Friday, March 30, 2012

တစ်တီတူးတကောင်ရဲ့ ကယောင်ကတမ်း အိပ်မက်များ ( အပိုင်း-၁-)

by Aung Moe Win on Friday, March 30, 2012 at 10:26pm ·
“မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ” ကို ဆက်မရေးသေးဘူးလား လို့ မေးနေတဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ကြောင်းပြောပါရစေ။ ကျနော်ပြောခဲ့သလိုပဲ။ အဆင့် (၃) မှာ  မျက်နှာဖုံးတွေ ကွာကျလာမယ်။  အဆင့်အတန်းတူရာ စုမယ်။ ဆွေးနွေးငြင်းခုန်ကြမယ်။  ဒီအဆင့်ကို  ဖဲစကားနဲ့ပြောရင် ရှိုးဝိုင်းတခု လို စဉ်းစားကြည့်မယ်။ ပစ်ဖဲတခုချကြည့်မယ်။ ဘယ်သူတွေလိုက်မလဲ၊ ဘယ်သူ့မှာ ဘာဖဲရှိမလဲ တွက်ကြည့်ကြမယ်။ တချို့ဆို ဒေါသသင့်ပြီး ကြွမိုင်းတွေပေါ်မှာ ချေလှမ်းလာပြီဆိုတော့ ----- ကာယကံရှင်တွေ ဆက်ရေးကြပါစေဦး။ လူတိုင်းမှာ ပြောရေးဆိုခွင့်၊ ငြင်းဆိုနိုင်ခွင့်ရှိကြရပါလိမ့်မယ်။  ဘယ်သူ့မှာ ဘယ်လိုဖဲမျိုးရှိနေတယ်ဆိုတာ သိနေပြီပဲ။ ဘာကို ပူစရာလိုတော့လို့လဲ။ အဆင်ပြေသွားမှာပါ။
 ပြီးမှ ဆက်ရေးပါမယ်။ မြောက်ပိုင်းနဲ့ ပတ်သက်တဲ့ဆောင်းပါးတပုဒ်လေးကို အပိုင်းလိုက်တင်ကြည့်မယ်ဗျာ။


တစ်တီတူးတကောင်ရဲ့ ကယောင်ကတမ်းအိပ်မက်များ ( အပိုင်း -၁-)
  
  
တစ်တီတူး ဆိုတဲ့ ငှက်ဟာ လင်းဆွဲ လိုပဲ။ အိပ်ရင် ခြေထောက်နှစ်ချောင်းထောင်အိပ်ရတော့ မိုးပြိုမှာ အရမ်းကြောက်တယ် လို့ သုံးသပ်ကြတယ်။ ကိုယ့်နာမည်ဖေါ်ပြီး ပျံသန်းလေ့ရှိတဲ့ ငှက်ထဲမှာ တစ်တီတူးငှက်ရဲ့ အသံ ကို လာခြင်းမကောင်းတဲ့ငှက်အဖြစ် သိရှိကြတယ်။    
 “ ငါတို့လည်း စာပေ၊ အနုပညာနိုင်ငံရေးနယ်ပယ်ထဲမှာ နှစ်ပေါင်းများစွာနေလာတာပါကွာ။ နန်းတော်ရှေ့လူထု မိသားစုတော့ တခါမှ မကြားဘူးဘူး။ ”
“ အင်း-- လူသတ်သမားရဲ့ ဝိညာဉ်က  သူ့ကို လွှမ်းမိုးထားနိုင်ခဲ့တော့ ဖက်ဆစ်ရုပ်အလောင်းကို သနပ်ခါးလိမ်း၊ နန်းတက်ပွဲလုပ်ပေးနေတာကိုး ။ ”


ကျနော့ဘေးမှာ မှတ်ချက်တွေ ပလူပျံနေတယ်။ ကျနော်ကတော့ ဘာမှ မှတ်ချက်မပေးလိုက်မိဘူး။  ဒါပေမဲ့ ကျနော်တို့တတွေက အပေါစားပျက်လုံးတွေကို မကြိုက်တတ်သလို၊  မလိုလားအပ်တဲ့ မိတ်ဆက်မှုတွေကိုလည်း လက်ခံလေ့ရမရှိတော့
လူထု ဆိုတဲ့ ဝေါဟာရတခုကို စရှင်းဖို့လိုလိမ့်မယ်။


