတော့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး နိုင်ငံရေး အကျဉ်းသားများ ရှိတာကိုက ကျွန်မတို့နိုင်ငံမှာ ဥပဒေ စိုးမိုးရေး မရှိလို့၊ ရှိနေတာလို့ ကျွန်မတော့ ဒီလိုပဲ မြင်ပါတယ်။ အဲဒါကြောင့်မို့ ဥပဒေစိုးမိုးရေးဟာ အဓိကပါ။ ဥပဒေစိုးမိုးရေး မရှိပဲနဲ့ ကျွန်မတို့ဟာ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ အင်မတန်ခက်ပါတယ်။
          ဥပဒေစိုးမိုးရေးရှိမှ ပြည်နယ်တွေမှာ ပြည်သူတွေရဲ့ အခွင့်အရေးတွေ ချိုးဖောက်မှုရှိနေတာကို ကျွန်မတို့ မီးမောင်းထိုးနိုင်မယ်။ ကာကွယ်နိုင်မယ် အပြစ်ပေးနိုင်မယ်၊ ဒါကြောင့် မို့လို့ နံပါတ် ၁ ကတော့ ဥပဒေစိုးမိုးရေးလို့ ကျွန်မမြင်ပါတယ်။
ဥပဒေစိုးမိုးရေးနဲ့ ဒွန်တွဲနေတာကတော့ ပြည်တွင်းစစ်ငြိမ်းချမ်းရေးပဲ၊ ဥပမာ ကျွန်မ ဥပဒေစိုးမိုးရေးကို နံပါတ်တစ် ထည့်တယ်ဆိုတာက ပြည်တွင်းငြိမ်းချမ်းရေး ထက်ပိုမိုအရေးကြီးလို့ မဟုတ်ပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လိုအပ်လို့ ဥပဒေစိုးမိုးရေးကို ကျွန်မထည့်တာပါ။
          နောက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင် ပြုပြင်ရေးပေါ့။ ပြင်ဆင်ပြုပြင်ရေး ဆိုတာ ကျွန်မတို့ ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်မတို့ မ၀င်ခဲ့ရတဲ့အကြောင်းတွေပါ၊ အဲဒီတုန်းက ပြန်ပြီးတော့ မှတ်ပုံမတင်ခဲ့တဲ့  အကြောင်းတွေ တခုထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကျေနပ်လို့ဆိုတာလည်း ပါပါတယ်။ တရားဝင် အကြောင်းပြချက် ကတော့ ဆုံးဖြတ်ချက်များကတော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေဟာ တရားမမျှတလို့ ကျွန်မတို့ လက်ခံနိုင်စရာ အကြောင်းမရှိလို့၊ ဒါပေမယ့်လဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုပြင်ဆင်သင့်တယ်ဆိုတာဟာ ရွှေဂုံတိုင်ကြေညာချက်တွေမှာ ပါခဲ့ပါတယ်။         
             ဒီဖွဲ့စည်းပုံက အခြေခံဥပဒေကို ပြင်ဆင်သင့်တယ်ဆိုတာဟာ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်ကိုကြည့်ပြီးပြောတာပါ။ ကျွန်မတို့ အဖွဲ့တခုထည်း အတွက်ပြောတာမဟုတ်ပါဘူး။ တနိုင်ငံလုံးအတွက် ကျွန်မတို့ ပြည်ထောင်စု တိုင်းရင်းသားအားလုံးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ အတွက် ကျွန်မတို့ ဦးတည်ပြီး လုပ်သွားရမှာဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အခု ဒီအခြေအနေရောက်မှ ဆို ကျွန်မလည်းပွင့်ပွင့်လင်းလင်း ပြောပါရစေ၊ ကျွန်မ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်ပြီးမှတ်ပုံတင်ရေးဘက်ကနေ ရပ်တည်တာပါ။ ဒီလိုမှတ်ပုံတင်ချင်တဲ့ အကြောင်းအရာဟာ ဒီလိုကိစ္စတွေ ပိုပြီးတော့ ထိထိရောက်ရောက် လုပ်ချင်လို့ပါ။ ဒါကိုကျွန်မတို့ ဆွေးနွေးတိုင်ပင်ခြင်းအားဖြင့် ဒီလိုအခြေအနေ ထိရောက်လာတယ်လို့ ကျွန်မပြောပါရစေ။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာမယ်ဆိုတာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ် ဆိုတာက အတူတူပဲလို့ ပြောတဲ့သူတွေလဲ ရှိပါတယ်။ အဲဒါကတော့ ကျွန်မနဲ့ သဘောမတူပါဘူး။ အဲဒီလိုဆိုလို့ရှိရင် ဒီမိုကရေစီနဲ့ စည်းကမ်းရှိသော ဒီကရေစီဆိုတာလည်း အတူတူပဲလို့ ကျွန်မကိုပြောမလား ၊ တကယ်တော့ စကားလေးတွေကွဲလွဲတာပါ။ ဒါပေမယ့် ဒီစကားကွဲလွဲတဲ့အပေါ်မှာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ကျွန်မတို့ အားလုံးဟာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို လက်မခံကြဘူး စစ်မှန်တဲ့ ဒီမိုကရေစီဆိုပြီး ကျွန်မတို့ပြောကြတယ်။ ပြီးတော့ဘာဖြစ်လို့ ဒီနှစ်ခုကို ကျွန်မတို့ခွဲခြားပြီး မြင်နေတာလဲ၊ စကားလုံးပဲ ကွာတာပဲဆိုပြီး ပြောတဲ့သူကပြောကြမှာပေါ့။
တချို့က ဒီဟာကျတော့ စကားလုံးပဲကွာတာ မဟုတ်ဘူး၊ ဒါကမတူဘူးလို့ပြောပြီးတောင့် ထိန်းသိမ်းစောင့်ရှောက်တာနဲ့ လေးစားလိုက်နာခြင်းက အတူတူပဲလို့ ပြောလို့ရှိရင်တော့ ဒါစကားတွေကို ကိုယ်လိုရာ ဆွဲပြောရာရောက်ပါတယ်။ ကျွန်မတို့ဟာ အမြင်နဲ့ အလုပ်ကို သွားရမှာပါ။ ကိုယ်လိုရာဆွဲပြီး တော့ ပြောပြီးတော့ အလုပ်လုပ်သွားရမှာမဟုတ်ပါဘူး။
          ကျွန်မတို့ လေးစားလိုက်နာမယ်ဆိုတာ စောစောတုန်းက ဦးဉာဏ်ဝင်း ပြောသွားတဲ့ အတိုင်းပဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ ပါပြီးသား ကိစ္စပဲဖြစ်ပါတယ်။ နောက်ပြီးတော့ နိုင်ငံသူ နိုင်ငံသားတိုင်း နိုင်ငံအသီးသီးမှာ လက်ခံရတဲ့အချက်တစ်ခုဖြစ်ပါတယ်။  ဒီတော့ ဒီဥပဒေတွေကို ပြုပြင်ပေးရင်၊ ပြောင်းလဲပေးရင်တော့ ပြုပြင်ပြောင်းလဲပေးနိုင်ဖို့ ကြိုးစားဖို့ဟာတော့ နိုင်ငံသားတိုင်း အခွင့်အရေးရှိတယ်လို့ ကျွန်မတော့ ဒီအတိုင်းပဲ ယုံကြည်ပါတယ်။
          ဒါကျွန်မတို့အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ နိုင်ငံကို အကျိုးပေးတယ်လို့ ကျွန်မတို့ မမြင်တဲ့ အချက်တွေကို ပြုပြင်ပြောင်းလဲ အချက်တွေကို ပြုပြင်ပြောင်းလဲဖို့ ကျွန်မတို့ကြိုးစားသွားရမှာလည်း ဒါနိုင်ငံသူ နိုင်ငံသားများရဲ့ တာဝန်တစ်ခု အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆောင်ရွက်သွားရမယ်လို့ ကျွန်မ ဒီအတိုင်းပဲ ယုံကြည်ပါတယ်။ ဒီဟာဟာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြန်ပြီးတော့ မှတ်ပုံတင်တဲ့ အခါမှာ လုပ်ဆောင်ရမယ့် အဓိက လုပ်ငန်းကြီး တစ်ရပ်ဖြစ်တယ်လို့ ကျွန်မမြင်ပါတယ်။
          အဲဒီတော့ ဥပဒေ စိုးမိုးရေး၊ ဥပဒေ စိုးမိုးရေးကို ကျွန်မတို့ယုံကြည်မှတော့ မှန်ကန်တဲ့တရားတဲ့ ဥပဒေတွေဖြစ်ရမယ်၊ မှန်ကန်တဲ့ တရားတဲ့ ဥပဒေတွေဖြစ်ရေး အတွက် လုပ်ဖို့ဆိုတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကလည်း တရားမျှတပြီးတော့ မှန်ကန်ရအောင်လို့ ကျွန်မတို့ လုပ်ဆောင်ဖို့ ကြိုးစားဖို့တာဝန်ရှိတယ်လို့ ကျွန်မတို့ အဲဒီလိုပဲ ခံယူထားပါတယ်။
          ဒီအကျဉ်းကျနေတဲ့ ကျွန်မတို့ အဖွဲ့ဝင်တွေကို အဖွဲ့ကနေပြီးတော့ ထုတ်ပြစ်ဖို့ မလိုတော့ဘူး ဆိုတဲ့ကိစ္စကို ကျွန်မ အထူးရှင်းပြဖို့ မလိုပါဘူး။ ၂၀၁၀ တုန်းက အဲဒီလို စည်းမျဉ်း စည်းကမ်းပါလာတဲ့အတွက် ကျွန်မတို့ လက်မခံတော့ပါဘူး။ ဒါကတော့ လွယ်လွယ်လေးပါ။ ရှင်းရတာ၊ ကိုယ့်အတွက် ကိုယ်နိုင်ငံအတွက် ကိုယ်နိုင်ငံသားအတွက် ယုံကြည်ချက်နဲ့ အနစ်နာခံပြီးတော့ အကျဉ်းကျခံနေကြတဲ့ ကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေကို ထုတ်ပြစ်ဖို့ ဆိုတာအင်မတန်မှ သိက္ခာမဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီလို သိက္ခာမဲ့တဲ့ ကိစ္စဆိုတာ နိုင်ငံရေး သိက္ခာကိုပြောတာပါ။ အဲဒီနိုင်ငံရေး သိက္ခာမဲ့တဲ့ ကိစ္စ၊ လူမှုရေး သိက္ခာကိစ္စလည်း ဖြစ်တယ်။ ကျွန်မတို့ လက်မခံနိုင်ဘူးဆိုပြီးတော့ လက်မခံတာဖြစ်ပါတယ်။ အခုဒီအချက်တွေလည်း ပြောင်းလဲသွားပြီ ဆိုတော့ ကျွန်မတို့ ထဲမှာ ပြဿနာမရှိပါဘူး။
          ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုရမယ်ဆိုတဲ့ ကိစ္စ ဒီဟာကို ကျွန်မ ၂ ခုခွဲပြီးတော့ ပြောချင်ပါတယ်။ ဥပဒေအရ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ် က တရားဝင်ပါတယ်။ ဒါဘယ်သူတွေ အသိအမှတ်ပြုတာ မပြုတာနဲ့ မဆိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘားမား ဂေဇက် (မြန်မာနိုင်ငံ အမိန့်ပြန်တမ်း)ထဲ မှာကြေညာပြီးသားပါ။ ဒီရွေးကောက်ပွဲမှာ အောင်မြင်ခဲ့တဲ့ ကိုယ်စားလှယ်များ စာရင်းဟာ ကြေညာထားပြီးသား ဆိုတော့ဒါဟာ ဘယ်ပုဂ္ဂိုလ် တဦး ဘယ်အဖွဲ့အစည်းတခု ဘယ်အစိုးရ တခုရဲ့ အတည်ပြုချက်မှ မလိုတော့ဘူး။ ဒီဟာမှာ တရားဝင်ဆိုတာလက်ခံထားပြီးသား ဖြစ်ပါတယ်။
          ဒီတော့ ကျွန်မတို့ က အသိအမှတ်ပြုတယ်ဆိုတာကို ဘာကိုဆိုလိုတာလည်း ဆိုတာကို ပြန်စဉ်းစားကြည့်တာတော့ ကျွန်မတို့ ၁၉၉၀ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ဟာ ပြည်သူလူထု ဆန္ဒနဲ့အညီ အဖွဲ့ချုပ်ကို ပြည်သူကနေပြီးတော့ သဘောကျတယ် ထောက်ခံတယ်။ အဖွဲ့ချုပ်ကို လိုလားတယ် ဆိုပြီးတော့ ရှင်းရှင်းလင်းလင်း ပြခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ကျွန်မတို့ အသိမှတ်ပြုခြင်း တရားဝင် အသိအမှတ်ပြုတာကို ကျွန်မတို့က လိုလားတာကို ပြောတာဖြစ်ပါတယ်။
          တရားဝင် အသိအမှတ်ပြုတယ်ဆိုတာကတော့ ငါဟာ ဘယ်သူကမှ စာရေးပြီးတော့ လက်မှတ်ထိုးပြီးတော့ တံဆိပ်ရိုက်စရာလည်း မလိုပါဘူး၊ ရှေ့တုန်းက ပြောထားတဲ့ အတိုင်း အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်ဆိုတာ ဒါတရားဝင်ပဲ၊ ဒါဘယ်သူကမှ လာပယ်ဖျက်လို့ မရဘူး၊ ဒါဘားမားဂေဇက်ထဲမှာ ပါပြီး ပါပြီ။ ဘယ်လိုမှ ဒါကိုငြင်းပယ်လို့ မရဘူး။ ကျွန်မတို့ ကြားခဲ့ရတဲ့ အတိုင်းပဲ၊ ဦးခင်အောင်မြင့်ဟာ ဆိုရှိရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ အောင်နိုင်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ သတင်းမီဒီယာတွေ သိအောင်လို့ပြောခဲ့ပါတယ်။
          ဒါဟာဆိုလို့ရှိရင် ကျွန်မကတော့ ဒါကိုလက်ခံပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ စောစောတုန်းက ဒေါ်နန်းခင်ထွေးမြင့် ပြောခဲ့သလိုပဲ အပေးအယူလုပ်တယ်ဆိုတာ ကိုယ်လိုချင်တာ အားလုံးရမှ ဆိုတာတော့ အဲဒီလိုစိတ်နဲ့တော့ ကျွန်မတို့လုပ်လို့ မဖြစ်ပါဘူး။
ဒါကြောင့် အသိအမှတ်ပြုတယ်ဆိုတာ တချို့ကတော့ ဘယ်လိုနည်းနဲ့ အသိအမှတ်ပြုတာကိုပြောတာလဲ တော့မသိဘူး။ ကျွန်မအနေနဲ့ကတော့ ဘားမား ဂေဇက်ထဲမှာ ရှိနေတဲ့ဟာကို ဘယ်သူမှလဲ ပယ်ဖျက်လို့ မရဘူး ဒီလိုဟာက အဖြစ်အတိုင်းဖြစ်ခဲ့ပါတယ်။ ဆိုတာကိုတော့ အခုလိုလက်ရှိ ၂၀၁၀ ရွေးကောက်ပွဲ ကနေပြီးတော့ တက်လာတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောလိုက်တယ်ဆိုတာကို ကျွန်မတို့ လက်ခံနိုင်တဲ့အကြောင်းရှိတယ်လို့ ကျွန်မဒီလိုပဲ ပြောချင်ပါတယ်။ ဒါကို တချို့လွှတ်တော် ခေါ်ပေးရမယ်ဆိုပြီးတော့ ခုအချိန်ထိ အော်နေပါတယ်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲအရ လွှတ်တော် ခေါ်ပေးရမယ်ဆိုတာ ဒါကတော့ လက်တွေ့ကျတဲ့ ကိစ္စမဟုတ်ပါဘူး။ လက်တွေ့ကျတဲ့ တောင်းဆိုချက်တွေ မဟုတ်ပါဘူး။
          ၁၉၉၀ ခုနှစ်မှာ အရွေးခံရတဲ့ ကိုယ်စားလှယ် တချို့ကလည်း ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ ၀င်ပြီးတော့ တချို့လည်း လွှတ်တော်ထဲ ပြန်ရောက်နေတဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီတော့ ကျွန်မတို့ဟာ လက်တွေ့ကျကျ နိုင်ငံရေး ရင့်ကျက်မှုနဲ့ စဉ်းစားစေချင်ပါတယ်။ ၊ အဲတော့ ကျွန်မက ၁၉၉၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အခုထိ အာဏာပိုင်များရဲ့ လုပ်ဆောင်ချက် ဟာ လက်ခံနိုင်လောက်စရာဘာရှိလဲ ဆိုတာ ကျွန်မသုံးသပ်ပါတယ်။ ဒါကြောင့်မို့လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေပြီးတော့ ပြန်လည်ပြီးတော့ မှတ်ပုံတင်ရေးကို ကျွန်မထောက်ခံတာဖြစ်ပါတယ်။
          အဲဒါပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲ တွေမှာ ၀င်ရွေးဖို့အရေး ၀င်မရွေးဖို့ အရေး စည်းမျဉ်းစည်းကမ်းတွေ အရ ကျွန်မတို့ နေရာသုံးနေရာမှာ ၀င်ပြီးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီသုံးနေရာနေပြီးတော့ စတိပေါ့လေ၊ အဖွဲရဲ့ရပ်တည်ရေး အတွက်လုပ်မှာလား၊ ၊ လစ်လပ်နေတဲ့ နေရာအားလုံးမှာ ယှဉ်ပြိုင်ပြီးတော့ ၀င်လာမှာလား ဆိုတော့ အများစုက ယှဉ်ပြိုင်ပြီးတော့ ၀င်မယ်လို့ပြောတာတွေရှိပါတယ်။ တချို့ကတော့ ခပ်တိုတိုပြောပြောရရင် ကျွန်မသဘောအတိုင်း ပဲ လုပ်ပါမယ်လို့ပြောတာလည်း ရှိပါတယ်။ ကျွန်မကတော့ ယှဉ်ပြိုင်စေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီ တခုအနေနဲ့ မလှုပ်ရှားရတာ အတော်ကြာပြီ၊ နိုင်ငံရေးပါတီ တခုရဲ့ အလုပ်တွေကို မလုပ်ကြရတာတော်တော် ကြာပြီ၊ ကျွန်မတို့ပြန်ပြီးတော့ လေ့ကျင့်ယူရမယ်။ လေ့ကျင့်ယူရမယ်ဆိုရာမှာ ကျွန်မတို့ လူငယ်တွေ လက်ရှိရယ်၊ အရင်တုန်းက
လက်ဟောင်းနဲ့ လက်ရှိရယ် အားလုံးဟာ ပြန်ပြီးတော့ နိုင်ငံရေးပါတီ တခုအနေနဲ့ လုပ်သင့်လုပ်ထိုက်တာ ကိုလုပ်ရမယ်။
          ဒီမိုကရေစီ စနစ်အောက်မှာ နိုင်ငံရေး ပါတီ တစ်ခုထူထောင်ပြီ ဆိုကတည်းက အဓိကအားဖြင့်တော့ ရွေးကောက်ပွဲတွေမှာ တစ်ချိန်တစ်ခါမှာ ယှဉ်ပြိုင်ရတော့မှာပါ။ ဒီတော့ အဲဒါကလည်း ဒီမိုကရေစီ မူအရလည်း လုပ်သင့်တဲ့ ကိစ္စ ဖြစ်လို့ လုပ်ချင်တယ်။ ကျွန်မတို့ရဲ့ နိုင်ငံရေးပါတီ တစ်ခုရဲ့ လှုပ်ရှားတွေကို ပြန်ပြီးတော့ အသက်သွင်းပေးချင်တဲ့ အနေအထားနဲ့ဘဲ ကျွန်မလုပ်ချင်တာ ဖြစ်ပါတယ်။
သတင်းစာတွေကနဲ့ တူပါတယ် ကျွန်မ၀င်ပြိုင်မယ် ဆိုလို့ရှိရင် ကျွန်မရဲ့ သိက္ခာကို ထိမလား ဆိုပြီး တစ်ချို့က စိုးရိမ်နေတယ် စိုးရိမ်ကြပါတယ်တဲ့ ရှင်းရှင်း ပြောရမယ် ဆိုရင် ဒီလိုနိုင်ငံရေး လုပ်တဲ့နေရာမှာ ကိုယ့်ရဲ့သိက္ခာကို ကြည့်ပြီးလုပ်တယ်ဆိုတာ မလုပ်သင့်ပါဘူး။ လုပ်သင့်လုပ်ထိုက် တယ်ထင်လို့ရှိရင် လုပ်ရမှာဘဲ။ ကျွန်မအနေနဲ့ ကတော့ ၀င်ထိုက်တယ်လို့ ထင်ရင် ကျွန်မ၀င်မှာဘဲ ဒီဟာဟာ လူတစ်ဦးတစ်ယောက်ရဲ့ သိက္ခာနဲ့ မဆိုင်ပါဘူး။ လူတစ်ဦး တစ်ယောက်ဟာ သူ့ရဲ့ သိက္ခာကို အဓိကထား ပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် ဒါဟာ ဆန္ဒစွဲနဲ့ လုပ်တဲ့ နိုင်ငံရေး ဖြစ်သွားပါမယ်။
          အခုကျွန်မတို့ လုပ်နေတဲ့ အလုပ်တွေဟာ တကယ်တော့ စွန့်စားချက် ဘဲလို့ ကျွန်မပြောရမှာဘဲ စွန့်စားရခြင်း မဟုတ်ပါဘူး။ အခြေအနေ သုံးသပ်ပြီးတော့ စွန့်စားသင့်တဲ့ အချိန် ရောက်လို့ စွန့်စားမယ် ဆိုပြီးဆုံးဖြတ်ရခြင်း ဖြစ်ပါတယ်။ ပြီးတော့ စွန့်စားတယ်ဆိုတာက ဘာအဓိပ္ပါယ်လဲ ဆိုတော့ တစ်ရာခိုင်နှုန်း အောင်မြင်ခြေ ရှိတယ်ဆိုပြီးတော့ ကျွန်မတို့ မပြောနိုင်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တစ်ရာ ရာခိုင်နှုန်း အောင်မြင်ပါမယ်
ဆိုပြီး အာမခံရှိတဲ့ အလုပ်မျိုးမှ လုပ်မယ် ဆိုလို့ရှိရင် နိုင်ငံရေး လုပ်လို့ လုံးလုံးကို မဖြစ်ပါဘူး။ နိုင်ငံရေးမှာ ဘယ်တော့မှ တစ်ရာ ရာခိုင်နှုန်း အာမခံချက် ရှိတယ်လို့ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ တစ်ရာရာခိုင်နှုန်း အောင်မြင်ဖို့ အာမခံချက် ပေးနိုင်တဲ့ အလုပ်မှ လုပ်မယ်ဆိုရင်တော့ တခြားအလုပ်ရှာ ရပါလိမ့်မယ်။  ကျွန်မတို့ရဲ့ ယုံကြည်ချက်အရ သုံးသပ်ချက် အရ အောင်နိုင်ဖို့ အလားအလာ ကောင်းတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။  အောင်နိုင်ဖို့ အလားအလာ ကောင်းတယ်လို့လည်း ယုံကြည်တယ် လုပ်သင့်တယ်လို့လည်း ယုံကြည်တယ်။
          တခါတလေ အမှန်ပြောရမယ်ဆိုလို့ရှိရင် လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတစ်ခုကို လုပ်တဲ့နေရာမှာ အောင်နိုင်ဖို့ အလားအလာနည်းတယ် ထင်ရင်တောင် လုပ်ရမှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ လုပ်သင့်လုပ်ထိုက်လို့ ကိုယ်လုပ်တဲ့ အချိန်အခါမှာ မအောင်မြင်ရင်တောင်မှ ကိုယ်က မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ချခဲ့တာကြောင့်မို့ နောင်လာမဲ့ လူတွေအတွက် လမ်းကပိုပြီးတော့ ခိုင်မာသွားမယ်။ ရှင်းလင်း သွားမယ်ဆိုတာတွေ ဖြစ်နိုင်ပါတယ်။ အခုအချိန်မှာကြတော့ ကျွန်မတို့က စွန့်စားပြီး ဆုံးဖြတ်တဲ့နေရာမှာ အောင်နိုင်မဲ့ အလားအလာ တွေကလည်းကောင်းတယ်လို့ မြင်တယ်။        
              ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်လို့ ကျွန်မမြင်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မရဲ့ဆုံးဖြတ်ချက်အရ လုပ်မယ်ဆိုတဲ့ လူတွေအတွက်က ကြတော့ အမျိုးသားဒိမိုကရေစီ အဖွဲ့ချူပ်ပြန်လည်ပြီးတော့ မှတ်ပုံတင်တဲ့ကိစ္စကို လက်ခံဖို့ လိုပါလိမ့်မယ်။ နောက်ပြီးတော့ လစ်လပ်နေတဲ့ နေရာ အားလုံးမှာ ၀င်ပြီးတော့ တတ်နိုင်သမျှ ယှဉ်ပြိုင်နိုင်ဖို့ကို ကျွန်မတို့လုပ်ရပါလိမ့်မယ်။
          ဒီလိုယှဉ်ပြိုင်တဲ့နေရာမှာ ကျွန်မအခုကတည်းက တခါထဲပြောထားချင်ပါတယ်။ ကျွန်မတို့ လူရွေးတဲ့ နေရာမှာအားလုံးက သိပြီးသားပါ။ လစ်လပ်နေတဲ့နေရာက လေးဆယ်ကျော်ပဲ ရှိပါတယ်။ တစ်ချို့က လေးဆယ်ကျော်ဆိုတာဟာ ဘာလုပ်ရမှာလဲဆိုတော့ ပြောတဲ့လူတွေကလည်း ရှိတယ်။ ကျွန်မတို့က အရည်အတွက်ကို ဦးတည်မှာလား အရည်အချင်းကို ဦးတည်မှာလား ဒါက ပထမဆုံးမေးရမဲ့ ကိစ္စပါ။ ဒီတော့ လေးဆယ်ကျော်မပြောနဲ့ လူတယောက်တောင်မှ စိတ်ဓါတ်ခိုင်မာလို့ ရှိရင် အများကြီးစွမ်းဆောင်နိုင်ပါတယ်။          ဒါကြောင့်ကျွန်မတို့ဟာ လေးဆယ်ကျော် ဆိုပေမဲ့ နည်းတယ်လို့ ထင်လို့ ရှိရင် နည်းတယ်လို့ ပြောတဲ့လူတွေက အဲဒီဟာအားလုံးကို အောင်နိုင်အောင် လုပ်ပြပါ။ ဒီလောက်ဆို ဒီလောက်နည်းနည်းလေးပဲ ဆိုရင်အပျော့ပေါ့ဆိုပြီး လုပ်ပြလေ။ နည်းတယ်လို့ ထင်လို့ရှိရင် အဲလောက်တော့ လုပ်ပြရမှာပေါ့။
          ဒါဟာကျွန်မတို့ ဒိလိုလုပ်တဲ့နေရာမှာ သဘောထားကြီးကြီးနဲ့ အနာဂတ်ကို ကြည့်ပြီးတော့ လူရွေးရမယ်။ ဒါကျွန်မတို့ အစမ်းသဘောပဲပေါ့။ တနည်းအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ဒီပထမ အတွင်းမှာ ကျွန်မတို့ စမ်းပြီးတော့ ထည့်လိုက်တာလို့ ပြောလို့ရတယ်။ စမ်းပြီးတော့ ထည့်လိုက်တာဆိုတာ ကျွန်မတို့အတွက်တင် စမ်းတာမဟုတ်ဘူးနော်။ ပြည်သူကလဲ ကျွန်မတို့ကို စမ်းမှာပဲ။ အစတုန်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထပ်တလဲလဲ ပြောခဲ့တယ်။ ရွေးကောက်ပွဲကို ရွေးကောက်ခံခဲ့ရတယ်။ သို့သော်ငြားလဲ ဘာမှလုပ်ပိုင်ခွင့် မရခဲ့ဘူး။ အခုလုပ်ကိုင်ခွင့် ပိစိကွေးလေး ရတဲ့အချိန်မှာ ဘယ်လောက်လုပ်နိုင်လဲလို့ ပြည်သူက ကြည့်နေမှာဖြစ်တယ်။
          ပြည်သူကသုံးသပ်နေမှာ ပြည်သူကနေပြီးတော့ ကျွန်မတို့ကိုစီရင်ချက်ချမှာ။ အဲဒါကြောင့်မို့လို့ စကတည်းက ကျွန်မတို့သဘောထား ကြီးကြီးနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကိုကြည့်ပြီးနိုင်ငံရဲ့ လိုအပ်ချက်ကို ကြည့်ပြီးတော့ ကျွန်မတို့ ဆုံးဖြတ်ပြီးတော့ သွားရမှာပါ။
အခုဒီကျွန်မတို့ အဖွဲ့ချုပ်ဝင်တွေစာထဲမှာ ကျွန်မတို့ပြန်ပြီးတော့ မှတ်ပုံတင်ရွေးကောက်ပွဲ လစ်လပ်နေတဲ့နေရာတွေ မှာဝင်ရေးကို သဘောမတူတဲ့ အဖွဲ့ဝင်များဟာလည်း ကျွန်မတို့နဲ့ အတူလက်တွဲပြီးတော့ စိတ်ရောကိုယ်ပါ အတတ်နိုင်ဆုံး ကြိုးစားကြိုးစား သွားကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မစောစောက ပြောခဲ့တဲ့ အတိုင်းပါပဲ၊ ဒါဒီမိုကရေစီပဲ၊ ကိုယ်ဟာ ဘယ်လောက် ဒီမိုကရေစီချစ်မြတ်နိုးတယ်ဆိုတာ ဒီဟာမျိုးကပြတယ်။
          ကိုယ်သဘောမတူတဲ့ ကိစ္စဖြစ်ရင်တောင်မှ ဒီမိုကရေစီ သဘောထား အရ ကိုယ်ကနေပြီးတော့ ရှိသမျှ အင်အားတွေနဲ့ ဖေးမပေးမယ်။ အောင်မြင်အောင် လုပ်ပေးမယ်ဆိုတဲ့စိတ်ဓါတ်ကို မွေးမြူစေချင်ပါတယ်။ ဒီလိုစိတ်ဓါတ်တွေနဲ့ ကျွန်မတို့ လုပ်သွားမယ်ဆိုလို့ ရှိရင် အောင်နိုင်မှုဆိုတာ သေချာပေါက် ကျွန်မတို့ရမှာပါ။
ကျွန်မတို့နဲ့ အရင် ကျွန်မလွတ်လာတဲ့ အချိန်အထိတော့ စပြီးတော့ တွဲခဲ့တဲ့ ဒီမိုကရေစီ ကွန်ရက်ထဲက ပုဂ္ဂိုလ်များလည်း ရှိပါတယ်။ အဲဒီပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကိုလည်း ကျွန်မတို့ ထည့်ပြီး၊ စဉ်းစားပြီးတော့ ဆက်လုပ်သွားစေချင်ပါတယ် ဆိုတာကိုတော့ ကျွန်မအခုကတည်းက ပြောထားပါရစေ။
          ကိုယ်လိုတဲ့ အခါသုံးပြီး မလိုတဲ့အခါ ပစ်တဲ့ အဖွဲ့အစည်းမျိုး လုံးဝမဖြစ်စေချင်ပါဘူး။ အမြဲတမ်းကျွန်မတို့ အပေါ်မှာ ကောင်းခဲ့တဲ့သူ၊ ရဲဘောရဲဘက် တွေ၊ မဟာမိတ်တွေနဲ့ ဆက်ပြီးတော့ လက်တွဲသွားပြီးတော့ ကျွန်မတို့ နိုင်ငံဟာ အားလုံးလိုချင်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုဖြစ်တဲ့ အထိ ကျွန်မတို့ ဆက်ပြီးတော့ လျှေက်လှမ်းသွားမယ် ၊ အဲဒါအတွက် အားလုံးက စုပြီးတော့ တက်တက်ကြွကြွနဲ့ ၀ိုင်းပြီးတော့ ပါဝင်ကြပါဆိုပြီးတော့
ကျွန်မကနေပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်။
          အလုပ်တွေများမယ့် ကိစ္စဖြစ်လာပြီဆိုတော့ အားလုံးဟာ နံပါတ် ၁ ကတော့ မှန်ကန်တဲ့ စိတ်ဓါတ်တွေကို တောင့်ထားရမှာပါ။ မမှန်ကန်တဲ့ စိတ်ဓါတ်တွေကိုတော့ ပယ်ရှားလိုက်ပါ။ မှန်ကန်တဲ့ စိတ်ဓါတ်တွေနဲ့ ကျွန်မတို့ရှေ့ကို ဆက်ပြီးတော့ သွားရမယ်၊ အခက်အခဲတွေ အများကြီးရှိမယ်။ ဒါကျွန်မတို့ လွယ်တဲ့ လမ်းလို့ မပြောခဲ့ပါဘူး။ စပြီးတော့ ဒီလမ်းကြီးဟာ လွယ်ခဲ့တာမဟုတ်ပါဘူး။ ဒီလမ်းကြီးကလည်း အဆုံးမရှိတဲ့လမ်းပါ။ တကယ်တော့ ဒီမိုကရေစီဆိုတာ အဆုံးမရှိတဲ့လမ်းပါ။ ဒီမိုကရေစီအစိုးရတခု တက်ပြီးရင် တာတောင်မှ တည်တံ့ခိုင်မြဲဖို့ လုပ်ရတာတွေ အများကြီးရှိပါတယ်။ အခုကမ္ဘာမှာကြည့်လိုက်လို့ ရှိရင် အင်မတန်မှ ၀ါရင့်နေပြီဖြစ်တဲ့
ဒီမိုကရေစီနိုင်ငံတွေတောင်မှ ထပ်တလဲလဲ ပြဿနာတွေ ပေါ်တယ်။ ထပ်တလဲလဲ အခုလက်ရှိ ခေတ်ရဲ့ လိုအပ်ချက်တွေနဲ့ ဒီမိုကရေစီမူတွေကို ဘယ်လိုညှိရမလဲ၊ ဒီမိုကရေစီစံနှုန်းထားတွေကို ဘယ်လိုညှိရမယ် ဆိုတဲ့ ပြဿနာတွေဟာ အမြဲပေါ်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့လည်း ထပ်တလဲလဲ ထပ်ပြီးတော့ ကြိုးစားသွားရမယ် အင်မတန်မှ ခက်ခဲတဲ့လမ်းအရှည်ကြီးကို လျှောက်တဲ့အခါ မှာ ရဲဘော်ရဲဘက် စိတ်အပြည့်နဲ့ တဦးအပေါ်တဦး သစ္စာစောင့်ထိန်းပြီး တော့ နိုင်ငံအကျိုး ပြည်သူ့အကျိုးကိုသာ မျက်နှာမူပြီး လုပ်သွားကြပါလို့
ကျွန်မမေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။            ။
(မိန့်ခွန်း အစတွင် ၀ါကျ အနည်းငယ်ကျကျန် ခဲ့ပါသည်။ YPI)
အထက်ပါမိန့်ခွန်းနှင့်အတူ ဗဟိုဦးစီးအစည်းအဝေးအပြီး နိဂုံးချုပ်မိန့်ခွန်းကိုလည်း သည်နေရာမှာ နားဆင်နိုင်ပါပြီ။ 



ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဌာနချုပ်) ရုံးတွင် ၂၀၁၁ နိုဝင်ဘာ ၁၈ ရက်နေ့က ကျင်းပတဲ့ ဗဟိုဦးစီး အဖွဲ့ အစည်းအဝေး၌  ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန့့်ခွန်း ဖြစ်ပါတယ်။
 
 
 
 
ကျွန်မ ဒီနေ့ ရောက်လာတဲ့ စီစီအဖွဲ့ ဝင်အားလုံးကိုကြိုဆိုပါတယ်။
အခုဒီနေ့ ဆိုလို့ ရှိရင်ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွက်အရေးကြီးတဲ့ ဆုံးဖြတ်ချက် တွေကိုချရမှာပါ။ ဒီလိုဆုံးဖြတ်ချက်မျိုးဟာအရင် နှစ်ခေါက်ချပြီးပါပြီ
၁၉၉၀ရွေးကောက်ပွဲဝင်ရေးမဝင်ရေးနဲ့ ပတ်သက်တုန်းကတစ်ခါ  ၂၀၁၀ မှာမှတ်ပုံတင်
ရေး ရွေးကောက်ပွဲဝင်ရေးမဝင်ရေးနဲ့ ပတ်သက်တုန်းကတစ်ခါ အဲ့ဒီ နှစ်ကြိမ်စလုံး ထဲ
ကျွန်မ မပါခဲ့ပါဘူး ဒါပထမဦးဆုံး ၃ ကြိမ်(မြောက်)မှာ ကျွန်မပါဝင်ခဲ့တာပါ ။
ဘယ်လိုဘဲဖြစ်ဖြစ် ၁၉၉၀ ရွေးကောက်ပွဲနဲပတ်သက်လို့ဘဲဖြစ်ဖြစ်၂၀၁၀ ရွေးကောက်ပွဲနဲ့  ပတ်သက်လို့ ဘဲဖြစ်ဖြစ်အများရဲ့ဆုံးဖြတ်ချက်ကိုလက်ခံခဲ့ပါတယ်။ကျွန်မသဘောတူတာမ
တူတာဟာအဓိကမဟုတ်ပါဘူး  ကျွန်မရဲ့ဆန္ဒတွေလဲရှိပါတယ် ကျွန်မရဲ့အမြင်တွေလဲရှိပါတယ်။
ဒါပေမဲ့ဒီမိုကရေစီနည်းအရ အများရဲ့ဆုံးဖြတ်ချက်ကိုလက်ခံရမှာဖြစ်ပါတယ်။ အဲ့ဒီတော့
ကျွန်မကအများရဲ့ဆုံးဖြတ်ချက်ကိုလက်ခံတယ်ဆိုတာဟာမည်ကာမတ်တပ်လက်ခံတာ
ကိုပြောတာမဟုတ်ပါဘူး။တကယ်ဘဲလက်ခံတယ်ဆိုရင်စိတ်ရောကိုယ်ပါလုပ်ရပါလိမ့် မယ်။
ဆုံးဖြတ်ချက်မချခင်မှာကိုယ့်ရဲ့အမြင်ကိုတင်ပြချင်သလိုတင်ပြလို့ ရတယ်။ ကိုယ်သဘောတူ
တာမတူတာကိုပွင့်ပွင့်လင်းလင်းဆွေးနွေးလို့ ရတယ်။ ဒါပေမဲ့ဆုံးဖြတ်ချက်ချပြီးပြီဆိုလို့ ရှိရင်
အဲ့ဒီ ချမှတ်တဲ့အတိုင်းစိတ်ရောကိုယ်ပါလိုက်ပြီးလုပ်ပေးရမှာဟာ ဒါဒီမိုကရေစီတာဝန်တစ်ခုဖြစ်
တယ်ဆိုတာကို ကျွန်မ အားလုံးကိုနားလည်စေချင်ပါတယ်။ ဥပမာအားဖြင့်ဆိုရင်၁၉၉၀ ရွေးကောက်ပွဲ ဝင်ရေးကိစ္စကို ကျွန်မကိုယ်တိုင်လဲသဘောတူခဲ့တာမဟုတ်ပါဘူး ဆုံးဖြတ်ချက် ချတဲ့အထဲမှာလဲပါဝင်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမဲ့အဖွဲ့ ချုပ်ကဆုံးဖြတ်ချက်ချပြီးပြီဆိုရင် အဖွဲ့  ချုပ်ရဲ့လမ်းစဉ်အတိုင်းကျွန်မလုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲဝင်ရေးအတွက်ကို လက်မှတ်ထိုး ပြီးလျှောက်ပါဆိုလို့ လျှောက်ခဲ့တယ်။ ဒါပေမဲ့ကျွန်မကိုဝင်ခွင့်မပေးခဲ့ဘူးပေါ့  နောက်ပြီးတဲ့ အခါကြာတော့ဝင်ခွင့်မပေးခဲ့ပေမဲ့ လဲဒီရွေးကောက်ပွဲမှာမဲထည့်ပါလို့ အဖွဲ့ ချုပ်က ပြည်သူတွေ ကိုဆော်သြခဲ့တဲ့အတွက် ကျွန်မအကျဉ်းကျခံနေ တုန်းကမဲထည့်ခဲ့ပါတယ်။ ဘယ်လိုမဆို ဒီမိုကရေစီကို လေးစားတဲ့လူတိုင်းဟာ တကယ်ဘဲ ဒီမိုကရေစီစိတ်ဓါတ်ရှိတယ်ဆိုရင် အများရဲ့
ဆန္ဒကိုလေးစားလိုက်နာရမယ်ဆိုတာအပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့  နောက်ဆုံးတော့ စိတ်တွင်း ကပါလေးစားလိုက်နာရမှာပါ ကိုယ့်စိတ်ကိုပါပြင်ယူရမှာဖြစ်ပါတယ်။ ဒီလိုလုပ်မှ သာလျှင် ကျွန်မတို့ ဟာတကယ့်စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်နေတယ်လို့  ပြောလို့ ရမှာပါ။ ကိုယ်သဘောတူတဲ့ ကိစ္စ ဆုံးဖြတ်လို့  ကိုယ်ကလိုက်လျောတယ်ဆိုတာ ဒါဘာမှမထူးဆန်းပါဘူး။ အမှန်ပြောမယ်ဆိုရင် ဒီမိုကရေစီကို မနှစ်မြို့ တဲ့သူတွေ ဒီမိုကရေစီ ကိုမလိုလားတဲ့သူတွေတောင်မ သူတို့ လုပ်ချင်တာကို လိုက်လုပ်တယ်ဆိုတာ ဝန်လေးတာ မဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့ခဲယဉ်းတဲ့တာဝန်တစ်ခုဟာဒါပါဘဲ။ ကိုယ်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကိုယ်လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ အများကဆုံးဖြတ်ပြီ ဆိုလို့ ရှိရင် ကောင်းကောင်းမွန်မွန် လိုက်နာရမှာလေးစားရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆိုလို့ ရှိရင် ဒီမိုကရေစီနိုင်ငံတွေမှာရွေးကောက်ပွဲကနေပြီး ရွေးထုတ်လိုက်တဲ့သူတွေကို အစိုးရ အဖြစ်လက်ခံကြရတာဘဲ။ သမတရွေးတယ်ဆိုပါတော့ သမတရွေးတဲ့နိုင်ငံတွေမှာဆိုလို့ ရှိရင် ရွေးကောက်ပွဲက ရွေးထုတ်ပေးလိုက်တဲ့သမတကို တက်လာတဲ့အခါကြရင် ဒီသမတကိုမဲမပေး ခဲ့တဲ့သူတွေကလည်း ဒါနိုင်ငံတော်သမတလို့ လက်ခံရမှာဘဲ ဒါဒီမိုကရေစီနည်းအရလုပ်ခဲ့လို့  ရှိရင် အဲ့ဒီတော့ ဒီလို ဒီမိုကရေစီနည်းအရလုပ်ခဲ့လို့ ရှိရင် ကိုယ့်ဘက်မှာရှူံးတဲ့အခါလည်းရှိမယ်
ကိုယ့်ဘက်မှာနိုင်တဲ့အခါလဲရှိမယ်ဆိုတာ တစ်ခါထဲလက်ခံထားရမှာဖြစ်ပါတယ်။ အမြဲဘဲနိုင်ချင်နေတယ်ဆိုတာတော့ ဒါ ဒီမိုကရေစီစိတ်ဓါတ်မဟုတ်ဘူးဆိုတာတော့ အားလုံးဆင်ခြင်သင့်ပါတယ်။ ဒီမိုကရေစီစိတ်ဓါတ်ဆိုတာ လူတိုင်းလူတိုင်းဟာ ကိုယ့်အတွေး အခေါ်နဲ့ ကိုယ်လွတ်လွတ်လပ်လပ်တွေးခေါ်ပိုင်ခွင့်ရှိတယ်။ အဲ့ဒီတော့လူတွေများတဲ့အခါကြ တော့ အတွေးအခေါ်ကလဲအမျိုးမျိုးရှိတယ်။ သို့ သော်လဲဒီဟာတွေကိုဆွေးနွေးညှိနှိုင်းပြီးတော့ အဖြေရှာရမယ်။ ဆွေးနွေးညှိနှိုင်းပြီးတော့အဖြေရှာတဲ့နေရာမှာအများရဲ့ဆုံးဖြတ်ချက်ကို လိုက်နာရမယ် ဒါဟာဒီမိုကရေစီရဲ့အနှစ်သာရလို့  ရိုးရိုးလေးပြောလိုက်လို့ ရှိရင် ဒါဘာဘဲ။
အဲ့ဒီတော့ ကျွန်မတို့ ဒီမိုကရေစီ ဒီမိုကရေစီ ဆိုတာပြောမယ်ဆိုရင် ကမ္ဘာကြီးမှာ ဒီမိုကရေစီ နဲ့ ပတ်သက်လို့ ရေးထားတဲ့စာအုပ်တွေဟာသောင်းမက သိန်းမကရှိမယ်လို့ ထင်ပါတယ်။ အားလုံးက တမျိုးစီတမျိုးစီ ပြောကြမှာဘဲ အခြေခံကတော့ဒါဘာဘဲ။ လူတွေဟာတယောက်နဲ့  တယောက်မတူဘူးဆိုတာလက်ခံတယ် အတွေးခြင်းမတူဘူးဆိုတာလက်ခံတယ် ကိုယ့်အတွေး နဲ ကိုယ် လွတ်လွတ်လပ်လပ်ရှိစေရမယ်ဆိုတာလဲလက်ခံတယ် ဒါပေမဲ့ဒီမိုကရေစီ နည်းအရ အများရဲ့ ဆုံးဖြတ်ချက်ကိုလေးစားလိုက်နာရမယ်ဆိုတာကိုလဲ လက်ခံရမှာဖြစ်ပါတယ်။ အထူး သဖြင့် ဒီမိုကရေစီအတွက်ဆိုပြီးထူထောင်ထားတဲ့ပါတီတစ်ခုမှာ ဒီတာဝန်ရှိပါတယ်။ ကျွန်မတို့ 
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ လွတ်လွတ်လပ်လပ်လှူပ်ရှားခဲ့ ရတဲ့အချိန်ဟာ အင်မတန်နည်းပါတယ်။ ဒီ အနှစ်နှစ်ဆယ်ကျော်ရှိပြီ အဖွဲ့ ကိုထူထောင်ခဲ့ တာ ဒါပေမဲ့လဲ လွတ်လွတ်လပ်လပ် ဒီမိုကရေစီပါတီတစ်ခုအနေနဲ့  ဒီမိုကရေစီနိုင်ငံရေးပါတီတစ်ခု အနေနဲ့ လုပ်ဆောင်နိုင်ခွင့်တွေအင်မတန်မှနဲခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုနဲခဲ့တဲ့အထဲက ကျွန်မတို့  ရုန်းပြီးတော့ရှင်သန်ခဲ့တယ်။ အဲ့ဒီအတွက်လဲ ကျေူးဇူးတင်တယ်လို့ ကျွန်မတို့ ပြောချင်ပါတယ်။
ကျွန်မခဏခဏ အောင်နိုင်ခြင်းတရားလေးပါးအကြောင်းပြောပါတယ်။
ဆန္ဒ  ဝီရိယ စိတ်ဓါတ် ပညာ။ 
 ဆန္ဒ ကတော့ ရှိပြီးသားဆိုတာ ကျွန်မလက်ခံပါတယ်။ ကျွန်မတို့ ရဲ့အဖွဲ့ ချုပ်ကို့ဝင်တဲ့ လူတိုင်း ဟာ ဒီမိုကရေစီကို ရချင်တဲ့ဆန္ဒရှိလို့ ဝင်ကြတာဘဲ။
ဝီရိယရှိသလားဆိုတော့ ဝီရိယရှိလို့ လဲအခုအနှစ် ၂၀ ကျော်ဆက်ပြီးရှိနေတယ်ဆိုတာ ကျွန်မတို့ လက်ခံပါတယ်။
ဒီတော့ဘာကျန်လဲဆိုတော့  စိတ်ဓါတ်နဲ့   ပညာ
ကျွန်မတို့  ဒီမိုကရေစီအတွက် ဆက်ပြီးကြိုးပမ်းသွားတဲ့အခါမှာ မှန်ကန်တဲ့စိတ်ဓါတ်ရှိဖို့ လိုပါ တယ်။
ပညာလဲရှိဖို့ လိုပါတယ်။ အခုခေတ်ကြီးဟာ ပညာ ဗဟုသုတခေတ်ကြီးပါ။
အဲ့ဒီတော့ ဘယ်လိုဆုံးဖြတ်ချက်ဘဲချချ စိတ်ဓါတ်ကမှန်ရမယ် အာဃာတ ကင်းလွတ်ရမယ်။
အဂတိတရားတွေကနေပြီးတော့ကင်းလွတ်ရမယ်။ အဲ့ဒီတော့ ကျွန်မတို့ ဟာ အဂတိတရား လေးပါးကနေကင်းလွတ်ပြီးတော့ ဆုံဖြတ်ချက်ကိုချရမယ်။
နောက်ပြီးတော့  ပညာ
ပညာနဲ့ သုံးသပ်ရမယ် 
ကျွန်မတို့ အခုလုပ်နေတာ ဟာ နိုင်ငံ့ရဲ့အနာဂတ်အတွက်လုပ်နေတာပါ
ဒီတော့နိုင်ငံ့ရဲ့အနာဂတ်ကို ဘယ်လိုလုပ်သင့်တယ်ဆိုတာကို လုပ်နည်းလုပ်ထုံးနည်းတွေ အမျိုးမျိုး ရှိတဲ့အထဲမှာ လက်တွေ့ှှကျကျ ဘယ်လိုနည်းတွေနဲ့ အခုအချိန်အခါမှာ
အကောင်းဆုံးလုပ်နိုင် မယ်ဆိုတာကို အဲ့ဒါကို စဉ်းစားပြီးဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။
ကျွန်မရဲ့အမြင်သဘောထားတွေကို ကျွန်မနောက်ဆုံးမှာပြောပါမယ်။ ဒီလိုဘာဖြစ်လို့ ကျွန်မက ပြောတာလဲဆိုတော့ ကျွန်မရဲ့သြဇာကြောင့်မို့ လို့  အားလုံးကဝိုင်းပြီးတော့ ဒီဘက်ကိုဖြစ်ဖြစ် ဟိုဘက်ကိုဖြစ်ဖြစ် လိုက်ရပါတယ်ဆိုတာကို ကျွန်မအပြောမခံချင်ပါဘူး။
ဒါကြောင့်မို့ လို့  ကျွန်မအနေနဲ့  ဘယ်လိုသဘောထားရှိတယ်ဆိုတာကို  အားလုံး စီစီ တွေက ဆွေးနွေးပြီးတဲ့အခါမှာ ကျွန်မ ပြောပါမယ်။ ဒါပေမဲ့ဆုံးဖြတ်တဲ့နေရာမှာ ကျွန်မခုနကပြောသွား သလိုဘဲ ကျွန်မတို့ တတွေဟာ ဒီမိုကရေစီရရှိရေးအတွက်ဆန္ဒရှိတယ်ဆိုတာကိုယုံကြည်တယ်
ဝီရိယရှိတယ်ဆိုတာလဲ ယုံကြည်တယ်။ မှန်ကန်တဲ့စိတ်ဓါတ်နဲ့  ပညာရှိပီပီချင့်ချင့်ချိန်ချိန် သေသေချာချာ အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်ပြီးတော့ အဂတိတရား ၄ ပါး ကင်းဝေး စွာနဲ့ ဆုံးဖြတ်ချပါလို့ ကျွန်မအဲ့ဒီလိုဘဲမေတ္တာရပ်ခံချင်ပါတယ်။
 
ဒါဟာ---
 ကျွန်မတို့ ရဲ့ ပါတီရဲ့အနာဂတ်အတွက်ကျွန်မတို့ လုပ်နေတဲ့ကိစ္စမဟုတ်ပါဘူး
 
ဒီမိုကရေစီလှုပ်ရှားမှုတစ်ခုထဲရဲ့ အနာဂတ်အတွက်ကျွန်မတို့ လုပ်နေတာမဟုတ်ပါဘူး
 
ကျွန်မတို့ နိုင်ငံရဲ့အနာဂတ်အတွက် ကျွန်မတို့ လုပ်နေတယ်ဆိုတာကိုတော့ အဲ့ဒါကိုတော့
စွဲစွဲမြဲမြဲ ခေါင်းထဲမှာထားစေချင်ပါတယ်။
တာဝန်သိသိနဲ့ ဆုံးဖြတ်ချက်ကိုချပါ။ ကိုယ့်တာဝန်ဟာ ကိုယ်မှန်တယ်ထင်တဲ့လမ်းကို ရဲရဲ ဝံ့ ဝံ့ လျှောက်ဖို့ ဘဲ ဒါက နံပါတ် တစ် တာဝန်
ဒါပေမဲ့   မှန်တဲ့လမ်းကိုလျှောက်မယ်ဆိုတဲ့အထဲမှာ ဒီမိုကရေစီပါတီနဲ့ အတူတူ လက်တွဲမယ် ဆိုတာ ပါပြီးသားဆိုတာကို မမေ့ ပါနဲ့ ။ ဒီတော့ ကိုယ့်ရဲ့ဆန္ဒနဲ့ မကိုက်ညီတဲ့ ဆုံးဖြတ်ချက်ဖြစ် စေကာမူ အများရဲ့ဆုံးဖြတ်ချက်ဆိုလို့ ရှိရင်စိတ်ရောကိုယ်ပါ တကယ့်ကို ထက်ထက် သန်သန် နဲ့  ဒီဆုံးဖြတ်ချက်ကို ထောက်ခံပြီးတော့အကောင်အထည်ဖော်ဖို့ လုပ်ပေးသွားစေချင်ပါတယ်။
အဲ့ဒီလိုလုပ်မှဘဲ ကျွန်မတို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကဲ့ လုပ်ငန်းတွေဟာ အောင်မြင်မှာ ဖြစ်ပါတယ်။ တယောက်တပေါက် လုပ်နေလို့ ကတော့ အောင်မြင်မှာမဟုတ်ပါဘူး။ 
ကျွန်မတို့ ကတော့ မှန်ကန်တယ်ထင်တယ်ဆိုလို့ ရှိရင်စွန့်် စားပြီး လုပ်ရမှာဘဲ။  သို့ သော်ငြား လဲ ကျွန်မတို့ အားလုံးဟာ ပုထုဇဉ် လူသားတွေ ဖြစ်လို့  အမှားမရှိဘူးလို့ ပြောလို့ မရပါဘူး။
ဆုံးဖြတ်ချက်တွေဟာ မှန်လဲမှန်နိုင်တယ် မှားလဲမှားနိုင်တယ်။  ဒါပေမဲ့အမှားဆိုတာလဲ ပြင်လို့  မရတာမဟုတ်ပါဘူး။ အမှန်ဆိုတာလဲ ငါမှန်ပြီဟေ့ဆိုပြီ ထိုင်ပြီးတော့ လုပ်နေလို့  ဆက်ပြီးမှန် သွားမှာမဟုတ်ပါဘူး။ တချိန်လုံးအခြေအနေကို တနေ့ နဲ့ တနေ့  သုံးသပ်သွားပြီးတော့ လုပ် သင့်တာကို ဆက်လုပ်သွားရမှာပါ။ ငါမှန်ပြီ ငါတို့ မှန်ပြီ ဆိုပြီးတော့ ဆက်ပြီးတော့ ဒီ မှန်ကန်တဲ့အပေါ်မှာ တိုးတက်မှုရအောင်မလုပ်နိုင်လို့ ရှိရင်လဲ ဒါဟာ ကုသိုလ်ထဲက အကုသိုလ် ဖြစ်တယ်လို့ ဘဲပြောရမှာပေါ့   မှားတယ်ဆိုလို့ ရှိရင်လဲ ဒီအမှားအပေါ်မှာ အခြေခံ ပြီးတော့ သင်ခန်းစာယူပြီးတော့ ဆက်လုပ်ပြီးတော့ ပြုပြင်သွားမယ်ဆိုလို့ ရှိရင် ဒါ အကုသိုလ် ထဲက ကုသိုလ်လာတဲ့အမှားမျိုးဖြစ်သွားမှာဘဲ ဒါကြောင့် အားလုံးဟာရဲရဲဝံ့ဝံ့ နဲ့  မှန်ကန်တဲ့ လမ်းလို့ မြင်တဲ့ လမ်းကိုလျှောက်ဖို့ ပြင်ဆင်ကြပါ ကျွန်မတို့  ဒီမှာပြောတဲ့အခါမှာ ကိုယ်တစ်ဦး တယောက်အတွက် မဟုတ် ကိုယ့်ရဲ့အုပ်စုလေးအတွက်မဟုတ် ကိုယ့်ရဲ့မြို့ နယ်အတွက် မဟုတ် ကိုယ့်တိုင်းအတွက် ကိုယ့်ပြည်နယ်အတွက် မဟုတ်ဘဲနဲ့  ကျွန်မတို့ တစ်နိုင်ငံလုံး အတွက်စဉ်းစားပြီးတော့ စဉ်းစားပြီးတော့ ဆုံးဖြတ်ချကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။         
 
အသံဖိုင်ကိုပြန်လည်ကူးယူဖော်ပြလိုက်ပါသည်။
 

No comments: