Thursday, March 29, 2012

သတင်း

မြန်မာ့ စွမ်းအင်ဈေးကွက် ပြည်သူခံစားနိုင်ဖို့ လိုအပ်

2012-03-28
မြန်မာနိုင်ငံရဲ့ ပေါကြွယ်ဝတဲ့ ရေနံနဲ့ ဓာတ်ငွေ့လောင်စာစွမ်းအင် သယံဇာတတွေမှာ နိုင်ငံခြားကုမ္ပဏီတွေ ပိုမို ရင်းနှီးမြုပ်နှံ လာကြရေးအတွက် နှစ်ရက်ကြာ ညီလာခံတစ်ရပ် ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
Photo: Shwe Gas Movement
ရခိုင်ပြည်နယ်မှ သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ ဖြစ်ပါသည်။ (Photo: Shwe Gas Movement)
မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေကြောင့် အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူထားတာတွေ ပြန်လည် ရုပ်သိမ်းတော့မဲ့ အလားအလာတွေ မြင့်မားလာနေချိန်မှာ မြန်မာ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ CMT ခေါ် နည်းပညာ စီမံခန့်ခွဲရေးဌာနတို့ ပူးတွဲပြီး ဒီညီလာခံကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အရန်ရေနံစိမ်းပမာဏ စည်ပေါင်း သန်းသုံးထောင်ကျော်၊ သဘာဝဓါတ်ငွေ့ပမာဏ ကုဗပေ သန်းပေါင်း ၁၂ သန်းကျော် ရှိကြောင်း၊ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ကုန်းတွင်းရေနံနဲ့ ဓာတ်ငွေ့လုပ်ကွက် ၁၀ နေရာအတွက် ကုမ္ပဏီ ၈ ခုကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ အခုကမ်းလွန် လုပ်ကွက် ၉ နေရာအတွက် လေလံခေါ်ယူမှာ ဖြစ်ကြောင်း CMTက ပြောပါတယ်။
ဒါ့အပြင် မြန်မာ့စွမ်းအင် ရှာဖွေတူးဖေါ်ရေး ကဏ္ဍမှာ တရုတ်နဲ့ အိန္ဒိယတို့က အများဆုံး ရင်းနှီးမြုပ်နှံနေကြပြီး၊ အနောက်နိုင်ငံ ကုမ္ပဏီတွေကတော့ သူတို့အစိုးရတွေက မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားတာကြောင့် ရင်းနှီးမြုပ်နှံဖို့ အခွင့်မသာဘဲ ဖြစ်နေခဲ့ရကြောင်း၊ ဒါပေမဲ့ အခုတော့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားတော့မဲ့အပေါ် စောင့်စားရင်း နိုင်ငံတကာ ကုမ္ပဏီတွေဟာ မြန်မာ့စွမ်းအင် ဈေးကွက်မှာ ပါဝင်နိုင်ဖို့ စီစဉ် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။
ဒါပေမဲ့ Oil watch Southeast Asia ခေါ် အရှေ့တောင်အာရှ ရေနံစောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံရဲ့ လောင်စာသယံဇာတ နယ်ပယ်မှာ ရင်းနှီးမြုပ်နှံတာတွေကြောင့် မြန်မာပြည်အတွက် အကျိုးထက် အပြစ်က ပိုများသွားလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
မြန်မာအစိုးရဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း စွမ်အင်ကဏ္ဍကနေ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း သုံးထောင်နီးပါး ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူတွေ မခံစားခဲ့ရသလို၊ တိုင်းပြည်ရဲ့စီးပွားရေးလည်း သိသိသာသာ တိုးတက်မလာခဲ့ပါဘူး။
မြန်မာပြည်မှာ စစ်တပ်က အာဏာကို ထိန်းချုပ်နေသမျှ၊ ဒီမိုကရေစီ ကင်းမဲ့နေသမျှ ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတွေ ရှိလာမှာ မဟုတ်ပါဘူးလို့ Oil watch Southeast Asia ရဲ့ ဦးဆောင်သူတစ်ဦးက ပြောလိုက်ပါတယ်။

နိုင်ငံခြားငွေ လဲလှယ်နှုန်း "နှုန်းရှင်" ဖြစ်တော့မည်

2012-03-28
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲနှုန်းကို အခုလာမယ့် ဧပြီ(၁)ရက်နေ့ကစပြီး ဈေးကွက်ပေါက်ဈေးအရ ဈေးနှုန်းတစ်မျိုးထဲ သတ်မှတ်လဲလှယ် သွားတော့မယ်လို့ အစိုးရ တာဝန်ရှိသူတွေက မနေ့က ကြေညာလိုက်ပါတယ်။
Photo: RFA
အမေရိကန်နိုင်ငံသုံး တစ်ဒေါ်လာတန်ငွေစက္ကူ။
ဆိုရှယ်လစ် ခေတ်ကတည်းက အခုချိန်ထိ မြန်မာနိုင်ငံမှာ အမေရိကန်(၁)ဒေါ်လာကို မြန်မာ ကျပ်ငွေ (၆)ကျပ်ကျော်နဲ့ လဲလှယ်ခဲ့ပြီး၊ ပြင်ပ မှောင်ခိုဈေးကွက်မှာတော့ လက်ရှိအချိန်မှာ (၁)ဒေါ်လာကို ကျပ်(၈၀၀)ဝန်းကျင်နဲ့ လဲလှယ်နေတဲ့အတွက် ဈေးကွက်ထဲမှာ ဒေါ်လာပေါက်ဈေး အနည်းဆုံး (၂) မျိုးဖြစ်နေတာဟာ တိုင်းပြည်ရဲ့ စီးပွားရေးအတွက် နစ်နာလှတယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။
အခုလို အမေရိကန်(၁)ဒေါ်လာကို ကျပ်(၈၀၀) ဝန်းကျင် သတ်မှတ်လဲလှယ်မယ်ဆိုရင် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေအတွက် အလားလာကောင်းတွေ ရှိလာနိုင်တယ်လို့ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက RFA ကို ပြောပါတယ်။
အခုလို ငွေလဲလှယ်နှုန်းထားကို တစ်သမတ်တည်း လုပ်လိုက်မယ်ဆိုရင် ပြည်တွင်းဈေးကွက်နဲ့ ကုန်ဈေးနှုန်း အတက်အကျကိစ္စမှာ တိုက်ရိုက် ရိုက်ခတ်မှုနည်းမှာဖြစ်ပေမယ့် နိုင်ငံခြားနဲ့ ဆက်သွယ်ဆောင်ရွက်ကြမယ့် အစိုးရပိုင်း အရာရှိတွေအတွက်တော့ အရင်လို အကျိုးအမြတ် ရနိုင်တော့မှာ မဟုတ်ဘူးလို့ ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက ထောက်ပြ ပြောဆိုပါတယ်။

အီးယူနဲ့ အာဆီယံ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေစေလွှတ်

2012-03-28
မြန်မာအစိုးရရဲ့ဖိတ်ကြားချက်အရ အီးယူ ဥရောပသမဂ္ဂကနေ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ကို စေလွှတ်မှာ ဖြစ်တယ်လို့ အီးယူရဲ့ နိုင်ငံခြားဆက်ဆံရေး အကြီးအကဲ Catherine Ashton ရဲ့ရုံးက မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အဖွဲ့ဝင် အနည်းငယ်ပါတဲ့ အီးယူ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဟာ တခြားအီးယူနိုင်ငံတွေက သံတမန်တွေနဲ့အတူ ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ကို လေ့လာကြည့်ရှုကြမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အလားတူပဲ အာဆီယံကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဟာ မနေ့က မြန်မာနိုင်ငံကို ထွက်ခွာသွားပါပြီ။ အာဆီယံအတွင်းရေးမှူး ကိုယ်စား နိုင်ငံတကာဆက်ဆံရေး ညွန်ကြားရေးမှူး Dr.Mely Anthoy ဦးဆောင်တဲ့အဖွဲ့မှာ ထိုင်း PBS အသံလွှင့်ဌာနက သတင်းထောက်တစ်ဦး၊ အာဆီယံ ရုပ်သံ သတင်းထောက်တစ်ဦးနဲ့ Channel News Asia သတင်းဌာနက သတင်းထောက်တစ်ဦးတို့ လိုက်ပါသွားကြပါတယ်။


ရွေးကောက်ပွဲ ကြည့်ရှုဖို့ အမေရိကန်အဖွဲ့ရောက်ရှိ

2012-03-28
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ကြည့်ရှုလေ့လာဖို့ အမေရိကန် ပြည်ထောင်စုက စေလွှတ်မယ့် ကိုယ်စားလှယ် အဖွဲ့ဝင်နှစ်ဦးရဲ့ အမည်တွေကို နိုင်ငံခြားရေးဌာနက မနေ့က ကြေညာသွားပါတယ်။
US Department of State
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့က ပြောခွင့်ရ အမျိုးသမီး Victoria Nuland က သတင်းထောက်များကို ရှင်းလင်းတင်ပြနေစဉ်။
ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အမျိုးသား ဒီမိုကရက်တစ်အဖွဲ့ NDI က Peter Manikas နဲ့ နိုင်ငံတကာ ရီပါပလင်ကင်အဖွဲ့ IRI က Johanna Kao တို့ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Victoria Nuland က ပြောပါတယ်။
ဒါပေမယ့် သူတို့တွေဟာ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဆိုတာထက် ရွေးကောက်ပွဲ ဘယ်လိုကျင်းပသလဲ ဆိုတာ ကိုယ်တိုင်မျက်မြင် သွားရောက်ကြည့်ရှုကြမှာ ဖြစ်တယ်လို့ Victoria Nuland က သတင်းထောက်တွေကို ပြောပါတယ်။
သူက ဆက်လက်ပြောဆိုရာမှာ- အမေရိကန်က စေလွှတ်မယ့်အဖွဲ့ဟာ ရွေးကောက်ပွဲကို စောင့်ကြည့်တယ်ဆိုတဲ့ အဆင့်မှာတော့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာအစိုးရက ရွေးကောက်ပွဲကျင်းပမယ့် ရက်ပိုင်းအလိုမှ ဖိတ်ခေါ်ခဲ့တာမို့ ကုလသမဂ္ဂက ပြဋ္ဌာန်းထားတဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အချက်တွေနဲ့အညီ စစ်ဆေးနိုင်မှာ မဟုတ်လို့ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ ၂၈ ရက်နေ့ ကနေ ဧပြီလ ၃ ရက်နေ့အထိ လေ့လာကြည့်ရှုမှာ ဖြစ်ပါတယ်။
အလားတူပဲ ကုလသမဂ္ဂက စေလွှတ်မယ့် အဖွဲ့နဲ့ ပတ်သက်လို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရုံးရဲ့ ပြောခွင့်ရအမျိုးသမီး Eri Kaneko က မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်ကို တုန့်ပြန်တဲ့ အနေနဲ့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ကနေ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာပါ၊ အဲဒီအဖွဲ့ကနေ ရွေးကောက်ပွဲ အစီရင်ခံစာကို အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းကို တင်ပြမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။


No comments: