Friday, March 30, 2012

ရွေးကောက်ပွဲ သတင်းများ

ပုဗ္ဗသီရိတပ်နယ်အတွင်း ကြံ့ဖွံ့ကို ကြိုတင်မဲ ပေးပြီး
By ဇာဏီ၊ မတ်လ ၃၀ ရက်နေ့၊ ၂၀၁၂ ခုနှစ်။

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်  ပုဗ္ဗသီရိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးသာဌေးအတွက် မဲပေးထားသည့် ကြိုတင်မဲများကို နေပြည်တော် တိုင်းစစ်ဌာနချုပ် ပုဗ္ဗသီရိ တပ်နယ်အတွင်းရှိ တပ်ရင်းမှ စစ်သည်များ၊ ၎င်းတို့၏ မိသားစုဝင်များထံမှ မတ်လ ၂၉ ရက်နေ့က ကောက်ခံခဲ့သည်ဟု သတင်းရရှိပါသည်။


နေပြည်တော် တိုင်းစစ်ဌာနချုပ် ပုဗ္ဗသီရိ တပ်နယ်အပိုင်ဖြစ်သည့် အမှတ် ၂ မော်တော်ယာဉ်တပ်၊ အမှတ် ၉၂၈ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ခွဲ၊ အမှတ် ၄၁၂ ခြေမြန်တပ်ရင်း၊ အမှတ် ၄၁၁ ခြေမြန်တပ်ရင်း၊ အမှတ် ၂၅၂ လျှပ်စစ်နှင့် အလုပ်ရုံ တပ်ရင်း၊ တပ်မတော် ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတပ်၊ အမှတ် ၁၁ တပ်မတော် တပ်ထိန်းတပ်ခွဲ၊ အမှတ် ၁၂ တပ်မတော် တပ်ထိန်းတပ်ခွဲ၊ ကာကွယ်ရေး ငွေစာရင်းရုံး (ကကငွေ)နှင့် ကာကွယ်ရေး ပစ္စည်း ဝယ်ယူမှု ညွှန်ကြားရေးမှူးရုံး (ကကဝယ်) အစရှိသည့် တပ်ရင်းများမှ စစ်သည်များ၊ ၎င်းတို့၏ မိသားစုဝင်များကို ကြိုတင်မဲစာရင်းတွင် မိမိတို့၏ ဆန္ဒအလျှောက် ကိုယ်တိုင် မဲပေးခွင့် မရှိဘဲ တပ်ရင်းအရာရှိများမှ ဖြည့်စွက်ပြီး ကြံ့ခိုင်ရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသာဌေးအတွက် ကြိုတင်မဲ ပေးလိုက်သည်ဟု သိရပါသည်။


တပ်ရင်းမှ စစ်သည်မိသားစုဝင်များကို တပ်မတော်အရာရှိများမှ NLD ကို မဲ မပေးရန်နှင့် မဲ ပေးမည်ဆိုလျှင် "နင်တို့ အဖေတွေ၊ ယောက်ျားတွေ အလုပ်ပြုတ်သွားချင်လား၊ NLD က နင်တို့ကို ဘာလုပ်ပေးမှာမို့လို့လဲ" စသဖြင့် ခြိမ်းခြောက်ပြောဆိုမှုမျိုး ပြုလုပ်ခဲ့သည်ဟု ဆိုပါသည်။ နေပြည်တော် တိုင်းစစ်ဌာနချုပ် ပုဗ္ဗသီရိ တပ်နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ဧပြီလ ၁ ရက်နေ့ မှာ  နံနက် ၆း၀၀ နာရီမှ ညနေ ၆း၀၀ နာရီ အထိ တပ်ပြင်ပသို့ ထွက်ခွာခွင့် ပိတ်ထားသည်ဟု သတင်းရရှိပါသည်။


တရား မျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲ ဖြစ်လာစေရန် ဆောင်ရွက် ရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ

ကော်မရှင်ဥက္ကဌ ဦးတင်အေးက မတ်လ ၂၈ ရက်နေ့က နေပြည်တော် ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပေမယ့်  နေပြည်တော်ခရိုင် ပုဗ္ဗသီရိ တပ်နယ်မှ တပ်ရင်းအားလုံးက ကြံ့ခိုင်ရေးပါတီကို ကြိုတင်မဲ ပေးထားပြီး ဖြစ်ပါသည်။
 ဘားမားဗီဂျေ


NLD မဲဆွယ်စည်းရုံးပွဲကို သွားရောက်နေတဲ့ စစ်ကိုင်းတိုင်း ဝင်းကုန်းရွာ ရွာလုံးကျွတ် မီးလောင်မှုဖြစ်ပွား
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဝင်းကုန်းရွာမှာ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက ရွာလုံးကျွတ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ လူမင်း၊ ထွန်းအိန္ဒြာဗိုလ်၊ ရဲတိုက်၊ ဝိုင်း၊ ချစ်သုဝေ၊ လင်းလင်း၊ မာရဇ္ဇ စတဲ့ အနုပညာရှင်တွေက မဲပညာပေး စည်းရုံးရေးခရီးစဉ်နဲ့ ဖျော်ဖြေရေး ခရီးစဉ်အဖြစ် စစ်ကိုင်းတိုင်းကို လာရောက်ဖျော်ဖြေနေချိန်မှာ တရွာလုံး သွားရောက် အားပေးနေစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 မီးလောင်ကျွမ်းခံခဲ့ရတဲ့ အဲ့ဒီရွာဟာ အိမ်ခြေ ၃၀၀ ကျော် လူဦးရေ ၁၀၀၀ ကျော် ရှိတယ်လို့ သိရပြီး တရွာလုံးနီးပါး မီးလောင်သွားတယ်လို့ သတင်းရရှိပါတယ်။  စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဝင်းကုန်းရွာဟာ အလောင်းတော်ကဿပ တောင်ခြေမှာ ရှိပြီးတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် သောက်ရေသုံးရေ အလွန် ရှားပါးတယ်လို့ သိရပါတယ်။
 ပုလဲမြို့က မီးသတ်ကားတွေ လာရောက် ငြှိမ်းသတ်ခဲ့ပေမဲ့ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ဖို့ အခက်အခဲတွေ အများအပြား ကြုံတွေ့ခဲ့ရပြီး တရွာလုံးနီးပါး လောင်ကျွမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဘယ်ကနေ စတင် လောင်ကျွမ်းတယ် ဆိုတာကိုတော့ စုံစမ်းဆဲဖြစ်ပြီး မီးဘေးသင့်ပြည်သူတွေ အတွက် အကူအညီတွေ လိုအပ်တယ်လို့ သိရှိရပါတယ်။

By BurmaVJ Media Network
 
ရွေးကောက်ပွဲ အသုံးစရိတ်မတင်လျှင် ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ခံရနိုင်
(ဓာတ်ပုံ- ရိုက်တာ)
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်းကို စနစ်တကျ တင်ပြခြင်း မရှိပါက ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ဖျက်ခံရနိုင်တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေး ကြေညာလိုက်ပါတယ်။

နိုင်ငံရေးပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ဟာ ကြားဖြတ်ရွေးကောက်ပွဲ မှာ ရွေးကောက် တင်မြှောက် ခံရသည်ဖြစ်စေ၊ အရွေးမခံ ရသည်ဖြစ်စေ   ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်း ကို သတ်မှတ်ရက် အတွင်း တင်ပြဖို့ တာဝန်ရှိပြီး ဥပဒေနဲ့အညီ စနစ်တကျ မတင်ပြရင် အရည်အချင်း ပျက်ယွင်းသူ အဖြစ် ကြေညာခံရနိုင်တယ် လို့ ကော်မရှင် ကြေညာချက်မှာ ဖော်ပြပါတယ်။

ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်လောင်း အမည် ကြေညာသည့် ရက်ကစပြီး ရက်ပေါင်း ၆၀ အတွင်း သက်ဆိုင်ရာ ခရိုင် ကော်မရှင်အဖွဲ့ခွဲတွေ ထံ သတ်မှတ် ပုံစံ အတိုင်း ပေးပို့ တင်ပြရမယ်လို့ ပါရှိပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့မနက် သူမရဲ့နေအိမ် မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီဗွီဘီက မေးမြန်းခဲ့ရာ ဒီစည်းမျဉ်း စည်းကမ်းတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ကောင်းကောင်း သဘောပေါက်တယ်လို့ ဖြေကြားခဲ့ပါတယ်။

“ကျမတို့လည်း တွက်ပြီးသားပါ။ ဒီစာရင်းအင်းကို အကြောင်းပြပြီးတော့မှ အရွေးချယ်ခံပြီးသား ကိုယ်စားလှယ်တွေတောင်မှ ဖယ်ရှားလို့ရတယ်ဆိုတာ..။”

လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ အခန်း ၁၃ မှာတော့ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးရဲ့ ရွေးကောက်ပွဲ အတွက် ကုန်ကျစရိတ်ဟာ မြန်မာကျပ်ငွေ သိန်း ၁၀၀ ထက် ပို၍ သုံးစွဲခြင်း မပြုရလို့ ပါရှိ ပါတယ်။ ဒီကုန်ကျစရိတ်ငွေဟာ ကိုယ်ပိုင်ငွေ (သို့မဟုတ်) ပြည်တွင်းမှာရှိတဲ့ နိုင်ငံသား တဦးချင်းဆီကဖြစ်စေ၊ ကုမ္ပဏီအစုအဖွဲ့တွေကဖြစ်စေ တရားဝင် လှူဒါန်းတဲ့ ငွေ (သို့မဟုတ်) သက်ဆိုင်ရာပါတီ က ထောက်ပံ့တာ ဖြစ်ရမယ် လို့ ဆိုထားပါတယ်။

ဒီဗွီဘီ  

ကျောက်ပန်းတောင်းတွင် ကြံ့ခိုင်ရေးပါတီက ဦးအောင်သောင်း NLD အား ပုတ်ခတ် မဲဆွယ်
ချင်းမိုင်(မဇ္စျိမ) ။       ။ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်မြေအတွက် ပြုလုပ်သည့် မဲဆွယ်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ တောင်သာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း က ပြိုင်ဘက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အား ပုတ်ခတ်ပြောဆိုခဲ့ကြောင်း NLD ပါတီက ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ် လက်ပန်ပြား၊ ကျုံရွာ၊ စက်ထိန်း၊ ဆုံကုန်း စသည့် ကျေးရွာများ၌ ဦးအောင်သောင်း စည်းရုံးဟောပြောစဉ်အတွင်း NLD ပါတီမှ အမတ်လောင်းများ ပုတ်ခတ် ပြောဆိုခဲ့ကြောင်း ကျောက်ပန်းတောင်း မြို့နယ် NLD အောင်နိုင်ရေးအဖွဲ့တာဝန်ခံ ဦးအေးခိုင် က ပြောသည်။

“‘ကျုပ်တို့ပါတီက ထောင်ထွက်တွေ မဟုတ်ဘူး။ ကျနော်တို့က ကျောင်းဆောက်ပေးမယ်’ တဲ့။ ‘ပြိုင်ဘက်လူက
ထောင်ထွက်၊ ထောင်ထွက်တွေကို မဲပေးမှာလား၊ မဲပေးစရာ မလိုဘူး။ ဒီမြို့နယ် သားလည်း မဟုတ်ဘူး။ သူ ဘာမှ ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ဘူး’လို့ပြောတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
at2
ကျုပ်တို့ပါတီက ထောင်ထွက်တွေ မဟုတ်ဘူး။ ကျနော်တို့က ကျောင်းဆောက်ပေးမယ်ဟု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း က ပြိုင်ဘက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အား ပုတ်ခတ်ပြောဆို (ဓါတ်ပုံ မဇ္ဈိမ)

ဦးအောင်သောင်း သည် သောကြာနေ့တွင်လည်း ပုပ္ပါးကျေးရွာတွင် စည်းရုံး ဟောပြောနေသည်ဟု သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းကြည်နှင့် NLD ပါတီမှ ဒေါက်တာဇော်မြင့်မောင် တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

NLD မှ ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှ အရွေးချယ်ခံ အမတ်တဦး ဖြစ်ပြီး ထိုနှစ်ထဲတွင်ပင် နိုင်ငံတော် ပုန်ကန်မှုဖြင့် ဖမ်းဆီးခံရပြီး ၁၉၉၁ ခုနှစ်တွင် ထောင်တွင်းမှနေ၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးထံ ထောင်တွင်း ချိုးဖောက်မှုများကို တင်ပြခဲ့သဖြင့် ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံရကာ ၂ဝ၁၁ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

အလားတူ ကျောက်ပန်းတောင်းမြို့နယ် ဝက်လွတ်ချဉ် ကျေးရွာတွင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးက မဲဆွယ်
ဟောပြောစဉ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ပုတ်ခတ်ထားသည့် မေးခွန်းပေါင်း ၂၁ ခု မေးမြန်းထားသည့်စာပါ CD ခွေကို ဖွင့်ပြခဲ့သဖြင့်  မြို့နယ် ကော်မရှင်ထံ ကြာသာပတေးနေ့တွင် တိုင်ကြား ခဲ့သည့်ဟု ဆိုသည်။

“ကျနော်တို့ ဝက်သချဉ်ကျေးရွာမှာ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးက အဲဒီခွေကို ဖွင့်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချနေတယ်။ အဲဒါ ကော်မရှင်ကို အရေးယူပေးဖို့ တိုင် ထားပါတယ်၊ အထက်ကို တင်ပြမယ်လို့ ပြောတယ်” ဟု ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးတာဝန်ခံ ဦးအေးခိုင်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ NLD က မြို့နယ်၊ ခရိုင်၊ တိုင်းကော်မရှင်ထံလည်း ၎င်း CD ခွေနှင့်အတူ တိုင်ကြားထားပြီး မြို့နယ်ကော်မရှင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြပေးသွားမည်ဟု ဆိုသည်။

ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၆ သန်းကျော်ရှိပြီး မဲပေးပိုင်ခွင့် ရှိသူများ၏ အမည်စာရင်းများကို မတ်လ ၂၄ ရက်နေ့နောက်ဆုံးထား ပြင်ဆင်လိုက်ပြီး ဖြစ်ကြောင်း ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
ကြိုတင်မဲ​ပေး​ပွဲစတင်၊​ မဲမသမာမှုများ​ရှိ​နေဟု ​စောင့်​ကြည်သူများ​ ​ပြောကြား
၂၀၁၂ ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၄၅ ခုစလုံး​မှာ ကြိုတင်မဲ ​ပေး​ချင်တဲ့​သူ ​တွေအတွက် မတ် ၃၀ နဲ့​ ၃၁ ရက်​တွေမှာ ကြိုတင်မဲ​တွေ စတင် ​ပေး​နေကြပြီ ဖြစ်ပါတယ်။

ရွေး​ကောက်ပွဲ​ကော်မရှင်ရဲ့​ ထုတ်ပြန်ချက်အရ မဲရုံတာဝန်ကျတဲ့​ ဝန်ထမ်း​၊​ တာဝန်နဲ့​ ခရီး​ထွက်ရ မယ့်​ ဝန်ထမ်း​တွေအပါအဝင် သက်ကြီး​ရွယ်အို​တွေ၊​ ကျန်း​မာ​ရေး​ ချို့​ယွင်း​နေတဲ့​သူ​တွေ၊​ အချုပ် ကျ​နေတဲ့​သူ​တွေက ကြိုတင်မဲ ​ပေး​ခွင့်​ရတာ ဖြစ်ပါတယ်။


ဧရာဝတီတိုင်း​ဒေသကြီး​ ပုသိမ်မြို့​နယ်ထဲကရပ်ကွက်တချို့​မှာ ဒီက​နေ့​ မနက်က ကြိုတင်မဲ ​ပေး​ရာမှာ မဲရုံတာဝန်ရှိသူ​တွေက ပါတီကိုယ်တာဝန်ရှိသူ ​တွေကို ဟန့်​တား​မှု​တွေ ရှိခဲ့​တယ်လို့​ အန်အယ်လ်ဒီပါတီ ကိုယ်စား​လှယ်​လောင်း​က ​ပြောပါတယ်။


ကြိုတင်မဲ​ပေး​တဲ့​အတွက် ပါတီကိုယ်စား​လှယ်​လောင်း​တွေ မဲရုံကို ​စေလွှတ်ပြီး​ ​စောင့်​ကြည့်​ခိုင်း​ရာမှာ ၁၄ ရပ်ကွက်က မဲရုံတာဝန်ရှိသူ​တွေက အန်အယ်လ်ဒီပါတီ ကိုယ်စား​လှယ်​လောင်း​ရဲ့​ ကိုယ်စား​လှယ် ၂ ဦး​ကို မဆိုင်ရင် ဝင်မရှုပ်နဲ့​လို့​ ခြိမ်း​ခြောက် တား​မြစ်တယ်လို့​ အန်အယ်လ်ဒီ ကိုယ်စား​လှယ် ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။


“ကြိုတင်မဲ​တွေ​တော့​ ​ပေး​ပြီး​ဗျ၊​ တချို့​ရပ်ကွက်က​တော့​လည်း​ မှန်မှန်ကန်ကန်​ပေါ့​လေ။ တချို့​ရပ်ကွက်က မဟုတ်ဘူး​။ ဟိုတုန်း​က အကျင့်​ ရှိ​သေး​တယ်။ ကျ​နော်တို့​ဆီက မဲရုံကိုယ် စား​ လှယ်၊​ အကူကိုယ်စား​လှယ်​တွေကို အဲဒီ ကြိုတင်မဲကို ​စောင့်​ခိုင်း​ထား​တဲ့​အခါမှာ ဘာမှ ကြည့်​ခွင့်​ သိခွင့်​မရှိ​အောင် ဟိန်း​ဟောက်ထား​ပြီး​ ဘာမှကြည့်​စရာ မလိုဘူး​၊​ သိစရာမလိုဘူး​ ဆိုပြီး​ပြောဆို တာကို ကျ​နော့်​ဆီ ​ရောက်လာပြီး​ ​ပြောပြ​တော့​ ​ကော်မရှင်ဆီကို တခါတည်း​ ဆက်ပြီး​တော့​ ဒီလို မလုပ်ပါနဲ့​ ခင်ဗျား​တို့​ ​အောက်​ခြေက ​ကော်မရှင်​တွေ ဒီလိုဖြစ်​နေတယ်ဆိုပြီး​ လှမ်း​ အ​ကြောင်း​ကြား​ ရ​သေး​တယ်။”


ပုသိမ်မြို့​မှာ ​ရွေး​ကောက်ပွဲ အကြိုကာလ မဲဆွယ်စည်း​ရုံး​နေတဲ့​ ​နေရာမှာလည်း​ သက်ဆိုင်ရာ​ဒေသ အာဏာပိုင်တချို့​နဲ့​ ဒု-ဝန်ကြီး​အဆင့်​ ရှိသူတဦး​ဟာ ကြံ့​ခိုင်​ရေး​ပါတီ ကိုယ်စား​လှယ်အတွက် မဲဆွယ်ခဲ့​တာနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို သိက္ခာချတဲ့​ စာရွက်စာတမ်း​တွေကို မြို့​နယ်ထဲမှာ ဖြန့်​ဝေတာမျိုး​လည်း​ ရှိ​နေတယ်လို့​ ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။


အလား​တူ ဧရာဝတီတိုင်း​ ဖျာပုံမြို့​ပေါ်က ရပ်ကွက်တချို့​မှာလည်း​ ဒီ​နေ့​ ကြိုတင်မဲ ​ပေး​ခဲ့​ကြရာမှာ လျို့​ဝှက် ကြိုတင်မဲကိုပိတ်ထား​တဲ့​အိပ်မှာ ချိတ်​တွေ ကွာ​နေပြီး​ ပွင့်​နေတာကို ​တွေ့​ရတယ်လို့​ ဖျာပုံ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ရေး​ ကွန်ရက်က ကိုဘသက်​အောင်က ​ပြောပါတယ်။


“ဒီ​နေ့​မှာ ၁၀ ရပ်ကွက်၊​ ၈ ရပ်ကွက်၊​ ၁၄ ရပ်ကွက်၊​ ၉ ရပ်ကွက်​တွေဆီကို သွား​ပြီး​စုံစမ်း​တော့​ အဲဒီမှာ မဲရုံမှာ ကြိုတင်မဲ လိုက်ပြီး​တော့​ ​ကောက်ခံတဲ့​အခါမှာ ချိတ်ပိတ်ထား​တဲ့​ စာအိတ်​တွေက ​ဘေး​တ ဖက်တချက်မှာ ပွင့်​နေတယ်။ ဒါကို သွား​တွေ့​တဲ့​အခါ ​ကော်မရှင်ကို သူတို့​ ​ပြောတယ်​ပေါ့​။ တချို့​ရပ်ကွက် ​ကော်မရှင် ဥက္ကဋ္ဌက ပြင်​ပေး​တယ်။ ဥပမာ – ၉ ရပ်ကွက် ​ကော်မရှင် ဥက္ကဋ္ဌ ဆိုရင် ပြန်ပြီး​တော့​ ပြင်​ပေး​တယ်။ တချို့​ ရပ်ကွက်​တွေက​တော့​ ပြင်မ​ပေး​သေး​ဘဲနဲ့​ ဒီအတိုင်း​ ထား​ထား​တယ်’လို့​ပြောပါတယ်။


ဒါ့​ပြင် ၁၄ ရပ်ကွက်မှာ ကြိုတင်မဲ စာရွက်မှာ ရပ်ကွက်​ကော်မရှင် တံဆိပ်တုံး​နဲ့​ လက်မှတ်​တွေ မပါဝင်​ကြောင်း​ ​တွေ့​ရပြီး​ ကိုး​အိမ်တန်း​ကျေး​ရွာမှာ​တော့​ ကြိုတင်မဲ ​ကောက်ခံတဲ့​ အခါမှာ ပါတီကိုယ်စား​လှယ်​တွေကို လိုက်ပါခွင့်​ မရှိဘူး​ ဆိုပြီး​ ရပ်ကွက်​ကျေး​ရွာ ​ကော်မရှင် ဥက္ကဋ္ဌက​နေပြီး​တော့​ ​အော်​ငေါက်ပြီး​ ​ပြောတာမျိုး​တွေလည်း​ ​တွေ့​ရပါတယ်။”လို့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​တွေရဲ့​ ​ရွေး​ကောက်ပွဲ​စောင့်​ကြည့်​ရေး​ ကွန်ရက်က ကိုဘသက်​အောင် ​ပြောပါတယ်။


စစ်ကိုင်း​တိုင်း​ဒေသကြီး​ ပုလဲမြို့​နယ်အတွင်း​မှာ မြို့​နယ်​ရွေး​ကောက်ပွဲ ​ကော်မရှင်က ကြိုတင်မဲ ​ကောက်ယူမှုဟာ တရား​ဥပ​ဒေနဲ့​ မကိုက်ညီဘဲ မသမာတဲ့​ဘက်ကို ဦး​တည်​နေတယ်လို့​ အန်အယ်လ်ဒီ အမတ်​လောင်း​ ​ဒေါ်ခင်စန်း​လှိုင်က ​ပြောပါတယ်။


“အန်တီတို့​မြို့​နယ်မှာ မနက်ကတည်း​က ကြိုတင်မဲ​တွေ ရွာတိုင်း​စေ့​ လိုက်ပြီး​ ​ကောက်​နေကြပြီ။ ​ကျေး​ရွာ​ကော်မရှင် ဥက္ကဋ္ဌက​နေပြီး​တောမှ တအိမ်တက် တအိမ်ဆင်း​ လိုက်ပြီး​တော့​မှ ကြိုတင်မဲကို ​ကောက်​နေတယ်။ ဥပ​ဒေအရ ဆိုလို့​ရှိရင် ကြိုတင်မဲ ​ပေး​ချင်တဲ့​လူက ​ကော်မရှင်ကို အ​ကြောင်း​ကြား​မှ ​ကော်မရှင်က​နေ ကြိုတင်မဲ ​ပေး​ချင်တဲ့​ လူရဲ့​အိမ်ကို သွား​ပြီး​တော့​ ယူရမှာ။ အခုဟာက မဟုတ်ဘဲနဲ့​ ​ကျေး​ရွာ​ကော်မရှင်က​နေပြီး​တော့​မှ တအိမ်တက် တအိမ်ဆင်း​ လိုက်ပြီး​တော့​ ကြိုတင်မဲကို လိုက်​ကောက်​နေတာဆို​တော့​ ဒါ ဥပ​ဒေနဲ့​ လုံး​ဝ မညီညွတ်ဘူး​’လို့​ပြောပါတယ်။


ဒီကိစ္စကို မြို့​နယ်​ကော်မရှင်ကို တင်ပြထား​ပေမယ့်​ အ​ရေး​ယူ ​ဆောင်ရွက်တာ မရှိဘူး​တဲ့​ အ​ကြောင်း​နဲ့​ ​ကျေး​ရွာ​ကော်မရှင် ဥက္ကဋ္ဌက ကြံ့​ခိုင်​ရေး​ပါတီရဲ့​ ဥက္ကဋ္ဌ ဖြစ်​နေတဲ့​အ​ကြောင်း​လည်း​ဒေါ်ခင်စန်း​လှိုင်က ​ပြောပါတယ်။


ရှမ်း​ပြည်နယ် က​လောမြို့​နယ်ဟာ တပ်နယ်ဆို​ပေမယ့်​ မြို့​နယ်ထဲ ကြိုတင်မဲ​ပေး​တဲ့​သူ အ​ရေအတွက် ​ပြောပ​လောက်​အောင် မရှိဘူး​လို့​ သိရပါတယ်။ မြို့​နယ်အတွင်း​ မဲ​ပေး​ပိုင်ခွင့်​ ရှိသူ​ပေါင်း​ ၉ ​သောင်း​ကျော် ရှိတဲ့​အနက် တပ်မ​တော်သား​ မဲ​ပေး​နိုင်သူ​ပေါင်း​က​တော့​ ၁ ​သောင်း​ကျော်ပဲ ရှိပြီး​တော့​ တိုင်း​ရင်း​သား​မဲက အများ​စု ဖြစ်တဲ့​အတွက် တိုင်း​ရင်း​သား​ပါတီ​တွေ အ​ခြေအ​နေ ​ကောင်း​နိုင်တယ်လို့​ ကျား​ဖြူပါတီ ကိုယ်စား​လှယ် ဦး​စပ်သာဦး​က ဒီဗွီဘီကို ​ပြောပါတယ်။

ဒီဗွီဘီ 
 
  အသည်းကြားက အဖိုးတန်မဲတစ်ပြား မဆုံးရှုံးစေဖို့ ဒီလိုကာကွယ်စို့
၁။ ။NLDအတွက် ထောက်ခံမဲခြစ်မယ့် နေရာမှာ ဖယောင်းတွေသုတ်လိမ်းထားတယ်လို့ ကြားသိရပါတယ်။ ထို့ကြောင့် မဲမခြစ်ခင်မှာ အရင်စစ်ဆေးစေချင်ပါတယ်။ ထို့နောက် ခဲချွန်ဓါးပါးလေးနဲ့ သေသေချာချာဖွဖွလေး ၃-၄ချက်လောက် အရင် ခြစ်ကြည့်ပါ။ ပြီးမှ အမှန်ခြစ်ပါ။
၂။ ။အမှန်ခြစ်ရာတွင် တွန့်ခြင်း ကောက်ခြင်းများကို ပယ်ဖျက်နိုင်တဲ့အတွက် ပေတံတစ်ချောင်းဖြင့် သေသေချာချာခြစ်စေလိုပါတယ်။
၃။ ။NLDကိုအမှန်ခြစ်ပြီး ခြင်္သေ့ကို အမှားမခြစ်မိဖို့ သတိပြုစေချင်ပါတယ်။ NLDကို အမှန်ခြစ်ပြီး ခြင်္သေ့ကို အမှားခြစ်ပါက ပယ်ဖျက်မဲအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။
၎။ ။အမှန်ခြစ်ရာတွင် အသုံးပြုသည့် ဘောပင်ကို မှင်စိုဘောပင်/ထိပ်လုံးဘောပင်ကိ
ု အသုံးမပြုရန် အထူးသတိပြုပါ။
  ရွေးကောက်ပွဲအကြိုအခြေအနေ လက်ခံနိုင်ဖွယ် မရှိ
သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းထောက်များ (၀၃-၃၀-၁၂)
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့်ရက် မတိုင်ခင် ဖြစ်နေခဲ့တဲ့အခြေအနေတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် လက်ခံနိုင်တဲ့ အခြေအနေတွေ မဟုတ်ပါဘူးလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်း နည်းလမ်းမကျတာတွေ၊ တရားမ၀င်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က လုပ်သင့်သလောက် တင်းတင်းကျပ်ကျပ် မလုပ်တာကလည်း စိတ်မကောင်းစရာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ မသမာမှုတွေ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ဖို့ ကြိုးစားတာတွေ စတဲ့ ရွေးကောက်ပွဲမတိုင်ခင် ဖြစ်ပျက်နေခဲ့တဲ့ အခြေအနေအရပ်ရပ်တွေ အပါအ၀င် နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေရဲ့ အခန်းကဏ္ဍ၊ သူ့ရဲ့ကျန်းမာရေး၊ လုံခြုံရေးစသဖြင့် အကြောင်းအရာမျိုးစုံကို မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်းအတွင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က အကျယ်တ၀င့် ပြောဆိုဖြေကြားခဲ့တာပါ။
မတ်လ ၂၉ ရက်နေ့က တောင်ငူမြို့မှာ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကို လေးခွထဲ ကွမ်းသီးလုံးထည့်ပြီး ပစ်ခတ်တာ ခံရတဲ့ဖြစ်ရပ်နဲ့ တခြား ဖြစ်ရပ်တချို့ကို နမူနာပြပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဖြစ်ပျက်နေခဲ့တာတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဖြစ်ဖို့ ထိခိုက်စေတယ် ဆိုတဲ့သဘော ပြောဆိုခဲ့ပါတယ်။
“ဒီတိုင်းပြည်မှာ ဖြစ်ပျက်နေခဲ့တာတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခုအတွက် လက်ခံနိုင်ဖွယ်ရာ အခြေအနေထက် ကျော်လွန်နေပါတယ်။ ကျမတို့ကတော့ ရှေ့ဆက် လျှောက်ဖို့ သန္နိဋ္ဌာန် ချထားပြီးသားပါ၊ ဘာ့ကြောင့်လဲဆိုတော့ ဒါဟာ လူထုရဲ့လိုလားချက်ဖြစ်တယ်လို့ ကျမတို့ ယူဆလို့ပါပဲ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
အတိုက်ခိုက်ခံရတဲ့ တောင်ငူက လွှတ်တော် ကိုယ်စားလှယ်လောင်းဟာ ထိခိုက်ဒဏ်ရာမရခဲ့ဘဲ သူ့ရဲ့ကားကိုပဲ မှန်သွားခဲ့ပါတယ်။
ကချင်ပြည်နယ်က မဲဆန္ဒနယ်သုံးခုမှာ ရွေးကောက်ပွဲတွေမလုပ်ဘဲ ရွှေ့ဆိုင်းခဲ့တာနဲ့ပတ်သက်ပြီး NLD က ရွေးကောက်ပွဲ ကော်မရှင်ကို မေးခွန်းထုတ်ခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသတွေမှာ လုံခြုံရေးဆိုင်ရာ ပြဿနာတခုခု ရှိတယ်လို့ မိမိတို့က မယူဆလို့ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေ တက်ရောက်နားထောင်ခဲ့ပြီး သူတို့အနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ပျက်နေတာတွေကိုလည်း ထည့်သွင်း စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
“ရွေးကောက်ပွဲရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ဟာ ရွေးကောက်ပွဲနေ့တရက်ထဲအပေါ်မှာပဲ မူတည်မနေဘဲ ရွေးကောက်ပွဲရက်မတိုင်ခင် ဖြစ်ပျက်တာတွေပေါ်မှာလည်း မူတည်နေတယ်ဆိုတဲ့အချက်ကို လေ့လာသူတွေ ထည့်သွင်း စဉ်းစားလိမ့်မယ်လို့ မျှော်လင့် ကြောင်း၊ ပြီးခဲ့တဲ့ နှစ်လအတွင်း ဘာတွေဖြစ်ပျက်ခဲ့တာဆိုတာကို လေ့လာသူတွေအနေနဲ့ ဖြစ်နိုင်ခြေရှိသမျှ လေ့လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အဲဒီလိုဖြစ်ပျက်နေတာတွေအပေါ်မှာ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်က လုပ်သင့်သလောက် တင်းတင်းကျပ်ကျပ် မလုပ်ခဲ့တာဟာလည်း ၀မ်းနည်းစရာကောင်းတဲ့အချက် ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီအချက်ကြောင့်တော့ လုပ်နေတာကနေ သွေဖြည်သွားမှာ မဟုတ်ဘူး ဆိုတဲ့သဘော ပြောဆိုခဲ့ပါတယ်။
“ကျမတို့ အမြဲတမ်း ရည်ရွယ်ထားတဲ့အတိုင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့အတွက် ကျမတို့ လုပ်ဆောင်သွားမှာပါ။ အခုရွေးကောက်ပွဲတွေဟာ အဲဒီလမ်းကြောင်းမှာ နောက်ထပ် အဆင့်တခု လှမ်းလိုက်တာပဲဖြစ်မယ်လို့ ကျမတို့မျှော်လင့်ပါတယ်။” –
ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းပြည်ပသတင်းထောက်တွေ မေးမြန်းသမျှ အကြောင်းအရာပေါင်းစုံကို တနာရီခွဲကျော်ကြာ ဖြေဆိုခဲ့ပါတယ်။ ဒါဟာဖြင့် မြိတ်ဒေသဘက်ခရီးစဉ်မှာ မကျန်းမမာဖြစ်လို့ ပြန်လာခဲ့ရပြီး ၆ ရက်နီးပါးကြာ အနားယူခဲ့ပြီးတဲ့နောက် လူထုမြင်ကွင်း ပထမဆုံး ပြန်ထွက်လာတာလည်း ဖြစ်ပါတယ်။
မတ်လ ၃၁ ရက်နေ့ညမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့မှာ ညသွားအိပ်မှာဖြစ်ပြီး ဧပြီလ ၁ ရက် ရွေးကောက်ပွဲနေ့မှာ တော့ ကော့မှူးမြို့က မဲရုံတချို့ဆီ လှည့်လည် ကြည့်ရှုမှာဖြစ်ပါတယ်ခင်ဗျား။

VOA
 

No comments: