Friday, March 30, 2012

ဦးအေးမြင့် (လမ်းပြကြယ်) ၏ ပေးစာနှင့် ကျနော်၏ ပြန်ကြားချက် (၂)



ဦးအေးမြင့် (လမ်းပြကြယ်) ၏ ပေးစာနှင့် ကျနော်၏ ပြန်ကြားချက် (၂)
ဒေါက်တာလွဏ်းဆွေ

ခင်မင်လေးစားရပါသော အန်ကယ် ဦးအေးမြင့် (လမ်းပြကြယ်) ခင်ဗျား …


ပေးစာပါ မေးမြန်းမှုတွေကို ကျနော့်အနေနဲ့ စဉ်းစားသုံးသပ်မိသလောက် အစဉ်လိုက် ဖြေကြားပါရစေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီကို ပြည်သူလူထု အားကိုးတာ ရာနှုန်းပြည့် ဆိုတာတော့ မငြင်းလိုပါ။ ပြည်လူထုက ဒေါ်စုကို ချစ်တာလား၊ အန်အယ်လ်ဒီပါတီကို ချစ်တာလား ဆိုတာတော့ နိုင်ငံရေးသမားတွေ ခွဲခြားဖို့ လိုတယ်လို့ ယူဆမိပါတယ်။

ဖြေ ။ ။ ကျနော့်အထင်တော့ ပြည်သူလူထုက ဒေါ်စုကို ချစ်တာလား၊ အန်အယ်လ်ဒီပါတီကို ချစ်တာလား ဆိုတာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေချိန်တွေမှာ အန်အယ်လ်ဒီပါတီရဲ့ စည်းရုံးလှုပ်ရှားနိုင်တဲ့ စွမ်းရည်နည်းပါးခဲ့မှုနဲ့ တိုက်ပွဲဝင်နိုင်တဲ့ အနေအထားတွေ မရှိခဲ့တာကို ပြန်လည်သုံးသပ်ကြည့်ရင် နိုင်ငံရေးကို စိတ်ဝင်စားသူတွေအနေနဲ့ အလွယ်တကူ သိမြင်နိုင်မယ်ထင်ပါတယ်။ တချို့ကဆို ဒေါ်အောင်ဆန်းစုကြည် အပြင်မှာ မရှိတဲ့အချိန် အန်အယ်လ်ဒီပါတီရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး လူအိုရုံလို့ ပြောသူကပြော၊ သတင်းစာဆရာကြီး လူထုစိန်ဝင်းကဆိုရင် ဆွံ့အနားမကြားကျောင်းလို့ ကင်ပွန်းတပ်လိုတပ် ဖြစ်ခဲ့တာကို ကြည့်ရင် အခုအချိန်မှာ ပြည်သူလူထုက အန်အယ်လ်ဒီပါတီထက် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လို့ အားပေးကြခြင်းသာ ရာနှုန်းပြည့်ဖြစ်တယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။ တကယ်တော့ အဲဒီကိစ္စကို နိုင်ငံရေးသမားတွေ ခွဲခြားသိဖို့ထက် အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်တွေ မိမိပါတီရဲ့ အင်အားကို အမှန်အတိုင်း ရှုမြင်သုံးသပ်ပြီး ပြင်သင့်တာကို အချိန်မီပြုပြင်မယ်ဆိုရင် မြန်မာပြည်သူလူထုအနေနဲ့လည်း မျှော်လင့်အားကိုးရကျိုးနပ်မယ်လို့ ယူဆပါတယ်။ အဓိက က ဒေါ်အောင်ဆန်းစုကြည် ရှိရှိ မရှိရှိ အခုအချိန် တက်ကြွလှုပ်ရှားနေပုံအတိုင်း ဆက်လက်ဦးဆောင်မှုပေးနိုင်အောင် ကြိုးပမ်းအားထုတ်သင့်တယ်လို့ ကျနော့်အနေနဲ့ အကြံပြုလိုပါတယ်။

အန်အယ်လ်ဒီပါတီဟာ ဒေါ်စု နေအိမ်အကျယ်ချုပ်ကျစဉ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို မ၀င်ဘူး၊ သပိတ်မှောက်တယ်လို့ ဦးဉာဏ်ဝင်းက မီဒီယာမှာ (ဒေါ်စုက မှာလိုက်တယ်) ဆိုသော စကားရပ်နှင့် တာဝန်ယူပြောခဲ့ပြီး ယခုတော့ ကြားဖြတ်ရွေးကောက်ပွဲဝင်တော့ ဘာကြောင့် ၀င်ရတယ်ဆိုတာနှင့် ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုတဲ့ စကားရပ်ကို ရှင်းရန် တာဝန်ရှိနေတာကို ၀န်ခံစကား မပြောတာသည် ခေါင်းဆောင်ကောင်းတဦး၏ တာဝန်ကို ရှောင်လွှဲရာရောက်နေသည်ဟု ယူဆမိတာ မှားသလားလို့ ဝေဖန်ပေးစေလိုပါတယ်။

ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က မလွတ်မြောက်မီအချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာနဲ့ပတ်သက်ပြီး ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွေက NLD ပါတီ ကိုင်စွဲထားတဲ့ ရွှေဂုံတိုင်မူတွေနဲ့ ကိုက်ညီမှုမရှိလို့ ဆိုတာကို အဓိက အကြောင်းပြခဲ့တယ်လို့ ကျနော့်အနေနဲ့ မှတ်မိနေပါတယ်။ ဒါပေမယ့် အကျယ်ချုပ်က ပြန်လွတ်မြောက်လာပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုတော်လှန်ရေးနည်းလမ်းနဲ့ တိုက်ပွဲဝင်ဖို့ ဆန္ဒမရှိတော့တာရယ်၊ သူ အကြိမ်ကြိမ် ထိတွေ့ဆက်ဆံရတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက မျက်စိကြီး နားကြီး ပါဝါကြီးများ (အဓိက ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အနောက်အုပ်စု ကိုယ်စားလှယ်များ) ရဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်ဖို့ တိုက်တွန်းအကြံပြုချက်တွေအရရယ်၊ သူကိုယ်တိုင်ရဲ့ ကြံ့ဖွံ့အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နည်းနဲ့ ပြည်သူလူထု ထိခိုက်နာကျင်မှု သက်သာအောင် ကြိုးစားဆောင်ရွက်ကြည့်ချင်တဲ့ ပိုင်းဖြတ်ချက်အရရယ် ၉၀ ရလဒ်ကို စွန့်လွှတ်ပြီး ကြံ့ဖွံ့အစိုးရ ၀င်ပြိုင်စေချင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် NLD ပါတီ မှတ်ပုံပြန်တင်ဖို့ ကြိုးစားခဲ့တယ်လို့ မြင်ပါတယ်။

အဲဒီလို နဂိုကိုင်စွဲထားတဲ့ မူတွေနဲ့ ဆန့်ကျင်ဘက် ဂငယ်ကွေ့ ပြန်ကွေ့ပြီး လျှောက်လှမ်းတာဖြစ်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တုန်းက ပြောဆိုခဲ့တဲ့ စကားရပ်တွေနဲ့တော့ ဆန့်ကျင်ဘက်သဘောမျိုး ဖြစ်ကုန်တာတွေလည်း ရှိမှာပါ (ပြည်သူလူထုရဲ့ ချစ်ခင်မှု၊ ယုံကြည်ကိုးစားမှု အားကြီးလွန်းနေချိန်မှာ တကြိမ်တခါ ဂငယ်ကွေ့ ကွေ့တာ ပြဿနာမရှိပေမယ့် တကြိမ်ထက်ကျော်ရင်တော့ ယုံကြည်မှုကျဆင်းလာတဲ့ အန္တရာယ်နဲ့ ကြုံတွေ့လာနိုင်တယ်လို့ ကျနော့်အနေနဲ့ ယူဆမိပါတယ်)။ ဒါပေမယ့် ပါတီမှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်ပြီး နောက်ပိုင်းပြုလုပ်တဲ့ NLD အခမ်းအနားတချို့မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မှတ်ပုံပြန်တင်ရခြင်းနဲ့ ရွေးကောက်ပွဲဝင်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့တာကို နားထောင်ခဲ့ရတာတွေ ရှိပါတယ် (ဗီဒီယိုဖိုင်တွေ ပြန်ပြီး မရှာအား၊ နားမထောင်အားလို့ အတိအကျ မပြောပြနိုင်တာ ခွင့်လွှတ်ပါ)။ ကျနော်တို့အားလုံး ကျေနပ်လက်ခံနိုင်တဲ့ အဖြေမျိုးတော့ ဟုတ်ချင်မှဟုတ်မှာပေါ့။

အခုနောက်ပိုင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာတော့ အန်အယ်လ်ဒီပါတီ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်သုံးမျိုးဖြစ်တဲ့ (၁) တရားဥပဒေစိုးမိုးရေး (၂) ပြည်တွင်းငြိမ်းချမ်းရေး (၃) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆိုတာကို ဒေါ်အောင်ဆန်စုကြည်ကိုယ်တိုင် တိတိလင်းလင်း ပြောကြားလာတာကို ကြားလာရပါတယ်။ အဲဒီတော့ ကျနော့်အနေနဲ့ ပြောရရင်တော့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တာနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်တာအပေါ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တစုံတရာ ရှင်းလင်းပြောကြားခဲ့တယ်လို့ ယူဆမိပြီး ကျနော်တို့အားလုံး ကျေနပ်လက်ခံတဲ့အဖြေမျိုး မဟုတ်ခဲ့တာလောက်ပဲ ရှိမယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် ကျနော်တို့ ကျေနပ်တဲ့အဖြေ ရခြင်း မရခြင်းထက် တတိုင်းတပြည်လုံးရဲ့ အကျိုးစီးပွားအတွက် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်ရခြင်း ကတိ ၃ ရပ်ကို အကောင်အထည်ဖော်နိုင်၊ မဖော်နိုင်ဆိုတာကိုပဲ ကျနော်တို့ စောင့်ကြည့်ဖို့ လိုတယ်လို့ ယူဆမိသလို လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့ နိုင်ငံရေးအဆင့်တခုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို လိုအပ်သလို လူထုအားနဲ့ ၀ိုင်းရံပေးနိုင်ဖို့လည်း ကျနော်တို့အနေနဲ့ ပြင်ဆင်ထားသင့်တယ်လို့ မြင်မိပါတယ်။

ကျနော့်အနေနဲ့ ကြိုတင်ခန့်မှန်းမိတာတခုကတော့ အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ အဓိက ဖြေရှင်းရမယ့် အခန်းကဏ္ဍကြီးကို ရောက်လာရင် လွှတ်တော်တွင်းရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအမတ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံရဲ့အောက်မှာ မဲခွဲမှုအရ အကြိမ်ကြိမ် ရှုံးနိမ့်မှုနဲ့ ကြုံတွေ့လာရပြီးရင် သူ ရင်မခုန်တော့ဘူးလို့ ပြောခဲ့တဲ့ လူထုတိုက်ပွဲရဲ့ ၀ိုင်းရံမှုအားကို ယူကိုယူရလိမ့်မယ်လို့ မှန်းဆမိပါတယ်။ အဲဒီအတွက် ၀ိုင်းရံနိုင်အောင် ကျနော်တို့ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေ အားလုံးက အားမွေးပြင်ဆင်ထားကြဖို့ လိုမယ်လို့ ပြောချင်ပါတယ်။

ယခု ၂၀၁၂ နှစ် ကြားဖြတ်ရွေးကောက်ပွဲရခြင်းသည် ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းနေသာလမ်းကို မှန်းကြည့်မည်ဆိုလျှင် အချက် ၂ ချက် တွေ့ရပါတယ်။

(၁) မိမိ၏ နိုင်ငံရေးဂုဏ်သိက္ခာကို ထိန်းသိမ်းလျက် ပြည်ထောင်စုလွှတ်တော်အတွင်းမှာပဲ နိုင်ငံရေးအနားယူတော့မည်လို့ ယူဆခြင်း။

ဖြေ ။ ။ ကျနော်အနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးဂုဏ်သိက္ခာကို ထိန်းသိမ်းလျက် လွှတ်တော်အတွင်းမှာပဲ အနားယူတော့မယ်လို့ လုံးဝ မယူဆမိပါ။ ဒါကလည်း သူ့ရဲ့ပေးဆပ်မှုတွေနဲ့ ချိန်ထိုးပြီး သုံးသပ်ပြောဆိုခြင်းပါ။ သူ့အနေနဲ့ ကျန်းမာရေး ကောင်းပြီး လုပ်နိုင်ကိုင်နိုင်နေသေးတဲ့ အချိန်အထိ မြန်မာပြည် ဒီမိုကရေစီစနစ်ဆီ စစ်စစ်မှန်မှန် ကူးပြောင်းအောင်၊ မြန်မြန်ဆန်ဆန် ကူးပြောင်းခဲ့ရင်လည်း အခြေခိုင်သထက်ခိုင်အောင် အဆက်မပြတ် ဆောင်ရွက်ချင်စိတ် အပြည့်ရှိနေမယ်လို့ ယုံကြည်မိပါတယ်။

(၂) စစ်အုပ်စု ပုံဖော်သော နှပ်ကြောင်းထဲ ၀င်သွားပြီလို့ ယူဆမိခြင်း

ဖြေ ။ ။ သူ့အနေနဲ့ အများအမြင်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုနည်းနဲ့မှ ပြင်ဆင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ယူဆချက်ကို ချေဖျက်နိုင်မယ်လို့ ယုံကြည်လို့ စစ်အုပ်စု နှပ်ကြောင်းထဲ ၀င်သလိုဖြစ်နေမှန်း သိသိကြီးနဲ့ ဆက်တိုးတာဖြစ်နိုင်သလို လူထုအရေးတော်ပုံကို ဦးမဆောင်၊ ရင်မဆိုင်ချင်လို့ တော်လှန်ရေးကို ရှောင်လွှဲတဲ့အနေနဲ့ ဒီလမ်းကို တိုးတာလည်း ဖြစ်နိုင်ပါတယ်။ စစ်အုပ်စု ပုံဖော်တဲ့ နှပ်ကြောင်းထဲ ၀င်သွားတာမဟုတ်ကြောင်း သူ့အနေနဲ့ သက်သေပြချင်ရင်တော့ ကြားဖြတ်ရွေးကောက်ပွဲ ကတိက၀တ်တွေကို အကောင်အထည်ဖော်နိုင်မှုနဲ့ပဲ ခက်ခက်ခဲခဲ သက်သေပြရလိမ့်မယ်လို့ ယူဆမိပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒေါ်စုတယောက်အနေနှင့် တွက်လျှင် …

(က) ၂၀၁၂ ခုနှစ်၊ ၂၀၁၅ နှစ် နောက်တကြိမ် ရွေးကောက်ပွဲရောက်ချိန်တွင် ဒေါ်စု အသက် ၇၁ နှစ်

ဖြေ ။ ။ ၂၀၁၅ ခုနှစ်မှာ အသက် ၇၁ နှစ်ပြည့်လည်း ကျန်းမာရေးအခြေအနေ ကောင်းမွန်နေသေးလျှင် ၇၅ နှစ်အထိ၊ သိပ်ကောင်းနေသေးလျှင် ၈၀ လောက်အထိ ပါတီကို ဦးဆောင်မှု ပေးနိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်။ သူအနေနဲ့ အချိန်ရှိတုန်းရှိခိုက် ပါတီကို ပိုပြီး ကျစ်လစ်သိပ်သည်းခိုင်မာအောင် မြန်မြန်ထက်ထက် လုပ်ဆောင်ဖို့တော့ လိုတယ်လို့ မြင်မိပါတယ်။

(ခ) အန်အယ်လ်ဒီပါတီကလည်း ယခု လူထုအမြင်က မြောက်ဆွမြောက်ဆွ လုပ်နေကြတဲ့ ပါတီဝင်တွေရဲ့ သရုပ်ပျက်မှု ရင်လေးနေကြတယ်။ မဲဆွယ်ပွဲတွေမှာ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်နေသလိုနှင့် သင်္ကြန်သံချပ်ထိုးအဖွဲ့ လုပ်ရပ်မျိုးအပြင် ဒေါ်စုကိုယ်တိုင် သူ့ပါတီကို သူမနိုင်ဖြစ်တာ သူကိုယ်တိုင် သိနေတယ်ဆိုတာ လူထုက သိတယ်။

ဖြေ ။ ။ မြောက်ဆွမြောက်ဆွ ဖြစ်တဲ့ပါတီဝင်တွေလည်း ရှိကောင်းရှိနိုင်သလို ဒေါ်အောင်ဆန်းစုကြည် ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်မှုပေးနေတဲ့ အချိန်ဖြစ်တဲ့အတွက် စိတ်ဓာတ်တွေ အရမ်းတက်ကြွနေကြပြီး လုပ်ချင်ကိုင်ချင်စိတ်တွေ များနေတာလည်း ဖြစ်နိုင်ပါတယ်။ အာဏာပိုင် ကြံ့ဖွံ့အစိုးရလက်ကိုင်တုတ်တွေရဲ့ ဖိနှိပ်ကောက်ကျစ်မှုတွေ၊ နှောင့်ယှက်ဖျက်ဆီးမှုတွေကြားမှာ မဲဆွယ်စည်းရုံးပွဲတွေ လုပ်နေရချိန်ဆိုတော့ တစုံတရာ အန္တရာယ်မပြုနိုင်အောင် စုစုစည်းစည်း အုပ်ဖွဲ့လုပ်ကိုင်နေကြရပုံတွေက ဘုရားပွဲလှည့်သလို၊ သင်္ကြန်သံချပ်ထိုးတဲ့ အဖွဲ့တွေလို မျက်စိနောက်စရာ ဖြစ်ကောင်းဖြစ်နေမယ်လို့လည်း ယူဆမိပါတယ်။ အဲသလိုမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သူ့ပါတီ သူမနိုင်တဲ့ အနေအထားမျိုးဆိုရင်တော့ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လိုအပ်သလို ကြပ်မတ်ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

(ဂ) ဒီတော့ သူ့အနေနှင့် ရွေးချယ်တင်မြှောက်ခံရမှာ သေချာနေတော့ အနည်းဆုံး ဒု-၀န်ကြီးတော့ ဖြစ်မှာ သေချာတယ်။

ဖြေ ။ ။ ကျနော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဒု-၀န်ကြီးရာထူးကို ယူလိမ့်မယ်လို့ လုံးဝမယူဆမိပါ။ ၀န်ကြီးချုပ်လို ရာထူးမျိုးကို သမ္မတက ထွင်ပြီး ပေးရင်တော့ မပြောတတ်ပါ။ ကျနော့်အနေနဲ့ကတော့ ၀န်ကြီးချုပ်ရာထူးမျိုး ပေးလည်း မယူသင့်လို့ ထင်မိပါတယ်။ ပါတီအခြေမခိုင်သေးဘဲ ပါတီနဲ့ ကင်းကွာသွားမယ့် အနေအထားမျိုးကို လုံးဝမရွေးချယ်သင့်ဘူး၊ သူ့အနေနဲ့လည်း ရွေးချယ်မှာမဟုတ်ဘူးလို့ ယူဆမိပါတယ်။ အရွေးချယ်ခံရရင် လွှတ်တော်တွင်း အရှိန်အ၀ါကြီးတဲ့ အတိုက်အခံတဦးအနေနဲ့ပဲ သူပေးထားတဲ့ ရွေးကောက်ပွဲကတိတွေ အကောင်အထည်ပေါ်လာအောင် ဦးဆောင်စည်းရုံးလှုံ့ဆော်ပြီး လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုတွေနဲ့ အချိတ်အဆက်မိမိ လှုပ်ရှားဆောင်ရွက်နိုင်အောင် ကြိုးပမ်းလိမ့်မယ်လို့ ယူဆမိပါတယ်။ အောင်မြင်ခြင်း မအောင်မြင်ခြင်း ဆိုတာကိုတော့ ကျနော်တို့အနေနဲ့ ပိတ်ကားပေါ်မှာပဲ ဆက်လက်ရှုစားရမှာ ဖြစ်ပါတယ်။

(ဃ) ၀န်ကြီးဖြစ်ရင် ဒေါ်စုအနေနှင့် အန်အယ်ဒီပါတီက ဖွဲ့စည်းပုံအရ နှုတ်ထွက်ရမယ်လေ။

ဖြေ ။ ။ ကျနော့်အနေနဲ့ ဒေါ်အောင်ဆန်စုကြည် ၀န်ကြီးရာထူး ယူလိမ့်မယ်လို့ လုံးဝမယူဆတဲ့အတွက် ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဖြေဖို့လိုမယ်မထင်တော့ပါ။

(င) သူမရှိတော့ ဒီ ၃ နှစ်ကျော်အတွင်းမှာ အန်အယ်လ်ဒီကို သူဘယ်လိုထိန်းမလဲ။ ဒီတော့ ၂၀၁၅ ရောက်ရင် အသက် ရ၁ နှစ်၊ အသက်ကြီးလို့ နိုင်ငံရေးအနားယူမယ်လို့ ပြောပြီး ဂုဏ်သိက္ခာဆယ်သွားမည်လို့ ယူဆမိပါတယ်။

ဖြေ ။ ။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီးတော့လည်း အပေါ်တွေမှာ အဖြေတွေ ပါသွားခဲ့ပြီလို့ ယူဆပါတယ်။

ဒုတိယယူဆချက်အရတော့ လက်ရှိ စစ်အုပ်စုဟာ နိုင်ငံရေးပညာပါးနပ်စွာနှင့် ဒေါ်စုနှင့် အန်အယ်လ်ဒီကို နှပ်ကြောင်းပေးပြီး အပြီးအပိုင် ချုပ်ငြိမ်းအောင်လုပ်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာထဲ ရောက်သွားပြီဟု သုံးသပ်မိပါတယ်။

(A) ဒေါ်စု ရွေးကောက်ပွဲနိုင်မှာကို သိတယ်။ လွှတ်တော်ထဲရောက်ရင် ၀န်ကြီး ၁ နေရာရအောင် လုပ်ပေးမည်၊ ပါတီက ထွက်ပေါ့။

ဖြေ ။ ။ အပေါ်က အဖြေတွေထဲမှာ ပါသွားပြီလို့ မြင်ပါတယ်။

(B) ဒေါ်စု အန်အယ်လ်ဒီပါတီက ထွက်တော့ ၂၀၁၂ မှ ၂၀၁၅ အတွင်း ပါတီ တဖြေးဖြေး ပါဝါလျော့လာမယ်လေ။

ဖြေ ။ ။ ဒီမေးခွန်းအတွက်လည်း အပေါ်က အဖြေတွေထဲမှာ ပါသွားပြီလို့ မြင်ပါတယ်။

(c) ၂၀၁၅ ခု ရွေးကောက်ပွဲလည်း စတော့ ဒေါ်စု အသက်ကြီးပြီ၊ အန်အယ်လ်ဒီပါတီကလည်း ဖရိုဖရဲဖြစ်နေချိန်၊ ဒီတော့ ဘာဖြစ်မလဲ။ - - - ယူဆမိပါတယ်။ အဲဒီကိစ္စကို သုံးသပ်ဝေဖန်ပေးပါ။

ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာပြည် စစ်စစ်မှန်မှန် ဒီမိုကရေစီ မရမချင်း ပါတီနဲ့ ကင်းကွာအောင် နေမှာမဟုတ်သလို ပါတီကို ပိုပြီး ကျစ်လစ်ခိုင်မာအောင် ပြင်ဆင်ဖွဲ့စည်းတည်ဆောက်ဖို့ ကြိုးပမ်းလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ လုပ်တာမလုပ်တာကတော့ ဒေါ်အောင်ဆန်းစုကြည်အပိုင်းပေါ့။ ယုတ်စွအဆုံး ဒေါ်အောင်ဆန်းစုကြည် ပါတီနဲ့ ကင်းကွာအောင်နေခဲ့လို NLD ပါတီ ဖရိုဖရဲဖြစ်ခဲ့ရင်လည်း (အဲသလိုမျိုးတော့ အဖြစ်ခံမှာ မဟုတ်ဘူးလို့ ထင်ပါတယ်) ရှေ့မှာဖြစ်ပျက်ခဲ့တဲ့ အဆိုးအကောင်း နမူနာအ၀၀ကို ယူပြီး ကျနော်တို့ ပြည်သူလူထုတွေ လေးစားအားကိုးတဲ့ နိုင်ငံရေးအင်အားစုတခုဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ၂၀၁၅ အမီ ကြံ့ဖွံ့ပါတီနဲ့ ရင်ဆိုင်ယှဉ်ပြိုင်နိုင်မယ့် အားကောင်းမောင်းသန် ပါတီကြီးတခုကို စနစ်တကျ ဖွဲ့စည်းဦးဆောင်နိုင်မယ့်လို့ ယုံကြည်မျှော်လင့်ထားပါတယ်။

အခုရက်ပိုင်း နည်းနည်းအလုပ်ပိနေလို့ ပြန်ကြားမှု နောက်ကျခဲ့တဲ့အပေါ် ခွင့်လွှတ်ပါ အန်ကယ် ဦးအေးမြင့်ခင်ဗျား။

ခင်မင်လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ

No comments: