Saturday, March 31, 2012

နိုင်ငံတကာက လေ့လာသူများ


2012-03-31
မြန်မာနိုင်ငံကြားဖြတ်ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေလျ၊ အိန္ဒိယနဲ့ အာဆီယံက ကိုယ်စားလှယ်တွေ အပါအ၀င် နိုင်ငံတကာက လေ့လာသူ ၁၅၀ လောက် လာရောက်လေ့လာမှာ ဖြစ်ပါတယ်။
AFP
ကြားဖြတ်ရွေးကောက်ပွဲအတွက် ရန်ကုန်မြို့ရှိ မဲရုံတစ်ရုံကို ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့က အပြီးသတ် ပြင်ဆင်နေစဉ်။
ထိုင်းနိုင်ငံ ပါလီမန်ရုံးကလာတဲ့ ကိုယ်စားလှယ် ၃ ဦးကတော့ ရွေးကောက်ပွဲအထိ မစောင့်တော့ဘဲ ပြန်လည် ထွက်ခွါသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းသတင်းမီဒီယာ အဖွဲ့တွေကတော့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲကို စောင့်ကြည့် သတင်းယူဖို့ ကျန်ရစ်ခဲ့ပါတယ်။ သြစတြေလျက လေ့လာသူ ၅ ဦးကတော့ ဧရာဝတီဒေသကို သွားရောက်မှာဖြစ်ပြီး၊ သြစတြေလျ သံအရာရှိ တစ်ဦးကတော့ မကွေးတိုင်းကို သွားမယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ အာဆီယံ အတွင်းရေးမှုး မစ္စတာ စူရင်းပစ်ဆူဝမ်ကလည်း မြန်မာကြားဖြတ် ရွေးကောက်ပွဲကို အာဆီယံ၊ မဟာမိတ်နိုင်ငံများနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို လာရောက် လေ့လာဖို့ ဖိတ်ခေါ်တာကို ကြိုဆိုကြောင်း ဗန်ကောက်ပို့စ် သတင်းစာကို ဒီကနေ့ ပြောကြားခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခုမှာ အာဆီယံအနေနဲ့ ပါဝင်ကူညီခွင့်ရတာကို ကြေနပ်အားရမိကြောင်း၊ ဒီ နိုင်ငံရေးဖြစ်စဉ်က တစ်ဆင့် မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ စူရင်း ပစ်ဆူဝမ်က ပြောပါတယ်။ 



5:25pm Mar 31
မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ
2012-03-31

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် အမှတ် (၈) ရပ်ကွက် မဲရုံအမှတ် (၁) မှာ မနေ့က နေ့လည် (၁၁) နာရီက ကြိုတင်မဲသွားပေးရာမှာ မိမိပေးလိုတဲ့ အမတ်လောင်းအတွက် မဲခြစ်ပေးရာမှာ မဲပေးစာရွက်က ခြစ်လို့မရဘဲ ချော်နေကြောင်း သိရပါတယ်။


နောက်ထပ် မဲစာရွက် ထပ်မံတောင်းဆိုရာမှာလည်း တရွက်ပဲပေးခွင့်ရှိလို့ မရဘူးလို့ မဲရုံမှူးတာဝန်ရှိသူတွေက ပြောကြောင်း ကိုယ်တိုင် မဲသွားပေးခဲ့သူ ကိုအောင်ကျော်ဝင်းက ပြောပြပါတယ်။


“စာရွက်က မှင်သုတ်လိုက်တော့ အခါကြတော့ စာရွက်က ချော်နေတာ။ အဲဒါနဲ့ ကျနော်က နောက်စာရွက် တရွက်ထပ်တောင်းတာ သူကစာရွက်က တရွက်ပဲ ပေးခွင့်ရှိတာပါတဲ့။ တရွက်ထဲပဲပေးတာပါတဲ့။ ချော်နေတာ စာရွက်က ချော်နေတာအကိုရဲ့။ ခြစ်လို့ကရတယ်။ဟိုလို မှင်ပျက်သွားတာပေါ့ဗျာ။"


ကိုအောင်ကျော်ဝင်းဟာ မဲဆန္ဒ အမှတ် (၆၇၈) နဲ့ မဲပေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်၊ ဒီလိုဖြစ်နေတာဟာ ရပ်ကွက် (၁) နဲ့ (၈) မှာ ဖြစ်နေတယ်လို့ ကြားထားကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် အမတ်လောင်း ဒေါက်တာ တင်ဌေးအောင်က ပြောပါတယ်။


“ကြိုတင်မဲပေးတဲ့ ပုဂ္ဂိုလ်တွေက အဲဒီ NLD အကွက်ထဲမှာ အမှန်ခြစ်ခြစ်တဲ့အခါမှာ ဘယ်လိုမှ မထင်ဘဲဖြစ်ပြီး ချော်နေတာပါ။ အဲဒါကို ကျနော်တို့ အားလုံး သံသယဖြစ်နေလို့ ကျနော်တို့ အဲဒီ source လိုက်နေတာပါ။ အမှတ်(၈)ရပ်ကွက် နောက်ပြီးတော့ တခုရှိသေးတယ်။ အမှတ်(၁) ရပ်ကွက်ပါ ပါပါတယ်ခင်ဗျ။”


ဒီလိုသာလုပ်နေရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူးလို့လည်း သူကပြောပါတယ်။ ရေစကြိုမြို့နယ်မှာ ပြည်သူ့လွှတ်တော် အမတ်လောင်း နေရာအတွက် NLD ပါတီက ဒေါက်တာ တင်ဌေးအောင် အပါအဝင် ပြည်ခိုင်ဖြိုးနဲ့ တသီးပုဂ္ဂလ အမတ်လောင်းတဦး စုစုပေါင်း (၃) ဦး ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

No comments: