ဒေါ်စုတို့ ပြည်နယ်တွေမှာ ဝင်မပြိုင်သင့်၊ 
ကိုယ့်သွေးချင်းတွေရဲ့နေရာကို အထူးသဖြင့် အခုလို ပြည်ထောင်စုသားတွေ ရင်ကြားစေ့ဖို့ အဖက်ဖက်က ကြိုးစားနေရတဲ့အချိန်မှာ ဒီလို လုံးဝမလုပ်သင့်။                                     
ဒီချုပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေကြားမှာ မဲတွေ ပြားမသွားသင့်။ 
ဖျံ၂ကောင် အစာလုရင်း မြေခွေးက ရင်ဘတ်ပိုင်းရသွားအောင် မလုပ်သင့်။

ပြောတော့ စာနယ်ဇင်းတို့ မီဒီယာတို့ဆိုတာ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်တဲ့၊ အဖက်ဖက်က အကျင့်ပျက်နေတဲ့နိုင်ငံမို့ ချက်ခြင်းအားလုံးကောင်းမလာသေးတာ နားလည်ပါတယ်။ ဒါပေမဲ့ အပြောကြီး လေကြီးတဲ့ စာနယ်ဇင်းတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီတစ်ခုတည်းအတွက်ပဲ ထောင်ထားသလားအောက်မေ့ရအောင် အပြိုင်အဆိုင်ကို ဖော်လံဖားပြနေကြတာတွေ့ရတာ တဖြည်းဖြည်း ရွံဖို့တောင် ကောင်းလာပါတယ်။ ပြည်ပက ရေဒီယိုတိုင်းကဆိုရင်လဲ အချိန်ပြည့်ကြော်ငြာရေဒီယိုကြီးလုပ်နေကြတာ သူတို့မို့ မရှက်ကြတယ်လို့ပဲ သြောချရပါတယ်။ ကျန်တဲ့အဖွဲ့တွေကို မကောင်းတတ်လွန်းလို့ မျှတသယောင်လုပ်ချင်မှ နည်းနည်းလေး နေရာပေးပါတယ်။ ဟိုဖက်က တစ်ခုခုများ မမှားလိုက်နဲ့ ဆော်စရာအပေါက်များ မဟလိုက်နဲ့၊ အဲဒီအနာအဆာကို လူတွေကြားစေ့ချင်တာနဲ့ကို ဒါမျိုးကျတော့ အကြိမ်ကြိမ်လွှင့်ပေးပါလိမ့်မယ်။ ဘာ မီဒီယာကျင့်ဝတ်မှ သူတို့နဲ့မဆိုင်သလိုချည်းပါလား။ 

အချိန်ကတော့ လက်မတင်လေးပဲ ကျန်ပါတော့တယ်။ ဒီစာကို ကျနော် ဒီချုပ်ကိုလဲ သီးသန့်ပို့ပါမယ်။

ကျနော်တိုက်တွန်းချင်တာကတော့၊
ဒီချုပ်အနေနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ဝင်မပြိုင်တော့ဘူးလို့ ရုတ်တရက်ကြေငြာပြီး ပြိုင်ပွဲကထွက်ပါ။
ဒီနေရာလောက်နဲ့ ရှင်ဘုရင်လဲ မဖြစ်၊ ဘာမှလဲ မဖြစ်ပါဘူး။
လွှတ်တော်ထဲမှာ အဲဒီတိုင်းရင်းသားအမတ်တွေ အဖွဲ့တွေဟာ ဒီချုပ်ရဲ့မဟာမိတ်တွေဖြစ်လာပါလိမ့်မယ်။ 
မဟုတ်လို့ သူတို့စိတ်ကွက်ရင် အခုဖျက်ဖို့ကြိုးစားနေတဲ့ သံသယတွေ မယုံသင်္ကာမှုတွေဟာ ပိုပြီးသာ ကြီးထွားလာပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်ကြီးတွေ ခေါင်းခြင်းရိုက်ကြပါ။ မြန်မြန်နောက်ဆုတ်ကြပါ။
ဒီချုပ်ကလဲ တိုင်းရင်းသားတွေကို ကိုယ်စားလှယ်လောင်းလုပ်ပေးတယ်ဆိုတာနဲ့ မလုံလောက်ပါဘူး။
ခု အချိန်မှာ သူတို့ဒေသရဲ့ကိုယ်စားလှယ်ဟာ သူတို့ဒေသကရွေးတဲ့ သူတို့ထဲကလူပဲဖြစ်သင့်ပါတယ်။
ဗမာလူမျိုးကြီးဝါဒလို့ တိုင်းရင်းသားတိုင်းလောက်က စွပ်စွဲကြပါတယ်။ ကျနော်တို့ သဘောမတူပါဘူး။
အခု ဒီချုပ်က ပါတီကြီးဝါဒ မလုပ်စေချင်ပါဘူး။
အတိတ်ကံကြောင့် ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်လို့ တိုင်းခြား လူမျိုးခြားနဲ့ယူထား လူမျိုးခြားသားမြေးတွေရှိနေတာတောင် အခုလောက် နေရာရနေတာဖြစ်ပါတယ်။ 
နဂိုကသာ ဒီအခြေခံမရှိရင် အပေါ်ကို လုံးဝမှ မတက်လာနိုင်ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တကယ်က တတိုင်းပြည်လုံးနဲ့ဆိုင်ပါတယ်။ တတိုင်းပြည်လုံးက ပိုင်ပါတယ်။ ဗိုလ်ချုပ်က အလုပ်ကြံခံသွားရတော့ အားလုံးနစ်နာပါတယ်။ အထူးသဖြင့် သူ့ကိုယုံပြီး ပုံအပ်ခဲ့ကြတဲ့ တိုင်းရင်းသားတွေလဲ အများကြီးနာပါတယ်။ အဲဒီ အကြွေးတွေရှိပါတယ်။ သူ့သမီးက ချင့်ချိန်ဖို့လိုပါတယ်။

လွှတ်တော်ထဲမှာ နေရာများများလိုချင်ရင် ၂၀၁၀ တုန်းက ကိုယ်သာဝင်ပြိုင်ခွင့်မရတာ ပါတီက အခြားသူတွေ အများကြီး အရွေးခံရဖို့ ကျိန်းသေရှိခဲ့ပါလျက်နဲ့ ပေါ်လစီအမှားကြီးကို အသေဆုပ်ပြီး သမိတ်မှောက်ခဲ့တာကို ပြန်စဉ်းစားပါ။ ဒေါ်စုတို့ဆင်ခြေပေးတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံက အချက်တချို့ပြင်ပေးလို့ဆိုတာ တကယ်တော့ ရယ်စရာပါ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ကို လေးစားလိုက်နာပါမည်လို့ပြောင်းတာဟာ ကလေးကို သွားမေးပါ၊ ကုလားကြီးနဲ့ အရာကြီး ဘာကွာသလဲလို့။

အခုဒေါ်စုတို့ပေါ်လစီပြောင်းတာကို ပြောင်းသင့်တာပြောင်းတယ်လို့ယူဆတဲ့အတွက် ထောက်ခံပါတယ်၊ အားပေးပါတယ်။ ဒါပေမဲ့ ဘာလုပ်လုပ်တော့ အားမပေးနိုင်ပါ။ ပြောစရာရှိရင် ပြောမှာပဲဖြစ်ပါတယ်။

ဒီလောက်ပြောရင် သဘောပေါက်မယ်လို့ထင်ပါတယ်။

မောင်ညွန့်(မင်းကျောင်းတိုက်) 
(အမည်ရင်း ညွန့်ရွှေ) သင်္ကန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥိးဆောင်ကော်မီတီဝင်ဟောင်း (၁၉၈၈/၉၁ ဖေဖဝါရီ)