မန္တလေးမှာ ပြည်သူလူထုက  “လူထု” ဆိုတဲ့ စာပေတိုက်ကို ဘာကြောင့်ချစ်ခင်မြတ်နိုးကြသလဲ။ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ၊ မျိုးချစ်စိတ်အပြည့်၊ အနစ်နာခံမှုအပြည့်နဲ့ သမိုင်းစဉ်တလျှောက် ပါဝင်ပတ်သက်ခဲ့ကြလို့ သူတို့ကို လေးစားကြတာဖြစ်တယ်။ ဆိုတော့ ကိုယ်ကိုယ်တိုင်က ခေါင်းဖြတ်သတ်ခံရတဲ့ကျောင်းသားတွေအပေါ် ရေငုံနှုတ်ပိတ်နေ၊ တလျှောက်လုံး မသိချင်ဟန်ဆောင်ပြီး၊ “ စိတ်ညစ်ပါတယ်နော်၊ ဘာတွေမှန်းမသိဘူး ခုမှ ပွထနေတာပဲ” လို့ ညီးညူနေတဲ့ သူတယောက်က  “နန်းရှေ့ လူထု မိသားစု ”  အဖြစ်သိကြတယ် လို့ မိတ်ဆက်မယ်ဆိုရင်  မဖြစ်နိုင်တာတွေကို စိတ်ကူးမယဉ်ပါနဲ့ လို့  အကြံပေးပါရစေ။


 လူထုမိသားစု ဆိုတဲ့ လိုဂိုဆိုတာ Franchise Business မဟုတ်ဘူး။ ကိုယ်မိတ်ဆက်ချင်တိုင်း မိတ်ဆက်လို့မရဘူး။ စာပေယဉ်ကျေးမှု၊ နိုင်ငံရေး၊ အနုပညာလောကမှာ လုံလောက်တဲ့ ယုံကြည်လေးစားခံရမှု ပူဇော်ကန်တော့ခံရ တဲ့ အရာဖြစ်တယ်။ အမျိုးစပ်တိုင်းသာ လူထု နာမည်သုံးလို့ရမယ်ဆိုရင် ကိုထွန်းအောင်ကျော်နဲ့ ရဲဘော်ဖိုးသံချောင်း ( ဗမာပြည်ကွန်မြူနစ်ပါတီ) ဘယ်လိုတော်စပ်သလဲဆိုတာ မေးကြည့်ကြပါအုံး။ “ကိုကြီး” လို့ အကြိမ်ဖန်များစွာခေါ်ခဲ့တဲ့သူ၊ အပြစ်မဲ့စွာသေဆုံးခဲ့ရတဲ့ လုပ်ဖေါ်ကိုင်ဘက်ကျောင်းသားတွေရဲ့ ဝိညာဉ်တွေအပေါ်မှာ  တာဝန်မဲ့စွာ၊ လိပ်ပြာမရှက်စွာ တိတ်ဆိတ်စွာနေထိုင်လာခဲ့သူ၊ အလင်းဝင်လာလိုက် အမှောင်ပြန်သွားလိုက် ဆိုတဲ့စကားလုံးတွေကို ဝန်ခံနေတဲ့သူ တယောက်က ကြီးကြီးကျယ်ကျယ်မိတ်ဆက်တာတွေ သိတ်မလုပ်ဖို့လိုမယ်ထင်ပါတယ်။


အပိုင်း (ခ)


“ခင်ရွှေလှိုင်ကို သိလား” တဲ့။

“ကိုထွန်းအောင်ကျော် ကို “ကိုကြီး” လို့ ခေါ်ခဲ့တဲ့ မန္တလေးတက္ကသိုလ်က ကျောင်းသူတယောက်လား၊ မန္တလေးလှုပ်ရှားမှုမှာ ပါဘူးတယ် ဆိုတာ သိပေမဲ့ သူ့ကို ထူးထူးခြားခြားမှတ်မိတာ မရှိဘူး။ မကျော့၊ မစန္ဒာ၊ မဝေဝေထွန်း၊ မီမီလွင်၊ မမြင့်မြင့်ခိုင်၊ မအေးအေးမင်း၊ အမာနီ၊ မမာမာဦး၊ မဥမ္မာမြင့်၊ မာလာသိန်း--- စတဲ့ စတဲ့ သူတွေကိုတော့ ပိုပြီးကောင်းကောင်းမှတ်မိတယ်။  ဘာလို့လဲဆိုတော့ အထက်ပါကျောင်းသူတွေက  ဗကသညီလာခံ၊ သမဂ္ဂညီလာခံတွေမှာ၊ တက်တက်ကြွကြွဆွေးနွေးပြီး ကိုယ့်အတွေးအခေါ်ကို ရဲရဲရင့်ရင့်ထူထောင်ခဲ့သူတွေ၊ ထောင်အကြိမ်ကြိမ်ကျပြီး လက်ရှိနိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဆက်လက်လုပ်ကိုင်နေကြသူတွေ။  ကိုထွန်းအောင်ကျော်နဲ့ မြောက်ပိုင်းဒေသမှာ ကြွေလွင့်သွားတဲ့ကျောင်းသားတွေအတွက် နှစ်ပတ်လည်အခမ်းအနားလုပ်တော့ သူတို့ရဲ့ မျက်နှာတွေကို ပြန်တွေ့ရတာ ဝမ်းသာမိတယ်။ ကျနော်တို့တတွေ ဘယ်နိုင်ငံမှာပဲရောက်ရောက်၊ ဘယ်နေရာမှာတွေ့တွေ့နွေးနွေးထွေးထွေး ရဲဘော်ရဲဘက်စိတ်ထားနိုင်ခဲ့ကြသူတွေ။ ယုတ်ယုတ်မာမာဖြစ်သွားတဲ့အရာတွေကို ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ပွဲဝင် ခဲ့ကြသူတွေ၊  ကိုယ်နေတဲ့ နေရာလေးမှာ လူရာဝင်ဖို့အတွက် သမိုင်းတွေကို အနှစ် (၂၀) ကျော် မသိကျိုးကျွံလုပ်၊ ရေငုံနုတ်ပိတ်နေခဲ့တဲ့သူတွေမဟုတ်ဘူး။ လိပ်ပြာသန့်အောင် အမြဲနေခဲ့သူတွေဖြစ်တယ်။


ဗကသ (အထက်ဗမာပြည်) အကြောင်းကို ပြန်စဉ်းစားကြည့်လိုက်မိတယ်။ ဗကသ (အထက်ဗမာပြည်) မှာ ကျောင်းသားလှုပ်ရှားမှုရဲ့ ဖြစ်နေကျအတိုင်း၊ အုပ်စုနှစ်စု အားပြိုင်မှုရှိခဲ့တယ်။ ကိုသန့်စင် ( ဆေးတက္ကသိုလ်)  နဲ့ နီးစပ်တဲ့ အုပ်စုက မစိုးရိမ်တိုက်ထဲမှာ ဗဟိုပြု နေထိုင်လေ့ရှိတယ်။  ကိုထွန်းအောင်ကျော် ( ဂျီတီအိုင်) နဲ့ နီးစပ်တဲ့ အုပ်စုက ဒက္ခိဏရာမ ဘုရားကြီးကျောင်းတိုက်မှာ ပိုအနေများတယ်။ ကျနော်ကတော့  မစိုးရိမ်အုပ်စုနဲ့ အနေနီးစပ်ပါတယ်။ ကျနော်တို့ နဲ့ ကိုထွန်းအောင်ကျော် တို့ဆိုတာ အစည်းအဝေးမှာ ဆန့်ကျင်ဘက်က အမြဲငြင်းနေကျ သူတွေပါ။ ဒါပေမဲ့ သူ တို့တတွေ တောခိုတော့မယ် လို့ ဆုံးဖြတ်တဲ့ကာလမှာ ကျနော်ဆီလာပြီး စကားပြောဖြစ်ခဲ့ကြတယ်။ “ ခင်ဗျား နဲ့ ကျနော် ရန်ဆက်ပြီး ဖြစ်ရမှာလည်း မဟုတ်တော့ပါဘူးဗျာ။ နောက်ဆုံးတွေ့တဲ့ အနေနဲ့ ကိုယ့်ကို အာပူလျှာပူ တပွဲလောက် ကျွေးကွာ” တဲ့။ အဲ့ဒီတုံးက မစိုးရိမ်တိုက်ထဲမှာ ကျောင်းသားရံပုံငွေပွဲ ကျင်းပနေချိန်၊ ဆဲဗင်းဂျူလိုင် သွေးစွန်းတဲ့ဖြစ်ရပ်၊ သီချင်းတွေကို အသံချဲ့စက်ကြီး နဲ့ ဖွင့်ပြီး လွတ်မြောက်ဒေသတခုလို ထူထောင်ထားချိန်၊ သူ့လက်ထဲမှာ ကိုကျော်ဝင်း ( အမြဲစိမ်းလူငယ်များအဖွဲ့၊ ယခု- နာမည်ရ စာရေးဆရာ ကျော်ဝင်း) အတိုချုပ်ရေးထားတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ သမိုင်း စာတမ်းတစောင်နဲ့။ သူလည်းပဲ သမဂ္ဂသမိုင်းပြုစုနေတာတဲ့။ ကျနော့ဆီကို မေးခွန်း (၄) ခု မေးတယ်။


ကျနော်က အချက် (၂) နဲ့ (၃) ကို အဓိကထားပြီးဖြေပါတယ်။ ဖြစ်နိုင်ရင် ယူဂျီလုပ်နေတယ် ဆိုတဲ့ သူတွေနဲ့ ခပ်ဝေးဝေး နေချင်တယ်။ ကျနော်တို့ဘဝမှာ ကြုံခဲ့ဘူးပြီ။ ပေါက်လိုက်ရင် ယူဂျီတာဝန်ခံနဲ့ထိပ်ပိုင်းကချည်း စ၊ သတင်းပေါက်တယ်။ ဒါကြောင့် မြေပေါ်နိုင်ငံရေးကို လုပ်မယ်ဆိုရင် မြေအောက်အဖွဲ့အစည်းတွေနဲ့ မပတ်သက်ချက်ဘူး။ ဒါပေမဲ့ တခုတော့ ရှိတယ်။ ကိုစိုးဝင်းသန်းက ကျနော်နဲ့ ညီအကိုလို ခင်နေတော့ သူ့ဆီက တဆင့် မြေပေါ်ကျောင်းသားလှုပ်ရှားမှု နဲ့ ပတ်သက်တဲ့ သတင်းတွေကို အဆက်မပြတ်ပို့ပေးပါမယ်။ ခင်ဗျားတို့ကလည်း ခင်ဗျားတို့အနေအထားကို ပြောပြပေါ့။ ကိုစိုးဝင်းသန်း ဆိုတာ ကျနော့အိမ်မှာ နောက်ဆုံးတညအိပ်သွားတယ်။


ဗကသ ယူဂျီလုပ်ငန်းတွေ လုပ်ပေးခဲ့ဘူးပါတယ် ဆိုတဲ့ “ခင်ရွှေလှိုင်” တင်ပြချက်တွေမှာ စိတ်ဝင်စားစရာတချို့ရှိလာတယ်။ သူက ဒီလိုဆိုတယ်။  
ဒီအရိပ်အခြေတွေကို သိရှိနားလည်နေတဲ့ ယူဂျီ လမ်းကြောင်းကို စီးထားနိုင်တဲ့ ရန်သူ့သူလျှိုတစုကလည်း ဒီဟနေတဲ့အရာကိုအသုံးချပြီး လက်ဦးမှုယူ ဖြိုခွဲဖို့အတွက် ကြို တင်ပြင်ဆင်မှုတွေ ရှိနေပြီးသား ဖြစ်နိုင်ပါတယ်။”

( ခင်ရွှေလှိုင်ရဲ့ဆောင်းပါး- မှ )


(က) မြို့ပေါ်က ကျောင်းသားတွေနဲ့ ဆက်သွယ်တဲ့ မြေအောက်လှုပ်ရှားမှုရဲ့ အဓိကကြိုးကိုင်တွေဖြစ်တဲ့ ခေါင်းဆောင်တွေကို သတ်ပစ်ခဲ့သူတွေက ဘယ်သူတွေလဲ။ ဆက်သွယ်ရေးတာဝန်ခံတယောက်ဖြစ်တဲ့ ကိုစိုးဝင်းသန်း ( မန္တလေးတက္ကသိုလ်) ဘာကြောင့် ထောက်လှမ်းရေး လို့ စွပ်စွဲသတ်ဖြတ်ခံခဲ့ရတာလဲ။ ကိုစိုးဝင်းသန်း ဆိုတာ တောခိုလက်နက်ကိုင်တိုက်မယ် ဆုံးဖြတ်ပြီးကတည်းက သူ့ကိုယ်သူ ပြင်ဆင်ခဲ့တယ်။ ခြင်တွေတသဲသဲ မဲ နေတဲ့ မစိုးရိမ်တိုက်ညတွေထဲမှာ ဗကသ က ထုတ်ဝေတဲ့ “ ဗဟိန်း” ဂျာနယ် ကို ကူညီ ရိုက်နှိပ် ဖြန့်ဖြူးပေးခဲ့သူဖြစ်တယ်။
ဒါဖြင့် မြေပေါ်ကျောင်းသားနဲ့ ဆက်သွယ်တဲ့ယူဂျီလမ်းကြောင်းကို ဖျက်ဆီးခဲ့တာ
ရန်သူ့ရဲ့ စစ်ထောက်လှမ်းရေးလား။(ဒါမှမဟုတ်)
ကျောင်းသားတပ်မတော် မြောက်ပိုင်းခေါင်းဆောင်တွေလား။  

မြေအောက်လှုပ်ရှားမှုရဲ့ ခေါင်းတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူတွေထဲမှာ “မျိုးဝင်း” “ လှဆိုင်း” “ သန်းဇော်”  “သံချောင်း”ဆိုတဲ့ အမည်ကို  ကာယကံရှင်တွေက ထုတ်ဖေါ်ပြောနေကြတယ်။
စိတ်ဝင်စားပါတယ်။ ပြဿနာက ထင်သလောက် မလွယ်ကူသလို၊ ရှုပ်ထွေးနေတာတွေက အများကြီးပါ။
 ဒါကြောင့် သတိထားပြီး ပြောဆို၊ ဖြေရှင်းကြစေချင်ပါတယ်။


 မြောက်ပိုင်းဒေသမှာ အစုလိုက်အပြုံလိုက် လူသတ်မှုတွေကျူးလွန်ပြီးကတည်းက အထက်ဗမာပြည် ကျောင်းသားတွေဟာ တောခိုဖို့ ထိတ်လန့်သွားခဲ့ကြတယ်။  လက်နက်ကိုင်တော်လှန်ရေးကို ပတ်သက်ချင်စိတ် မရှိတော့တာ ၁၉၉၂ လူသတ်ပွဲကို ကြားလိုက်ရကတည်းကပါ။ ကိုထွန်းအောင်ကျော်ရဲ့ နီးစပ်တဲ့ ရဲဘော်တွေက ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် ဆွမ်းသွပ်အမျှဝေ၊ စုဆုံပွဲလေးကျင်းပခဲ့တာလည်း ၁၉၉၂ ကတည်းကပါ။ ဗကသ အတွက် ယူဂျီလုပ်ခဲ့တယ်ဆိုရင် ဒီသမိုင်းတွေကို သိရမှာပေါ့။ ဒီသမိုင်းကို မသိသေးဘူး၊ လက်မခံချင်သေးဘူးဆိုရင် ပြည်တွင်းကို ပြန်ဝင်ကြည့်လေ။ ဘယ်သူဟာ ဘယ်လောက်တန်ဘိုးရှိသလဲ ၊ ဘယ်သူတွေက ဘယ်လိုဆက်ဆံသလဲ ဆိုတာ သိလိမ့်မယ်။


မျိုးဝင်း ဆိုတာ ဘယ်လိုလူလဲ
  
  
၈၈ အရေးတော်ပုံမတိုင်ခင်ကတည်းက “မျိုးဝင်း” ဆိုတဲ့ ပုဂ္ဂိုလ်ကို RIT က အဆောင်ကျောင်းသားတော်တော်များများ သိကြပါတယ်။ အကောင်းသိတာမဟုတ်ပါဘူး။ ကျနော်နဲ့ အရင်းနှီးဆုံးသူငယ်ချင်းက မိုးညှင်းသား ကိုမြင့်ကျော် ( ယ္ခု တောင်ကိုရီးယား) ။ ကိုမြင့်ကျော်က ကျောင်းသားတပ်မတော်မြောက်ပိုင်းမှာ အမှုထမ်းနေစဉ်၊ ပြည်တွင်းနဲ့ဆက်သွယ်မှုနဲ့  ထောင်ဒဏ်အပြစ်ပေးခံခဲ့ရတယ်။ ကျနော်တို့တတွေ ၁၉၉၃- ၉၄ စာသင်နှစ်မှာ ကျောင်းအတူတူပြန်တက်ခဲ့ကြတယ်။ ကျနော့ရဲ့ မန္တလေးအိမ်မှာ လိုက်လာပြီး မြောက်ပိုင်းလူသတ်ပွဲအကြောင်းတွေကို ဆွေးနွေးဖြစ်ခဲ့ကြတယ်။ သူနဲ့ပတ်သက်ပြီးသိတဲ့သူက တင်စိုးဦး ( တတိယနှစ်၊စက်မှု) ဖြစ်တယ်။ နောက်-- မြောက်ပိုင်းဒေသအဖြစ်ဆိုးကြီးထဲမှာ ပါဝင်ပတ်သက်သူတွေ ( စစ်ဆေးခဲ့တဲ့သူတွေ၊ စစ်ဆေးခံရသူတွေ) နဲ့ တဖြည်းဖြည်းသိကျွမ်းလာခဲ့တယ်။ တကယ်တော့မြောက်ပိုင်းအစုလိုက်အပြုံလိုက်လူသတ်မှုကြီးဆိုတာ ကြောက်ရွံဘွယ်ကောင်းလောက်အောင်မှားယွင်းခဲ့တဲ့ ရာဇဝတ်မှုကြီးဆိုတာ ကျူးလွန်ခဲ့တဲ့သူတွေကိုယ်တိုင် သိနေကြပါတယ်။ ဒါကြောင့်လည်း ဒီကိစ္စကြီးကို ဖုံးဖိဖို့လုပ်ခဲ့ကြတယ်။ ဥာဏ်မမှီသေးတဲ့သူတွေကတော့ မျိုးဝင်း၊ သံချောင်း ကို အခုချိန်အထိ သနားကြင်နာတတ်သော သူရဲကောင်းအဖြစ် ပြန်လည်ပုံဖေါ်ပေးချင်ရှာတယ်။ အော်- သူ ဥာဏ်မှီသလောက်ကြိုးစားနေရှာတာကို နားလည်ပေးချင်ပါတယ် လို့ ပြောနေပေမဲ့ စိတ်ထဲမှာ တော်တော်လေးရီချင်နေတယ်။
ကိုထွန်းအောင်ကျော်တောမခိုခင်က  မျိုးဝင်း နဲ့ ပတ်သက်ပြီး သတိပေးခဲ့ပါတယ်။ ကျနော့အယူအဆက ရှင်းပါတယ်။ “ မျိုးဝင်း လို ကောင်မျိုးနဲ့လက်နက်ကိုင်တော်လှန်ရေး လုပ်လို့မဖြစ်ဘူး၊ သူရှိတဲ့နေရာမှာတော့ သွားမလုပ်နိုင်ဘူး”  လို့ ပြောခဲ့တယ်။ ကျနော့မှာ အကြောင်းရှိပါတယ်။


မျိုးဝင်းဆိုတာ ရန်ကုန်စက်မှုတက္ကသိုလ်မှာကတည်းက၊ လူ နှစ်ခါ သတ်ခဲ့ဘူးတဲ့သူ။ မဆလ စစ်သင်တန်းတက်၊ စစ်အင်္ကျီ တကားကားဝတ်ပြီး စစ်သွေးကြွလေ့ရှိသူ။ ရန်ကုန်စက်မှုတက္ကသိုလ်အဆောင်တွေမှာ သူခိုးမိရင် ဘယ်လိုဖြစ်တတ်တယ် ဆိုတာ နယ်မြေခံရဲတွေကအစသိတယ်။ အဆောင်နေကျောင်းသားဆိုတာကလည်း သိတဲ့အတိုင်းပဲ။ တယောက်က ညာသံပေးလိုက်လို့ကတော့ ဘာမှ မစဉ်းစားတော့ဘူး။ ဝိုင်းပြီး ဆွမ်းကြီးလောင်းတော့တာပဲ။ သေသွားရင်လည်း ရဲစခန်းက ဘာမှမသိသလို လက်ခံလိုက်တယ်။ စာရင်းဖျောက်ခံရတဲ့ လူသတ်မှုတွေဆိုတာ ဥပဒေ စိုးမိုးမှုမရှိတဲ့ ဗမာပြည်လိုနေရာမှာ အများသား။ တရက်မှာ ထုံးစံအတိုင်း အဆောင်မှာ သူခိုးတယောက်မိတယ်။ သူခိုးကလည်း ကျနော်တို့အဆောင်မှာ အလုပ်လုပ်နေတဲ့ ထမင်းစားပွဲထိုး၊ ကရင်ကြီး ရဲ့ သားလေးတယောက်ပါ။ ကော်ရစ်တာလက်တန်းမှာ လှန်းထားတဲ့ လုံချည်ကို ခိုးတယ်။ ကျောင်းသားတွေက မိသွားတယ်။ ပစ္စည်းက တန်ဘိုးလည်းရှိတာမဟုတ်။ တကယ်လို့ ဥပဒေအရလုပ်ချင်ရင်လည်း ရဲလက်ကို အပ်လိုက်ပေါ့။ ဒါပေမဲ့ မျိုးဝင်းအပါအဝင် ကျောင်းသားတချို့က မရဘူး။  ဖမ်းမိတဲ့သူခိုးကို နံကျိုးသည်အထိ မသေမချင်းလက်သီးနဲ့ထိုးသတ်ခဲ့တယ်။ အရှင်လတ်လတ်သတ်ပစ်ခဲ့ကြတယ်။ စားပွဲထိုး ကရင်ကြီးက မျက်ရည်တွေကြားကနေ သူ့သားအလောင်းကို ပြန်ယူရရှာတယ်။

ဒီလို မိုက်ရူးရဲ၊ လူစိတ်မရှိတဲ့ကောင်တွေက တော်လှန်ရေးလုပ်တဲ့အခါ တော်လှန်ရေးသမားမဖြစ်ပါဘူး။
လူမိုက်ဂိုဏ်းတွေပဲ ဖြစ်ပါမယ်။


လူမိုက်ဂိုဏ်း နဲ့ ခြစားအကျင့်ပျက်သူတွေ ဦးဆောင်တဲ့အဖွဲ့ဆိုတာ “မူ” မရှိနိုင်ပါဘူး။ စိတ်ဓါတ်စံထားနှုန်းတွေ မရှိနိုင်ပါဘူး။ ဒါကြောင့်လည်း ကျောင်းသားတပ်မတော် မြောက်ပိုင်းကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေရဲ့ ဓါတ်ပုံတွေကို ကြည့်ပါ။ ရေဘင်မျက်မှန်တပ်ပြီး မာဖီးယားဂိုဏ်းဆန်ဆန် ဟန်ပန်တွေဖမ်းနေ ကြတာ အားလုံးအမြင်ပဲမို့လား။


အပိုင်း(ဂ)


လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရင် ရန်သူနဲ့တိုက်ရမယ်။ မြေပေါ် လူထု တိုက်ပွဲလမ်းကြောင်းကို ရွေးချယ်ရင် အဓိကရုဏ်း နှိမ်နှင်းရေးရဲတွေ၊ အကျဉ်းထောင်တွေနဲ့ ရင်ဆိုင်ရမယ်။ ဝရမ်းပြေးဖြစ်ရင် အနာဂတ် ဘာမှန်းမသိတော့လောက်အောင် ဒုက္ခရောက်ခဲ့ကြရတယ်။ တောင်တွေကျော်တာတွေ၊ လျှိုတွေဖြတ်တာတွေ၊ ရန်သူနဲ့ ပစ်ခပ်၊ ငှက်ဖျားတော နဲ့ ဒုက္ခသည်စခန်းမှာ ဘယ်လို အနစ်နာခံခဲ့တာတွေ--- တောင်ပြောမြောက်ပြော ကိုယ်ရည်သွေးနေတာတွေ ကို ရပ်သင့်ပါပြီ။  စစ်အာဏာရှင်တွေရဲ့လက်အောက်မှာ ဝရမ်းပြေးဖြစ်တဲ့သူကဖြစ်၊ ထောင်ကျတဲ့သူက ကျ၊ တောခိုတဲ့သူက ခို ကြတဲ့ ကိစ္စ ဘာမှ မထူးဆန်းပါဘူး။ ၁၉၈၈ အရေးတော်ပုံကြီးအတွင်းမှာ လူငယ်တော်တော်များများ လုပ်ခဲ့ကြဘူးတဲ့အရာတွေပါ။ ရုန်းကန်မှုတွေထဲမှာ တယောက်နဲ့တယောက်အနစ်နာခံကြ တယ်ဆိုတာ အဆန်းတကြယ်ကြီး မဟုတ်ပါဘူး။ ကြိမ်ဖန်များစွာ ကိုယ်ရည်သွေးပြောနေဖို့ မလိုဘူး လို့ ထင်ပါတယ်။  
  
အလင်းဝင်တယ် ဆိုတဲ့ဝေါဟာကို စသုံးနေကတည်းက ရန်သူ့ဆီမှာ ကိုယ့်ယုံကြည်ချက်ကိုအသနားခံနေသလိုမျိုးဖြစ်မနေဘူးလား။  ကျနော်တို့ကတော့ အလင်းထဲမှာ အမြဲတမ်းနေထိုင်နေတယ် ယုံကြည်တဲ့အတွက် အမှောင်ဆိုတာ စစ်အစိုးရနေထိုင်နေတဲ့ ကမ္ဘာပဲဖြစ်ပါလိမ့်မယ်။
  
  
ဖက်ဆစ်တော်လှန်ရေးကာလမှာ “ ဗိုလ်နေဝင်း” လည်း ရဲဘော်သုံးချိပ်အဖွဲ့ဝင်ဖြစ်ခဲ့တယ်။
တိုင်းပြည်လွတ်လပ်ရေးကို ငါတို့ရအောင်လုပ်ခဲ့တယ် ဆိုပြီး မောက်မာရိုင်းပြစွာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့လို့ ဒီကနေ့ ဗမာပြည် ဘာဖြစ်နေသလဲ။ ထို့အတူပဲ အနစ်နာခံတာတွေကို ပြောပြီး ခေါင်းဖြတ်သတ်ခွင့် ကို တရားဝင်တောင်းဆိုချင်တယ်ဆိုရင်တော့ နိုင်ငံရေးလောကမှာ ဆက်မပါပါနဲ့လို့ တိုက်တွန်းပါရစေ။
“ ငါဘယ်လို အနစ်နာခံခဲ့ကြောင်း ဂုဏ်ဖေါ်ပြောဆိုနေသူတွေဟာ မရိုးသားတဲ့ဇိမ်ခံမှု မှာ မျောပါနေတဲ့ စိတ်ဝေဒနာရှင်တွေရဲ့ နောက်ဆုံး စိတ်ဖြေရာနေရာ တခု ဖြစ်တယ်” တဲ့။ စိတ်ဖြေနေတဲ့ ခပ်ညံ့ညံ့လူတွေ အင်တာနက်မှာ တွေ့တွေ့နေရတယ်။
ဆိုတော့ ဒီလို မိုက်ရိုင်းယုတ်မာ၊ ကြမ်းကြုတ်တဲ့ အကျင့်စရိုက်တွေကို တခုမှ မပြောပဲ၊  “ကျောင်းသားလူငယ်တွေရဲ့ အတွေ့အကြုံနုနယ်မှုနဲ့ ရဲစိတ်ရဲမာန်ထက်သန်နေကြမှုကို အသုံးချပြီး တိုက်စရာမလိုဘဲ ကိုယ့်လူကိုယ်ပြန်စားနည်း (ရန်သူ့သူလျှိုကို ထွက်ပေါက်အသင့်ပေးထားပြီးသား ကာကွယ်ထားပြီး သားဖြစ်တဲ့ ကျောင်းသားကို ကျောင်းသားက သတ်တဲ့အဖြစ်မျိုး ဖန်တီးခြင်း) နဲ့ ဖြိုခွဲဖို့ ဆင်ထားတဲ့ ရန်သူ့ရဲ့ပရိယာယ် ထောင်ချောက်ထဲကို ကျမတို့အားလုံး ၀င်မိခဲ့ကြတယ်ဆိုတာပါပဲ။” ဆိုတဲ့ ကောက်ချက်ဟာ အပေါစား ဆန်လွန်းပါတယ်။
အရည်အချင်း မရှိတဲ့အခါတိုင်း“ ရန်သူလုပ်လို့ ညီညွတ်ရေးပြိုကွဲရပါတယ်” ဆိုတဲ့ အညံ့စားပျက်လုံးတွေကို ဆက်မပျက် ဖို့ လိုပါလိမ့်မယ်။  ရယ်စရာမကောင်းလို့ပါ။

ဆက်လက်ဖေါ်ပြသွားပါမယ်

No comments: