Friday, March 30, 2012
အေဘီမြောက်ပိုင်းကမျိုးဝင်း ဆိုတာ ဘယ်လိုလူလဲ
မျိုးဝင်း ဆိုတာ ဘယ်လိုလူလဲ
၈၈ အရေးတော်ပုံမတိုင်ခင်ကတည်းက “မျိုးဝင်း” ဆိုတဲ့ ပုဂ္ဂိုလ်ကို RIT က အဆောင်ကျောင်းသားတော်တော်များများ သိကြပါတယ်။ အကောင်းသိတာမဟုတ်ပါဘူး။ ကျနော်နဲ့ အရင်းနှီးဆုံးသူငယ်ချင်းက မိုးညှင်းသား ကိုမြင့်ကျော် ( ယ္ခု တောင်ကိုရီးယား) ။ ကိုမြင့်ကျော်က ကျောင်းသားတပ်မတော်မြောက်ပိုင်းမှာ အမှုထမ်းနေစဉ်၊ ပြည်တွင်းနဲ့ဆက်သွယ်မှုနဲ့  ထောင်ဒဏ်အပြစ်ပေးခံခဲ့ရတယ်။ ကျနော်တို့တတွေ ၁၉၉၃- ၉၄ စာသင်နှစ်မှာ ကျောင်းအတူတူပြန်တက်ခဲ့ကြတယ်။ ကျနော့ရဲ့ မန္တလေးအိမ်မှာ လိုက်လာပြီး မြောက်ပိုင်းလူသတ်ပွဲအကြောင်းတွေကို ဆွေးနွေးဖြစ်ခဲ့ကြတယ်။ သူနဲ့ပတ်သက်ပြီးသိတဲ့သူက တင်စိုးဦး ( တတိယနှစ်၊စက်မှု) ဖြစ်တယ်။ နောက်-- မြောက်ပိုင်းဒေသအဖြစ်ဆိုးကြီးထဲမှာ ပါဝင်ပတ်သက်သူတွေ ( စစ်ဆေးခဲ့တဲ့သူတွေ၊ စစ်ဆေးခံရသူတွေ) နဲ့ တဖြည်းဖြည်းသိကျွမ်းလာခဲ့တယ်။ တကယ်တော့မြောက်ပိုင်းအစုလိုက်အပြုံလိုက်လူသတ်မှုကြီးဆိုတာ ကြောက်ရွံဘွယ်ကောင်းလောက်အောင်မှားယွင်းခဲ့တဲ့ ရာဇဝတ်မှုကြီးဆိုတာ ကျူးလွန်ခဲ့တဲ့သူတွေကိုယ်တိုင် သိနေကြပါတယ်။ ဒါကြောင့်လည်း ဒီကိစ္စကြီးကို ဖုံးဖိဖို့လုပ်ခဲ့ကြတယ်။ ဥာဏ်မမှီသေးတဲ့သူတွေကတော့ မျိုးဝင်း၊ သံချောင်း ကို အခုချိန်အထိ သနားကြင်နာတတ်သော သူရဲကောင်းအဖြစ် ပြန်လည်ပုံဖေါ်ပေးချင်ရှာတယ်။ အော်- သူ ဥာဏ်မှီသလောက်ကြိုးစားနေရှာတာကို နားလည်ပေးချင်ပါတယ် လို့ ပြောနေပေမဲ့ စိတ်ထဲမှာ တော်တော်လေးရီချင်နေတယ်။
ကိုထွန်းအောင်ကျော်တောမခိုခင်က  မျိုးဝင်း နဲ့ ပတ်သက်ပြီး သတိပေးခဲ့ပါတယ်။ ကျနော့အယူအဆက ရှင်းပါတယ်။ “ မျိုးဝင်း လို ကောင်မျိုးနဲ့လက်နက်ကိုင်တော်လှန်ရေး လုပ်လို့မဖြစ်ဘူး၊ သူရှိတဲ့နေရာမှာတော့ သွားမလုပ်နိုင်ဘူး”  လို့ ပြောခဲ့တယ်။ ကျနော့မှာ အကြောင်းရှိပါတယ်။
မျိုးဝင်းဆိုတာ ရန်ကုန်စက်မှုတက္ကသိုလ်မှာကတည်းက၊ လူ နှစ်ခါ သတ်ခဲ့ဘူးတဲ့သူ။ မဆလ စစ်သင်တန်းတက်၊ စစ်အင်္ကျီ တကားကားဝတ်ပြီး စစ်သွေးကြွလေ့ရှိသူ။ ရန်ကုန်စက်မှုတက္ကသိုလ်အဆောင်တွေမှာ သူခိုးမိရင် ဘယ်လိုဖြစ်တတ်တယ် ဆိုတာ နယ်မြေခံရဲတွေကအစသိတယ်။ အဆောင်နေကျောင်းသားဆိုတာကလည်း သိတဲ့အတိုင်းပဲ။ တယောက်က ညာသံပေးလိုက်လို့ကတော့ ဘာမှ မစဉ်းစားတော့ဘူး။ ဝိုင်းပြီး ဆွမ်းကြီးလောင်းတော့တာပဲ။ သေသွားရင်လည်း ရဲစခန်းက ဘာမှမသိသလို လက်ခံလိုက်တယ်။ စာရင်းဖျောက်ခံရတဲ့ လူသတ်မှုတွေဆိုတာ ဥပဒေ စိုးမိုးမှုမရှိတဲ့ ဗမာပြည်လိုနေရာမှာ အများသား။ တရက်မှာ ထုံးစံအတိုင်း အဆောင်မှာ သူခိုးတယောက်မိတယ်။ သူခိုးကလည်း ကျနော်တို့အဆောင်မှာ အလုပ်လုပ်နေတဲ့ ထမင်းစားပွဲထိုး၊ ကရင်ကြီး ရဲ့ သားလေးတယောက်ပါ။ ကော်ရစ်တာလက်တန်းမှာ လှန်းထားတဲ့ လုံချည်ကို ခိုးတယ်။ ကျောင်းသားတွေက မိသွားတယ်။ ပစ္စည်းက တန်ဘိုးလည်းရှိတာမဟုတ်။ တကယ်လို့ ဥပဒေအရလုပ်ချင်ရင်လည်း ရဲလက်ကို အပ်လိုက်ပေါ့။ ဒါပေမဲ့ မျိုးဝင်းအပါအဝင် ကျောင်းသားတချို့က မရဘူး။  ဖမ်းမိတဲ့သူခိုးကို နံကျိုးသည်အထိ မသေမချင်းလက်သီးနဲ့ထိုးသတ်ခဲ့တယ်။ အရှင်လတ်လတ်သတ်ပစ်ခဲ့ကြတယ်။ စားပွဲထိုး ကရင်ကြီးက မျက်ရည်တွေကြားကနေ သူ့သားအလောင်းကို ပြန်ယူရရှာတယ်။
by Aung Moe Win
ကျောင်းသားတပ်မတော်ရဲ့ လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင် ကြားဖူးခဲ့တဲ့မျိုးဝင်း(ဘယ်သူပြောတာလဲမမှတ်မိ)
........အပြင်းအထန်ထိုးစစ်ဆင်လာခဲ့တဲ့အပေါ် စားစရာဆန်တောင် မရှိတော့ တဲ့ ရဲဘော်တွေဟာတောထဲမှာ တွေ့သမျှ စားလို့ရတာမှန်သမျှ အကုန်ကောက်စားရင်း ခရီးကြမ်းကို မရရအောင်ဖောက်ထွက် ကျော်ဖြတ် ခဲ့ကြ ရတယ်၊ အဲဒီအတွက် ကျဆုံးကျန်ခဲ့တဲ့ ရဲဘော်တွေ။ အဟာရငတ်ပြတ်ဖျားနာပြီးလမ်းခရီးမှာ သေ ဆုံး သွားခဲ့ကြတဲ့ ရဲဘော်တွေ စခန်းရောက်မှ သေဆုံးသွားတဲ့ရဲဘော်တွေ၊ ဒါတွေကို ဒီရဲဘော်တွေနဲ့ အတူ ဖြတ် သန်းရင်း မျက်စိရှေ့မှာတင် မြင်ရတွေ့ရ ကိုယ်တိုင်ခံစားခဲ့ရသူက ရဲဘော်မျိုးဝင်း။ ဒီလူဟာရန်သူလို့ သူထင်ခဲ့တဲ့ သူတွေအပေါ် ရက်စက်ချင် ရက်စက်လိမ့် မယ်(ရန်သူ နဲ့ပတ်သက်တဲ့ သူရဲ့စိတ်ဓါတ်ကိုလည်း ရန်သူသူ လျှိုတွေကကြိုတွက် ထားပြီး သားဖြစ်ပါလိမ့် မယ်) သူ့ရဲဘော်တွေကိုတော့သူချစ်ခဲ့တယ်။ကာကွယ်စောင့်ရှောက်ခဲ့တယ်။ (ဘယ်သူပြောပြခဲ့တာလည်း မမှတ်မိ) စားစရာ နောက်ဆုံးလက်ကျန်ဆန်ကို ရဲဘော်တွေ ဆန်ပြုတ်ပြုတ်စားကြတဲ့အချိန်မှာလူကြီးဖြစ်တဲ့ သူ့အတွက်ဟန်ကောချိုင့်လေးနဲ့ထမင်းချက်ထားပေးခဲ့တယ်။
အဲဒီဟန်ကောချိုင့်ထဲကထမင်းကိုဆန်ပြုတ်အိုးထဲလာသွန်ထည့်ပြီးရဲဘော်တွေနဲ့အတူစားအတူနေပြီးသေတဲ့ အထိတိုက်ပွဲဝင်သွားခဲ့တဲ့သူ......
ပန်းချီထိန်လင်း ကြုံတွေ့ ခဲ့တဲ့ မျိုးဝင်း
မပ ရင်းငါးနယ်မြေကိုရောက်ပြီးလေးရက်လောက် ကြာတော့ စစ်တပ်ထိုးတာပဲ။
ထုံးစံအတိုင်း ပြေးကြရတာပေါ့။
အဲဒီမှာ တပ်ပိုင်မြင်း က တကောင်ထဲရှိတယ်။
တတပ်ရင်း လုံး ပြေးကြရတော့ မုံရွာ က တက်လာတဲ့ သင်းတန်းသားလေးတွေကိုသင်တန်း ဆရာ ရွှေမြင်တို့က တုတ်နဲ့ရိုက်ပြီး မောင်းနေရချိန်။လက်နက်ကြီးတွေက ကျနေတာကိုး။
တပ်ရင်းရဲ့ တကောင်တည်းရှိ တဲ့ မြင်းပိန်လေးပေါ်မှာမောင်မင်းကြီး သားမောင်မျိုးဝင်းက ချေဂွေဗါးရား ဆောင်းတဲ့ ဦးထုပ်တစောင်း 
ငိုက်ဆောင်းလို့။ပြေးနေကြတဲ့လူတန်းကြီးထဲမှာ (ကေအိုင်အေ မိသားစုတွေရော)သူတယောက်တည်း မြင်းနဲ့။
ဆိုးတာက ရဲဘော်တယောက်က သူ့ရှေ့က တောရှင်းတဲ့ဓါးနဲ့ လိုက်ပေးရသေးတယ်။
တောထဲက သစ်ကိုင်းတွေက မြေပေါ် လမ်းလျောက်တဲ့လူတွေက လွတ်ပေမယ့် မြင်းပေါ်က လူ အတွက်က မလွတ်တာ့ ကိုမြအောင်ဆိုတဲ့လူက ဓါးနဲ့ လိုက်ရှင်းပေးနေရသေးတယ်။ 
ဆရာ လင်းယုန်မောင်မောင်ဘာသာပြန်တဲ့ ချေဂွေဗါးရားစာအုပ်ထဲက ဘိုလီဗီးယားမှာ ရိုက်ထားခဲ့တဲ့ ဓါတ်ပုံ အတိုင်းပဲ။မြင်းနဲ့ဆိုတော့ ကြည့်ကောင်းပေမယ့် လက်နက်ကြီးတွေ ကျနေတဲ့ အသံတွေကြားမှာ ကိုယ်တွေက ခြေကျင်သုတ်နေရတာမို့ သိပ် မကြည်နူးနိုင်ဘူးပေါ့။အဲဒါ ကို မျိုးဝင်းကို ပထမ စမြင်ဘူးတာပါပဲ။
ပန်းချီထိန်လင်း
No comments: