Monday, March 5, 2012

ကျွန်မတို့နိုင်ငံမှာအဓိကအားဖြင့် ပြည်သူတွေရဲ့ဘ၀ကို မြင့်တင်နိုင်ဖို့ ကျန်းမာရေးနဲ့ပညာရေးဘက်မှာထိထိရောက်ရောက်အပြောင်းအလဲတွေလုပ်ရမယ်။ အနှစ် ၂၀ ကျော်အတွင်းမှာ လုပ်လာတဲ့ ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုတွေဟာ ပြည်သူလူထုတွေရဲ့အဆင့်အတန်းကို နိမ့်လာစေတယ်။ ကလေးတွေတော်တော်များများဟာ ဘွဲ့ရပြီး ဘာအလုပ် လုပ်ရမှန်းမသိဖြစ်နေကြတယ်။ ဒါကြောင့် ပညာရေးစနစ်မှာ အသက်မွေးဝမ်းကျောင်းပညာဆိုတာ ပါလာရမယ်။ အသက်မွေးဝမ်းကျောင်းပညာတွေ အများကြီးသင်ပေးရမယ်။ ပညာသင်ပေးတယ်ဆိုတာ လောကကြီးမှာ လူပီပီ ရပ်တည်နိုင်ဖို့ဖြစ်တယ်လို့ နားလည်ပါတယ်။ ပညာတွေသင်ပြီး လောကကြီးမှာ လူပီပီမရပ်နိုင်လို့ အရက်ဆိုင်သွားထိုင်နေတဲ့လူငယ်တွေ အများကြီးပဲ။ ကျွန်မတို့လုပ်စရာတွေကတော့ အများကြီးပါ။ အနှစ် ၂၀ ကျော် အများကြီး ရုန်းကန်ခဲ့တာ ဒီအလုပ်တွေ လုပ်နိုင်ဖို့ဖြစ်ပါတယ်။ ဒီအလုပ်တွေဟာ ကျွန်မတို့အတွက် မဟုတ်ပါဘူး။
(ဒေါ်အောင်ဆန်းစုကြည်၏ တံတာဦးမြို့တွင် ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
 
မြန်မာနိုင်ငံဟာ သယံဇာတပေါကြွယ်မှုကြောင့် အဓိကအားဖြင့် ပြောရမယ်ဆိုရင် သဘာဝဓာတ်ငွေ့တွေ ထွက်တယ်။ ရေနံထွက်တယ်။ အဲဒီက၀င်တဲ့ဝင်ငွေအများကြီးဟာ ပြည်သူတွေကောင်းကျိုးအတွက် မသုံးဘဲ တခြားကိစ္စတွေအတွက် သုံးလိုက်လို့ ကျွန်မတို့နိုင်ငံဆင်းရဲနေတာလို့ ပြောရလိမ့်မယ်။ ဒီတော့ လွှတ်တော်အတွင်းမှာ ဘာလုပ်နိုင်လဲဆိုတာပြောရရင် ဒီလိုကိစ္စတွေကို မေးခွန်းထုတ်နိုင်တယ်။ ဒီသဘာဝဓာတ်ငွေ့တွေက၊ သဘာဝသယံဇာတပစ္စည်းတွေက ဘာတွေ ဘယ်လောက် ၀င်ငွေရှိသလဲ။ ဒီဝင်ငွေတွေကို ဘာအတွက် သုံးခဲ့သလဲ။ ဒီလိုသုံးခြင်းအားဖြင့် ပြည်သူတွေကို ဘယ်လိုအကျိုးပြုသလဲ။ ဒီလိုမေး ခွန်းတွေ မေးပိုင်ခွင့်ရှိတယ်။ အစိုးရဆိုတာလည်း ဖြေရမယ်။ အစိုးရအနေနဲ့ ဒါကို ကျေနပ်လောက်အောင် မဖြေနိုင်ဘူးဆိုရင် ပြည်သူလူထုကသိပြီပေါ့။ ဒီအစိုးရအနေနဲ့ ကိုယ့်ရဲ့အကျိုးစီးပွားကိုဆောင်နိုင်မယ့် အစိုးရ ဟုတ်မဟုတ်ဆိုတာ သိပြီပေါ့။ ဒါကြောင့် အဲဒီလိုနည်းတွေနဲ့ ပြည်သူလူထုဟာ အစိုးရကို ထိန်းချုပ်ထားတယ်။ အစိုးရအနေနဲ့ မေးတဲ့မေးခွန်းတွေကို ဖြေတဲ့အခါ ပြည်သူ့ရဲ့အကျိုးအတွက်ဘယ်လောက်လုပ်နိုင်သလဲဆိုတာပေါ်လာလိမ့်မယ်။ နည်းနည်းလေးပဲလုပ်နိုင်တယ်ဆိုရင်တော့ နောင်ရွေးကောက်ပွဲမှာ ဒီအစိုးရနဲ့ပတ်သက် တဲ့အဖွဲ့အစည်းတွေကို မဲထပ်ပေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲလို မဲထပ်ပေးမယ်ဆိုရင်လည်း ကိုယ့်ဒုက္ခ ကိုယ်ရှာတာပဲ ရောက်ပါလိမ့်မယ်။ ကျွန်မတို့နိုင်ငံဟာ ချမ်းသာပါလျက်နဲ့ သဘာဝသယံဇာတပစ္စည်းကျိန်စာသင့်နေတယ် ပြောရမှာပဲ။ ဘာလို့ကျိန်စာသင့်နေလဲလို့ပြောရလဲဆိုတော့ ပညာရှင်တွေက သုံးသပ်တယ်။ ကိုယ်မရှာဘဲရတဲ့ဝင်ငွေကို အားကိုးတဲ့အစိုးရဟာ ပြည်သူတွေကို ဂရုမစိုက်ဘူးတဲ့။ အခုစင်္ကာပူနိုင်ငံဟာ ကျွန်းနိုင်ငံသေးသေးလေးပဲ။ ဘာသယံဇာတပစ္စည်းမှလည်းမရှိဘူး။ ကံကောင်းတာက စင်္ကာပူမှာ ပထမဦးဆုံး တက်လာတဲ့ခေါင်းဆောင်တွေဟာ ပညာရှိတွေဖြစ်တယ်။ ဘာသယံဇာတမှမရှိတဲ့ တိုင်းပြည်မှာ ရှိတဲ့ပြည်သူက သယံဇာတပဲဆိုတာ သူတို့သိတယ်။ ဒီတော့ ပြည်သူတွေကို အလေးထားရမယ်။ ပြည်သူတွေရဲ့အရည်အချင်းတွေ တက်လာအောင်လုပ်ရမယ်။ ပြည်သူတွေကိုအားကိုးမှ သူတို့နိုင်ငံတိုးတက်လာမယ်ဆိုတာ နိုင်ငံခေါင်းဆောင်တွေက သဘောပေါက်တယ်။ ဒီဟာကိုအလေးထားပြီး လုပ်သွားတာ။ ပြည်သူတွေရဲ့စွမ်းအား၊ ပြည်သူတွေရဲ့အင်အားကို အခြေခံပြီးလုပ်သွားတဲ့အတွက် တိုးတက်သွားတာဖြစ်ပါတယ်။ သယံဇာတကြွယ်ဝတဲ့ ကျွန်မတို့နိုင်ငံမှာတော့ ပြည်သူတွေကို အားကိုးဖို့မလိုဘူးလေ။ သဘာဝဓာတ်ငွေ့ကို အားကိုးနေတာကိုး။ ဒီတော့ပြည်သူတွေက တန်ဖိုးကျသွားတာပေါ့။ သဘာဝဓာတ်ငွေ့တို့ဘာတို့ဆိုတာ တစ်ချိန်ချိန်မှာကုန်သွားမှာပါ။
(ဒေါ်အောင်ဆန်းစုကြည်၏ တံတာဦးမြို့တွင် ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
လွတ်လပ်ရေးရတာ အနှစ် ၆၀ ကျော်ပြီ။ ဒီနှစ်ပေါင်း ၆၀ အတွင်းမှာ ကျွန်မတို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းနိုင်ငံ အဆင့်ကနေ အောက်ဆုံးအဆင့်ကို ရောက်သွားခဲ့တယ်။ အဲဒီလိုရောက်သွားခဲ့တာ ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်မှုစနစ်မမှန်လို့ လို့ပဲပြောရမှာပဲ။ ဒီနိုင်ငံဟာ ဒီနိုင်ငံပဲ၊ ဒီပြည်သူတွေဟာ ဒီပြည်သူတွေပဲ။ နိုင်ငံကလည်း မပြောင်းသွားဘူး။ ပြည်သူတွေလည်း မပြောင်းသွားဘူး။ အုပ်ချုပ်မှုစနစ်သာ ပြောင်းသွားတယ်။ တိုတိုပြောရမယ်ဆိုရင် ဒီမိုကရေစီအုပ်ချုပ်မှုစနစ်က ချုပ်ငြိမ်းသွားတယ်။ ဒီမိုကရေစီအစား အာဏာရှင်စနစ်တက်လာတယ်။ အဲ့ဒီအာဏာရှင်စနစ်ရဲ့အောက်မှာ ကျွန်မတို့နိုင်ငံဟာချွတ်ခြုံကျတော့တာပဲ။ အရင်တုန်းက ကျွန်မတို့ကို လုံးဝမမှီနိုင်တဲ့နိုင်ငံတွေက၊ ကျွန်မတို့ကို စံနမူနာအဖြစ်ထားရတဲ့နိုင်ငံတွေက ရှေ့တန်းရောက်သွားတယ်။ အခု စင်္ကာပူဆိုပါတော့။ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံလို့မြင်ကြ တယ်။ မြန်မာလူမျိုးတော်တော်များများဟာ ပညာတတ်လို့ရှိရင် စင်္ကာပူသွားပြီး အလုပ်လုပ်ချင်ကြတယ်။ တော်ရုံတန်ရုံပညာတတ်ရုံနဲ့လည်း ဟိုကလက်မခံဘူး။ စင်္ကာပူဆိုတာ ကျွန်မတို့နောက်မှ လွတ်လပ်ရေးရတာ။ သူတို့လွတ်လပ်ရေးရစဉ်က ၀န်ကြီးချုပ်ဖြစ်တဲ့ လီကွမ်ယုက အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို မီစေရမယ်ဆိုတဲ့ကြုံးဝါးသံနဲ့တက်လာတာ။ အခု ကျွန်မတို့အနေနဲ့ အနှစ် ၂၀ အတွင်း စင်္ကာပူကို မီစေရမယ်ဆိုတဲ့ ကတိတောင် ပေးရဲရဲ့လားစဉ်းစားနေရတယ်။ ဒါပေမယ့် ကျွန်မတို့ကြိုးစားရမှာပဲ။ ဒီလိုအောင်မြင်မှုတွေရဖို့ဆိုတာလူတွေ ညီညွတ်ဖို့လိုတယ်။ လူတွေစဉ်းစဉ်းစားစားလုပ်ဖို့လိုတယ်။ တဒင်္ဂအတွက်ပဲ စဉ်းစားလို့မရဘူး။ အတိတ်ကနေပြီတော့ ရုန်းထွက်ဖို့လိုတယ်။ ပစ္စုပ္ပန်ကနေ အနာဂါတ်ကို မျက်နှာမူပြီးတော့ လိုချင်တဲ့နိုင်ငံတစ်ခုတည်ဆောက်ဖို့ ကြိုးစားရမယ်။ ဒီနေရာမှာ ပြည်သူတိုင်းပြည်သူတိုင်း တာဝန်ရှိတယ်။
(ဒေါ်အောင်ဆန်းစုကြည်၏ တံတာဦးမြို့တွင် ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
 
 
အခုတစ်လော ဒီမိုကရေစီ ဒီမိုကရေစီပြောနေပြီးတော့ ဘာအဓိပ္ပါယ်လဲဆိုတာ နားမလည်ဘူးလို့ ပြောတဲ့လူရှိပါတယ်။ နားမလည်တဲ့သူတွေကို ရှင်းပြရမယ့်တာဝန်ဟာ နိုင်ငံရေးပါတီတွေရဲ့ တာဝန်ပါပဲ။ ဒီမိုကရေစီဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင် အဓိပ္ပါယ်က ပြည်သူ့အင်အား ပြည်သူ့အာဏာပါ။ အများပြည်သူရဲ့ သြဇာအာဏာလွှမ်းမိုးတဲ့ အစိုးရစနစ်။ နောက်တစ်ခုပြောရမယ်ဆိုရင် အစိုးရက ပြည်သူကို ထိန်းချုပ်တာ နှိပ်ကွပ်တာမဟုတ်ဘဲ ပြည်သူက အစိုးရကို ထိန်းချုပ်တဲ့ စနစ်ပဲဖြစ်ပါတယ်။ အစိုးရဟာ ပြည်သူရဲ့အလိုကျ လုပ်ရတယ်။ ပြည်သူအလိုကျမလုပ်ဘူးဆိုရင် နောက်ရွေးကောက်ပွဲကနေတဆင့် ပြည်သူကအစိုးရကို အလုပ်ကနေထုတ်လိုက်လို့ရတယ်။ ရိုးရိုးပြောရရင် ဒါပါပဲ။ ပြည်သူမဲပေးမှ အစိုးရဖြစ်နိုင်တယ်။ အဲဒီတော့ ပြည်သူတွေအနေနဲ့ အစိုးရကို မဲပေးပြီးစောင့်ကြည့်ပေါ့။ မဲပေးလိုက်တယ်၊ မဲပေးလို့တက်လာတဲ့ အစိုးရအနေနဲ့ ပြည်သူတွေကိုဘယ်လောက်လုပ်ပေးနိုင်လဲဆိုတာ လေ့လာ တာဖြစ်ပါတယ်။ မဲလိုချင်တုန်းကတော့ အမျိုးမျိုးပဲ ကတိပေးကြတာပေါ့။ ဟိုဟာလုပ်ပေးပါ့မယ်။ ဒီဟာလုပ်ပေးပါမယ်။ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ပေးပါမယ်ဆိုပြီး အမျိုးမျိုးပဲ ကတိတွေပေးကြတာပေါ့။ တကယ်အစိုးရဖြစ်သွားတော့ ပေးထားတဲ့ကတိတွေ ဘယ်လောက်တည်သလဲဆိုတာ လုပ်ကြည့်မှသိကြတာပေါ့။
(ဒေါ်အောင်ဆန်းစုကြည်၏ တံတာဦးမြို့တွင် ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
နိုင်ငံသူနိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကိုသိလို့ရှိရင် အခု ပစ္စုပ္ပန်မှာ ဖြစ်ပျက်နေတာတွေက ဘာကြောင့်ဒီလို ဖြစ်နေတာလဲ ဆိုတာ နားလည်နိုင်မှာ ဖြစ်ပါတယ်။ အတိတ်ဆိုတာ ပစ္စုပ္ပန်အတွက် သင်ခန်းစာယူ စရာ ဖြစ်ရမယ်။ အနာဂါတ် အတွက်လည်း ရည်မှန်းချက် ယူစရာအချက်အလက်တွေ ပါတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါ့ကြောင့် ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ရင်ဆိုင်ဖို့အတွက် အတိတ်ကို နားလည်ဖို့လိုပါတယ်
(ဒေါ်အောင်ဆန်းစုကြည်၏ စစ်ကိုင်းမြို့သူမြို့သားများအား ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
ခုချိန်မှာ နိုင်ငံခြားကနေလာပြီးတော့ ဒီနိုင်ငံမှာရင်နှီးမြုပ်နှံချင်ကြတယ်။ ဖွံ့ဖြိုးရေး အကူအညီတွေ ပေးနေကြတယ်။ လူမှုရေးအကူအညီတွေ ပေးနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို တက်တော့မယ်လို့ထင်လို့ပဲ၊ ဒါကထင်ကြေးနဲ့ လာလုပ်နေကြတာ။ တကယ်ကို တက်ပြီဆိုတာ မြင်မှ တကယ့်အကူအညီတွေရမှာဆိုတာ မှတ်ထားဖို့လိုပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်အစစ်အမှန် ရောက်သွားနိုင်ဖို့ဆိုတာ ပြည်သူ အပေါ်မှာပဲ မူတည်ပါတယ်။ ပြည်သူတွေရဲ့ လုပ်ဆောင်မှုကသာ ဒီလမ်းကြောင်းကို ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။
(ဒေါ်အောင်ဆန်းစုကြည်၏ စစ်ကိုင်းမြို့သူမြို့သားများအား ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
 
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်နိုင်ဖို့ဆိုတာ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူမှဖြစ်မယ်။ အဲဒီထဲမှာ ၂၅ ရာခိုင်နှုန်းဟာ တပ်မတော်ကိုယ်စားလှယ်တွေ ဖြစ်နေတယ်ဆိုတော့ တပ်မတော်ဟာလည်း ပြည်သူအပေါ်မှာ တကယ်စေတနာ ရှိပြီးတော့ ပြည်သူအတွက် ကောင်းတဲ့အပြောင်းအလဲတွေလုပ်လာဖို့ ကျွန်မတို့က စည်းရုံးဆောင်ရွက်သွားမယ်လို့ ရိုးရိုးပဲ ပြောချင်ပါတယ်။ မြန်မာ့တပ်မတော်ကို လွတ်လပ်ရေးရဖို့အတွက် ထူထောင်ခဲ့စဉ်အခါတုန်းက ပြည်သူလူထုရဲ့ မေတ္တာစေတနာကို အားကိုးတဲ့၊ ပြည်သူက အင်မတန်မှချစ်ပြီး ပြည်သူအပေါ် အင်မတန် စေတနာကောင်းတဲ့ တပ်မတော်အနေနဲ့ အစဉ်အလာ ကောင်းရှိခဲ့ပါတယ်။ ဒီအစဉ်အလာကောင်းကို ကျွန်မတို့ ပြန်ထူထောင်ပြီးတော့ ပြည်သူ့ကောင်းကျိုးအတွက် လွှတ်တော် အတွင်းမှာ တပ်မတော်ကိုယ်စားလှယ်တွေ ၀ိုင်းဝန်းဆောင်ရွက်အောင်လို့ ကြိုးစားရင် ရနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို ရည်မှန်းချက်တွေ နဲ့ ရွေးကောက်ပွဲကိုဝင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်မတို့ လုပ်ချင်တဲ့ အလုပ်တွေ အားလုံးဟာ ခဏလေးနဲ့ အောင်မြင်မယ်လို့ တော့ မပြောပါဘူး ။ ကြိုးစားရမှာပါ။ ဒါပေမယ့်လည်း တဆင့် ပြီး တဆင့် အောင်မြင်သွားမယ်လို့ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုရဲ့ အင်အားက ဒီအပြောင်းအလဲတွေကြားမှာ မားမားမတ်မတ် ရှိနေလို့ပါပဲ
(ဒေါ်အောင်ဆန်းစုကြည်၏ စစ်ကိုင်းမြို့သူမြို့သားများအား ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
 
 
(၄၈) နေရာလောက်နဲ့ ဘာလုပ်နိုင်မှာလဲလို့ တချို့ကစဉ်းစားကြပါလိမ့်မယ်။ လွှတ်တော်တစ်ရပ်ရဲ့အဓိကအလုပ်တစ်ခုက ဘာလဲဆိုတော့ ဥပဒေပြဌာန်းမှုတွေပါပဲ။ လွှတ်တော်အတွင်းကနေပြီးတော့ နိုင်ငံနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းရတယ်။ ခေတ်မရှိတော့တဲ့ ဥပဒေတွေကိုလည်း ဖယ်ရှားပေးရတယ်။ လွှတ်တော်အတွင်းရောက်ရင် ကိုယ်စားလှယ်တွေ ဘာကြိုးစားမလဲဆိုတော့ဥပဒေလွှမ်းမိုးရေးအတွက်ဦးတည်ပြီး ပြည်သူတွေအတွက်အကျိုးမရှိတဲ့ဥပဒေတွေ တနည်းအားဖြင့်ပြောမယ်ဆိုရင် ပြည်သူတွေကို ချုပ်ချယ်ကန့်သတ်ထားတဲ့ ဥပဒေတွေကို ဖယ်ရှားပေးဖို့ ပထမဆုံးကြိုးစားရမယ်။ တချိန်တည်း မှာပဲ ပြည်သူတွေကို အကျိုးပြုမယ့် ဥပဒေတွေကို၊ ပြည်သူတွေရဲ့အခွင့် အရေးတွေ ၊ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်တွေကို အကျိုးပြုမယ့် ဥပဒေတွေကို ပြဋ္ဌာန်းပေးဖို့အတွက် ကြိုးစားပေးသွားမယ်။ လွှတ်တော် အတွင်းမှာကလည်း အများစုက သဘောတူမှ ဒီလိုလုပ်လို့ရတယ်။ အဲဒီတော့ ကျွန်မတို့ လူနည်းစုလေးက ဘာလုပ်နိုင်မှာလဲလို့မေးရင် လူများစုထဲက ပြည်သူ့အပေါ်မှာ ကြေညာထားတဲ့သူတွေနဲ့ စည်းလုံးညီညွတ်အောင်လုပ်ပြီးတော့ ပြည်သူ့အကျိုးကို ထမ်းဆောင်သွာမယ်လို့ ဆုံးဖြတ်ထားပါတယ်။
(ဒေါ်အောင်ဆန်းစုကြည်၏ စစ်ကိုင်းမြို့သူမြို့သားများအား ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
 
ကျွန်မတို့ နှစ်(၂၀)ကျော် လွှတ်တော်ပြင်ပနိုင်င်ငံရေးလုပ်ခဲ့ရာမှာ ရခဲ့တဲ့အဓိကသင်ခန်းစာကတော့ ပြည်သူတွေရဲ့ထောက်ခံမှုမရှိရင် ဘယ်အရာမှ မအောင်မြင်နိုင်ဘူးဆိုတာပါပဲ။ ဒါပေမယ့် အနှစ်(၂၀) ကျော် ဒီမိုကရေစီအပြောင်းအလဲ လုပ်သင့်တဲ့အချိန်မှာမလုပ်ခဲ့လို့ ကျွန်မတို့နိုင်ငံနဲ့ ကျွန်မတို့ပြည်သူတွေ နစ်နာခဲ့ရတယ်။ အခက်အခဲတွေ အမျိုးမျိုးကြုံတွေ့ခဲ့ရ တယ်။ဒီတော့အဲဒီတုန်းကဖြစ်ရပ်တွေကို ပြန်ပြီးကုသဖို့အနေနဲ့ ပြန်ပြီးပြုပြင်ဖို့အနေနဲ့ဒီမိုကရေစီရရှိရေးအတွက်လမ်းစပေါ်လာတဲ့အချိန်မှာကျွန်မတို့
ရောက်သွားအောင်လို့ အားလုံးကြိုးစားရမယ်လို့ မြင်ပါတယ်
(ဒေါ်အောင်ဆန်းစုကြည်၏ စစ်ကိုင်းမြို့သူမြို့သားများအား ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
ကျွန်မတို့ ရှေ့ဆက်ရမယ့်ခရီးက အင်မတန်ကြမ်းပါလိမ့်မယ်။ အင်မတန်ခက်ခဲပါလိမ့်မယ်။ ဒါ ကျွန်မအခုကတည်းက ပြောထားတာပါ။ ဒီမိုကရေစီဆိုတာရဖို့လည်းမလွယ်ဘူး။ ရပြီးတဲ့အခါ တည်တံ့ခိုင်မြဲအောင် လုပ်ဖို့လည်း မလွယ်ဘူး။ အင်မတန်မှ အလုပ်တွေများများလုပ်ပြီးတော့ ထိန်းသိမ်းသွားရမှာဖြစ်ပါတယ်
(ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးလူထုအားပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
 ဒီမိုကရေစီနိုင်ငံတစ်ခု ထူထောင်တဲ့အခါမှာ တစ်ဦးပေါ်တစ်ဦး နားလည်မှုဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ အများရဲ့သြဇာလွှမ်းမိုးရေး၊ ပြည်သူရဲ့သြဇာလွှမ်း မိုးရေးပဲ။ ပြည်သူတွေဟာ ကိုယ့်သြဇာတွေ နိုင်ငံအပေါ်မှာ လွှမ်းမိုးစေချင် တယ်ဆိုရင် အချင်းချင်းနားလည် နိုင်ရမယ်။ အချင်းချင်း အပေးအယူလုပ်နိုင်ရမယ်။ အချင်းချင်း သဘောထားကြီးနိုင်ရမယ်။ အဲဒီလိုလုပ်နိုင်မှ ကျွန်မတို့ဟာ တကယ်ကိုစစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုတစ်ခု ထူထောင်နိုင်မှာဖြစ်ပါတယ်
(ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးလူထုအားပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
လူတိုင်းလူတိုင်း လိုချင်တဲ့ကိစ္စကစိတ်လုံခြုံမှုပါပဲ။ စိတ်လုံခြုံမှုရှိဖို့ဆိုတာက အကြောက်တရားက ကင်းဝေးရမယ်။ ဆင်းရဲခြင်းမှ ကင်းဝေးရမယ်။ မလိုလားအပ်တဲ့ စိတ်ဆင်းရဲမှုမှန်သမျှကင်းဝေးမှ စိတ်လုံခြုံလာမှာဖြစ်ပါတယ်။ စိတ်လုံခြုံဖို့ဆို တာက ဥပဒေစိုးမိုးရေးက အင်မတန်အရေးကြီးပါတယ်။ ဥပဒေစိုးမိုးရေးရှိတယ်ဆိုရင် ပြည်သူတွေကို ဘယ်သူ ကမှ မတရားလုပ်လို့မရဘူး။ ဥပဒေစိုးမိုးရေးကနိုင်ငံရေးသမားတွေနဲ့ပဲ ဆိုင်တဲ့အလုပ် မဟုတ်ပါဘူး။ လူတိုင်း နဲ့ဆိုင်ပါတယ်။ဥပဒေစိုးမိုးရေးဆိုတာ သာမာန်ပြည်သူတွေနဲ့လည်းဆိုင်တယ်။ ၀န်ထမ်းတွေနဲ့လည်းဆိုင်ပါတယ်။ အလုပ်သမားတွေနဲ့လည်းဆိုင်တယ်။ လယ်သမားတွေနဲ့လည်းဆိုင်တယ်။ နောက်ဆုံးတော့ အားလုံးဟာ ပြည် သူတွေပါပဲ။ လယ်သမားတွေဆိုလို့ရှိရင် မိမိရဲ့လယ်ယာမြေကို လုံခြုံဖို့အတွက် ဥပဒေရဲ့အကာအကွယ်ကို လို အပ်ပါတယ်။ အလုပ်သမားများကလည်းထိုနည်းလည်းကောင်းပါပဲ။ မိမိတို့ရဲ့အလုပ်တွေက မိမိတို့ဘ၀အသက် မွေးဝမ်းကျောင်းအတွက်လုံလောက်ဖို့ ဥပဒေစိုးမိုးရေး၊ ဥပဒေရဲ့အကာအကွယ် လိုအပ်ပါတယ်။ ၀န်ထမ်းများ ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ၀န်ထမ်းများဟာ ကိုယ့်ရဲ့အလုပ်ခွင်မှာလုံလုံခြုံခြုံနဲ့ ဘယ်အထက်အရာ ရှိ ဘယ်ပုဂ္ဂိုလ်မျိုးကိုမှ မစိုးရိမ်ဘဲနဲ့နေဖို့ဆိုတာလည်း ဥပဒေစိုးမိုးရေးပါပဲ။ လူတိုင်းလူတိုင်းဟာ ဥပဒေထဲက မှန်မှန်လုပ်သွားရင် ဘယ်သူကမှ ကိုယ့်ကိုပြဿနာမရှာနိုင်ဖို့ဆိုတာ ဥပဒေစိုးမိုးရေးနဲ့ သက်ဆိုင်ပါတယ်။ ပြည်သူတွေ စိတ်လုံခြုံမှုမရှိလို့ရှိရင် ကိုယ့်ဘ၀ကို တိုးတက်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဆင်းရဲခြင်းမှ လွတ်ကင်းခြင်း၊ ကြောက်ရွံ့ကြောင့်ကြခြင်းတို့မှ လွတ်ကင်းခြင်းတို့ကိုဦးတည်တဲ့ ဥပဒေစိုးမိုးရေး ကို ကျွန်မတို့ အားလုံး လိုလားတာဖြစ်ပါတယ်
(ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးလူထုအားပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)
 
 
 
 
 
 
 
 
 
 

No comments: